29/09/2024
သနပ္ပင် ကသခင်(ပဲခူး နှင့် ၇မိုင်အကွာမှ မြို့)
ဇာတ်လမ်းအစ
-----------------
ကျွန်တော်တို့အတန်းကို ပါမောက္ခကိုယ်တိုင်လာသင်မည်ဆိုသောကြောင့် စိတ်ဝင်စားစွာဖြင့် သွားတက်မိသည်။ ပါမောက္ခသည် ဘွဲ့ကြိုတန်းလေးများကို ဝင်သင်ခဲသည်။ သို့သော်ယနေ့ ကျွန်တော်တို့ လေးစားရသော ပါမောက္ခကြီး ဝင်သင်မည်ဆိုသောကြောင့် စောစောလေးနေရာလာဦးထားရသည်။
ပါမောက္ခကြီးဝင်လာသည်။ သူက ရိုးရိုးအေးအေးလေးပင်
“မင်္ဂလာပါကွယ်” ဟုနှုတ်ဆက်လိုက်သည်။
ကျွန်တော်တို့ကလည်း “မင်္ဂလာပါ” ဟု ပြန်လည်နှုတ်ဆက်လိုက် သည်။ ပါမောက္ခကြီးက တစ်လုံးပဲပြောလိုက်သည်။
“အေး … နေကောင်းအောင်နေ … ပြဿနာကင်းအောင်နေကြ”
ပါမောက္ခကြီးကထိုသို့ဆိုပြီးနောက် ကျောက်သင်ပုန်းပေါ်တွင်
“Quality” ဆိုသည့် စာလုံးကို ကြီးမားစွာ ရေးချလိုက်သည်။
ထိုနေ့က ပါမောက္ခပြောသည့် Quality အကြောင်းကို မှတ်မိသမျှ ပြန်ပြောပါမည် ပါမောက္ခကြီးက
“ငါ … မင်းတို့ကို စာမသင်ချင်ပါဘူး … အမေးအဖြေလိုပုံစံနဲ့ သွားချင်တယ် … မင်းတို့ထဲက ငါမေးသမျှ ပြန်ဖြေနိုင်မယ့် တစ်ယောက်လောက်လိုချင်တယ်”
အားလုံးက ကျွန်တော့်ဆီ မျက်လုံးများရောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ကို သူတို့ အားလုံးက “စာသမား” “စာချိုး” “စာကြမ်းပိုး” ဟု သတ်မှတ်ထားသောကြောင့်ဖြစ်သည်။
“နေဦး မင်းတို့ထဲမှာ ပြီးခဲ့တဲ့အပတ်ကထုတ်တဲ့ကျောင်းမဂ္ဂဇင်းထဲ ဝင်ရေးတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်။ ဒဿနများ၏ရေသောက်မြစ်ဆိုတဲ့ ဆောင်းပါးရေးသူ … သူ့စာကို ဆရာကြိုက်တယ်။ သူလာသလား။ ဆရာ သူ့ကို မေးချင်တယ်”
“လာပါတယ် … ရှေ့ဆုံးမှာ ထိုင်နေပါတယ်”
ကျွန်တော်က ရှောင်လွှဲ၍မရတော့သဖြင့် မတ်တတ်ရပ်လိုက်သည်။
“ဟုတ်ပြီ … မင်းနဲ့ငါ အပြန်အလှန် အမေးအဖြေလေးလုပ်ကြည့်မလား”
“ဟုတ်ကဲ့”
“ဟုတ်ပြီ … ရာမာရဏဇာတ်ဖတ်ဖူးသလား”
“ဖတ်ဖူးပါတယ်ခင်ဗျာ”
“ဟုတ်ပြီ … ရာမက သီတာဒေဝီကို တောထဲခေါ်သွားတာ ၁၄ နှစ်ကြာသွားတယ်။ သူများသားသမီးကို တောထဲမှာကွယ် ၁၄ နှစ်လောက်ခေါ်ထားလောက်ရအောင်ဖြစ်သွားရတယ်လို့ … အဲဒါ Quality ကြောင့် ဆိုတာ မင်းသိလား”
“မသိပါဘူးဆရာကြီး … ရာမာယဏဇာတ်နဲ့ Quality ဘယ်လိုမှ ပတ်သက်မယ် မထင်ထားဘူးခင်ဗျ”
“ဒါဆိုရင်ကွာ … သီတာဒေဝီဟာ ဘာကြောင့် ရာမခေါ်တဲ့ တောထဲကို လိုက်သွားရသလဲ”
“ဇာတ်တော်ထဲကအတိုင်း ပြောရရင်တော့ သူ့ဇနီးဖြစ်သွားပြီလေ … ဇနီးဆိုတာ ခင်ပွန်းဆုံးဖြတ်ချက်ကို လိုက်နာရတဲ့စနစ်ကို လက်ခံတဲ့ခေတ်ဆိုတော့ သူ့ယောက်ျား ဆုံးဖြတ်တဲ့အတိုင်း သျှောင်နောက် ဆံထုံးပါ ဖြစ်သွားရတယ်လို့ ထင်ပါတယ်”
“ဟုတ်ပြီ … ဒါဆိုရင် ရာမက ဘာဖြစ်လို့ တောထဲကို အနှင်ခံရသလဲ”
“သူ့ဖခမည်းတော် ဒသရထမင်းကြီးက နှင်လိုက်လို့ပါ”
“ဒသရထမင်းကြီးက ဘာဖြစ်လို့ သူ့သားကို တောထဲနှင်ရသလဲ”
“သူ့မိဖုရားတစ်ပါးဖြစ်တဲ့ ကေကေယီမှာ သားတော်နှစ်ပါးဖွားမြင်တယ်။ သားတော်ကြီး ရာမရှိနေရင် သူ့သား ထီးနန်းအရိုက်အရာ မဆက်ခံရမှာစိုးရိမ်ပြီး ကုန်းတိုက်လို့ပါ”
“မိဖုရားတွေအများကြီးထဲမှာမှကွာ ဘာဖြစ်လို့ ကေကေယီကို ဒသရထမင်းကြီးက မျက်နှာသာပေးရသလဲ”
“ကျွန်တော် မသိပါဘူးဆရာကြီး”
“အဲဒီမှာ Quality ဆိုတာ စတော့တာပဲကွ …”
ကျွန်တော်တို့အားလုံး ပါမောက္ခကြီးက ရာမာယဏနှင့် ဆက်စပ်ပြီး Quality အကြောင်း ပြောမည်ဆိုသဖြင့် စိတ်ဝင်စားနေကြသည်။
“ဒသရထဆိုတဲ့မင်းက တစ်နေ့ စစ်ထွက်တယ်ကွာ … ရထားနဲ့ပါ။ တကယ်စစ်ထွက်တိုက်ရတာ ဟုတ်ဟန် မတူဘူး။ မိန်းမကိုပါ စစ်မြေပြင်ခေါ်သွားတာ။ အဲဒီနေ့က အလှည့်ကျတာက မိဖုရားကေကေယီအလှည့်။ ရှေ့တန်းကို ကေကေယီခေါ်သွားပြီး လှည့်လည်တုန်း သူစီးလာတဲ့လှည်းက ဘီးပြုတ်ထွက်သွားတယ်။ အဲဒီ အချိန်မှာပဲ ရန်သူတွေကပေါ်လာတယ်။ လိုက်လာတာ မြင်နေရပြီ။ ကေကေယီက ဘီးကို ပြန်တပ်ခိုင်းပြီး ဘီး မပြုတ်အောင် သပ်လျှိုရတဲ့ နေရာမှာ သူ့လက်ညှိုးကိုထည့်ကာ လှည်းကို မောင်းခိုင်းသတဲ့ … ဇာတ်ထဲက အတိုင်း ပြောတာနော်”
ပါမောက္ခကြီးက စကားကို ခေတ္တရပ်လိုက်ပြီး
“စဉ်းစားကြည့်လေ … Quality မပြည့်မီတဲ့ သပ်လေးတစ်ချောင်းကို သုံးလိုက်မိတာ ရာမာရဏ ဖြစ်လာရတော့ တာပဲ”
ကျွန်တော်တို့အားလုံး ရယ်ကြသည်။ ပါမောက္ခကြီးဆိုလိုသည်မှာ အကယ်၍ အရည်အသွေးပြည့်ဝသည့် သံချောင်းသပ်လေးတစ်ချောင်းကို သုံးလိုက်မိလျှင် လှည်းကဆက်မောင်းနိုင်မည်။ ယခု ရန်သူက လိုက်လာပြီ။ ဘုရင်ကထွက်ပြေးရမည်။ လှည်းဘီးကပြုတ်နေသည်။ လှည်းဘီးကိုခံရမည့် သပ်မရှိ။ ကေကေယီက အနစ်နာခံသည်။ သူ့လက်ညှိုးဖြင့် သပ်နေရာတွင် အစားထိုးပေးသည်။ ရန်သူလက်မှလွတ်သည်။ အသက်သခင် ကျေးဇူးရှင်ဖြစ်သွားသည်။ ဒသရထမင်းကြီးကို ကောင်းကောင်းချုပ်ကိုင်လိုက်နိုင်သည်။ သားတော်ကြီး ရာမကိုနှင်ထုတ်ခိုင်းသည်။ ထို့ကြောင့် “ရာမာယဏဇာတ်” တော်ဖြစ်လာသည်။
“တကယ်လို့ကွာ သပ်လေးတစ်ချောင်းကို Quality ကောင်းကောင်း သုံးခဲ့ရင် ရာမာယဏဇာတ်ကြီး ဖြစ်လာစရာ အကြောင်းကို မရှိဘူး” ဟု ပါမောက္ခကြီးကပြောကာ နိဂုံးချုပ်လိုက်သည်။ ပြီးနောက်
“ကဲ … မင်း … အယူအဆ …. ကိုယ်ပိုင်အယူအဆတစ်ခုကို ပြောစမ်းပါဦး … ကြားပါရစေ”
“ကျွန်တော် ပြောစရာတစ်ခုရှိပါတယ် … ပြဿနာများဖြစ်နိုင်မလား မသိဘူး”
“ဒါ … ငါတို့ပိုင်တဲ့ စာသင်ခန်း … ငါတို့နယ်မြေလေကွာ … မင်းက ဘယ်သူ့ကို ဂရုစိုက်သလဲ”
“ကောင်းပါပြီ ဆရာကြီးခင်ဗျား ကျွန်တော်ကြားဖူးတာ ပြောပါ့မယ်”
“ပြောကွာ … ဗဟုသတပေါ့”
“ဟုတ် မဟုတ်တော့ မသိပါဘူး … ဒါကို ကျွန်တော့် အဘိုးကပြောပြတာပါ … နာမည်တွေ အတိအကျ မမှတ်မိပါဘူး”
“ပြောပါ သဘောတရားလောက်ဆိုရင် ရတယ်”
“အင်္ဂလိပ်ကိုတော်လှန်ဖို့ စစ်ပညာသင်ရအောင် ပြည်နယ်တွေကနေ သခင်တွေ နိုင်ငံရေး သမားလေးတွေကို ဂျပန်လွှတ်ဖို့ လိုက်ခေါ်ပါတယ် … ပဲခူးမှာ သခင်တွေကို တင်လာတဲ့ကားက ဇိုင်းဂနိုင်းတောင်ပိုင်းတစ်နေရာမှာ ရပ်လိုက်ပါတယ်။ သခင်တွေ ကွမ်းယာဆင်းဝယ်စားကြတယ်။ စားပြီးတော့ လူပြန်စုတော့ သနပ္ပင်က သခင် တစ်ယောက် ပျောက်နေတယ်။ အချိန်မီ ပြန်ရောက်မလာဘူး။ ကားထွက်ဖို့ကလည်း အရေးကြီးနေပြီ။ နောက်ဆုံး လိုနေတဲ့ သခင်တစ်ယောက်ကို စာတိုက်ကနေ သွားရှာပြီး ခေါ်လိုက်ရတယ်။ အဲဒီ စာတိုက်က ခေါ်လာတဲ့ သခင်ကြောင့် အာဏာရှင်ခေတ်ကြီးတစ်ခေတ် အစဉ်အဆက်ပေါ်လာရတယ်။ တကယ်လို့ သနပ္ပင်သခင် ပျောက်မသွားရင် … သူ့နေရာမှာ စာတိုက်က သခင်ကို အစားမထိုးဘူးဆိုရင် ဆိုရှယ်လစ်စနစ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတာ ပေါ်လာစရာမရှိဘူး … ဟုတ်၊ မဟုတ်တော့ မသိဘူး … ကျွန်တော့် အဘိုးပြောခဲ့တာကို ပြန်ပြောပြတာ”
“ဟား … ဟား … ဟား”
ပါမောက္ခကြီးက အားရပါးရ အော်ရယ်သည်။
“ကောင်းတယ်ကွာ … ငါပြောချင်တာ အဲဒါ … ကေကေယီကြောင့် ရာမာယဏဖြစ်လာသလို … မင်းပြောမှပဲ မင်းတို့ ပဲခူးသနပ္ပင်ကကောင်တွေကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဇာတ်ရှုပ်ကြီး စဖြစ်လာတယ်ဆိုတာ သိလိုက် ရတယ်။ ဟား … ဟား … ဟား”
(မှတ်ချက်-သမိုင်းအတိအကျ မှန်ချင်မှ မှန်ပါလိမ့်မည်။ ကြားဖူးသည်ကို ပြောဆိုဆွေးနွေးကြခြင်းသာဖြစ်သည်)
တင်ညွန့်
၂၈.၉.၂၀၁၉