18/08/2024
အသိုင်းအဝိုင်း အခြေပြု အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း
By မြင့်မိုရ်ဆွေ
On Thu, 2017-12-21 22:30 Issue No. အတွဲ (၁၆)၊ အမှတ် (၄၁)
ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ မြို့ပြ ဒေသတွေမှာအိမ်ရာမဲ့ ပြည်သူ အများစုဟာ အိမ်ထောင်စုဝင်ငွေ အလွန်နိမ့်ကျပြီး ဆင်းရဲနွမ်းပါးသူ များဖြစ်ကြပါတယ်။ မိမိတို့ဝင်ငွေ နဲ့ တတ်နိုင်တဲ့ ပစ္စည်းတွေ ဝယ်ယူ သုံးစွဲပြီး ဖြစ်သလိုဆောက်လုပ် ထားတဲ့ အိမ်တွေမှာ ဖြစ်သလိုနေ ထိုင်ကြတဲ့အတွက် သူတို့နေထိုင် တဲ့ ရပ်ကွက်တွေကို အဆင့်နိမ့်ရပ် ကွက် (Slums) လို့ ဝိဂြိုဟ်ပြုခြင်း ခံရပါတယ်။ ပုဂ္ဂလိကပိုင်မြေ (သို့ မဟုတ်) ဌာနဆိုင်ရာ မြေတွေမှာ ဖြစ်ကတတ်ဆန်း တရားမဝင်နေ ထိုင်ကြခြင်းဖြစ်တဲ့အတွက် နည်း လမ်းတကျ တည်ထောင်မှုမရှိတဲ့ အိမ်ရာများ (Informal Settle-ments) လို့ သုံးစွဲခေါ်ဝေါ်ကြတာ လည်း တွေ့ရှိရပါတယ်။
မျက်မှောက်ခေတ် ဖွံ့ဖြိုးဆဲ နိုင်ငံအများစုဟာ အထက်ပါအိမ် ရာတွေကို မြို့ပြစည်ပင်ရေးအ ကြောင်းပြပြီး မူလနေရာမှ ဖျက် ရှင်းခြင်း (Eviction) နည်းလမ်းနဲ့ ပပျောက်အောင် ဆောင်ရွက်ကြ မယ့်အစား တရားဝင်အိမ်ရာတွေ ရရှိရေးအတွက် ဘယ်လိုဖြည့် ဆည်းနိုင်မလဲဆိုတဲ့ ဖြေရှင်းရေး အမြင်ကို စွဲကိုင်ပြီး နည်းလမ်းရှာ ဖွေဆောင်ရွက်ပေးကြပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ အများ အားဖြင့် အောက်ပါနည်းလမ်းနှစ် သွယ်ကို ကျင်သုံးကြကြောင်း လည်း တွေ့ရှိရပါတယ်။
(က) ထုတ်လုပ်ဖြည့်ဆည်းမှုအခြေ ပြုဖွံ့ဖြိုးရေးစီမံကိန်း (Supply- driven Dev; Projects)
(ခ) အသိုင်းအဝိုင်းအခြေပြု ဖွံ့ဖြိုး ရေးစီမံကိန်း (Community- driven Dev; Projects)
ပထမနည်းလမ်းဖြစ်တဲ့ ထုတ်လုပ်ဖြည့်ဆည်းမှု အခြေပြုအိမ်ရာ စီမံကိန်းများမှာ အထူးကျော်ကြား ပြီး လူသိများတဲ့ စီမံကိန်းကတော့ UN HABITAT II ညီလာခံက ချမှတ်တဲ့ 'Adequate and Affor-dable Housing for all' ဆိုတဲ့ အခြေခံမူနဲ့အညီ ပေါ်ထွန်းလာတဲ့ ‘ဝင်ငွေနှင့် လက်လှမ်းမီသော အိမ်ရာစီမံကိန်းများ’ (Affordable Housing Projects) များပဲ ဖြစ်ပါ တယ်။
2
အဲဒီစီမံကိန်းအရ တန်ဖိုး နည်းအိမ်ရာတွေ ဆောက်လုပ်ပြီး နေရာချထားပေးမယ်။ ကုန်ကျ စရိတ်သက်သာရေး၊ အမြတ်အ စွန်းလျော့နည်းရေးကို ဦးတည်ရ မယ်။ အရည်အသွေးပြည့်ဝတဲ့ အိမ်ရာ (Adequate Housing) ဖြစ်စေရန် နည်းပညာသာမက ငွေ ကြေးထောက်ပံ့မှုနဲ့ပါ ကျားကန် ပေးမယ်။ နောက်ပြီး ဆောက်လုပ် တဲ့အိမ်ရာတွေဟာ ဆင်းရဲသား ပြည်သူတို့ရဲ့ လစဉ်မိသားစုဝင်ငွေ ၃၀ ရာခိုင်နှုန်းကို သုံးစွဲပြီး အရစ် ကျဝယ်ယူနိုင်တဲ့ စွမ်းရည် (Affor-dability) နဲ့ ကိုက်ညီရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ထားရှိပါ တယ်။ ဒါကို တန်ဖိုးနည်းအရောင်း အိမ်ရာစီမံကိန်း (Home Owner-ship Housing Scheme) များမှာ လိုက်နာကျင့်သုံးကြပြီး မိသားစု ဝင်ငွေ ၃၀ ရာခိုင်နှုန်းနဲ့ ဝယ်ယူရန် လက်လှမ်းမမီတဲ့ ဝင်ငွေနည်း မိသားစုတွေအတွက်တော့ ငှား ရမ်းခသက်သာတဲ့ အငှားအိမ်ရာ (Rental Housing Scheme) တွေ ကို တည်ဆောက်ပေးကြတာဖြစ် ပါတယ်။
ဒုတိယစီမံကိန်းက မြို့ပြ ဒေသမှာ အရေအတွက် အလွန် များပြားလှတဲ့အပြင် ဟိုတစ်စု ဒီ တစ်စုတည်ရှိပြီး နှစ်စဉ်တိုးပွားနေ တဲ့ ကျူးအိမ်ရာတွေကို ပထမနည်း လမ်းတစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့အဆုံး အစီအစဉ်သစ် တစ်ရပ်အဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ကျူးအိမ်များမှာ ကာလကြာရှည် နေထိုင်ကြတဲ့ အိမ်ထောင်စုများ အတွက် ၎င်းတို့ လူမှုအသိုင်းအ ဝိုင်းရဲ့ အင်အားကို ဗဟိုပြုပြီး စုပေါင်းအကောင်အထည်ဖော်တဲ့ အိမ်ရာစီမံကိန်းဖြစ်ပါတယ်။ ဒါကို ‘Community-based Project’လို့ ခေါ်ဆိုကြပြီး အမျိုးအစားအား ဖြင့် ငါးမျိုးရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။
ပထမအမျိုးအစားက ‘မူလ နေရာမှာ အဆင့်မြှင့်တင်ခြင်း’ (On-Site Upgrading) နည်းလမ်း ဖြစ်ပါတယ်။ ကျူးရပ်ကွက်တည်ရှိ တဲ့မြေနဲ့ အိမ်ရာအရေအတွက်ကို တိုင်းတာစစ်ဆေးမှု (Survey) ပြု လုပ်ပြီး မူလအတိုင်း ဝင်ဆံ့မယ်ဆို ရင် အဆင့်မြှင့်တင်မှုပြုလုပ်ပေး ပါတယ်။ မြေနေရာအတွက် လစဉ်သင့်လျော်တဲ့ ငှားရမ်းခကို ပေး သွင်းစေပြီး နှစ်ရှည်နေထိုင်ခွင့်ပြု ခြင်း (သို့မဟုတ်) လစဉ်အရစ်ကျ ငွေသွင်းပြီး စုပေါင်းဝယ်ယူနိုင်ရန် အတွက် ကူညီပံ့ပိုးတဲ့ စီမံကိန်းဖြစ် ပါတယ်။ ဒုတိယအမျိုးအစားက ‘မူလနေရာမှာ အိမ်ရာကွက်အချို့ ကို ရွှေ့ပြောင်း၍ အဆင့်မြှင့်တင် ခြင်း’ (On-Site Reblocking) နည်းလမ်းဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် မူလနေရာမှာ ဝင်ဆံ့ပေ မယ့် အကွက်ချပုံစံ (Layout) အ သစ်အရ မလွတ်ကင်းတဲ့အိမ်အ ချို့ကို ရွှေ့ခြင်း၊ ရှေ့တိုးနောက် ဆုတ်ပြုခြင်းဖြင့် အဆင့်မြှင့်တင် တဲ့ စီမံကိန်းဖြစ်ပါတယ်။
တတိယအမျိုးအစားက မူလ နေရာမှာ အားလုံးအသစ်ပြန်လည် ချထားခြင်း (On-Site Recon-struction) နည်းလမ်းပဲဖြစ်ပါ တယ်။ တည်ရှိနေတဲ့ အိမ်ရာအား လုံးကို ဖျက်သိမ်းပြီး အကွက်ချပုံစံ အသစ်အရ အိမ်ရာကွက်အသစ် များမှာ နေရာပြန်လည်ချထားပေး ပြီး အဆင့်မြှင့်တင်ပေးတဲ့ စီမံ ကိန်းဖြစ်ပါတယ်။ ဒါကို ပြန်လည် ဖွံ့ဖြိုးရေး (Redevelopment) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ စတုတ္ထအမျိုးအစားက ပုဂ္ဂလိက မြေပေါ်မှာ ခွဲဝေနေရာချထားခြင်း (Land Sharing) နည်းလမ်းပဲဖြစ် ပါတယ်။ ပုဂ္ဂလိကမြေပေါ်မှာ နှစ် ပေါင်းများစွာ ကျူးနေတဲ့အိမ်ရာ များအတွက် ပုဂ္ဂလိကနဲ့ ညှိနှိုင်းပြီး မြေကို ခွဲဝေပေးတဲ့အစီအစဉ်ဖြစ် ပါတယ်။ တစ်စိတ်တစ်ပိုင်းကို ကျူးအိမ်ရာများအတွက် ခွဲဝေပေး သလို ကျန်တဲ့မြေနေရာကို ပုဂ္ဂလိ ကသို့ ပြန်လည်အပ်နှင်းရတဲ့ စီမံ ကိန်းပါပဲ။
ပဉ္စမအမျိုးအစားက အခြား နေရာသို့ နေထိုင်သူအားလုံးကို ပြောင်းရွှေ့နေရာချထားခြင်း (Re-location) နည်းလမ်းပဲဖြစ်ပါ တယ်။ စာရေးသူတို့နိုင်ငံမှာ ကျင့် သုံးတဲ့ မြေကွက်ဖော်ထုတ်ပြီး ပြန် လည်နေရာချထားခြင်း (Site and Services) စီမံကိန်းနဲ့တူညီပါ တယ်။ မူလနေရာမှာ ဘယ်လိုမှ ပြန်လည်နေရာချထားလို့ မဖြစ်တဲ့ အတွက် အိမ်ရာအားလုံးကို အနီး စပ်ဆုံးနေရာသစ်တစ်ခုမှာ မြေ ကွက်သစ်ဖော်ထုတ်ပြီး နေရာချ ထားပေးတာ ဖြစ်ပါတယ်။
3
အထက်ပါ နည်းလမ်းငါးမျိုး နဲ့အညီ အသိုင်းအဝိုင်းအခြေပြု အိမ်ရာစီမံကိန်းများကို အောင်မြင် အောင် ဆောင်ရွက်နေတဲ့ နိုင်ငံ တစ်နိုင်ငံကို ပြပါဆိုရင် အိမ်နီး ချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်း နိုင်ငံကို ဖော်ပြရမှာ ဖြစ်ပါတယ်။ စာရေးသူဟာ ၂၀၁၇ ခုနှစ် ဒီဇင် ဘာ ၈ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရဌာနတစ် ခုဖြစ်တဲ့ လူမှုအသိုင်းအဝိုင်းအဖွဲ့ အစည်းများ ဖွံ့ဖြိုးရေးဌာန (Com-munity Organizations Deve-lopment Institute- CODI) က တာဝန်ယူဆောင်ရွက်တဲ့ အသိုင်း အဝိုင်းအခြေပြုအိမ်ရာစီမံကိန်း များကို လေ့လာကြည့်ရှုခွင့်ရရှိခဲ့ ပါတယ်။ လေ့လာရေးခရီးမှာ မြို့ ပြစီမံကိန်းနဲ့ ဗိသုကာပညာရှင် ဦးဝင်းမြင့်၊ ဦးထင်မြိုင်၊ ဒေါ်သင်း သင်းအေးနဲ့ NGO တစ်ခုဖြစ်တဲ့ Woman for the World မှ ဒေါ်ဗင် နလီဇာအောင်တို့လည်း ပါဝင်ကြ ပါတယ်။
ထိုင်းနိုင်ငံမှာ အမျိုးသားအိမ် ရာဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (National Housing Authority- NHA) ကို ၁၉၇၃ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေ နဲ့ လက်လှမ်းမီတဲ့ အိမ်ရာများကို အစိုးရဘဏ်မှ ချေးငွေထုတ်ပေး ပြီး အနှစ် ၃၀ အရစ်ကျ ပြန်လည် ပေးသွင်းတဲ့စနစ်နဲ့ ရောင်းချပေး ကြောင်း တွေ့ရှိရပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ အိမ်ခန်းများကို ‘ကျွန်ုပ်တို့သည် အိမ်ရာကို အ လေးထားသည်’ (We care for Housing) ဆောင်ပုဒ်နဲ့အညီ ဖြည့် ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ ပေမဲ့ ၂၀၀၈ ခုနှစ် သုတေသနပြု ချက်များအရ ထိုင်းနိုင်ငံမှာ ဆင်း ရဲနွမ်းပါးတဲ့ ဝင်ငွေနည်းအိမ် ထောင်စုပေါင်း ၁ ဒသမ ၆ သန်းရှိ ပြီး ၇ ဒသမ ၂ သိန်းဟာ ဘန် ကောက်မြို့မှာရှိနေကြောင်း သိရှိ ရပါတယ်။ ၎င်းတို့အတွက် NHA ရဲ့ ထုတ်လုပ်ဖြည့်ဆည်းမှု အခြေ ပြုအိမ်ရာစီမံကိန်းများနဲ့ စဉ်ဆက် မပြတ် လုံလောက်စွာ ဖြေရှင်းပေး နိုင်မှုမရှိခြင်း၊ အချို့ ဆင်းရဲသား ပြည်သူများရဲ့ အသက်မွေးမှုလုပ် ငန်းသဘာဝ (တွန်းလှည်းဖြင့် ဈေး ရောင်းသူများ၊ ဆိုင်ကယ်ကယ်ရီ များနဲ့ အိမ်တွင်းလက်မှုလုပ်ငန်း များ)ဟာ တိုက်ခန်းနေထိုင်မှုနဲ့ ဆီ လျော်မှုမရှိခြင်း စတဲ့အကြောင်းများကြောင့် ၂၀၀၀ ပြည့်နှစ်မှာ အစိုးရဟာ CODI (ကိုဒီ)ကို ထပ်မံ ဖွဲ့စည်းထူထောင်ပြီး ‘အသိုင်းအဝိုင်းအခြေပြုစီမံကိန်းများ’ကို အထက်ပါ နည်းလမ်းငါးမျိုးနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ အကောင်အထည် ဖော်စေခဲ့ကြောင်း တွေ့ရှိရပါတယ်။
CODI (ကိုဒီ)ကို စတင်ထူ ထောင်ရာမှာ အစိုးရက အမေရိ ကန်ဒေါ်လာ ၈၂ ဒသမ ၈၅ သန်း မ,တည်ငွေပေးအပ်ခဲ့ပါတယ်။
ကျူးရပ်ကွက်ထဲမှ အဆင့်မြှင့်တင် ပေးနိုင်မယ့် နေရာ ၁၀ ခုကိုရွေး ပြီး ရှေ့ပြေးစီမံကိန်းအဖြစ် စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ် ပါတယ်။ ၁၄ နှစ်အတွင်း ဘန် ကောက်မြို့မှာ စီမံကိန်း ၂၀၀ ကျော်ရှိလာပြီး တစ်နိုင်ငံလုံးမှာ စီမံကိန်း ၁,၀၀၀ ကျော်အထိ တိုး ချဲ့ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိ ရပါတယ်။ ယခုအခါ CODI မှာ ထောက်ပံ့ငွေ (Subsidy) နဲ့ ချေး ငွေ (Loan) ဆိုပြီး ဘဏ္ဍာငွေ နှစ် မျိုးခွဲခြားထားပါတယ်။
အဆင့်နိမ့်ရပ်ကွက် (Slum) ကို အဆင့်မြှင့်နိုင်ဖို့ နေထိုင်ရာ ရပ်ကွက်ရှိ ပြည်သူများအနေနဲ့ အားလုံးပါဝင်တဲ့ Community (ခေါ်) အသိုင်းအဝိုင်းအဖွဲ့အစည်း တစ်ရပ်ကို ဖွဲ့စည်းကြရပါမယ်။ စုဆောင်းငွေ (Saving Fund) တစ် ရပ်ကိုလည်း ထူထောင်ကြရပါ မယ်။ အခြေခံအဆောက်အအုံ အ ဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် အတွက် အိမ်ထောင်စုတစ်စုလျှင် အမေရိကန်ဒေါ်လာ ၇၁၅ ဒေါ်လာ နှုန်းသတ်မှတ်ပြီး အဖွဲ့အစည်းကို ထောက်ပံ့ငွေပေးအပ်ပါတယ်။ နေအိမ်အသစ် ပြန်လည်တည် ဆောက်မှု (Reconstruction) ပြု လုပ်ရလျှင် အိမ်ထောင်စုတစ်စုကို အမေရိကန်ဒေါ်လာ ၁,၀၀၀ နှုန်း ထောက်ပံ့ငွေပေးအပ်ပါတယ်။ ကျူးကျော်ရပ်ကွက်ရဲ့မြေဟာ ဌာနဆိုင်ရာ မြေဖြစ်လျှင် ၁၅ နှစ် အတွက် လစဉ်ငှားရမ်းခပေးသွင်း စေပြီး ငှားရမ်းခွင့်ရဖို့ CODI က ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးပါ တယ်။
အကယ်၍ ပုဂ္ဂလိကမြေကို ဝယ်ယူရမယ်ဆိုပါက မြေနဲ့အိမ် အတွက် ချေးငွေအဖြစ် အိမ် ထောင်စုတစ်စုလျှင် အမေရိကန် ဒေါ်လာ ၉,၀၀၀ နှုန်း ထုတ်ချေး ပါတယ်။ အကယ်၍ အိမ်ထောင်စု ၁၀၀ ရှိလျှင် ဒေါ်လာ ကိုးသိန်းရရှိ မှာ ဖြစ်ပါတယ်။
4
အဲဒီငွေနဲ့ ပုဂ္ဂလိ ကထံမှ မြေကို စုပေါင်းဝယ်ယူနိုင် ပါတယ်။ ချေးငွေအတွက် အတိုး နှုန်း ၄ ရာခိုင်နှုန်းယူပြီး အသိုင်းအ ဝိုင်းအဖွဲ့အစည်းကိုသာ ထုတ်ချေး ခြင်းဖြစ်ပါတယ်။ အဖွဲ့က တာဝန် ယူကောက်ခံပြီး ပြန်လည်ပေး သွင်းရာမှာ ဝန်ဆောင်ခအပါအ ဝင် ပျက်ကွက်မှုရှိလျှင် ပေးလျော် နိုင်ရန်အတွက် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း ထပ်ဆောင်းပြီး စုစု ပေါင်း ၆ ရာခိုင်နှုန်း (သို့မဟုတ်) ၇ ရာခိုင်နှုန်းအတိုးနဲ့ တစ်ဦးချင်းကို ထုတ်ချေးတာဖြစ်ပါတယ်။ မြေဖိုး ငွေကျေတာနဲ့ အဲဒီရပ်ကွက်မြေ တစ်ကွက်လုံးကို စုပေါင်းပိုင်မြေ အဖြစ် မှတ်ပုံတင်ရပါတယ်။ မည် သူမျှ မိမိအိမ်နဲ့မြေကို အခြား ပုဂ္ဂိုလ်ထံ တိုက်ရိုက်လွှဲပြောင်း ရောင်းချခွင့်မရှိဘဲ အသိုင်းအဝိုင်း အစုအဖွဲ့ကိုသာ အပ်နှံပြီး ရောင်း ချကြရတာ ဖြစ်ပါတယ်။
အရေးအကြီးဆုံးအချက်က အသိုင်းအဝိုင်းအစုအဖွဲ့ဝင်တစ်ဦး ဟာ အထက်ပါချေးငွေရရှိနိုင်ရန် အတွက် ချေးငွေရဲ့ ၁၀ ရာခိုင်နှုန်း ကို မလွဲမသွေ စုဆောင်းထားပြီး ဖြစ်ရပါမယ်။ ကျန်တဲ့ ၉၀ ရာခိုင် နှုန်းကိုသာ ချေးငွေအဖြစ် ရရှိနိုင် ခွင့်ရှိတာကို တွေ့ရှိရပါတယ်။ ဒီ နေရာမှာ ဘဏ်တွေက ငွေချေးရင် မရဘူးလား၊ CODI ကိုဖွဲ့စည်းပြီး ဘာဖြစ်လို့ ချေးရတာလဲလို့မေးရင် ‘Banks never goes to the poor’ (ဆင်းရဲသားရှိရာ ဘဏ်မလာ)လို့ ဆိုရိုးရှိကြောင်း ဖြေကြားကြပါ တယ်။ CODI (ကိုဒီ)ဟာ ချေးငွေ အတွက် လှည့်ပတ်ရန်ပုံငွေတစ် ရပ် ထူထောင်ထားတာဖြစ်ပြီး အ ရင်းမပျောက်တိုးပွားငွေအဖြစ် လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင် ကြောင်းလည်း တွေ့ရှိရပါတယ်။
စာရေးသူတို့နိုင်ငံမှာ ကျူး ကျော်အိမ်ရာများကို ထုတ်လုပ် ဖြည်းဆည်းမှု အခြေပြုဖွံ့ဖြိုးရေး အမြင်နဲ့ အိမ်ရာတွေဆောက်လုပ် မှု (ဥပမာ-ရန်ကုန်မှာ ကျူးအိမ် ထောင်စု ၁ ဒသမ ၅ သိန်းခန့်အ တွက် အိမ်ခန်း သိန်းချီဆောက် လုပ်ပေးခြင်း)ဆိုတဲ့ လမ်းကြောင်း တစ်ရပ်တည်းနဲ့ ဖြေရှင်းမှာလား၊ အသိုင်းအဝိုင်းအခြေပြုဖွံ့ဖြိုးရေး အမြင်နဲ့ ထိုင်းနိုင်ငံလို နည်းလမ်း သစ်တစ်ရပ် ရှာဖွေဆောင်ရွက်ပြီး ဖြေရှင်းပေးမှာလားဆိုတာကို အ လေးအနက်စဉ်းစားဖို့ လိုအပ်လာ ပါပြီ။
ကမ္ဘာပေါ်မှာ ထိုင်းနိုင်ငံသာ မက ဖွံ့ဖြိုးဆဲနိုင်ငံ အစိုးရတိုင်း ဟာ အသိုင်းအဝိုင်းအခြေပြုနည်း လမ်းကို အောင်မြင်စွာ လက်ခံ ကျင့်သုံးနေကြတဲ့အကြောင်းကို သုံးသပ်ဖော်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်။။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
7 day jounal