23/05/2026
Succession Planning SOP - ရာထူးဆက်ခံ အုပ်ချုပ်ရေးစနစ် - မီးမလောင်မီ ရေကြိုရှာထားခြင်း
+++++++++++++++++++
"ဒီလုပ်ငန်းကို ကြီးကြပ်ဖို့ ဘယ်သူ့ကို ချန်ထားခဲ့မှာလဲ?"
"ဒီရာထူးကအနားယူရင် ဘယ်သူက ဆက်ခံမှာလဲ?"
"ငါမရှိရင်ဒီလုပ်ငန်း ဘယ်လိုဖြစ်သွားမလဲ?"
ဒီလိုမေးခွန်းများကို စဥ်းစားကြည့်ပါ။
ဒီလိုအခြေအနေကို လူအများစုက စိုးရိမ် ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ဦး မရှိတော့ရင် လုပ်ငန်းဟာ ပျက်သုဉ်းသွားတဲ့အထိ ဖြစ်တတ်တယ်။ ဒီပြဿနာကို ကြိုတင်ကာကွယ်ဖို့ဟာ Succession Planning လို့ခေါ်တဲ့ "ရာထူးဆက်ခံ အုပ်ချုပ်ရေးစနစ်" ပဲဖြစ်ပါတယ်။
.
Succession Planning ဆိုတာ ဘာလဲ?
ဒီစနစ်ဟာ လုပ်ငန်းထဲက အဓိကကျတဲ့ ခေါင်းဆောင်ရာထူးတစ်ခုအတွက် နောက်မျိုးဆက်သစ်ခေါင်းဆောင်တစ်ဦးကို ကြိုတင်ရွေးချယ်၊ ပြင်ဆင်၊ လေ့ကျင့်ပေးထားတဲ့ စနစ်တကျ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
Succession Planning ဘာလို့ အရေးကြီးတာလဲ?
ဥပမာတစ်ခု ကြည့်ရအောင်။
ဆောက်လုပ်ရေးကုမ္ပဏီမှာ စီမံကိန်းမန်နေဂျာရာထူးနဲ့ နှစ် (၂၀) ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးဟာ ရုတ်တရက် ကျန်းမာရေးချွတ်ယွင်းပြီး အလုပ်ပြန်မလုပ်နိုင်တော့ပါ။ သူမရှိချိန်မှာ ကုမ္ပဏီမှာ-
• သူသာသိတဲ့ ပေးရမယ့်စရိတ်၊ ခန့်မှန်းချက်ဆိုင်ရာ အချက်အလက်အရေးကြီးများ ပျောက်ဆုံးသွားခြင်း။
• သူနဲ့အဆင်ပြေနေတဲ့ Supplier များနှင့် ဆက်သွယ်ရေးပြတ်တောက်သွားခြင်း။
• လက်ရှိစီမံကိန်း (၃)ခု နီးပါးသည် ဦးဆောင်သူမဲ့၍ ရပ်တန့်သွားခြင်း။
ဒါဟာ Succession Planning မရှိလို့ ကြုံရတဲ့လက်တွေ့ပြဿနာပါ။ အဓိက ရာထူးရှင်တစ်ဦး ရုတ်တရက်မရှိတော့ရင် လုပ်ငန်းလည်ပတ်မှု အကြီးအကျယ် ရပ်တန့်သွားနိုင်ပါတယ်။
ဒီတော့ ဘယ်လိုစလုပ်မလဲ?အဆင့် ၇ ဆင့် ရှိပါတယ်။
အဆင့် (၁) - အရေးကြီးရာထူးများ ခွဲခြားသတ်မှတ်ပါ
သင့်လုပ်ငန်းအတွက် ဘယ်ရာထူးတွေက အရေးအပါဆုံးလဲဆိုတာ အရင်ဆုံးစဉ်းစားပါ။
· လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်သွားစေနိုင်သည့် ခေါင်းဆောင်ရာထူးများ
· အထူးကျွမ်းကျင်မှုလိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ရာထူးများ
· နှစ်ပေါင်းများစွာ အတွေ့အကြုံရှိမှ ထိထိရောက်ရောက် လုပ်ကိုင်နိုင်သည့် ရာထူးများ
အဆင့် (၂) - ဆက်ခံမည့်သူများ ရွေးချယ်ပါ
လက်ရှိဝန်ထမ်းတွေထဲက အောက်ပါအရည်အချင်းရှိသူများကို ဖော်ထုတ်ပါ:
· သင်ယူလိုစိတ်မြင့်မားသူများ
· ဦးဆောင်မှုစွမ်းရည် အလားအလာရှိသူများ
· ကုမ္ပဏီယဉ်ကျေးမှုနှင့် ကိုက်ညီသူများ
· အခြားသူများ၏ လေးစားမှုရရှိထားသူများ
အဆင့် (၃) - ဦးတည်ချက်ရှိရှိ လေ့ကျင့်ပျိုးထောင်ပေးပါ
ရွေးချယ်ထားသူများအတွက် ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ရေးအစီအစဉ် ရေးဆွဲပါ:
· အားနည်းချက်ကို ဖြည့်ဆည်းပေးတဲ့ သင်တန်းများ
· လက်ရှိခေါင်းဆောင်၏ လက်ထောက်အဖြစ် လေ့လာခွင့်ပေးခြင်း
· တဖြည်းဖြည်းချင်း တာဝန်များ ထမ်းဆောင်ခိုင်းခြင်း
အဆင့် (၄) - လက်တွေ့စမ်းသပ်ခွင့်ပေးပါ
ဆက်ခံမည့်သူကို လက်ရှိခေါင်းဆောင်ရှိချိန်မှာပင် စမ်းသပ်မှုများ ပြုလုပ်ပါ:
· အရေးကြီးဆုံးဖြတ်ချက်များတွင် ပါဝင်ဆုံးဖြတ်ခွင့်ပေးခြင်း
· အဓိကဖောက်သည်များ၊ ပေးသွင်းသူများနှင့် တွေ့ဆုံခွင့်ပေးခြင်း
· အရေးပေါ်အခြေအနေများတွင် ဦးဆောင်ခွင့်ပေးခြင်း
အဆင့် (၅) - ပုံမှန်ပြန်လည်သုံးသပ်ပါ
ရာထူးဆက်ခံရေးအစီအစဉ်ကို ပုံမှန် ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်ပါ:
· ရွေးချယ်ထားသူ၏ တိုးတက်မှုအခြေအနေ စစ်ဆေးခြင်း
· လုပ်ငန်းလိုအပ်ချက်များ ပြောင်းလဲမှုရှိမရှိ ဆန်းစစ်ခြင်း
· ရွေးချယ်ထားသူ၏ စိတ်ပါဝင်စားမှု ရှိမရှိ ပြန်လည်စစ်ဆေးခြင်း
အဆင့် (၆) - ပွင့်လင်းမြင်သာမှုရှိပါ
ရာထူးဆက်ခံရေးအစီအစဉ်ကို လျှို့ဝှက်ခြင်းထက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။
· ရွေးချယ်ထားသောဝန်ထမ်းကို ရှေ့ရေးတိုးတက်မှုအလားအလာကို ရှင်းပြခြင်း
· ဖွံ့ဖြိုးရန်လိုအပ်ချက်များကို တိုင်ပင်ဆွေးနွေးခြင်း
· ရာထူးဆက်ခံမှုလမ်းကြောင်း ရှင်းလင်းစွာသတ်မှတ်ပေးခြင်း
အဆင့် (၇) - အသိပညာလွှဲပြောင်းမှု စနစ်တကျပြုလုပ်ပါ
လက်ရှိခေါင်းဆောင်မှ ဆက်ခံမည့်သူထံ အရေးကြီးအသိပညာများ လွှဲပြောင်းပေးပါ။
· ဆက်ဆံရေးကွန်ယက်များ မိတ်ဆက်ပေးခြင်း
· လုပ်ငန်းလျှို့ဝှက်ချက်များ သင်ကြားပေးခြင်း
· အတွေ့အကြုံများမျှဝေခြင်း
· စာရွက်စာတမ်းများ ပြည့်စုံစွာလွှဲပြောင်းပေးခြင်း
နိဂုံး
Succession Planning ဆိုတာ "မီးမလောင်မီ ရေကြိုရှာထားခြင်း" ပါပဲ။ ဒီစနစ်ကို စနစ်တကျ ချမှတ်ထားခြင်းဖြင့် သင့်လုပ်ငန်းရဲ့ အနာဂတ်ကို အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ဦး မရှိတော့ရင် လုပ်ငန်းပျက်သွားမှာကို စိုးရိမ်နေရမယ့်အစား နောက်ထပ်ခေါင်းဆောင်ကောင်း တစ်ယောက်ရှိပြီးသားဖြစ်အောင် ယနေ့ကတည်းက စတင်လိုက်ပါ။
ဒီတော့ "ငါမရှိရင် ဒီလုပ်ငန်းဘယ်လိုဖြစ်သွားမလဲ" ဆိုတဲ့ စိုးရိမ်ပူပန်မှုကနေ လွတ်မြောက်ပြီး "ငါမရှိလည်း လုပ်ငန်းကောင်းကောင်းဆက်လည်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှုကို တည်ဆောက်လိုက်ပါ။
------
"ဒီဆောင်းပါးက သင့်အတွက် အထောက်အကူဖြစ်မယ်ဟု မျှော်လင့်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ အကြံဥာဏ်များ လိုအပ်ပါက ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။"
Zar Ni Kyaw - Coach & Consultant
Be the Better You.