ရသစုံ ဝတ္ထုတိုများ

ရသစုံ ဝတ္ထုတိုများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရသစုံ ဝတ္ထုတိုများ, Mandalay.

နွေကျောင်းပိတ်ရက်  #ဦးတင့်  #ရပ်ကွက်ထဲမှာ
09/04/2026

နွေကျောင်းပိတ်ရက် #ဦးတင့် #ရပ်ကွက်ထဲမှာ

ပတ်ကားဖောင်တိန်  #မြိုင်ရာဇာတွတ်ပီ  #မသေးမျှင်  #ဗိုက်ကလေး  #တွတ်ပီ
08/04/2026

ပတ်ကားဖောင်တိန် #မြိုင်ရာဇာတွတ်ပီ #မသေးမျှင် #ဗိုက်ကလေး #တွတ်ပီ

မြိုင်ရာဇာတွတ်ပီ - မုဆိုးဩဝါဒ #မြိုင်ရာဇာတွတ်ပီ  #တွတ်ပီ  #မသေးမျှင်  #ဗိုက်ကလေး
06/04/2026

မြိုင်ရာဇာတွတ်ပီ - မုဆိုးဩဝါဒ

#မြိုင်ရာဇာတွတ်ပီ #တွတ်ပီ #မသေးမျှင် #ဗိုက်ကလေး

ဦးတင့်နဲ့ နွေအပူ☀️🌞 #ဦးတင့်  #ရပ်ကွက်ထဲမှာ
05/04/2026

ဦးတင့်နဲ့ နွေအပူ☀️🌞
#ဦးတင့် #ရပ်ကွက်ထဲမှာ

 #ဖိုးကျော့  #ဝတ္ထုတိုများ  #ဝတ္ထုတို  #သမန်းကျားဒဏ္ဍာရီ  #မုဆိုး  #မုဆိုးဝတ္ထုသမန်းကျားဒဏ္ဍာရီ------------------------ ...
04/04/2026

#ဖိုးကျော့ #ဝတ္ထုတိုများ #ဝတ္ထုတို #သမန်းကျားဒဏ္ဍာရီ #မုဆိုး #မုဆိုးဝတ္ထု

သမန်းကျားဒဏ္ဍာရီ
------------------------

#ဖိုးကျော့

“ဥသျှစ်ကုန်းမှာ ညက နွားတစ်ကောင်ကို သမန်းကျား ကိုက်သွား ပြန်ပြီတဲ့”

မနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် သတင်းဆိုးက ရွာရိုးကိုးပေါက် ရောက်တော့သည်။

အမှန်မှာ ဤသတင်းမှာ မဆန်းတော့၊ ခုတစ်လော နေ့စဉ်လိုလို တစ်ရွာမဟုတ် တစ်ရွာတွင် နွားတစ်ကောင်ကို သမန်းကျားကိုက်ပြန်ပြီ ဟူသော သတင်းကို ကြားနေရသည်။

ကျားဆိုးများ သောင်းကျန်းတတ်သော နတ်တော်လမှသည် ယခု ပြာသိုလအထိ ရောက်လာ၏။ နတ်တော် ပြာသိုလများမှာ ကျားများ မိတ် လိုက်ရာသီဖြစ်သဖြင့် သောင်းကျန်းတတ်သည်မှာတော့ မဆန်း။ သောင်း ကျန်းလာသော ကျားဆိုးများကို နယ်ခံမုဆိုးများက တစ်နည်းနည်းနှင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်မှာလည်း နှစ်တိုင်းလိုလိုပင်။

သို့သော် ယခု တစ်လနီးပါး သောင်းကျန်းနေသော ကျားဆိုးကို တော့ အဘယ်မည်သော မုဆိုးကမျှ မဖမ်းဆီး မသတ်ဖြတ်နိုင်ကြသေး။ ထို့ကြောင့်လည်း ယခုသောင်းကျန်းနေသော ကျားဆိုးကို ရွာသူရွာသား တွေက သမန်းကျားဟု သမုတ်ပြီး အကြောက်ကြီး ကြောက်နေကြသည်။

သူတို့ ယုံကြည်သမုတ်ထားကြသော သမန်းကျားဆိုသည်မှာလည်း သူတို့ ပြောပုံအရ ဆိုလျှင် ကြောက်စရာ သမန်းကျားဆိုသည်မှာ လူက ဖြစ်သွားသောကျား။ လူစိတ်နှင့် ကျားကိုယ် ဖြစ်သည်။

ထို့ကြောင့် ကျားဖမ်းနေကျ မုဆိုးကျော်ကြီးများပင် ယခုအခါ လက်မှိုင်ချရတော့မလို အရှုံးပေးကြရတော့မလို ဖြစ်နေကြ၏။ သမန်းကျားပုံပြင်မှာ ကြောက်စရာကောင်းသလို၊ လွမ်းစရာ သနားစရာလည်း ကောင်းသည်။ မှော်အတတ်ကို တစ်ဖက်ကမ်းခတ်အောင် တတ်သော မှော်ဆရာကြီးတစ်ယောက်သည် တစ်နေ့တွင် ချေသား စားချင်သဖြင့် သူ့တပည့်အား ကျားအဖြစ် ဖန်ဆင်းကာ တောထဲလွှတ်လိုက်သည်။

လူကနေ ကျားအဖြစ် ဖန်ဆင်းထားသော သမန်းကျားသည် ချေတစ်ကောင်ကို ကိုက်ပြီး သူ့ဆရာဆီ ပြန်လာ၏။ ချေတစ်ကောင် ကိုက်ချီ၍ ပြန်လာသော သူ့တပည့်အား မှော်ဆရာကြီးသည် သူ့တပည့်ချွတ်ပုံ ခဲ့သော ပုဆိုးနှင့်ပစ်ပေါက်လိုက်၏။ သူ့အဝတ်ပုဆိုး သူ့ကိုယ်ကို ထိ ထည်နှင့် တစ်ပြိုင်နက် မှော်ဆရာတပည့် သမန်းကျားသည် ချက်ချင်း လူပြန်ဖြစ်သွားလေသည်။

သည်လိုနှင့် သမန်းကျားအတတ်ကို သင်ပြီး ရွာပြန်သွားသော တပည့်သည် မကြာခင် မိန်းမ ရသည်။ တစ်နေ့၌ မိန်းမက သားငါး ဟင်းလျာမရှိကြောင်းညည်းလေရာ သမန်းကျားအတတ်ကို မိန်းမအား ပြသည်။ ယောက်ျားက “မင်း ဟင်းလျာမရှိရင် ငါ ကျားအဖြစ်နဲ့ ချေတစ်ကောင် ကိုက်ပြီး ပြန်လာရင်၊ မင်း ဘာမှ မကြောက်ပါနဲ့၊ ငါချွတ်ထားတဲ့ အဝတ်နဲ့သာ ငါ့ကိုယ်ကို ထိအောင်ပစ်၊ ငါ့အဝတ် ငါ့ကိုယ်ကို ထိတာနဲ့ လူပြန်ဖြစ်သွားလိမ့်မယ်” ဟု မှာထားခဲ့ပြီး တောထဲထွက်သွားသည်။

မကြာခင်မှာပင် သမန်းကျားအဖြစ်နှင့် ချေတစ်ကောင်ကို ကိုက်ပြီး ပြန်လာသော ယောက်ျားကို မိန်းမဖြစ်သူက ကြောက်ကြောက်နှင့် လန့် အော်လိုက်ရာ ရွာသူရွာသားများပါ ပြေးလိုက်လာကြသဖြင့် သမန်းကျားက အသေကောင်ကို ပစ်ချထားခဲ့ပြီး တောထဲထွက်ပြေးသွားရ၏။

နောက်တစ်နေ့သောအခါ သမန်းကျားမှာ သူ့မိန်းမဆီ ချေတစ်ကောင်ကိုက်၍ ရောက်လာပြန်၏။ သူ့မိန်းမကလည်း ပထမနေ့ကကဲ့သို့ယောက်ျား သမန်းကျားကို မြင်သည်နှင့် လန့်အော်ပြန်ရာ သမန်းကျားမှာ တောထဲဝင်ပြေးရပြန်၏။ သည်လိုနှင့် ခုနစ်ရက်ပြည့်သည်အထိ ချေတစ်ကောင်ကိုက်ကာ သူ့မိန်းမဆီကို သမန်းကျားက ရောက်လာပြန်၏။

ထိုနေ့မှာလည်း သူ့မိန်းမက ခင်ပွန်းယောက်ျား သမန်းကျားက မှာထားခဲ့သော စကားကို သတိမရဘဲ ကြောက်ရွံ့၍အော်ပြန်ရာ ရွာသူ ရွာသားတွေမှာ သမန်းကျားကို ဝိုင်းလိုက်ကြပြန်သည်။ ထိုအခါ ခုနစ်ရက် လွန်သွားသော သမန်းကျားမှာလည်း စိတ်ဝင်ကာ တကယ့်ကျားဖြစ် သွားလေသည်။

သူ့မိန်းမကို စိတ်နာသွားသော သမန်းကျားသည် ဒေါသအမျက် ထွက်ကာ သူ့မိန်းမနှင့်တကွ တစ်ဆွေလုံး တစ်မျိုးလုံးကို ကိုက်သတ်ပြီး ကျားဘဝနှင့်ပင် သေသည်အထိ နေသွားရသည်ဟူ၏။

ယခု သူတို့ ရွာနီးချုပ်စပ် တစ်ဝိုက်တွင် သောင်းကျန်းနေသော ကျား မှာလည်း သမန်းကျား ဖြစ်၍သာ ယခုထိ မုဆိုးကြီးများပင်မဖမ်းနိုင်သေး။ ဤသမန်းကျားသည် ကြာလာလျှင် လူတွေကိုပါ ကိုက်လာလိမ့်မည်ဟု တုန်လှုပ်ချောက်ချားလာကြသည်။

ဤသည်ကို မခံမရပ်နိုင် ဖြစ်နေသူမှာ မုဆိုးကျော်ကြီး ဦးဘာဟိုး ဖြစ်သည်။ ဦးဘာဟိုးမှာ ဤနယ်တစ်ဝိုက်၌ နာမည်နှင့်လိုက်အောင် ဟိုးဟိုးကျော်နေသော မုဆိုးကျော်ကြီး ဖြစ်၏။ နှစ်စဉ်နှစ်တိုင်း ကျား
သောင်းကျန်းများကို နှိမ်နှင်းနေကျ။ ဤနှစ် ဤကျားဆိုးကျမှ သူ့လက်က လွတ်သွားသည်ဆိုလျှင် သူ့နာမည် ဤနယ်တစ်ဝိုက်၌ ကျတော့မည်။ သူ့ နာမည်ကျသလို ဤကျား၏နာမည်က ပိုတက်လာမည်။ အလိုလိုကမှ သမန်းကျားဟု သမုတ်ထားကြလေရာ ဤကျားသာလူယောက်ျား၊ လူမိန်းမ ကလေးသူငယ်ကအစ တစ်ဦးဦးကို ကိုက်လျှင် ထိုရွာက လူများသည် ရွာကို ပစ်၍ပင် ပြေးကြတော့မည့်အခြေအနေ ရှိနေသည်။

ထို့ကြောင့်လည်း မုဆိုးကျော်ကြီးဦးဘာဟိုးသည် ဤသမန်းကျားကို အသေရရ၊ အရှင်ရရ ဖမ်းမိနိုင်အောင် မအိပ်မနေ ကြိုးစားနေသည်။
သမန်းကျား သည်ရွာက နွားကို ကိုက်သွားသည်ဟု သတင်းရသည်နှင့် တစ်ပြိုင်နက် နာရီပိုင်းအတွင်းမှာပင် ထိုရွာကို ဦးဘာဟိုး ရောက်သွားပြီး သမန်းကျား ကိုက်သွားသော နွားအသေကို လေ့လာပြီး ဦးဘာဟိုးသည် သုတ်ကိုင်းထောင်ချောက် ထောင်ရပြီ။ ထိုသို့ ဦးဘာဟိုး သုတ်ကိုင်းထောင်ချောက်ထောင်လာခဲ့သည်မှာ အကြိမ်လေးငါးခါလည်း ရှိခဲ့ပြီ။

သမန်းကျားကိုမူကား ယခုထိ မမိနိုင်သေး။ ဤသမန်းကျား၏ ထူးခြားဆုံးအချက်မှာ သူ ကိုက်သတ်စားသောက်သွားသော ကျွဲနွား ဆီ နောက်ထပ်တစ်ခါ လာမစားခြင်းသာ။ စားကြွင်းစားကျန်ဆီ ပြန်မလာဘဲ နောက်တစ်နေရာရာမှ နောက်ထပ်တစ်ကောင်ကောင်ကို ကိုက်သတ်စားသောက်သွားသော သတင်းပင်။

ထို့ကြောင့်လည်း မုဆိုးကျော်ကြီး ဦးဘာဟိုးမှာ သတင်းကြားတိုင်း လိုက်နေရသည်မှာ မောနေပြီ။ ဤရွာသို့ ဦးဘာဟိုး ရောက်လာပြီး နောက်တစ်နေ့ မနက်မှာ နောက်တစ်ရွာ၌ ကျွဲနွားတစ်ကောင်ကောင်ကို
သွားကိုက်ပြန်ပြီဟု ကြားရတတ်သည်။ သို့သော် ဦးဘာဟိုးက လုံးဝ စိတ်ကူး မလျှော့သေး။ သမန်းကျားကို မသတ်ရမချင်း၊ မဖမ်းရမချင်း ဦးဘာဟိုးသည် ဇွဲနပဲကြီးစွာနှင့် သမန်းကျားကို လိုက်ရှာလျက် ရှိလေသည်။

🐯 🐯 🐯

သမန်းကျားကို အငြိုးအတေးကြီးစွာနှင့် သဲကြီးမဲကြီး လိုက်ရှာသောဦးဘာဟိုးသည် ဤနေ့မနက်မှာတော့ သမန်းကျား ကိုက်သွားသံကို မကြားရဘဲ သမန်းကျား၏ ခြေရာတွေ့ကြောင်းကိုသာ ကိုင်းတောရွာဘက်မှ ကြားရသည်။ ဦးဘာဟိုး ချက်ချင်းလိုက်သွား၏။

ဦးဘာဟိုး ရွာကို ရောက်လာသည်ဟူသော သတင်းနှင့်အတူ ရွာလူကြီးက ဦးဘာဟိုးကို သမန်းကျားခြေရာ တွေ့ခဲ့သည်ဆိုသူနှင့် ဦးဘာဟိုးကို အရေးတကြီး တွေ့ပေး၏။ အချိန်မှာ နံနက်ကိုးနာရီခန့်သာ ရှိသေးရာ ဦးဘာဟိုးသည် ထိုသူနှင့်အတူ သမန်းကျားခြေရာကို လိုက်ကြည့်သည်။

သမန်းကျား ခြေရာတွေ့သော နေရာမှာ လယ်ကွင်းဘေးရှိ နွားတင်းကုပ် ပတ်ပတ်လည်တွင် ဖြစ်သည်။ နွားရှင်မှာ သမန်းကျားရန်ကို စိုးရိမ်၍ ထိုနေ့ညနေကပင် သူ၏နွားများကို ရွာထဲသွင်းသိပ်သူ ဦးလူမောင် ဖြစ်လေသည်။ ဦးဘာဟိုးသည် ဦးလူမောင် ပြသော သမန်းကျား ခြေရာကို သေသေချာချာ လေ့လာသည်။ ခြေရာကို လက်နှင့် ကန့်လန့်ဖြတ် ထွာ ကြည့်သည်။ နှီးပြားနှင့် တိုင်းသည်။

သမန်းကျား၏ အလျားအနံကို ခန့်မှန်းသည်။ ချက်ချင်းရွာကို ပြန်ပြီး ဝါးထောင်ချောက်ကြီး တစ်ခုကို ရွာသားများ အတူအညီနှင့် နေ့ချင်းအပြီးလုပ်သည်။

နေမညိုခင် ထိုဝါးထောင်ချောက်ကြီးကို ရွာပြင်တောစပ် ထုတ်ကြ သည်။ ဝါးထောင်ချောက်ကြီးမှာ ကြိမ်သတ်ကြိမ်နွယ်များနှင့် အခိုင်အခံ့ ပြုလုပ်ထားသဖြင့် ရွာသားကြီးလေးယောက်မှာ တနင့်တပိုး ထမ်းကြရ သည်။ မုဆိုးကြီး ဦးဘာဟိုးကမူ ထောင်ချောက်နေရာ ပြရန် ရှေ့က သွား၏။

သူ့နောက်တွင် ဝါးထောင်ချောက်ကြီး ထမ်းလာသူ လေးယောက် အပြင် တစ်နှစ်သား နွားကလေးတစ်ကောင်ကို ကြိုးတန်းလန်းနှင့် ဆွဲခေါ် လာသူ ရွာသားကြီးတစ်ယောက်လည်း ပါလာသေးသည်။

တောထဲ ရောက်လာသောအခါ ဝါးထောင်ချောက်ကို ဦးဘာဟိုးက ဦးဆောင်၍ ထောင်၏။ ထောင်ချောက်မှာ ရှေ့တစ်ခန်း၊ နောက်တစ်ခန်း ပါသည်။ ရှေ့ခန်းနှင့် နောက်ခန်းကို ခိုင်ခံ့သော ဝါးလုံးကြီးများနှင့် ကာရံ ထားသည်။ သုံးလံခန့်ရှည်သော ဝါးထောင်ချောက်ကြီးတွင် ရှေ့တစ်ပေါက်၊ နောက်တစ်ပေါက်ကို ပိတ်သော တံခါးနှစ်ပေါက် ပါသည်။ အမှန် မှာ စတုဂံရှည်မျောမျောဖြစ်သော ကျားထောင်ချောက်တွင် ရှေ့နောက် ဆိုသည်မှာ သင်္ကေတသာရှိပြီး၊ နှစ်ဖက်စလုံး တံခါးတစ်ခုစီနှင့် အားလုံး ပြုလုပ်ထားပုံချင်း အတူတူသာ။

ဝါးထောင်ချောက်၏ အလယ်ဗဟိုတည့်တည့်တွင် နှစ်ဖက်တံခါးကို ထိန်းထားသော တံခါးတိုင်တစ်လုံး ပါသည်။ ထိုတံခါးတိုင်ထိပ်ရှိ မောင်း လက်တံကြီးတွင် တံခါးနှစ်ပေါက်စလုံးကို အဖွင့်အပိတ်ဖြစ်စေနိုင်သော တံခါးခလုတ် အလေးတုံးတစ်ခု ရှိသည်။

နောက်ဘက်ဟု သင်္ကေတပြုထားသော ထောင်ချောက်ထဲသို့ နွား ကလေးကို ထည့်လိုက်ကြသည်။ တံခါးအတွင်းဘက်ရှိ ကြမ်းခင်းပြင်ကို နွားကလေး နင်းလိုက်သည်နှင့် တစ်ပြိုင်နက် အသေးခလုတ်ပြုတ်ပြီး ဂျိန်း ခနဲ တံခါးပိတ်သွား၏။

နွားကလေး ထောင်ချောက်ထဲက လုံးဝမထွက်နိုင်တော့။

ဤနွားကလေး ထောင်ချောက်ထဲက လွတ်ရန်မှာ တစ်ဖက်အခန်း ကို ကျားဝင်နင်းပြီး အလေးတုံးခလုတ် ရွေ့သွားကာ ကျားဝင်တံခါး ပိတ် သွားမှ အလိုလိုလွတ်ထွက်သွားမည် ဖြစ်သည်။ ဦးဘာဟိုးဦးဆောင်ပြီး နွားကလေးကို ထောင်ချောက်ထဲ သွင်းကြသည်။

နွားကလေး ထောင်ချောက်ထဲ ရောက်သည်နှင့် တစ်ဖက်ကျားဝင်တံခါးမှာ အလိုလိုပွင့်သွားသည်။ ဤသည်ကို စိတ်ချရအောင် ဦးဘာဟိုး သုံးကြိမ်သုံးခါ စမ်းသည်။ စိတ်ချရပြီဆိုမှ ဝါးထောင်ချောက်ပတ်ပတ်လည်ကို သစ်ခက်သစ်စိမ်းများနှင့် ကာရံပြီး အရောင်ဖျောက်ကြသည်။

ထိုအချိန်တွင် နေကလည်း ဝင်သွားပြီ ဖြစ်ရာ၊ ဦးဘာဟိုးနှင့်တကွ ရွာသားကြီးတွေမှာ နွားကလေးအော်မြည်နေသံကို နားစွင့်ကာ ဝါးထောင်ချောက်ကြီးကိုသာ စောင့်ကြည့်နေကြလေသည်။

🐯 🐯 🐯

ဦးဘာဟိုး ကြိုတင်တွက်ဆထားသည့် အတိုင်းပင် ညက နွား တစ်ကောင်တလေမှ မကိုက်ရ မစားရသေးသော သမန်းကျားကြီးသည် တောဝန်းကျင်၌ပင် ရှိနေသေး၏။ ထို့ကြောင့်လည်း နွားကလေး မြည်သံကြားရသောအခါ မှောင်အောင်ပင် မစောင့်နိုင်တော့ဘဲ ချက်ချင်း
လာလေ၏။ ဦးဘာဟိုးနှင့်တကွ ရွာသားကြီး ငါးယောက်မှာ သမန်းကျားဟု သော ကိုးတောင်ကျားကြီးကို မျက်တောင်မခတ် စိုက်ကြည့်ကာ တဒင်္ဂ သက်ရှူရန်ကိုပင် မေ့ထားကြသည်။

ကျားကြီးကို မြင်သောအခါ နွားကလေးမှာ တအားအော်မြည်ပြီး ဝါးထောင်ချောက်ထဲတွင် ခုန်ပေါက်နေ၏။ အမြီးထောင်ပြီး ဝါးထောင်ချောက်ထဲတွင် ခုန်ပေါက်နေသော နွားကလေးကို ကျားကြီးက ပထမ အားရပါးရ ဟိန်းဟောက်ပြီး ခုန်အုပ်၏။

သို့သော် လေးဘက်လေးတန်မက အပေါ်ကပါ ဝါးလုံးကြီးများနှင့် စီပိတ်ထားသော ထောင်ချောက်ထဲက နွားကလေးကို မကိုက်မိ၊ သူသာ ထောင်ချောက်ဝါးလုံးတွေနှင့် တိုက်မိကာ နောက်ကျွမ်းပစ်ကျလာ၏။

ကျားကြီးက ပို၍ ဒေါသဖြစ်လာသည်။

နွားကလေးမှာလည်း ကြောက်ရွံ့ ကာ ပို၍အော်မြည်လာ၏။

သမန်းကျားကြီးသည် ထောင်ချောက်ထဲရှိ နွားကလေးကို အားမလို့ အားမရ ကြည့်ကာ ထောင်ချောက် ဝါးလုံးအကာအရံတွေကို ပြေးကိုက်သည်။ ဆွဲခါသည်။ သို့သော် အခိုင်အခံ့ လေးငါးတန်တုပ်ချည်ထားသော ဂင်းပိတ်တင်းဝါး အရင်းပိုင်းတွေမှာ ဂြင်ဂြင်
(မာကျော) မြည်သံသာ ပေါ်လာသည်။ ကျားစွယ်က လုံးဝ မတိုးနိုင်။

ထိုအခါ သမန်းကျားကြီးသည် ထောင်ချောက်ထဲက နွားကလေးကို ကိုက်သတ်ရန် လှည့်ပတ်၍ ဝင်ပေါက်ရှာသည်။ ဦးဘာဟိုးအပါအဝင် လူတွေမှာ ရင်တထိတ်ထိတ်နှင့် အသက်ရှူမှားမတတ် စောင့်ကြည့်နေ ကြ၏။ ထောင်ချောက်ရှေ့ဘက်မှ ဝင်ပေါက်တစ်ပေါက်ကိုတွေ့သွားသော သမန်းကျားသည် နွားကလေးကို ကိုက်ရန် ချက်ချင်းခုန်ဝင်လာ၏။

သမန်းကျား ထောင်ချောက်ကြမ်းခင်းပြင် နင်းလိုက်သည်နှင့် တစ်ပြိုင်နက် မောင်းတံလက်က တစောင်းပြန်သွားသည်။ ထိုအခါတွင် အလေးနှင့် ချိန်ထားသော နွားကလေးရှိရာဘက်က တံခါးမှာ အလိုလို ပွင့်သွားပြီး ကျားကြီးရှိရာဘက်က တံခါးက ဂျိန်းခနဲမြည်သံနှင့်အတူ အလိုအလျောက် ပိတ်သွားလေ၏။

နွားကလေးသည် တဗွတ်အဲအဲ အော်မြည်ကာ ရွာဘက်ကို အမြီးထောင်၍ ပြေးသွား၏။ ကျားကြီးကမူ ဝါးထောင်ချောက်ထဲ နေလေပြီ။

ထိုအခါ ဦးဘာဟိုးက ...

“ကဲ... ခင်ဗျားတို့ပြောတဲ့ သမန်းကျားကြီးတော့ မိနေပြီ၊ သစ်ပင် ပေါ်က ဆင်းကြတော့” ဟု ...
ပြောလည်းပြော၊ ဆင်းလည်းဆင်းနှင့် ... မြေပြင်ကို သူ အလျင်ရောက်သွားလေ၏။

ဆရာဖိုးကျော့၊ ကျားဘီလူးနှင့် တောကြီးဝင်္ကပါ မုဆိုးဝတ္ထုတိုများ

 #မစန္ဒာ  #ဝတ္ထုတိုများ  #ဝတ္ထုတို  #ပင့်ကူပိုးမျှင်* ပင့်ကူပိုးမျှင် * (ဝတ္ထုတို)မစန္ဒာ“အင်း….ဘာလိုလိုနဲ့၊ အချိန်တွေ တတ...
03/04/2026

#မစန္ဒာ #ဝတ္ထုတိုများ #ဝတ္ထုတို #ပင့်ကူပိုးမျှင်

* ပင့်ကူပိုးမျှင် * (ဝတ္ထုတို)
မစန္ဒာ

“အင်း….ဘာလိုလိုနဲ့၊ အချိန်တွေ တတိ တတိကုန်လာလိုက်တာ၊ ငါ့အသက်လည်း လေးဆယ်ပြည့်လို့ တစ်နှစ်လောက်ကျော်နေပြီ”

မစိန်မြက တံမြက်စည်းလှည်းနေသော်လည်း စိတ်အာရုံက ကြမ်း ပြင်ပေါ်မှာမရှိ၊ ဟိုတစ်နေ့ကပင် ရုတ်တရက်သေဆုံးသွားသော အဘွား ဒေါ်လှကျော့ကို မြင်ယောင်ထင်ယောင်ဖြစ်နေသည်။ အိမ်ရှေ့အိမ်မှ အဘွား ဒေါ်လှကျော့က အသက်ရှစ်ဆယ်နား နီးနေပြီဖြစ်သော်လည်း မစိန်မြတို့ ထက်ပင် ကျန်းမာသေးသည်။ အပ်ပေါက်သေးသေးလေးထဲသို့ ကိုယ့်ဟာ ကိုယ် ကြိုးထိုးနိုင်တုန်း၊ သူ့အတင်းကိုပြောလျှင် ကြားတုန်း၊ “ရင်ဒါရိုက်တာ” ကိုလည်း ကြိုက်တုန်းဖြစ်သည်။

ထိုနေ့ကလည်း တီဗွီရှေ့က ပက်လက်ကုလားထိုင်တွင် အကျ အန နေရာယူရင်း ကိုရီးယားဇာတ်လမ်းတွဲအလာကို စောင့်နေခြင်း ဖြစ် သည်။ ကြော်ငြာစူပါမင်းသားနှင့် မင်းသမီးကလေးများ တွန့်လိမ်တွန့်လိမ် နှင့် ကနေစဉ် “ခေါင်းမူးသလိုလိုပဲ”ဟုပြောသည်။ ထို့နောက် အိမ်သာ တက်ချင်သည် ဟုပြောကာ နေရာမှကုန်းအထတွင် ဟတ်ခနဲ ပက်လက် လှန်ကာ မျက်ဖြူ ဆိုက်သွားခြင်းဖြစ်သည်။ သူ၏ကွေးထားသော ခြေထောက်ကိုပင် ပြန်ပြီး ဆန့်မသွားနိုင်ခဲ့ပေ။

ခေါင်းရင်းအိမ်က ကိုအောင်သက်ကလည်း ညဉ့်အိပ်ရာဝင်သွား သည်အထိ အကောင်းပကတိပင်ဖြစ်သည်။ စာမကြိုးစားသော သားသမီး များကိုပင် ဆူပူကြိမ်းမောင်းနေသေးသည်။ နံနက်မိုးလင်းတော့ ကိုယ် တစ်ခြမ်း လေဖြတ်ပြီး မလှုပ်နိုင်တော့ပေ။ စကားပြောသော်လည်း မရှိတော့ ချေ။ သို့သော်လည်း အကုန်လုံးကိုမှတ်မိသည်။ အစားလည်းစားနိုင်သည် ဆိုတော့ သေမင်းကို အန်တုရန်ကြိုးစားကြသည်။ လက်ထဲရှိသမျှ ပေါင်န ရောင်းချပြီး ဖြူခါပြာခါကျသည်အထိ သွန်၍ကုကြသည်။ သုံးလကျော် လေးလလောက်ကုပြီးတော့ သက်သာလာတော့မယောင်ယောင်နှင့် ဒုတိယ အကြိမ်ထပ်ပြီးလေဖြတ်ကာ သေမင်းနောက် ကောက်ကောက်ပါ သွားလေ သည်။

ဟိုဘက်တစ်လမ်းကျော်က အသည်းကင်ဆာဖြစ်နေသည်ဆို သော ဦးမောင်မောင်ဝင်းကတော့ တစ်မျိုးဖြစ်သည်။ အင်္ဂလိပ်ဆေးကောင်း သည် မြန်မာဆေးကောင်းသည် တရုတ်ဆေးကောင်းသည် စသည်စသည် ဖြင့် ဝိုင်းဝိုင်းလည်အောင် ပြောဆို အကြံပေးနေကြသော စကားများကို တစ်ခွန်းမျှ နားမထောင်ပေ။

“ကင်ဆာပါဆိုမှ ရှင်အောင်ကုပေးနိုင်တဲ့လူရှိလို့လား၊ ကုရင်လည်း သေမှာပဲ၊ မကုဘဲနေရင်လည်း သေမှာပဲ၊ သေမှာခြင်းအတူတူတော့ ဆေးကု လို့ ကုန်သွားမယ့်ပိုက်ဆံကို အလှူအတန်းပဲလုပ်တော့မယ်”ဟု သွေးအေး အေးနှင့်ပြောကာ ဘာဆေးမှမကုဘဲ ဒီအတိုင်းနေသည်ဟုဆိုသည်။

“အင်း….လူတွေကတော့ အမျိုးမျိုးပဲ၊ သေနည်းတွေကလည်းအမျိုးမျိုးပဲ"

မစိန်မြက သက်ပြင်းကိုလေးလံစွာချသည်။ ကြီးမားသော ရောဂါ ဆိုးကြီးတစ်ခုသည် သူ့ထံသို့ တိတ်တိတ်ကလေး ချဉ်းကပ်လာနေသည်ဟု ထင်မှတ်ခံစားနေရသည်။

“လူတိုင်းလူတိုင်းအတွက် သေချာတာကတော့ တစ်ခုတည်းပဲ၊ ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုသေရမယ်ဆိုတာ မသိပေမယ့် အနှေးနဲ့ အမြန် သေတာကတော့ သေကြရမှာချည်းပဲ”

ရယ်စရာပျော်စရာတွေက နဂိုကမှပါးရှားရသည့်အထဲ အခုတော့ ပျော်စရာများ လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားကြသလို ကမ္ဘာလောက ကြီးတစ်ခုလုံး ခြောက်ခြောက်သွေ့သွေ့ကြီးဖြစ်နေသည်။ ဘဝမှာ နေမပျော် တော့ဘဲ ရင်ထဲတွင်လည်း ဟာနေလေသည်။

မပျော်ပါဘူးဆိုမှ အိမ်ကလူကြီး ကိုရေခဲကိုသတိရမိသည်။ ကိုရေ ခဲကလည်း မနေ့တုန်းကပင် ပြောသေးသည်။

“အင်း…ငါတို့အသက်တွေကလည်း လေးဆယ်ကျော်ကုန်ကြပြီ၊ လေးဆယ်ကနေ ဟိုဘက်ဆိုရင် တဖြည်းဖြည်းကျဖို့ပဲရှိတော့တာ၊ လေး ဆယ်ကျော် ငါးဆယ်အတွင်းရောက်နေပြီဆိုတော့ မငယ်တော့ဘူးနော်၊ မြောက်ဥက္ကလာနားတော့ ရောက်နေပြီဟ”တဲ့။

အသက်လေးဆယ်ကျော်နှင့် မြောက်ဥက္ကလာ ဘယ်လိုများ ပတ် သက်နေသနည်းဟု မစိန်မြက အပြေးအလွှားစဉ်းစားသော်လည်း ဘာမှန်း မသိ၊ ထိုစဉ် ကိုရေခဲက“မြောက်ဥက္ကလာဟိုဘက်ဆိုရင် ရေဝေးရောက်ပြီ လေ” ဟု ခပ်အေးအေးပြောသည်။

အောင့်သီးအောင့်သက်ဖြစ်သွားသော မစိန်မြခမျာ ရေဝေးမှ မီးသင်္ဂြိုဟ်စက်ကြီးကို ဗြုန်းခနဲမြင်ယောင်ရင်း ကျောရိုးထဲတွင်စိမ့်သွားသည်။ သတင်းစာထဲက နာရေးကြော်ငြာများတွင် ကိုယ့်ထက်ငယ်သူတွေ အများ ကြီး ပါလာနေပြီကိုလည်း သတိရမိပြန်သည်။

“ဟင်း...ရေဝေးတဲ့၊ ရေဝေးရောက်ခါနီးပြီတဲ့လား"

မစိန်မြက သက်ပြင်းချမိပြန်သည်။

“ဘာတွေများ သက်ပြင်းတချချဖြစ်နေတာလဲ၊ စိန်မျောက်မျောက်တို့အမေ စိန်မြမြရဲ့”

အပျိုကြီးဒေါ်လှလှဝေက အိမ်ပေါ်သို့ မေးမေးပြောပြော ရယ်ရယ် မောမောနှင့် လှမ်းတက်လာသည်။ ဧည့်ခန်းက ကြိမ်ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ရင်း စိန်မြမြရယ်၊ ရှင့်တံမြက်စည်းကလည်း ဆဒမ်ဟူစိန်နှုတ်ခမ်းမွေး နဲ့ တူနေပါပေါ့လား..”ဟု ဆက်ပြောသည်။

မစိန်မြသည် သူ့လက်ထဲက တံမြက်စည်းကို ငုံ့ကြည့်ရင်း မပွင့် တပွင့်ပြုံးသည်၊ အမွေးတုံးနေပြီဖြစ်သော မြက်တံမြက်စည်း ဟောင်းဟောင်း လေးက သူ့ကိုမျက်နှာငယ်လေးနှင့် ပြန်ကြည့်နေသည်။ သူ့ခမျာ အသစ် ဘဝတုန်းက ထူထူထဲထဲ သိပ်သိပ်သည်းသည်းနှင့် ဝေဝေဆာဆာရှိခဲ့ရှာ သားပင်။ အခုတော့ ဟစ်တလာနှုတ်ခမ်းမွေးလောက် ငုတ်စိစိမဖြစ်သေး သော်လည်း ဆဒမ်ယူစိန်နှုတ်ခမ်းမွေးလို ဘေးနှစ်ဖက်သာကားပြီး အလယ် သား မရှိတော့သည်မှာ အတန်ငယ်ကြာနေပြီဖြစ်သည်။ တံမြက်စည်းလှည်း လိုက်လျှင် ဖုန်တွေသဲတွေက ပါမလာဘဲ အလယ်ခေါင်တွင် အကွက်လိုက် ကွင်းပြီး ကျန်ရစ်တတ်သည်။

“ဒီတစ်ခါတော့...စစ်ကိုင်းက သံဃာ့ဆေးရုံအတွက်”

အစ်မလှလှဝေက ဖြတ်ပိုင်းစာအုပ်လေးကိုဖွင့်သည်။

“ဂီလာနသံဃာတော်တွေအတွက် ဆွမ်းအလှူ ဆေးအလှူဆိုတာ အင်မတန်မြတ်တယ်နော်”

အစ်မလှလှဝေက အလှူအတန်းရှိရာသို့ တကူးတကန့်သွားပြီး မလှူဖြစ်သူများအတွက် ကမကထလုပ်ပြီး အလှူခံပေးလေ့ရှိသည်။ ကိုယ် က ထောင်သောင်းချီပြီးလှူနိုင်သူမဟုတ်တော့ အလှူဆိုလျှင် ခပ်ဝေးဝေးနေ ခဲ့သော်လည်း အခုတော့ သူ့ကျေးဇူးကြောင့် တစ်ရာမျိုး၊ နှစ်ရာမျိုး စသည် ဖြင့် တတ်နိုင်သမျှလေးတော့ လှူဖြစ်နေသည်။

“အဘွားဒေါ်လှကျော့အတွက် စိတ်မကောင်းဘူးဟယ်၊ ရုပ်ရှင်ကြည့် ကြော်ငြာကြည့်ရင်းသေတာဆိုတော့ သူ့ရဲ့သေခါနီးအာရုံတွေ ဇော တွေက ဘယ်လိုလုပ်ပြီးကုသိုလ်ဖြစ်နိုင်မှာလဲ၊ လူ့ဘဝမှာ အနေတတ်ဖို့ချည်း ပဲ အရေးကြီးတာမဟုတ်ဘူး၊ အသေတတ်ဖို့က ပိုပြီးအရေးကြီးတယ် စိန်မြမြ ရဲ့၊ အဲဒီလို အသေတတ်ဖို့ကလည်း သေခါနီးမှကပ်ပြီး သံဗုဒ္ဓေရွတ်နေလို့မရ ဘူး၊ တစ်သက်လုံးကြိုးစားသွားမှရမှာ”

ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံက နည်းနေပြီ၊ စိတ်ကလည်း မကြည် လင်လှတော့ မစိန်မြက သူ့စကားကို စိတ်ဝင်တစားမရှိလှ၊ သို့သော်လည်း တတ်နိုင်သမျှလေးတော့ လှူလိုက်ဦးမယ်လေဟူသောအတွေးနှင့် ပိုက်ဆံ အိတ်ကလေးကိုလှမ်းဆွဲလိုက်သည်။

“နည်းတာ များတာ အဓိကမဟုတ်ဘူး၊ အလှူမှာ စိတ်ထားမြတ် ဖို့အရေးကြီးတယ် စိန်မြမြရဲ့၊ စေတနာသုံးတန် ပြဋ္ဌာန်းပြီးလှူတတ်ရင်၊ တိရစ္ဆာန်လေးတစ်ကောင်ကို တစ်ခါအစာကျွေးဖူးတဲ့ ကုသိုလ်ကတောင် ဘဝပေါင်းတစ်ရာလိုက်ပြီး အကျိုးပေးတယ်တဲ့”

အိတ်ထဲတွင် နှစ်ရာတန်သုံးရွက်သာ ရှိတော့သော်လည်း မစိန်မြ က တစ်ရွက်ကို ရှောရှောရှူရှူဆွဲထုတ်လိုက်သည်။ “ဒီကုသိုလ်ရဲ့ကျေးဇူး ကြောင့် ငါတို့မိသားစု ဖြစ်ရာဘဝမှာ ဝဝစားပြီး လှလှနေနိုင်ပါစေ”ဟု စိတ် ထဲမှ ဆုတောင်းသည်။ ဘုန်းကြီးတရားပွဲတုန်းက လှူသမျှ တန်းသမျှ နိဗ္ဗာန်ကို ရည်ရွယ်ရမည်ဟု ဟောသည်ကို ကြားဖူးသော်လည်း မစိန်မြက နိဗ္ဗာန်ဟူသည်မှာ သူနှင့် အလွန်အလှမ်းဝေးသော အရာတစ်ခုဟု အမြဲထင် မှတ်နေလေသည်။

“ဒါနကတော့ အခြေခံအုတ်မြစ်ပေါ့ ညီမရယ်၊ သီလကျတော့ ဒါနာက် ပိုမြတ်တယ်၊ အမြတ်ဆုံးကတော့ ဘာဝနာပဲ၊ ဆယ်ရက်စခန်း လေး တရားပတ်လေးလည်း ဝင်နိုင်အောင်ကြိုးစား၊ နောက်သုံးလေးရက် လောက်နေရင် အစ်မတရားထိုင်နေကျရိပ်သာမှာ ဆယ်ရက်စခန်းတစ်ခုရှိတယ်၊ တစ်ခါလောက်လိုက်ခဲ့ပါလား”

မစိန်မြခမျာ တီကောင်ကို ဆားနှင့်တို့လိုက်သလို တွန့်ကနဲဖြစ် သွားသည်။ ဒီအိမ်မှာ သူမရှိလို့ဘယ်ဖြစ်မှာလဲ၊ သူသာမရှိလျှင် တစ်အိမ်လုံး ဗြောင်းဆန်သွားမှာပေါ့ဟု တွေးသည်။ ကိုရေခဲက သားသမီးများကို ဆို ဆုံးမတတ်သည် မဟုတ်၊ နင်တို့လည်း နေချင်သလိုနေ၊ ငါလည်း နေသာ သလို နေမယ်ဟူသော လူစားမျိုးဖြစ်သည်။

“လိုက်နိုင်သေးပါဘူးအစ်မရယ်၊ အိမ်မှာက ကိုရေခဲနဲ့ မျောက် လေးကောင်ကို ဘယ်လိုထားခဲ့ရမလဲ”

ဖြတ်ပိုင်းစာရွက်တွင် စာရေးနေသော အစ်မလှလှဝေက မသိမသာ ပြုံးသည်။

“ကိုယ့်ကိုယ်ကိုယ် သေသွားတယ်လို့ ခဏသဘောထားကြည့် လိုက်ပါလား၊ သေကြည့်လိုက်လေ၊ ဒါက အနှေးနဲ့အမြန် တကယ်လည်း ရင်ဆိုင်ရမယ့်ကိစ္စပဲ”

"အန်.."

မစိန်မြက မီးသင်္ဂြိုဟ်စက်ကြီးကို မြင်ယောင်လာပြန်သည်။

“ကိုယ်တကယ်သေသွားရင် သူတို့တွေ ဒီလိုပဲနေခဲ့ကြမှာမဟုတ် လား၊ အမေမရှိရင်မဖြစ်ပါဘူး၊ မိန်းမမရှိရင် မရပါဘူးဆိုပြီး လိုက်သေကြမှာ မို့လို့လား၊ ကျန်တဲ့ခန္ဓာကိုယ်ကြီးကို ခပ်မြန်မြန်ခပ်သုတ်သုတ် မီးထဲထိုးထည့် လိုက်ကြမှာပဲ”

သူ့စကားက မှန်လွန်းအားကြီးတော့ နည်းနည်းလေးမှ မချိုသာ ချေ။ နားထဲတွင်ခါးကာ ကန့်လန့်ကြီးဖြစ်သွားသည်။

“မဟုတ်ဘူးလား အစ်မပြောတာ”

အစ်မလှလှဝေက မေးငေါ့ကာမေးရင်း နေရာမှထသည်၊ ငူတူတူ ဖြစ်နေသောမစိန်မြကို ပြုံးလျက်ကြည့်သည်။

“ဒီလောကမှာ မရှိရင်မဖြစ်ဘူးဆိုတဲ့သူ မရှိပါဘူးညီမရယ်..၊ ကိုယ်မရှိလို့လစ်ဟာတယ်ဆိုပေမယ့် သူ့ဟာနဲ့သူတော့ လည်ပတ်သွားကြ မှာချည်းပါပဲ၊ ကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ် သံယောဇဉ်ကြိုးတွေ အထပ် ထပ် တုပ်ပြီး နှောင်ဖွဲ့နေတာပါ၊ အဲဒီသံယောဇဉ်ဆိုတဲ့ကြိုးတွေ မမြင်ရပေ မယ့် အင်မတန် စေးကပ်နှောင်ဖွဲ့တတ်တယ်တဲ့"

အစ်မလှလှဝေပြန်သွားတော့ မစိန်မြခမျာ သူ၏ဆဒမ်ဟူစိန် တံမြက်စည်းကို လက်နှစ်ဖက်နှင့်စုံထောက်ရပ်ရင်း ခပ်ငေးငေး ကျန်ခဲ့လေ သည်။

* * *
“ဒီအိမ်မှာ မင်းမရှိလို့ဖြစ်ပါ့မလား မိန်းမရာ”

ကိုရေခဲက တစ်ရာ့တစ်ကြိမ်မြောက်ပြောသည်။ မစိန်မြ တရား စခန်း ဝင်မည်ဆိုကတည်းက သူသည် တခြားစကားမပြောတတ်သလို ထိုစကားကိုချည်း ထပ်ခါထပ်ခါပြောနေလိုက်သည်မှာ သူ့ဘေးတွင်သာ စကားသင်နေသော ကြက်တူရွေးတစ်ကောင်လောက်ရှိလျှင် တတ်သွား လောက်ပေပြီ။

အစ်မစိန်ကြည်ပေးလိုက်သော ယောဂီရောင်ထမီနှစ်ထည်ကို ပြန့်ပြန့်ရန့်ရန့်ဖြစ်စေရန် ဂရုတစိုက်ခေါက်နေသော မစိန်မြက ကိုရေခဲ၏ စကားကို မကြားချင်ဟန်ဆောင်နေသည်။ “သူ့ဟာသူ တစ်ရာ့တစ်ကြိမ်မက လို့ နှစ်ရာ့တစ်ကြိမ်ပြောပြော ငါ့ကိုတော့ တားလို့မရဘူး”ဟု အထပ်ထပ်တွေး နေသည်။

“သူပဲပြောတာပဲ၊ ငါတို့အရွယ်ဟာ ရေဝေးနဲ့ နီးနေပြီတဲ့၊ ဒါကြောင့် မို့ တရားဘာဝနာလေးဘာလေး အားထုတ်မယ်ဆိုတော့လည်း မင်းမရှိရင် ဖြစ်ပါ့မလားတဲ့"

မစိန်မြက ကိုရေခဲကို မသိမသာစောင်းကြည့်သည်၊ ကြမ်းပေါ်တွင် ဒူးတစ်လုံးထောင်ကာထိုင်ရင်း ထိုဒူးပေါ်တွင် လက်တစ်ဖက်တင်ကာ ငေးနေပုံမှာ ဘုရားစောင်းတန်းများတွင် တွေ့ရတတ်သော ဥပကရုပ်တုကြီး နှင့်ပင်တူနေလေသည်။

"ငါသွားရင် သူ့အတွက်တာဝန်ကြီးတာပေါ့လေ”

နံနက်မိုးလင်း မျက်စိနှစ်ကွင်းပွင့်သည်မှစ၍ ညဉ့်အိပ်ရာဝင်သည် အထိ မစိန်မြအလုပ်များကို မြင်နေတွေ့နေရတော့ ထိုတာဝန် ထိုအလုပ်များ သူ့အပေါ်ပုံလာမည်ကိုတော့ ကြောက်ရှာပေလိမ့်မည်။

“အလတ်မက ဆယ့်သုံးနှစ်တောင်ပြည့်တော့မှာပဲ၊ ထမင်းတစ်အိုး တော့ ကောင်းကောင်းချက်တတ်နေပါပြီ၊ အကြီးကောင်ကြီးကိုလည်း ဈေး လွှတ်လို့ရတာပဲဟာ၊ အာလူးတွေ၊ ပဲတွေလည်း ဝယ်ထားခဲ့ပြီးပြီ၊ ငါးခြောက် လည်းရှိတယ်၊ ဒီရက်အတောအတွင်းတော့ ဖြစ်သလိုစားကြပေါ့။ လျှော်တာ၊ ဖွပ်တာ၊ ဆေးတာ၊ ကြောတာတော့ တစ်ယောက်တစ်လက် ဝိုင်းလုပ်ကြရင် သိပ်မပင်ပန်းလောက်ပါဘူး၊ ဒီအလုပ်တွေကို တစ်သက်လုံး ငါ့တစ်ယောက် တည်း သိမ်းကြုံးပြီးလုပ်ခဲ့ရတာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ...”

တစ်နေ့တစ်နေ့ ဇယ်ဆက်အောင်လုပ်နေရသော အလုပ်များကို ပြန်တွေးမိတော့ မစိန်မြ ကိုယ့်ကိုယ်ကိုယ်ပင် သနားချင်လာသည်။ ကိုယ်ဝန် ဆောင်နေတုန်းမို့လည်း မနေရ၊ ကလေးမွေးပြီးစမို့လည်း မနားခဲ့ရ၊ ယူဖော် လောင်ဖက်တစ်ဦးမျှမရှိဘဲ ရုန်းခဲ့၊ ကန်ခဲ့၊ ပင်ပန်းခဲ့ရသောရက်များက ဆက် တိုက်ပင်ဖြစ်သည်။ ဒီကြားထဲ ဖျားကြ နာကြပြန်လျှင် ပြေးရလွှားရ ချေးရ ငှားရနှင့် ကိုယ်ရောစိတ်ပါ ဆင်းရဲပင်ပန်းခဲ့ရသည့် နေ့များကိုတော့ ပြန်၍ပင် မစဉ်းစားချင်။

“ဒုက္ခ…ဒုက္ခ..အင်း၊ ဒီဒုက္ခတောကြီးထဲက လွတ်အောင်ကြိုးစား စမ်းပါဟဲ့၊ မိစိန်မြရဲ့ "

ပြန်တွေးရင်း သွေးလန့်လာသောမစိန်မြက သူ့ကိုယ်သူ သတိပေးသည်။ လူမှုဒုက္ခက တစ်မျိုး၊ ခန္ဓာဒုက္ခက တစ်မျိုး၊ မကြာခင် သူ့ဆီ ရောက်လာဦးမည့် အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခတို့ရှိသေးသည်။ ထို့အပြင် အကြီး ဆုံးသော သေခြင်းဒုက္ခကိုလည်း တစ်နေ့နေ့မှာ မလွဲမသွေရင်ဆိုင်ရဦးမည်။ အစ်မစိန်ကြည်ဆီက ငှားလာသော သားရေအိတ်ထဲသို့ ယောဂီ ထမီနှစ်ထည်ကို ဖိထည့်လိုက်သည်။ ဝတ်နေကျ ဘော်လီအင်္ကျီ အရောင် ညစ်ညစ် သုံးထည်ကိုလည်း ဖြူစင်အောင်လျှော်ပြီး ထည့်ထားပြီးဖြစ်လေ သည်။ သုံးလက်စ သွားတိုက်သွားပွတ်တံကို သုံးလက်စမျက်နှာသုတ်ပဝါ နှင့် ပတ်ပြီး အင်္ကျီတွေပေါ်က ထည့်သည်။ ရေခွက်နှင့်ဆပ်ပြာခွက်ကိုတော့ ပလတ်စတစ်ခြင်းထဲထည့်ပြီးပြီမို့ တရားစခန်းဝင်ရန် အသင့်ဖြစ်နေပါပြီ။

“ဒီနေ့ညစာတော့ ခူးပြီး အုပ်ဆောင်းနဲ့အုပ်ထားခဲ့ပြီ၊ နက်ဖြန် အတွက်လုံးထားတဲ့ ဆိတ်ရိုးနဲ့ကုလားပဲဟင်းကတော့ ကြောင်အိမ်ထဲမှာ...”

မစိန်မြက ကိုရေခဲကိုလှမ်းပြောသော်လည်း ကြားဟန်မရှိသော ကြောင့် သူ့ ့ကိုမျက်နှာငယ်ငယ်နှင့်ကြည့်နေသော အကြီးကောင်ဘက်သို့ လှည့်ကာ…“မနက်ကျမှ ရေထည့်ပြီးထပ်တည်လိုက်နော်”ဟု ဆက်၍ပြော လိုက်သည်။

"အမေ့"

အကြီးကောင်ကြီးက မရဲတရဲခေါ်သည်။ သူ့အသက်က ဆယ့် ငါးနှစ်ထဲရောက်နေပြီဖြစ်သော်လည်း လူကြီးစိတ်မဝင်သေးဘဲ ဂျင်ပေါက် တုန်း၊ ဂေါ်လီရိုက်တုန်းမို့၊ ကိုရေခဲက “အပေါကြီး”ဟူ၍ ထောပနာပြုလေ့ရှိသည်။

“အမေက..ဘယ်နှရက်တောင်ကြာမှာလဲ”

“ဆယ်ရက်”

“အကြာကြီးပဲ”

“မကြာပါဘူးသားရယ်….အမေ့ကိုစိတ်မကောင်းအောင် မလုပ်ပါနဲ့၊ ဖေဖေတို့သားတို့ရဲ့ ဝေယျာဝစ္စတွေကို မေမေအကြာကြီး လုပ်ပေးခဲ့ပြီးပြီ မဟုတ်လား၊ အခု အမေလုပ်ချင်တဲ့အလုပ်ကို ဆယ်ရက်ထဲသွားလုပ်မှာပါ”

မစိန်မြသည် သားကြီးကိုပြောရင်း ကိုရေခဲကိုပါရည်ရွယ်ပြီး ပြော လိုက်မိသည်။ ဘာမှမကြားသလို ငေးနေသောကိုရေခဲက ဒီတစ်ခါတော့ ဆတ်ခနဲဖြစ်သွားသည်။ မစိန်မြကို ဖျတ်ခနဲလှမ်းကြည့်ပြီး ပြန်လွှဲသွားသည်။

“ဆယ်ရက်ဆိုတာ သိပ်အကြာကြီးမဟုတ်ပါဘူး”

သားကြီးက မျက်ရည်ဝဲနေသော်လည်း ခေါင်းညိတ်သည်။ ထန် တတ်၊ မာန်တတ်၊ လက်ပါတတ်သော သူ့အမေက အကျိုးသင့်အကြောင်း သင့်ပြောနေတော့ အမေ့စိတ်ကြိုက် အကုန်လုံးလိုက်ပြီး လုပ်ပေးချင်စိတ် ပေါက်သွားလေသည်။

ခဏနေတော့ ကိုရေခဲကလည်း နေရာမှထပြီး အိမ်နောက်ဖေးဝင် သွားသည်။ ထို့နောက် အိုအေစစ်သောက်ရေသန့်ပုလင်းလွတ်ထဲသို့ ရေအိုး စင်မှ ရေကို ဖြည့်နေသည်။ ဘာများလုပ်တာပါလိမ့်ဟု အံ့သြနေမိစဉ် မစိန် မြ ယူသွားမည့် ပလတ်စတစ်ခြင်းထဲသို့ ရေပုလင်းလေးလာထည့်သည်။ “ညဘက် တရေးနိုးရေသောက်ချင်ရင် လွယ်အောင်လို့”ဟု ခပ်တိုးတိုးပြော တော့ မစိန်မြ၏ရင်ထဲတွင် သိမ့်ခနဲဖြစ်သွားသည်။

“လက်နှိပ်ဓာတ်မီးလည်း ယူသွားလေ”

“အို…. အိမ်မှာပဲထားပါ၊ တစ်ချောင်းထဲပဲ ရှိတဲ့ဟာ”

“အိမ်မှာက ရပါတယ်ကွာ၊ ဟိုမှာက နေ ုးမှာ လူစိမ်းတွေနဲ့၊ ညဉ့်ရေးညဉ့်တာ မီးပျက်နေတုန်း တပိုတပါးသွားချင်ရင် ခက်နေမှာပေါ့”

ကိုရေခဲက သူ၏အိပ်ရာခေါင်းရင်းတွင် အမြဲထားလေ့ရှိသော လက်နှိပ်ဓာတ်မီးကို ယူလာကာ့ ခြင်းတောင်းထဲထည်ပေးပြန်သည်။

အလတ်ကောင်နှင့်အငယ်ကောင်ကတော့ အဖေနှင့်အမေကို အရေးမစိုက်နိုင်၊ အခန်းထောင့် ပြတင်းပေါက်အပေါ်တွင် အိမ်ဖွဲ့နေသောပင်ကူအိမ်ကို မော့ကြည့်နေကြသည်။ ကွန်ယက်သဖွယ် ဖွဲ့ယှက်နေသော ပန်ကူမျှင်များတွင် ပိုးဖလံလို ပိုးကောင်လေးတစ်ကောင် ငြိနေသည်။ ပိုး ကောင်လေးက တဖျတ်ဖျတ်ရုန်းနေသဖြင့် ပင့်ကူမျှင်များက ယိမ်းခါနေ သည်။ သို့ပါသော်လည်း ထိုပင့်ကူကြိုးမျှင်မျှင်လေးများထဲမှ ပိုးကောင်လေး က လွတ်ထွက်မလာသေးပေ။

“အင်း...အခုတော့တည့်နေကြပြန်ပြီ”

မစိန်မြက တွေးသည်။ သူတို့နှစ်ကောင်က တပူးတွဲတွဲနေလေ့ရှိသော်လည်း သိပ်ပြီးတည့်လှသည်တော့မဟုတ်ချေ။ အလတ်ကောင်က အစ သန်ပြီး အငယ်ကောင်က အငိုသန်သည်။ ထို့ပြင် အဆဲလည်း သန် သေးသည်။ တစ်ခါတစ်ရံလည်း လုံးထွေးသတ်ပုတ်တတ်ကြသည်ကို သတိရတော့ မစိန်မြ အတန်ငယ် စိတ်လေးသွားသည်။

နာရီကိုလှမ်းကြည့်လိုက်တော့ နှစ်နာရီခွဲနေပြီမို့ မစိန်မြသည် နေရာ မှ ထကာ အင်္ကျီလဲသည်။ တရားစခန်းက နက်ဖြန်မှ စမည်ဖြစ်သော်လည်း သူတို့တွေက ဒီနေ့ညနေကတည်းက အရောက်သွားကြရမည် ဖြစ်သည်။ ညနေသုံးနာရီထိုးလျှင် အစ်မလှလှဝေလာပြီး ခေါ်လိမ့်မည်။ “မင်းမရှိရင် မဖြစ်ပါဘူးကွာ”ဟုများပြောဦးမလားဟု ကိုရေခဲကို မသိမသာလှမ်းကြည့် သည်။ သို့သော် ကိုရေခဲက ဘာမှမပြောတော့ဘဲငြိမ်နေသည်။

“ကျွန်မ…တစ်ကိုယ်ကောင်းဆန်သလိုများ ဖြစ်နေလားဟင်... ကိုရေခဲ”

မစိန်မြက ခပ်ဆဆမေးသည်။

ကိုရေခဲက ခေါင်းခါသည်။ မျက်နှာသိပ်မရွှင်သော်လည်း ကြိုးစားပြုံးပြသည်။

“တရားအားထုတ်တယ်ဆိုတာ၊ ဒီလိုပဲ စွန့်ရတာပေါ့ဟာ၊ မင်း ပြောသလို ဆယ်ရက်ဆိုတာ ဘာကြာတာလိုက်လို့ စိတ်ချလက်ချသာ သွား၊ ကလေးတွေကိုလည်း စိတ်မပူနဲ့”

လူ့စိတ်ဆိုသည်မှာ ခက်လှသည်၊ တားနေတုန်းက တင်းနေသော် လည်း၊ သူက လျှော့တော့ အလိုလိုပျော့လာသည်။

"အမေ"

အငယ်ကောင်က ပင့်ကူအိမ်ကိုကြည့်ရသည်ကို ပျင်းလာဟန်နှင့် မစိန်မြဘေးသို့ရောက်လာသည်။

“အမေ…ညကျရင် သားဘယ်သူနဲ့အိပ်ရမလဲ”

“အဖေ.ရှိတယ်လေ”

အငယ်ကောင်က ဘာမှမပြောသော်လည်း မျက်နှာလေးငယ်သွား သည်။ မစိန်မြ စောစောကချွတ်လိုက်သော အင်္ကျီအဟောင်းလေးကို လှမ်းဆွဲ ပြီး ရင်ခွင်ထဲတွင်ဖက်ထားသည်။

“အင်္ကျီအဟောင်းကြီးလေ သားရဲ့ ချွေးစော်နံတယ်”

“နံပါဘူး၊ ညကျရင်ဖက်အိပ်မယ်

မစိန်မြရင်ထဲတွင် နင့်ကနဲ ဖြစ်သွားပြန်သည်။

“ငါ့ကိုပေးမလားဟင်”

အလတ်ကောင်က တောင်းသည်။

“ဟင်...ပေးပါဘူး”

“ငါလည်း အမေ့အင်္ကျီလိုချင်တာပေါ့၊ ဖက်အိပ်ချင်တာပေါ့”

အလတ်ကောင်က အင်္ကျီအဟောင်းလေးကို ဆွဲလုမည့်ဟန်ပြင် နေတော့ မစိန်မြက“ညီလေးကိုမလုပ်နဲ့လေ”ဟုပြောကာ လှမ်းပြီးဆွဲလိုက် သောအခါကျမှ အလတ်ကောင် ကိုယ်တွေပူနေသည်ကို သိရခြင်းဖြစ်သည်။

"ကြည့်စမ်း၊ ကိုယ်တွေပူနေတယ်”

“မျက်လုံးတွေလည်းပူတယ်အမေ”

သားအလတ်၏မျက်တောင်များက စင်းငိုက်ပြီး မျက်လုံးတွေက ရီဝေဝေဖြစ်နေသည်။ ထိုသို့ဖြစ်နေလျှင် တရှိန်ရှိန်နှင့် အဖျားသွေးတက်လာတာ့မည်ကို မိခင်တစ်ဦး၏အတွေ့အကြုံအရ မစိန်မြသိထားသည်။

“နေဦး အမေအဖျားတိုင်းကြည့်လိုက်ဦးမယ်"

မစိန်မြက အိပ်ရာခေါင်းရင်းကြွက်လျှောက်တန်းပေါ်တွင် တင် ထားနေကျဖြစ်သော ပြဒါးတိုင်လေးကိုဝင်ယူသည်။ ဒီတော့မှ ဘယ်ပျောက် နေပါလိမ့်ဟုထင်နေသော အလတ်မကိုတွေ့ရသည်။ အလတ်မက သူ၏ ဆီးခုံကို လက်နှင့်ထောက်ထားပြီး အိပ်ရာပေါ်တွင် မှောက်လိုက်လှန်လိုက် ဖြစ်နေသည်။

“ဗိုက်အောင့်တယ်အမေ၊ အရမ်းအောင့်တာပဲ”

အလတ်မ၏အသံက ငိုသံပါနေသည်။ ခြေဖျားလက်ဖျားတွေ အေးနေပြီး နဖူးတွင်တော့ ချွေးတွေစို့နေသည်။

“ဟဲ့…သမီး ဖန်ခါးသီးတွေစားပြန်ပြီလား”

“မစားပါဘူးအမေရဲ့”

“လက်ဖက်ရော”

“နည်းနည်းပါ”

“ဘာနည်းနည်းလဲ၊ နင်နည်းနည်းစားရုံနဲ့ ဒီလောက်တောင် ဖင် ထောင်အောင် အောင့်ပါ့မလား အငတ်မရဲ့၊ ကိုယ်လည်း အပျိုဖော်ဝင်နေပြီ ဟာ မိန်းကလေးတွေနဲ့ မတည့်ပါဘူး မစားပါနဲ့ပြောထားရင် နားထောင်မှ ပေါ့ "

မစိန်မြက တဖျစ်တောက်တောက်ဆူပူရင်း အလတ်မလေး၏ ဗိုက်ကိုလှန်လှောကာ ပရုပ်ဆီလူးပေးသည်။ “ဒီလောက်တောင် အလူးအလဲ နာနေတဲ့သမီးကို အစ်ကိုတွေမောင်တွေကြားမှာ တစ်ယောက်တည်းထားခဲ့လို့ ဖြစ်ပါ့မလားဟယ်”ဟုတွေးရင်း သက်ပြင်းချမိသည်။

အခန်းထဲက ပြန်ထွက်လာတော့မှ ပြဒါးတိုင်ကိုသတိရသည်။ အလတ်ကောင်ကို လှမ်းကြည့်လိုက်တော့ ပင့်ကူအိမ်အောက်တွင် မော့နေပြန်သည်။ ထိုနေရာက ပြတင်းပေါက်နားဆိုတော့ လေတိုးနေသည်။ သူက တော့ အင်္ကျီဟပြဲ၊ နှပ်ချေးတရှုံ့ရှုံ့နှင့် စိတ်ဝင်တစားကြည့်နေသည်။ ကိုရေခဲ က ငါဘိုင်အိုဂျက်ဆစ် သုံးလေးလုံး ပြေးဝယ်လိုက်မယ်လေ”ဟု ပြောတော့ မစိန်မြက အတန်ငယ်စိတ်ကျေနပ်သွားသည်။

“ကောင်းတယ်….အဲဒါအရင်တိုက်ထားကြည့်မယ်လေ၊ တစ်ခါ တစ်လေလည်း အဲဒါနဲ့တင်ပျောက်သွားတာပဲ”

မစိန်မြက အလတ်ကောင်နားသွားကာ နဖူးစမ်းမိပြန်သည်။ အင်္ကျီကို ကြယ်သီးစေ့အောင် တပ်ပေးရင်း “ဟိုဘက်နားသွား၊ ဒီနားက လေတိုက်တယ်”ဟုပြောသည်။ သူကြည့်နေသောပင့်ကူအိမ်ကို လှမ်းကြည့်မိသော်လည်း အာရုံထဲသို့ရောက်မလာဘဲ “ဘိုင်အိုဂျက်ဆစ်နဲ့ အဖျားကျရင် တော်ပါရဲ့၊ မကျဘဲ အဖျားတွေထပ်တက်လာရင်ဒုက္ခ၊ သူ့အသက်က ဆယ် နှစ်ဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်နိုင်သေးတယ်၊ ခြင်တွေကလည်း ကိုက် သလားမမေးနဲ့၊ အဖျားထပ်တက်လို့ ဆေးခန်းသွားရရင်တော့ ပိုက်ဆံက ကုန်ဦးမယ်”ဟု တောင်ခုန်မြောက်ခုန်နှင့် တွေးနေသည်။

“ပင့်ကူမျှင်လေးတွေက သေးသေးလေးတွေပဲဟာ၊ ပိုးကောင် လေးက ဘာလို့မရုန်းနိုင်တာလဲအမေ”

ပင့်ကူအိမ်တွင် ငြိတွယ်နေသောပိုးကောင်လေးက စောစောကလို သွက်သွက်ခါအောင် မရုန်းနိုင်ဘဲ အားပျော့နေသည်။

“သူက စေးကပ်တတ်၊ နှောင်ဖွဲ့တတ်တယ်တဲ့”

မစိန်မြက လေသံပျော့ပျော့နှင့် ဖြေသည်။

“အမေ့….မမက အန်ချင်တယ်တဲ့"

အငယ်ကောင်က လာပြောသည်။ မစိန်မြက “အေး…အေး”ဟု ခေါင်းညိတ်လိုက်ရင်း သူငယ်ငယ်တုန်းကလည်း လစဉ်လိုလို ကိုက်တတ်၊ ခဲတတ်၊ အောင့်တတ်သည်ကို သတိရသည်။ မီးဖိုချောင်မှာ ချင်းမှရှိသေးရဲ့လားဟု တွေးသည်။ ထန်းလျက်ကတော့ ရိပ်သာယူသွားရန် ပုလင်းလေး နှင့် ထည့်ထားသည်မို့ အဆင်သင့် ရှိသည်။ အလတ်မလေးကို ချင်းနှင့် ထန်းလျက်ကြိုပြီး တိုက်မှဖြစ်မည်။ ဒါက အမေလုပ်မှဖြစ်မယ့်အလုပ်တွေပဲ၊ အဖေနဲ့ ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲဟု တွေးနေမိစဉ် မစိန်မြရေ”ဟူသော ခေါ်သံကို ကြားရသည်။ အစ်မလှလှဝေကိုတော့ မျက်နှာပူပူနှင့်ပင် ရင်ဆိုင် ရတော့မည်။

“ဒီတစ်ခေါက်တော့ လိုက်လို့မဖြစ်သေးပါဘူးအစ်မရယ်၊ ကလေး တွေနေမကောင်းဘူး....”

မစိန်မြ၏ခေါင်းထဲတွင် လွှမ်းမိုးနေရာယူထားသော ထိတ်လန့် ကြောက်ရွံ့နေသော အို၊ နာ၊ သေဘေး သံသရာဘေးတွေက တဖြည်းဖြည်း မှေးမှိန်သွားသည်။ “ဟေး...အမေ မသွားတော့ဘူးတဲ့ဟေ့”ဟု ဝမ်းသာအားရ ထအော်သော အကြီးကောင်ကြီးကို ပြုံးလျက်ကြည့်သည်။

ပင့်ကူအိမ်နားကမခွာသေးသော အလတ်ကောင်ကတော့ အမေ့ အင်္ကျီအဟောင်းလေး လည်ပင်းချိတ်ထားသော အငယ်ကောင်လေးကို “ညီလေးရေ ပိုးကောင်လေး မလှုပ်တော့ဘူး”ဟု ခပ်တိုးတိုးလှမ်းပြောလိုက် လေသည်။

***
မစန္ဒာ
(အမျိုးသမီးရေးရာမဂ္ဂဇင်း ၂၀၀၄ ခုနှစ် ဇူလိုင်လ)
( ဝတ္ထုတိုများ ၇ စာမျက်နှာ ၁၈၃-၁၉၈)

02/04/2026

ဆရာမင်းလူရဲ့ ဝတ္ထုတွေထဲက အကြိုက်ဆုံးစာအုပ်ဆိုရင် နှစ်ခါပြန်စဉ်းစားစရာမလိုတာ ဒီစာအုပ်ပါပဲ

ဘယ်အချိန် ပြန်ဖတ်ဖတ် မရိုးနိုင် ဖတ်လို့ကောင်းဆဲ

ဒီထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဓာတ်ခဲ ၊ မောင်ဝ ၊ ကျော်ကွန့် ၊ ကိုကြီးငွေ ၊ ပတေး ၊ ဘာနူး ၊ မသီး ၊ လှထုံတို့ အားလုံးကို အပြင်မှာတကယ်ရှိတဲ့ လူတွေလို့ ထင်မိလာတဲ့ထိပဲ ။

ပျင်းလဲဖတ် ၊ စိတ်ညစ်လဲဖတ် ၊ မိုးရွာရင် ကော်ဖီလေးသောက်ရင်း ဖတ် ၊ နေပူလဲဖတ် 😁

မင်းလူ ရယ်မောခြင်းပေါင်းချုပ်
#မင်းလူ #ရယ်မောခြင်းပေါင်းချုပ် #ဝတ္ထုတိုများ #ဝတ္ထုတို

 #မစန္ဒာ  #ဧပြီအရူး  #ဝတ္ထုတိုများ  #ဝတ္ထုတို "ဧပြီအရူး"    - (မစန္ဒာ) ဧပြီတစ်ရက်။     စင်စစ်တော့ အနောက်တိုင်းဓလေ့ဖြစ်သည...
01/04/2026

#မစန္ဒာ #ဧပြီအရူး #ဝတ္ထုတိုများ #ဝတ္ထုတို

"ဧပြီအရူး" - (မစန္ဒာ)

ဧပြီတစ်ရက်။
စင်စစ်တော့ အနောက်တိုင်းဓလေ့ဖြစ်သည်။ မည်သည့်နိုင်ငံတွင် မည်သည့်အချိန်ကစပြီး မြန်မာပြည်ကို မည်ကဲ့သို့ ပြန့်နှံ့ခဲ့သည်ကိုကား ညို ကောင်းစွာမသိ။
ဧပြီ တစ်ရက်တွင် ခင်မင်သူအချင်းချင်း အရူးလုပ် ကျီစယ်လေ့ရှိကြသည်။ ထိုနေ့ ထိုရက်တွင် သူငယ်ချင်း၊ ကျောင်းသူ ကျောင်းသားများ အချင်းချင်း အငိုက်ဖမ်း အရူးလုပ်လေ့ရှိသည်ကား နှစ်စဉ်ပင်။
ဒီနှစ် ဧပြီတစ်ရက်နေ့တွင်ကား မိမော်မော်နှင့် ဝေဝေတို့ကို ကောင်းကောင်းကြီး အရူးလုပ်လိုက်မည်ဟု ညိုတို့ သူငယ်ချင်းတစ်စုလုံး တိုင်ပင်ထားကြသည်။
*
မတ်လ ဧပြီလဆိုလျှင် ညိုတို့ စက်မှုတက္ကသိုလ်ကျောင်းသူ ကျောင်းသားအားလုံး စက်ရုံများ၊ ရုံးများတွင် လုပ်အားပေးဆင်းကြရသည်။ ထိုအချိန်တွင် ညိုတို့ကျောင်းရှေ့က လက်ပံပင်ကြီးလည်း ရဲရဲနီအောင် ပွင့်လေသည်။
လက်ပံပွင့်ချိန် ခွေးရူးချိန်ဟု ပြောကြသည်။ ခွေး ရူးမရူးတော့မသိ၊ လက်ပံပွင့် နီနီရဲရဲများကိုတွေ့တိုင်း ငယ်ဘဝကို တမ်းတရင်း ညို ရူးမိသည်ကတော့ အမှန်ပင်။ ညိုတို့ ငယ်ငယ်တုန်းကဆိုလျှင် နီလွင်သော ပေါက်ပန်းပွင့်များကိုခူးပြီး အကုံးရှည်ဆက်ကာ လည်ဆွဲသဖွယ် ဆွဲလေ့ရှိသည်။ ခေါင်းပေါ်တွင်လည်း ပေါက်ပန်းကုံး သရဖူဆောင်းကာ လူရိုင်းမင်းသမီး လုပ်ကစားလေ့ရှိသည်။ တုတ်ချောင်းတွင် ကျော်ပြားပြား ကပ်ချည်ထားသော ပုဆိန်ကိုထမ်းပြီး ကွိကွိကွကွ အော်ရင်း ခုန်ဆွခုန်ဆွနှင့် လူရိုင်းက ကရသည်ကို ပျော်မဆုံးအောင်ရှိတော့သည်။ ငယ်ငယ်တုန်းကဆိုတော့ ဟန်ဆိုသည်မှာ မရှိ၊ အလှအပကိုလည်း ဘေးချိတ်ထားသည်။ နေပူ စပ်ခါးဆော့ချင်တိုင်းဆော့ပြီး မည်းမည်းတူတူနှင့် တစ္ဆေရုပ်ပေါက်နေတတ်လေသည်။
ယခုတော့ ညိုတို့ မငယ်တော့ပါ။ လာမည့်နှစ်ပိုင်းအတွင်း၌ပင် ဘွဲ့ယူပြီး အလုပ်ခွင်ဝင်ရတော့မည့်သူများ ဖြစ်နေချေပြီ။ သို့သော်လည်း ဘတ်စ်ကားဆိပ်နားက လက်ပံပင်ကြီးတွင် လက်ပံပွင့်နီနီများ ဝေလေတိုင်း ရဲရဲနီသော ပေါက်ပွင့်များကို ဖျက်ခနဲ သတိရမိတတ်သည်။ အကုံးရှည်ဆက်ပြီး လည်ဆွဲလုပ်ချင်သော စိတ်ရူးကလေး ဝင်လာတတ်သည်။
'လက်ပံပွင့်ချိန် ခွေးရူးချိန် လက်ပံပွင့်ချိန် ထွေး ရူးချိန် ထွေးရူးချိန်'
နီတျာတျာအပွင့်များကို ညိုနဲ့ထွေးက ပြေးကောက်သောအခါ ဝေဝေသည် ပြောင်စပ်စပ်နှင့် ရေရွတ်နေတတ်လေသည်။ ခွေးလိုလို ထွေးလိုလိုနှင့် စကားကို လုံးချရင်း ဒေါသအိုး မရွှေထွေးကို စလေ့ရှိသည်။ ထွေးတစ်ယောက် စိတ်ကောင်းဝင်နေလျှင်တော့ ရယ်ရယ်မောမောနှင့် သည်းခံတတ်လေသည်။ တစ်ခါတစ်ရံတွင်မူ ဝေဝေ့ခမျာ ထွေးထုသမျှ ကျောကော့အောင် ခံရရှာလေသည်။
'ဟ ခွေးရ၊ နင်က ထွေးမို့လို့ နာရတာလား အဲ အဲ ထွေးရ၊ နင်က ခွေးမို့လို့လား၊ ငါက ခွေးရူးချိန်လို့ ပြောတာ၊ ဘာလို့ ထုရတာလဲ၊ ရှူး အား တကယ်ဆိုးတဲ့ ခွေး အဲလေ ထွေး'
ဝေဝေက အလျှော့မပေးဘဲ တွေ့ကရာရှစ်သောင်း အော်ကာ ထွေးကို ဆက်စလေ့ရှိသည်။ နောက်ဆုံး၌ ထွေးလည်း မနေနိုင်တော့ဘဲ ရယ်ရတော့သည်သာ ဖြစ်၏။
ညိုတို့အဖွဲ့တွင် လူစုံပါသည်။ ခင်ခင်က လူကြီးဆန်သည်။ လတ်က အေးဆေးသည်။ ထွေးက ဒေါသကြီးသည်။ မိက ကြောက်တတ်သည်။ အဝါက ရန်လိုသည်။ ဝေဝေကတော့ လူပြောင်ဖြစ်သည်။ မမော်ကလည်း ဝေဝေနှင့် တွဲမိလေသည်။ သူများကို နောက်ရပြောင်ရမည်ဆိုလျှင် သူတို့နှစ်ဦး ထိပ်ဆုံးကဖြစ်၏။ တစ်ခါကလည်း ကွန်ကာယားဝမ်း (မိစ္ဆာများကို အောင်နိုင်ခြင်း) အမည်ရှိ ရုပ်ရှင်ကားကို ကျောင်းပြေးပြီး ကြည့်လာခဲ့ကြလေသည်။ ထို့နောက် ညိုတို့အတွက်ပါ လက်မှတ်ဝယ်လာလေသည်။ အလွန်ကောင်းသောရုပ်ရှင်ဖြစ်၍ မကြည့်မည်ကို စိုးရိမ်သောကြောင့်ဟု ဆိုလေသည်။ မိ ကြိုက်သော ရှုမျှော်ခင်းလှလှများ ပါသည်။ ကြည့်ဖြစ်အောင် ကြည့်ဟု စေတနာ တစ်ခွဲသားနှင့် တိုက်တွန်းလှသောကြောင့် ညို၊ မိနှင့် လတ်တို့ သုံးယောက်သား ဝဇီရာရုံသို့ ရောက်ဖြစ်ကြလေသည်။ ဘုမသိ ဘမသိနှင့် ကောင်းလှချည့်ဆို၍ လာကြည့်သော ညိုတို့လည်း ဇာတ်ကားစပြမှ မိဝေတို့ လှိမ့်လွှတ်လိုက်သည်ကို ရိပ်မိတော့သည်။ အင်္ဂလန်ပြည်တွင် ရှေးခေတ်က စုန်းဟု စွပ်စွဲခံရသူများကို ရေနှစ်၊ မီးရှို့၊ ကြိုးဆွဲချ အမျိုးမျိုးနှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်သည်များကို ဇာတ်အိမ်ဖွဲ့၍ အကျယ်ချဲ့ရိုက်ကူးထားခြင်းဖြစ်သည်။ သေခါနီးလူတို့၏ ကြောက်လန့်တကြား အော်ဟစ်သံသည် စူးစူးဝါးဝါးနှင့် နှလုံးတုန်ဖွယ် ကောင်းလှသည်။ ရောက်မိမှတော့ မပြန်ချင်တော့သည့်အတွက် ဝေဝေနှင့်မိမော်တို့နှစ်ဦးကို ကျိန်ဆဲရင်း ဇာတ်ကားပြီးသည်အထိ ထိုင်ပြီးဒုက္ကရစရိယာ ကျင့်ကြရလေသည်။ သွေးဆိုလျှင် လက်ဝါးရှရာက သွေးပင် ရဲရဲမကြည့်ဝံံ့ရှာသည့် မိ တစ်ယောက်ခမျာတော့ မျက်နှာကို လက်ဝါးနှင့်တွင်တွင်အုပ်ထားရှာလေသည်။
မမော်နှင့် ဝေဝေတို့ပေးသော ဒုက္ခသည် ရုံထဲတွင် အစမသတ်ချေ။ ညအထိ ဆက်သေးသည်။ 'ညိုရယ် ထပါဦး၊ မိ အိပ်လို့မပျော်ဘူး၊ ရုပ်ရှင်ထဲကဟာတွေ မြင်နေတယ်။ အဲဒီထဲက အသံတွေကြားနေရတယ်'ဟု မိက တုန်တုန်ယင်ယင် လာနှိုးသည့်အတွက်ကြောင့် ဖြစ်ပါသည်။ မိ အိပ်မပျော်မချင်း ညိုလည်း ငုတ်တုတ်ထထိုင်နေရလေသည်။ မိသည်မျက်လုံးအကြောင်သားနှင့် စိပ်ပုတီး တဂျောက်ဂျောက် စိပ်နေရရှာသည်။ ညဉ့်နက်သန်းခေါင် မီးကြီးအလင်းထွန်းပြီး အိပ်ငိုက်ငိုက်နှင့်ထထိုင်နေရသော ညို့အဖြစ်သည်လည်း ဆိုးလှပါသည်။ ထိုအချိန်တွင် မိစ္ဆာနှစ်ကောင်မှာကား အေးအေးဆေးဆေး စက်တော်ခေါ်နေကြလေသည်။ သူတို့အိပ်လေ ညိုလည်းအိပ်ချင်လေနှင့် စိတ်အတိုကြီးတိုပြီး သူတို့နှစ်ဦးကို ညဥ့်သိပ်ရေအေးအေးနှင့် လောင်းချချင်စိတ်ပေါက်လာပါသည်။ သူတို့သာမက မွေ့ရာကိုပါ ရွှဲနစ်နေအောင် ရေနှင့်လောင်းသော်လည်း သူတို့က စိတ်ဆိုးမည်တော့ မဟုတ်ပါချေ။ ဝူးဝူးဝါးဝါးအော်ရင်း ရယ်နေမည်သာဖြစ်၏။ အစအနောက်သန်လှသော်လည်း သူငယ်ချင်းချင်း သည်းညည်းတော့ခံလေ့ရှိပါသည်။
မှတ်မိပါသေးသည်။ တစ်ညနေက ဖြစ်၏။ ထမင်းစားအပြီး ညိုတို့ အမည်ပေးထားသော ခရေလမ်းလေးသ်ို့ လမ်းလျှောက်ထွက်ခဲ့ကြသည်။ ညိုတို့ကျောင်းရောက်စက မြေတွင် ပုဝပ်နေသော ခရေပင်လေးများသည် ယခုအခါ အရွက်စိမ်းများ အုပ်ဆိုင်းပြီး အတော်ကြီးမြင့်မားနေပြီဖြစ်သည်။ ထိုခရေပင်ရိပ်နှင့် ညိုနေသော ခရေလမ်းကိုမှ ညိုတို့က စွဲစွဲမြဲမြဲလျှောက်လေ့ရှိသည်။ ခရေပွင့်ချိန်တွင် ခရေနံ့သင်းသင်းဝေ့ပျံနေသော လမ်းညိုညိုလေးသည် ကြည်နူးနှစ်သက်ဖွယ် ကောင်းလှပါသည်။ လက်လှမ်းမီသမျှ ခရေပန်းများကိုခူးပြီး ကုံးလျှင်ပင် သုံးလေးကုံးစာလောက်တော့ ရမည်ဖြစ်၏။ သို့သော် အပင်ဖျားတွင်ရှိသော ခရေပန်းကိုမှ အမြဲတစေပို လှသည်ဟုထင်သူက ညိုဖြစ်ပါသည်။ ခါတိုင်း လူရှင်းလျှင် ညိုတစ်ယောက် ခရေပင်ပေါ်ရောက်မြဲဖြစ်သော်လည်း ထိုနေ့က ညို့လက်တွင် ဓားရှထား၍ သစ်ပင်မတက်နိုင်ချေ။ ထိုအခါ ညိုက မမော်ကို အနိုင်ကျင့်တော့သည်။ ညိုတို့ ခူးပေးသမျှပန်းများကို မြက်ပင်ရှည်နှင့် အေးအေးဆေးဆေး ထိုင်သီနေသောမော်မော့်ကို သစ်ပင်ပေါ်သို့တက်ခိုင်းပါတော့သည်။ ညို့လက်ကလည်း အမှန်တကယ် နာနေသည်မို့ မမော်ခမျာ ညည်းညည်းညူညူနှင့် ခရေပင်ပေါ် တက်ရ ရှာလေသည်။ မကြာမီ မိရွှေမော်ဆီမှ အော်သံကြားရပါတော့သည်။
'ဟ ကိုက်တယ်ဟ၊ အောင်မယ်လေး ပုရွက်ဆိတ်တွေတော့ အနီတွေတော့၊ အား နာလိုက်တာ၊ မြတ်စွာဘုရား အုံလိုက်ကြီး'
ကံဆိုးချင်တော့ မိမော် ပေါက်ကရအော်ပြီး တဝုန်းဝုန်းဖြစ်နေချိန်တွင်မှ ညနေခင်း လမ်းလျှောက်သော ကျောင်းသားတစ်အုပ်က အနားမှဖြတ်သွားလေသည်။
'မော် လူတွေလာနေတယ်၊ ငြိမ်ငြိမ်လေးနေ၊ ခဏလေးငြိမ်ငြိမ်နေ'
အောက်ဘက်မှ ညိုတို့က သတိပေးနေသဖြင့် သစ်ပင်ပေါ်မှ မရွှေမော်လည်း ရောက်ရာအကိုင်းပေါ်တွင် ခြေကားရား လက်ကားရားနှင့် ငြိမ်ငြိမ်ကလေး ရပ်နေရရှာလေသည်။ ခရေရွက်များက သိပ်သည်းထူထပ်လှသဖြင့် သတိထားမကြည့်မိလျှင် သစ်ပင်ပေါ်တွင်လူရှိကြောင်း မသိနိုင်ပါချေ။ မိမော် ကံကောင်းသေးသည်ဟု ညိုတို့ထင်မိသည်။ သို့သော် မကြာမီ ကံဆိုးရှာပါတော့သည်။ ပုရွက်နီများက အင်္ကျီထဲ၊ လုံချည်ထဲကိုပါဝင်ပြီး စစ်စစ်ပါအောင် ကိုက်လေသောအခါ မော် အငြိမ်မနေနိုင်တော့ချေ။ သစ်ပင်ပေါ်မှ ခြေကားရား လက်ကားရားနှင့် ဝုန်းခနဲ ခုန်ချလေတော့သည်။ နားကင်းမပါ၊ မကိုဋ်မပါနှင့် မိုးပေါ်မှလေစီးပြီး လေးဖက်ထောက်ဆင်းလာသော မော်ကို ကျောင်းသားများကကြည့်ရင်း မင်သက်မိနေကြသည်။ ညိုတို့လည်း ဘယ်လိုလုပ်ရမည်မသိဘဲ ဟိုက်ခနဲ မျက်လုံးများ ပြာသွားသည်။ ထိုစဉ်တွင် မိမော်သည် နေရာမှ ဖုတ်ဖက်ခါပြီး ကမန်းကတန်း ထနိုင်သေးသည်။ အဟဲခနဲ ရယ်သွမ်းသွေးနိုင်သေးသည်။ တစ်မျက်နှာလုံး တစ်ကိုယ်လုံး ပုရွက်နီများနှင့်ခဲနေသော်လည်း လက်တွင်တင်းတင်းဆုပ်ထား၍ ကြေမွနေသော ခရေပန်းများကို မလွှတ်သေးချေ။ ဒူးကို လက်သီးဆုပ်နဲ့ ပွတ်ရင်း 'အဟဲ သစ်ပင်ပေါ်က ပုရွက်ဆိတ်က ပိုနာတယ်' ဟု ပြောမိပြောရာ ယောင်ချာချာ ပြောသောအခါတွင်ကား မည်သူမျှ အိနြေ္ဒမဆောင်နိုင်တော့ပေ။
ထိုနေ့မှစ၍ ကျောင်းသားများသည် မော်မော့်ကိုတွေ့တိုင်း ပြုံးစေ့စေ့ ဖြစ်သွားတတ်ကြသည်။ 'သစ်ပင်ပေါ်က ပုရွက်ဆိတ်က ပိုနာတယ်ကွ' ဟု ရယ်မော အော်ဟစ်တတ်သည်။ ထိုအခါ မိမော်က ညို့ကို ကျိတ်ပြီး ဆိတ်တတ်လေသည်။
'မိညို ရော် ပေး နင့်ကြောင့် နင့်ကြောင့်'
'ကောင်းတယ် ကောင်းတယ်၊ ဒါမှကောင်းတာ၊ တစ်ခါတလေလည်း မော်တို့ ခံအလှည့်ရှိဦးမှပေါ့'
မော်မော် ရှက်ရမ်းရမ်းသောအခါ အဝါက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။ အဝါ့ခမျာ မမော်နှင့် မဝေတို့၏ဒဏ်ကို မကြာခဏ ခံရသောကြောင့်ဖြစ်၏။ တစ်ခါကလည်း အဝါတို့အိမ်က လာပို့သော လက်ဖက်သုပ်များကို ချိုင့်လိုက် ခိုးပြေးပြီး နှစ်ယောက်တည်း ကုန်အောင် နင်းသိပ်စားပစ်ခဲ့ဖူးလေသည်။ ဆင်အော်၍ပင် မနိုးအောင် အအိပ်ကြီးသော အဝါက်ို အိပ်ပျော်နေစဉ် အခွင့်ကောင်းယူပြီး ပုံဆွဲမင်နက်နှင့် နှုတ်ခမ်းမွှေးကားကားကြီး ဆွဲထားသည်မှာလည်း သူတို့နှစ်ယောက်ပင် ဖြစ်ပါသည်။ အဝါ၏ ဖြူဝင်းနုနယ်သောမျက်နှာလေးတွင် နှုတ်ခမ်းမွှေးမည်းမည်းကြီးက်ို ကော့နေအောင် စိတ်ကြိုက်ဆွဲပြီးမှ အိပ်ရာမှလှုပ်နှိုးကာ အောက်ထပ်တွင် ဧည့်သည်ရောက်နေသည်မှာ ကြာလှပြီဟု အရေးတကြီး ပြောသည်။ အဝါတို့အ်ိမ်မှ ပိုက်ဆံပို့ခိုင်းလိုက်သော လူထင်သည်ဟု ထင်ကြေးပေးသည်။ လကုန်ရက်မို့ ဘိုင်ကျနေသော အဝါသည် ပိုက်ဆံသံကြားရသဖြင့် ဝမ်းသာအားရနှင့် အောက်ထပ်သို့ ဆင်းပြေးလေသည်။ ပါးတွင် ပါးကွက်ထူထူကွက်ကာ နှုတ်ခမ်းမွှေးကြီးတကားကားနှင့် ခုန်ပေါက်ဆင်းလာသော အဝါခမျာ ဧည့်သည်မတွေ့ရဘဲ တဝါးဝါးသာအရယ်ခံရပြီး မဟာအရှက်တော် ကွဲခဲ့ရလေသည်။ ဒေါသအိုး မရွှေဝါသည် သူတို့အခန်းရှေ့တွင် တီစကွဲယားဘေးချပြီး သနပ်ခါးတုံးကိုင်ကာ စောင့်နေသဖြင့် မော်မော်နှင့် ဝေဝေတို့အခန်းသို့ ပြန်မလာရဲကြဘဲ သူများအခန်းတွင် ပုန်းလျှိုးကွယ်လျှိုးနှင့် နှစ်ညအိပ်ခဲ့ကြရလေသည်။
'နင်တို့ နှစ်ကောင်တော့လား သိမယ်၊ သိမယ်'
သနပ်ခါးတုံးနှင့် မခေါက်ရလေတိုင်း အဝါက အံတကြိတ်ကြိတ်နှင့် ကြိမ်းခဲလေသည်။ စီခနဲဆိုလျှင် တရားခံမှာ ဝေဝေနှင့် မော်မော်ပင်ဖြစ်သည်ကို ညိုတို့အားလုံး နားလည်ထားကြသည်။ ကုလားလူမျိုး ကျောင်းသူ ဖြူဖြူခင်ကိုပင် ဝက်သားစင်းကောကို ကြက်သားဟူ၍ ညာကျွေးသည်အထိ အကျီစားသန်သူများဖြစ်လေသည်။ ညိုတို့စက်မှုတက္ကသိုလ်ကျောင်းသူများသည် ယောက်ျားလေးများနှင့်အတူ ထာဝစဉ်ပြေးလိုက်၊ လွှားလိုက်၊ တူထုလိုက်၊ လွှတိုက်လိုက် လုပ်နေကြရ၍ထင်သည် ယောက်ျားလေးများကို ရှက်ကြောက်မနေတတ်ပေ။ ရှက်နေလျှင်လည်း နေစရာရှိတော့မည် မဟုတ်ပါ။ မိန်းကလေးဆောင်ရှေ့က ဖြတ်လျှောက်သော ကျောင်းသားကို ဘယ်ညာ စည်းကျကျ အော်ပေးပြီး ခြေလှမ်းမှားအောင် မဟားဖူးသောကျောင်းသူ ရှားလိမ့်မည် ထင်သည်။ တစ်ခါတစ်ရံ စိတ်ပေါက်လျှင်လည်း 'ဘဲဥခြမ်းဖြူတူတူ၊ ဆားရေနဲ့ကူ၊ စက်မှုမောင် အမှုတုံး၊ ဘဲဥနဲ့ဖုံး' ဟု အော်ချင်လျှင် အော်လွှတ်ကြသူများဖြစ်၏။ ထိုကဲ့သို့သော ကျောင်းသူများကြားထဲတွင် မော်မော်နှင့်ဝေဝေသည် ထူးကဲပြီး အချင်းချင်းပင် နေစရာမရှိအောင် အစအနောက် အကျီစားသန်လွန်းသဖြင့် ညိုတို့အားလုံး လက်မြှောက်ထားရပေသည်။ ထွေးကမူ 'သူတို့တစ်တွေ အမေ့ဝမ်းက ကျွတ်ကျွတ်ချင်း အူဝဲ အူဝဲနဲ့ မငိုဘဲ ဟဲဟဲ ဟဲဟဲနဲ့ ရယ်ပြီး မွေးလာကြတယ်ထင်တယ်' ဟု မှတ်ချက်ချဖူးလေသည်။
သူတို့နှစ်ဦး ချောက်တွန်းသမျှကို ညိုတို့အားလုံး တစ်လှည့်စီခံကြရသည့်အတွက် တစ်နေ့နေ့တော့ မှတ်လောက်သားလောက်အောင် ဆုံးမရမည်ဟု စိတ်ထဲတွင် တေးထားကြသည်။ ပြီးခဲ့သော ဆောင်းတွင်းကပင် ညိုတို့တစ်ဖွဲ့လုံး ကသိကအောင့်နှင့် ငိုချင် ရယ်ချင်ဖြစ်ခဲ့ကြရသည် မဟုတ်ပါလား။ ထိုနေ့က ကျောင်းပိတ်ရက်ဖြစ်ပါသည်။ သူ့ကိုယ်သူ ပြိုင်ဘက်မရှိ တင်မြှောက်ထားသော အားကစားမှူး ခင်ခင်က နံနက်ငါးနာရီ လမ်းလျှောက်ထွက်ကြရန် နှိုးဆော်ပါသည်။
နှင်းမှုန်မှုန်ကြားတွင် တပျော်တပါး လမ်းလျှောက်ပြီး အင်းလျားကန်စောင်းမှ ဘူးသီးကြော် ကြွပ်ကြွပ်ရွရွ သွားစားမည်ဆိုတော့ ညိုတို့အားလုံး သဘောတူကြပါသည်။ အလွန်အအိပ်မက်သော လတ်နှင့်အဝါပင် ခင်ခင့် ဩဝါဒကြောင့် နံနက်စောစောထရန် သဘောတူလေသည်။ သို့ရာတွင် လေးနာရီခွဲ နှိုးစက်ပေးထားသော ခင်ခင့်နာရီကြီးသည် ညဉ့်နှစ်ချက်တီး၌ 'ကလောင် ကလောင်' နှင့် နားညည်းအောင် ထအော်လိမ့်မည်ဟုကား မည်သူမျှ မထင်မှတ်မိခဲ့ပေ။ ကလောင် ကလင် အော်နေသော နှိုးစက်သံကြောင့် ခင်ခင်လည်း အိပ်ရာမှ လူးလဲထကာ တစ်ခန်းဝင် တစ်ခန်းထွက်နှင့် လိုက်နှိုးပါတော့သည်။ ည်ိုတို့တစ်တွေလည်း ချမ်းချမ်းစီးစီး အိပ်မှုန်စုံမွှားနှင့် မျက်နှာသစ်ကြရသည်။ အင်္ကျီလဲကြရသည်။ သနပ်ခါးလိမ်းကြရသည်။ အဆင်သင့် ပြင်ဆင်ပြီး ထွက်လာသော မိက အဆောင်နာရီကြီးကို ဦးစွာကြည့်မိသည်။ နှစ်ချက်ခွဲဖြစ်နေသဖြင့် သူ့မျက်လုံးကိုသူပွတ်ကြည့်သည်။ အထပ်ထပ်အခါခါ ကြည့်သည်။ ထို့နောက် ညိုတို့ကို ခေါ်ပြသည်။ ညိုတို့အားလုံး အ်ိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို အတင်းပြူးပြီး အသေအချာကြည့်သည်။ နာရီကြီးက မတုန်မလှုပ် နှစ်ချက်ခွဲတိတိ။
'ခင်ခင် နှိုးစက်ပေးထားတာ အသေအချာ လေးနာရီခွဲပါ ညိုရယ်၊ မအိပ်ခင်ကတောင် ကြည့်မိသေးတယ်၊ ဘယ်လိုဖြစ်တယ်မသိဘူး'
ခင်ခင်က ဝေခွဲမရဟန်နှင့် ပြောနေသည်။ ခင်ခင့် မျက်နှာငယ်လေးကိုကြည့်ရင်း ညိုတို့ စိတ်မဆိုးရက်ပါ။ စိတ်ပင်မဆိုးသော်လည်း အောင့်သက်သက်နှင့် ကျွဲမြီးတော့ တိုမိကြပါသည်။ အိပ်မှုန်စုံမွှားနှင့် နှုတ်ခမ်းနီကို အစွန်းစွန်းအထင်းထင်း ဆိုးထားသော မိကမူ နှုတ်ခမ်းစူနေပါသည်။ ညဉ့်နှစ်ချက်ထိုးကြီး မျက်နှာထသစ်ကြသော ညိုတို့လည်း အိပ်ရာထဲဝင်ပြီ ပြန်နွေးအောင် ကွေးကြရလေသည်။ တကယ့်တကယ် လေးနာရီခွဲသောအခါတွင်ကား မည်သူမျှ မထဖြစ်တော့ချေ။
'အဟဲ မနက်က လမ်းလျှောက်မထွက်ကြဘူးလား၊ ဘူးသီးကြော်ကရော ကောင်းရဲ့လား'
နံနက်ရောက်သောအခါ မော်မော်က ပြုံးစပ်စပ်နှင့် လာမေးသည်။ ဝေဝေ့မျက်နှာကလည်း အပိုးမသေလှပါ။ ခင်ခင်သည် သူတို့နှစ်ဦးက်ိုကြည့်ရင်း မျက်မှောင်ကြီးကြူတ်လာကာ အလန့်တကြား ထအော်ပါတော့သည်။
'ကြည့်စမ်း၊ နင်တို့နှစ်ကောင် နေမှာပဲ၊ ငါအ်ိပ်ခါနီး စာအုပ်လာယူတာပါဆိုပြီး ဘာလုပ်ခဲ့ကြသလဲ၊ နာရီနှိုးစက်ကို လှည့်သွားတာ နင်တို့့ပဲ ဖြစ်မှာပဲ၊ ဟင်း ခွေးမလေးတွေ'
ခင်ခင်က ဗလုံးဗထွေးအော်နေစဉ် သူတို့နှစ်ဦးသည် ဟက်ဟက်ပက်ပက်ရယ်ကာ သုတ်ခြေတင် ဆင်းပြေးပါတော့သည်။ အစသန်သလို အပြေးလည်း သန်လှသဖြင့် ညိုတို့မိအောင် မဖမ်းလိုက်နိုင်ပါ။
ထိုသို့ မကြာခဏ အရူးဖြစ်ရလေ့ရှိသော ညိုတို့အားလုံး သူတို့နှစ်ဦးကို မိမိရရ ချောက်တွန်းချင်စိတ် တညီတညာတည်း ရှိကြသည်မှာ မဆန်းလှပါ။ ဧပြီတစ်ရက် ဧပြီအရူးနေ့တွင် ဒဿဂီရိနှင့် လှည့်ခြောက်ပြီး အရူးလုပ်ရန် အဝါက အကြံပေးသောအခါ ကန့်ကွက်သူမရှိ အားလုံး သဘောတူကြလေသည်။ သူများနာမည်ကို ခုတုံးလုပ်ရသည်မှာ ကောင်းတော့ မကောင်းလှ။ သို့သော် ဧပြီတစ်ရက်သည် ခင်မင်သူအချင်းချင်း အရူးလုပ်ကျီစယ်လေ့ရှိသောနေ့ဖြစ်၍ အပြစ်မရှိဟု ကိုယ့်ဟာကိုယ် အာပတ်လွတ်လိုက်ကြသည်။ ဝေဝေတို့ ကြောက်သည်မှာလည်း ဤကမ္ဘာပေါ်တွင် 'ဒဿဂီရိ' နှင့် 'ခေါင်းမဆံ့' တို့ နှစ်ဦးသာ ရှိသည်မဟုတ်ပါလော။
ဒဿဂီရိဟူသည်မှာ ခေါင်းဆယ်လုံးရှိသော ဘီလူးအမည်မဟုတ်ပါ။ ခေါင်းတစ်လုံးတည်းရှိသော လူအမည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မိန်းကလေးဆယ်ဦးကို ရည်းစားစကားပြောနိုင်သည်ဟု မိန်းကလေးလောကတွင် နာမည်ကြီးလှသူဖြစ်၍ 'ခေါင်းဆယ်လုံးရှိလို့ ဆယ်ယောက်ကို တစ်ပြိုင်တည်း ပြောနိုင်တာထင်တယ်' ဟု ထွေးက အူကြောင်ကြောင် မှတ်ချက်ချဖူးသဖြင့် 'ဒဿဂီရိ' ဟု အမည်တွင်သွားရသော ကျောင်းသားဖြစ်လေသည်။ သူနှင့်အတွဲ ကျောင်းသားသည်ကား ရှည်လျားမြင့်မားလှသော အရပ်ကြောင့် 'ခေါင်းမဆံ့' ဟု ကင်ပွန်းတပ်ခံရရှာလေသည်။ သူတို့နှစ်ဦးသည် မိစ္ဆာတေလေမလေးများဖြစ်သော ဝေဝေနှင့် မော်မော်ကို အကောင်းထင်ပြီး အကြိုက်ကြီး ကြိုက်နေကြသည်။
'ငါတို့ကိုများ ဘာကြိုက်တာလဲ မသိ' ဟု မော်မော်က ရယ်ကျဲကျဲနှင့် ပြောဖူးသည်။ ပြောလည်း ပြောစရာပါပေ။ သူတို့နှစ်ဦးသည် သနပ်ခါးပင် ညီအောင် လိမ်းတတ်သူများ မဟုတ်ပါ။ အလှပြင်ကိရိယာဆို၍ နှစ်ယောက်ပေါင်းမှ ကျောင်ပျဉ်တစ်ချပ်။ အပွေးကုန်နေသော သနပ်ခါးသုံးတုံး၊ မျက်ခုံးမွှေးခြစ်သော သွားပွတ်တံ အကျိုးတစ်ခုနှင့် မှန်တစ်ချပ်သာ ပိုင်ဆိုင်ကြလေသည်။ ဒီကြားထဲ အိပ်ရာပေါ်တွင် မှန်ချထားသည်ကိုမကြည့်မိဘဲ မရွှေလတ် တက်ထိုင်လိုက်၍ မှန်လေးလဲ လေးစိတ်လေးမွှာ ကွဲသွားရရှာသည်။ မျက်ခုံးမွှေး သွားပွတ်တံလည်း အထားမှားပြီး ရှာမတွေ့သည်မှာ ကြာချေပြီ။ ယခုအခါ သူတို့ဆီတွင် ကျောက်ပျဉ်ကြီးတစ်ချပ်သာ ကျန်လေတော့၏။
'ဝေဝေရေ ဒဿဂီရိနဲ့ ခေါင်းမဆံ့တို့က်ို တွေ့ခဲ့တယ်သိလား'
မဝေတို့ အယုံသွင်းရေးကို တာဝန်ယူသော ခင်ခင်နှင့် လတ်တို့က ပြောသောအခါ မဝေက ပြောင်စပ်စပ်နှင့် 'အဟတ် ကျန်းမာရဲ့လား မောင်တော်တို့ နှုတ်မဆက်လိုက်ဘူးလား' ဟု ပြောနေသေးသည်။
သို့သော်လည်း ခင်ခင်က 'ရယ်မနေစမ်းနဲ့ ဝေဝေ၊ ဒါဟာ ရယ်စရာမဟုတ်ဘူး။ နက်ဖြန်ကျရင် တွေ့ရာအရပ်က ကားတင်ပြေးမှာပဲလို့ ကြိမ်းနေတယ် သိရဲ့လား' ဟု စိုးရိမ်တကြီး ဆက်သောအခါတွင်ကား ဝေဝေ မရယ်နိုင်တော့ချေ။
'ခေါင်းမဆံ့ကလည်း ထောင်ကျကျ တန်းကျကျ ဖြစ်ချင်ရာဖြစ်တဲ့၊ ချစ်သူက မချစ်တဲ့ဘဝမှာတော့ ထင်ရာစိုင်းမှာပဲတဲ့'
အဝါက မျက်နှာငယ်လေးနှင့် ဝင်ပြောပါသည်။
'ဂိုက်ကလည်း လူမိုက်ဂိုက်ကြီး၊ လုပ်မယ်ဆိုရင် တကယ်ကိုလုပ်မယ့်ရုပ်'
'ဘေးကလူတွေကလည်း မြှောက်ပေးနေလိုက်ကြတာ၊ ကူညီမယ့်လူတွေကလည်း အများကြီး'
'မေ့ဆေးနဲ့အုပ်ပြီး ကားပေါ်ဆွဲတင်သွားရင် ဒုက္ခ၊ အော်နိုင်မှာတောင် မဟုတ်ဘူး၊ တစ်ခါတည်း ပါသွားမှာ ဘုရား ဘုရား ကယ်ပါ'
ညိုတို့ လတ်တို့ကပါ ဝင်ပြီးတစ်ယောက်တစ်ခွန်း ဘေးတီးကြသောအခါ မဝေနှင့် မမော်တို့ မျက်နှာလေးများသည် ဆီးရွက်ထက်ပင် ငယ်သွားဦးမည်ထင်ပါသည်။ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်နှင့် ကြောင်တောင်တောင်လေးဖြစ်နေကြ၏။ လူတကာကိုနိုင်သော မော်မော်နှင့် ဝေဝေတို့သည် 'ဒဿဂီရိ' နှင့် 'ခေါင်းမဆံ့' ဆိုလျှင်ကား အသေအလဲ ကြောက်ကြလေသည်။ တွေ့ရာမရှောင် ရည်းစားစကားလိုက်ပြောတတ်၍ ကဆုန်ပေါက်ပြေးခဲ့ကြရသည်မှာလည်း မကြာခဏပင်။
'ခင်ခင်ရဲ့ တကယ်ပဲလား'
ငိုမဲ့မဲ့ဖြစ်လာသော ဝေဝေကိုကြည့်ရင်း ညို ရယ်ချင်လာပါသည်။ 'မှတ်ပလား မှတ်ပလား' ဟု စိတ်ထဲက ရေရွတ်နေမိသည်။ လတ်တို့ ဝါတို့ အိုက်တင်ကလည်း အကယ်ဒမီ ရှုံးပါသည်။ မျက်နှာပိုးက သေလှပါသည်။
'ကိုယ်က ကြည့်ရှောင်ရမှာပေါ့ကွယ်၊ လူမိုက်နဲ့ ပြိုင်မိုက်လို့တော့ ဘယ်ရမလဲ၊ နက်ဖြန်ခါကျရင် ဘယ်မှမထွက်နဲ့ပေါ့၊ အဆောင်ပေါ်တက်ဆွဲလို့ ရတာမှမဟုတ်ဘဲ၊ ကုန်ကုန်ပြောမယ်၊ ထမင်းတောင်ဝယ်စား ဆိုင်မှာသွားမစားနဲ့'
ခင်ခင်က လူကြီးလုပ်ပြီး ဆုံးမပါသည်။ ကံကောင်းချင်တော့ ထိုအချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ဒဿဂီရိနှင့် ခေါင်းမဆံ့တို့ (ကြမ္မာငင်ပြီး) အဆောင်ရှေ့မှာ(စောင်းကန်း စောင်းကန်းနှင့်) ဖြတ်သွားကြလေသည်။ 'တွေ့လား တွေ့လား အရိပ်အကဲ လာကြည့်နေကြတာ' ဟု အဝါက ပြူးတူးပြဲတဲ ပြောသောအခါ မဝေတို့ ဒူးများပင် တုန်လာလေ၏။ လက်ဖျား ခြေဖျားများအေးကာ ငိုမဲ့မဲ့ဖြစ်နေကြလေသည်။
နောက်တစ်နေ့။ ဧပြီ တစ်ရက်နေ့တွင် တကယ်ပင် အခန်းအပြင်သို့ မထွက်ရဲကြတော့ပေ။ သူတို့စားရန် ထမင်းကြော်ကိုပင် ညိုတို့ လုပ်အားပေးရုံးသို့မသွားမီ ဝယ်ပေးခဲ့ရပါသည်။ ထိုအခါ မိတို့ အကြိုက်တွေ့တော့သည်။ ထမင်းထုပ်ကို ဖွင့်ပြီး အကျအန ဆားနှင့်ဖြူးပါတော့သည်။ ထို့နောက် ပုံမပျက် ပြန်ထုပ်ကာ ပေးသည်။
'ဟင် တရုတ်ပုပ်တွေ ဘယ်လိုကြော်လိုက်တယ် မသိဘူး၊ ထမင်းက ငန်လိုက်တာ တူးလို့'
ထမင်းတစ်လုတ် စာပြီးတိုင်း ရှုံ့ရှုံ့့့မဲ့မဲ့နှင့် တစ်ခါပြောလေသည်။ ညိုတို့က ရယ်ချင်စိတ်ကို မြိုသိပ်ပြီး တစ်လုတ် နှစ်လုတ် ဟန်မပျက် ဝင်စားကြည့်သည်။ ငန်လွန်းသဖြင့် မျက်နှာ မရှုံ့မိအောင် မနည်းသတိထားနေရပါသည်။
'မငန်ပါဘူး မဝေရဲ့၊ မှန်းစမ်း မော့်ထမင်းရော၊ ဟာ ဘယ်မှာငန်လို့တုန်း၊ ကောင်းလို့ပဲ နင်တို့ပါးစပ်တွေ ဘယ်လိုဖြစ်နေတာတုံး'
ထိုအချိန်တွင် အဝါက အလုပ်စတော့သည်။ သောက်ရေအိုးထဲတွင် ဆားတစ်ဆုပ်ပက်ထည့်ပြီး အသာမွှေထားလိုက်လေသည်။ ပိုမို စိတ်ချရလေအောင် ညိုတို့ လတ်တို့ အခန်းက ရေအိုးတွေကိုပါ ဆား ထည့်ထားရသည်။
'တကယ်ပဲ မငန်ဘူးလားဟင်၊ မော်တို့ပါးစပ်တွေထဲမှာတော့ ငန်လိုက်တာကိုတူးလို့'
'နင်တို့ သိပ်ကြောက်နေလား၊ တစ်ခါ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ၊ စိတ်က သိပ်ပြီးကြောက်နေရင် ထွက်တဲချွေးမှာ ဆားဓာတ်မပါတော့ဘဲ လူ့လျှာကြောထဲ ရောက်သွားတယ်ဆိုလား ဘာလား၊ သေချာတောင် မှတ်မိပါဘူး ၊ ဟိုတစ်ခါ မဝေတို့ကြည့်ခိုင်းတဲ့ ရုပ်ရှင်ကြီး ကြည့်ပြီးတဲ့ညကရော မိ သိပ်ကြောက်နေတာ မဟုတ်လား၊ အဲဒိတုန်းကလည်း ရေသောက်ရတာ ငန်လိုက်တာ လွန်ရော'
မိကလည်း အတည်ပေါက်နှင့် ပေါက်ကရ ဝင်ဟောလေသည်။ ဝေဝေနှင့် မော်မော်တို့ နှစ်ဦးသည် ယုံရအခက် မယုံရအခက်နှင့် မျက်မှောင်ကြုတ်နေကြလေသည်။ သို့သော် ထမင်းစားအပြီး ရေသောက်သောအခါတွင်ကား ယုံချင်ချင်ဖြစ်လာဟန်ရှိသည်။
'အာပါးပါး ဖွီး ငန်လိုက်တာလွန်ရော၊ ရေကလဲ ဘယ်လိုဖြစ်တာလဲ'
ဝေဝေက ရေကို ထွေးထုတ်ပြီး အော်လေသောအခါ အဝါနှင့်အထွေးတို့သည် အခန်းအပြင်သို့ ယောင်လည်လည်ထွက်သွားကြလေသည်။ အပြင်ရောက်သောအခါမှ ပါးစပ်ပိတ်ပြီး အသံမထွက်အောင် ကျိတ်ရယ်နေကြ၏။
'လတ်တို့ အခန်းက ရေကလဲ ငန်တာပဲ ခင်ခင်ရဲ့၊ သောက်ကြည့်ပါဦး၊ ဘယ်လိုဖြစ်နေလဲ မသိဘူး'
လက်လှမ်းမီသမျှ ရေအိုးတွေ ဆားထည့်ထား၍ တော်တော့သည်။ လတ်တို့အခန်းက ရေကို သွားသောက်သော မော်က ခင်ခင့်ကို သောက်ကြည့်ခိုင်းသောအခါ ခင်ခင်လည်း ငန်ငန်တူးတူးရေကို ကျိတ်မှိတ်သောက်ရလေသည်။
'ငန်ပါဘူး မမော်ရဲ့ ၊ ချိုလို့ အေးလို့'
ခင်ခင်က မချိသွားဖြဲနှင့် ဇွတ်ကြီးပြုံး၍ နေသောအခါ ညိုသည် ဖွီးခနဲရယ်မိမည်စိုး၍ ကိုယ့်လျှာကို ကိုယ်ကိုက်ထားရပါသည်။ မိ၏ မျက်နှာသည်လည်း ရယ်ချင်လွန်းသဖြင့် နီရဲနေပါသည်။
ရေငတ်တိုင်း ရေငန်ငန်ကြီးကို ခုတင် ခုသောက်လိုက် ဖွီးခနဲ ထွေးထုတ်လိုက်နှင့် ကောင်းကောင်းကြီး ဒုက္ခများနေသော မဝေတို့သည် ရယ်စရာကောင်းလှပါသည်။ ခုတင်ကို မှီရင်း စိတ်ပျက်လက်ပျက်လး ထိုင်နေကြသောအခါတွင်ကား သနားစရာပင် ကောင်းနေပါတော့သည်။
'ကြောက်ရင် စားသမျှငန်တယ်ဆိုတာ အခုမှသိတယ်၊ အရင်က သိပ်မကြောက်ဖူးလို့ထင်တယ်' ဟု ငိုသံပါလေးနှင့်ပြောသောအခါတွင်ကား ညိုလည်း ရယ်ချင်စိတ်ကို မအောင့်နိုင်တော့၍ အခန်းအပြင်သို့ ကမန်းကတန်း ထွက်လာရသည်။ ညိုတို့ အခန်းထဲ၌ မိဝါနှင့် လတ်တို့သည် ဗိုက်နှိပ်ရင်း လိမ့်နေအောင် ရယ်နေကြ၏။ အသံအကျယ်ကြီး ထွက်မည်စိုး၍ ခေါင်းအုံးနှင့် မျက်နှာအပ်ထားကြရသည်။
ထိုနေ့တစ်နေ့လုံး အဝါပျော်နေလေသည်။ အဝါတင်မက ညိုတို့တစ်ဖွဲ့လုံး ခြေထောက်နှင့် မြေကြီးထိသည်မထင်။ တစ်သက်လုံး ခံခဲ့ရသမျှ ပြန်လည်းအရူးလုပ်ထားခဲ့ရသဖြင့် အကျေနပ်ကြီး ကျေနပ်နေလေသည်။
'ညနေကျရင် ကြို့ကုန်းရွာထဲ သွားရမယ်၊ ဝေဝေတို့က အဲဒီက ဒေါ်အေးလှဆိုတာကို လက်ပံပွင့်တွေ လာပ်ို့မယ်လို့ ပြောထားခဲ့တယ်တဲ့။ အဲဒါ သူတို့ အပြင်မထွက်ရဲတော့ ခင်ခင်တို့တွေပဲ သွားပို့ပေးပါတဲ့'
'အေးလေ တို့တွေပဲ သွားပို့ပေးတာပေါ့၊ ဒီတစ်နေ့တော့ အခန်းထဲအောင်းပြီး ရေငန်တွေ သောက်ပါစေဦး'
ဘတ်စ်ကားဆိပ်နားက လက်ပံပင်ကြီးနား အရောက်တွင် ခင်ခင်က ပြောသောအခါ ဝေဝေတို့အစား လက်ပံပွင့်သွားပို့ရန် အားလုံး သဘောတူကြသည်။ ဒီနေ့ ဒီရက်တွင် သူတို့အပြင်မထွက်လျှင်ပြီးရော ငရဲပြည် သွားခိုင်းလျှင်လည်း ညိုတို့က သွားပေးမိမည်လား မပြောတတ်။
'တစ်သက်လုံး သူများကိုချည်း အရူးလုပ်လာတာ ဒီတစ်ခါတော့ မှတ်ကရော့၊ ညကျမှ အရူး အရူး ဧပြီအရူးလို့ ခေါ်ရင်း ရယ်ဦးမယ်'
'သူတို့မျက်နှာလေးတွေက ဆီးရွက်လောက်ပဲ ရှိတော့တယ်၊ သနားတောင် လာရော'
'အို မသနားနဲ့၊ ဆယ်ခါတစ်ခါလောက်ပဲ သူတို့ကို ပြန်အရူးလုပ်ရတာ၊ တို့တွေ တစ်သက်လုံး ခံနေရတဲ့ဟာကို'
'ခါတိုင်း ဧပြီတစ်ရက်ဆို သူတို့နှစ်ယောက်ပဲ ကြောက်နေရတာ၊ ဒီနှစ်တော့ သတိမရကြတော့ဘူး ထင်တယ်'
'ဒဿဂီရိကြောက်တာနဲ့ မေ့သွားပြီထင်ရဲ့'
ညနေစောင်းတွင် ယခင်ကတည်းက မဝေတို့ကောက်ထားသည်ဆိုသော လက်ပံပွင့်အထုပ်ကြီးကို ပိုက်ရင်း ကြို့ကုန်းရွာထဲသို့ ထွက်ခဲ့ကြပါသည်။ တစ်ယောက်တစ်ပေါက်ပြောရင်း အကျေနပ်ကြီး ကျေနပ်သဖြင့် ညောင်းမှန်းပင်မသိကြပါ။ ဝေဝေနှင့် မော်မော် အသေအချာ ဆွဲပေးလိုက်သော လမ်းညွှန်မြေပုံကိုကြည့်ရင်း ဘယ်ချိုးလိုက် ညာကွေ့လိုက်နှင့် တပ်ဦးမှ ချီတက်နေသော ခင်ခင့်နောက်မှ စကားကိုဖောင်ဖွဲ့ရင်း တကောက်ကောက်လိုက်နေကြသည်။
ဝေဝေတို့မြေပုံအရ သူတို့ ရတနာ လက်ပံပွင့် များကို ပေးရမည့်အိမ်သည် ရွာစွန်နားရှိ အိမ်မည်းကြီးဖြစ်ပါသည်။ ခြံဝင်းကျယ်ကြီးတွင် မြက်ရိုင်းပင်များနှင့် အုပ်ဆိုင်းနေပါသည်။
'ဒီအိမ်က ဒေါ်အေးလှနဲ့ ဘယ်တုန်းကများ လာပြီးအသိဖြစ်လိုက်ကြတယ် မသိပါဘူး၊ နောက်ပြီး လက်ပံပွင့်ထဲ ရွှေများထည့်ပေးလိုက်လား မသိပါဘူးဟယ်၊ ဒေါ်အေးလှ လက်ထဲရောက်အောင်ပေးပါတဲ့၊ အတော် စပ်စပ်စုစုနိုင်တဲ့ ကောင်မလေးတွေ'
ခင်ခင်က မကျေမနပ်ပြောရင်း တံခါးခေါက်လေသည်။
'ကျူပ်နာမည်က အေးလှ၊ အေးလည်း အေးတယ် လှလည်း လှတယ်'
တံခါးလာဖွင့်သူသည် ဒေါ်အေးလှကိုယ်တိုင် ဖြစ်ပါသည်။ အသက်လေးဆယ်ကျော်ခန့်ရှိပြီး သနပ်ခါး အဖွေးသားလူးထားသည်။ နှုတ်ခမ်းကို နီရဲနေအောင်ဆိုးထားကာ ဒေလီယာပန်းအဝါတစ်ပွင့် ပန်ထား၏။ တန်းစီရပ်နေသော ညိုတို့ကိုကြည့်ရင်း မျက်စောင်းတစ်ချက်ထိုးကာ မပြုံးမရယ်နှင့် သူ့ကိုယ်သူ မိတ်ဆက်စကား ဆိုလေသည်။
'ဝေဝေနဲ့ မော်မော်က ပေးခိုင်းလိုက်လို့ပါ'
ခင်ခင်က ပြုံး၍ လေပျော့ကလေးနှင့်ပြောသောအခါတွင် ခါးကို ဆတ်ခနဲထောက်ကာ နှုတ်ခမ်းကို မဲ့လိုက်လေသည်။
'ဘယ်က ဝေဝေတုံး'
မိုးချုန်းသလို အော်လိုက်သောအသံကြောင့် ညိုသည် လန့်ပြီး နောက်တစ်လှမ်းဆုတ်လိုက်မိပါသည်။ အဝါက တအံ့တသြနှင့် အငေးသားဖြစ်နေမိ၏။ မိနှင့် လတ်တို့လည်း မျက်လုံးအဝိုင်းသားနှင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ တပ်ဦးမှ ခေါင်းဆောင်သွားခဲ့သော ခင်ခင်လည်း မျက်စိမျက်နှာပျက်နေသည်။
'ကျောင်းကပါ ကြို့ကုန်း စက်မှုတက္ကသိုလ်က ဝေဝေပါ၊ အဲဒါ ဒေါ်ဒေါ့့်ကို လက်ပံပွင့်တွေ ပေးခိုင်းလိုက်တာပါ။ လက်ပံခေါင်း ချဉ်ရည် ချက်စားဖို့တဲ့၊ ဒီနေ့ သူတို့မလာနိုင်လို့ ကျွန်မတို့က လာပို့ပေးတာပါ'
ခင်ခင်သည် တံတွေးတနင်နင်နှင့် ဇာတ်စုံခင်းနေသည်။ ဒေါ်အေးလှသည် နားမထောင်ဘဲ ခင်ခင့်လက်ထဲမှ အထုပ်ကိုဆွဲယူလိုက်သည် ကြိုးကို ဆက်ခနဲ ဖြေလိုက်သောအခါ မြေပေါ်တွင် လက်ပံပွင့် နီနီများ ကြဲပြန့်ကုန်ပါသည်။
'မြတ်စွာဘုရား ကယ်ပါ ဘယ်လိုတုံး'
ဒေါ်အေးလှ အပြုအမူကြောင့် ထွေးက ခပ်အုပ်အုပ်အော်လိုက်သည်။ ညိုလည်း နားမလည်နိုင်အောင် ဖြစ်နေပါတော့သည်။ ဒေါ်အေးလှသည် လက်ပံပွင့်နီနီများကို သိမ်းကျုံးကောက်ပြီး ဘာမပြော ညာမပြော ထငိုပါတော့သည်။
'အောင်မယ်လေး မောင်ဟိုဒင်းရဲ့၊ သတိရလှချေရဲ့လေး၊ အဟေးဟေ့'
ခုနှစ်သံချီပြီး ရင်ဘတ်စည်တီး အော်လေသော ဒေါ်အေးလှကို ကြည့်ရင်း ခင်ခင်သည် ထိုင်ရမလို ထရမလို ကုန်းကွကွ ဖြစ်နေပါသည်။ ညို့ရင်ထဲတွင် တဒိုင်းဒိုင်းခုန်လာသည်။ ညို့လက်ကိုလာဆုပ်ကိုင်သော မိ၏ လက်များသည်လည်း တုန်ယင်အေးစက်နေ၏။ နဂိုက ပြူးသောထွေး၏မျက်လုံးများသည် ကြည့်ရင်းးကြည့်ရင်း ပို၍ပို၍ပြူးလာဟန်ရှိသည်။ လတ်တစ်ယောက်သည်ကား ဘယ်အချိန်က ဘယ်လိုဆုတ်ခွာလိုက်သည်မသိ၊ ခြံဝသို့ရောက်သွားပါသည်။
'အဟဲ ဟဲ ဟက် ဟက်၊ လက်ပံပွင့်ချိန် ခွေးရူးချိန်၊ ဟား ဟား ဟား လက်ပံပွင့်ချိန် ခွေးရူးချိန်၊ နင်တို့ထက် ငါပိုလှတယ်၊ ပိုလှတယ်'
ခုနှစ်သံချီပြီး အော်နေရာမှ ရုတ်ခနဲ ထထိုင်လိုက်သောအခါ ညိုတို့ လန့်သွားပါသည်။ ဆတ်တောက် ဆတ်တောက်နှင့် အောင်မောင်းခြေထိုး ကကာ ညိုတို့ဆီကို ဦးတည်လာသောအခါတွင်ကား တပ်ပျက်သလို နောက်သို့ ရုတ်ရုတ်သဲသဲ ဆုတ်မိကြသည်။ အကြောက်သည်းသော မိက ညို့လက်ကိုဆွဲကာ ခြေကုန်သုတ်သောအခါတွင်ကား ကျောက်ခဲနှင့်ခလုတ်တိုက်ကာ နှစ်ယောက်သား ဒလိမ့်ခေါက်ကွေး လဲပါတော့သည်။ ဗန္ဓုလဝင်စားသော အဝါနှင့် ထွေးတို့သည် ညိုတို့ကို ကူဖို့နေနေသာသာ ကျော်ခွခုန်လွှားပြီး အိုလံပစ်စံချိန်နှင့် ပြေးပါချေသည်။ ညိုနှင့်မိလည်း ကိုယ့်ကိုယ်ကို ပက်လက်လဲလား၊ မှောက်လျက်လဲလားပင် မသိ၊ နေရာမှ လူးလဲထပြီး ကဆုန်ပေါက် ပြေးလိုက်ကြသည်မှာ အဝါတို့ရှေ့ပင် ရောက်သွားပါသည်။ ကိုယ့်ကိုယ်ကို အပြေးသန်မှန်း ယခုမှ သတိရတော့၏။
'ညိုရဲ့ စောင့်ဦး၊ ထွေးကို စောင့်ပါဦး' ညိုတို့လဲစဉ်က ထူဖို့ သတိပင်မရသော ထွေးက နောက်ဆုံးက ကျန်သောအခါ အော်ပါတော့သည်။
'ဟ ပြေးဟ ပြေး၊ စောင့်နိုင်ဘူး'
ညိုနှင့်မိကလည်း ဗလုံးဗထွေး ပြန်အော်ကြသည်။ ခြေထိုးကရင်း နောက်ဘက်မှ တောက်လျှောက်လိုက်လာသော ဒေါ်အေးလှနှင့် သူနှင့် အနီးဆုံးဖြစ်နေ၍ ထွေးခမျာလည်း အသဲတယားယားနှင့် ကြောက်ရှာမည်ဖြစ်၏။
သို့သော် ခြံဝရောက်သောအခါ ဒေါ်အေးလှသည် ဆက်၍မလိုက်တော့ချေ။ သီချင်းလေး တအေးအေးဆိုကာ နေရစ်လေသည်။ နားမလည် ပါးမလည်နှင့် ခွေးပြေး ပြေးခဲ့ရသော ညိုတို့လည်း တုန်တုန်လှုပ်လှုပ်နှင့် မောဟိုက်နေကြသည်။ ဒေါ်အေးလှ ဆက်လိုက်လဲ မီတော့မည် မထင်ပါ။ ညိုတို့အားလုံး ဂျင်မီနှင့် မခင်ပု စံချိန်ကျိုးလေအောင် အလုအယက် စံချိန်သစ် တင်ကြမည်သာ ဖ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ရသစုံ ဝတ္ထုတိုများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share