08/06/2017
အီးယူအပါအ၀င် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို နိုင်ငံ၏ အကျိုးအမြတ်ရှိ၊ မရှိအသေးစိတ်စိစစ်ပြီးမှသာခွင့်ပြုတော့မည်
=====================================
ပြည့်သက်ဖြိုး
နောင်လာမည့်ကာလများတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ
(အီးယူ )အပါအ၀င် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ
ကို နိုင်ငံ၏ အကျိုးအမြတ် ရှိ၊ မရှိအသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုတော့ မည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဇွန်လ၈ရက်နေ့က ပြုလုပ်သည့်Myanmar- EU စီးပွားရေးဖိုရမ်၌ပြောကြားလိုက်သည်။
“ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတယ်ဆိုတာ သူတို့( ပြည်ပကုမ္ပဏီ )အကျိုးအမြတ်ရှိလို့လာတာပဲ၊ အဲ့ဒီအတွက် ဒီဘက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကဆွေးနွေးတဲ့အခါ
ကျရင်လည်းကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပတ် ၀န်းကျင်အတွက် ဘာတွေ အကျိုးအမြတ်ကျန်မှာလဲဆိုတာ ကြည့်ပြီးမှ ဒါတွေကိုဆုံးဖြတ်မှာပါ၊ လုပ်ငန်းတစ်ခုချင်းအပေါ်မှာပဲ ကြည့်ပြီးဆုံးဖြတ်မှာပါ ”ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် အမှန်တကယ်လုပ်ကိုင်နိုင်သည့် ကုမ္ပဏီများကိုသာရင်းနှီးမြှုပ်နှံခွင့်ပြုသွားမည်ဖြစ်ပြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမူခွင့်မပြုကြောင်းဦးတိုးအောင် မြင့်က ဆိုသည်။
“ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေကိုထောက်ပံ့မယ့် လုပ်ငန်းမျိုးတွေ၊ ပြည်တွင်းမှာထုတ်လုပ်တဲ့ လုပ်ငန်းမျိုးတွေ၊ အလုပ်သမားများများစားစားလုပ်ကိုင်ခွင့်ရမယ့် လုပ်ငန်းမျိုးတွေ၊ နောက်ပြီးမဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာလုပ်မယ့် လုပ်ငန်းမျိုးတွေကိုရင်းနှီးမြှုပ်နှံခွင့်ပေးမှာ ဖြစ်ပါတယ် ”ဟု ၄င်းက ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပဲနှမ်းကုန်သည်များအသင်းတို့ ပူးပေါင်းပြီးပဲတီစိမ်းကိုပဲပင်ပေါက်ဖောက်ကာအီးယူသို့လွန်ခဲ့သည့် ၂၀၁၄ခုနှစ်မှ ယနေ့အချိန်ထိဈေးကွက် တစ်ခု အနေဖြင့် တင်ပို့လျက်ရှိသည်။
အီးယူသို့ ကုန်ပစ္စည်းအမျိုးအမယ်အသစ်များတင်ပို့ရန်အတွက် အီးယူအဆင့်အတန်းမီရမည့် ပစ္စည်းမျိုးဖြစ်ရန် လိုအပ်ပြီးလက်ရှိတွင် ရေထွက်ပစ္စည်း၊ အထည်၊ ပဲနှင့် ဆန်ကွဲများကိုအဓိကထားတင်ပို့နေရသည်။
“ဒီပစ္စည်းတွေအပြင် သစ်သီးဝလံတွေကို ထပ်ပို့ဖို့အတွက်လည်းလိုပါတယ်၊ ပစ္စည်းကတော့ ရှိတယ်၊ အဲ့ဒီပစ္စည်းကသူတို့လိုချင်တဲ့ အရည်အသွေးကို ကျွန်တော်တို့ မရောက်သေးပါဘူး၊ အရေးကြီးတာက အီးယူကိုပို့မယ်ဆိုရင် အီးယူအဆင့်ကိုမီရပါမယ် ”ဟု အမြဲတမ်းအတွင်းဝန်က မြန်မာတိုင်း(မ်)ကိုပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိစိုက်ပျိုးထုတ်လုပ်သူများကိုအီးယူရှိ
ကျွမ်းကျင်ပညာရှင်များနှင့်EuroChamမမှအဖွဲ့များပူးပေါင်းပြီးအီးယူ
အဆင့်အတန်းမီစေရန် ထုတ်လုပ်ပြီးမှသာတင်ပို့ရမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ပို့ရန်အတွက်လည်းဈေးကွက်များချိတ်ဆက်ထားပြီးဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ အရေအတွက်များများပို့ဖို့အတွက်ဆိုရင်တော့ ထုတ်လုပ်တဲ့သူတွေကိုကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့အတွက် အများကြီးလိုပါတယ် ” ဟုဦးတိုးအောင်မြင့်က ပြောသည်။
ယခုပြုလုပ်ခဲ့သောMyanmar- EU စီးပွားရေးဖိုရမ်သည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတိုးမြှင့်စေရေန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။