19/01/2025
ရွှေအလေးချိန်စနစ်ကို တပြေးညီ စတင် ပြောင်းလဲကျင့်သုံးဖို့ စီစဉ်နေ
ဒီဇင်ဘာ ၂၂ - ၂၀၂၄
အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်တွေကို တပြေးညီ ပြောင်းလဲကျင့်သုံးဖို့ စီစဉ်နေတယ်လို့ ဓါတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိရပါတယ်။
စံချိန်စံညွှန်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန်သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲသုံးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ရွှေလုပ်အသင်း တာဝန်ရှိသူက “အဲဒါက သယံဇာတနဲ့ သတ္တုတွင်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာ (၀၅၅/၂၀၂၄) ပေါ့။ အဲဒါနဲ့အညီပဲ အလေးချိန်တွေပြောင်းမယ်၊ တွက်နည်းတွေပြောင်းမယ်၊ အကုန်လုံး ပုံစံတမျိုးတည်း ဖြစ်သွားမယ်ပေါ့။ စံချိန်စံညွှန်း ပြည့်တဲ့ဟာမှ ဈေးကွက်ထဲမှာ ရောင်းရမယ်။ အဲဒါမျိုး အကုန်လုံးကြေညာထားပါတယ်” လို့ ပြောပါတယ်။
ရွှေအလေးချိန်နဲ့ ပတ်သက်ပြီး တပြေးညီ အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေချိန်မှာ ပြောင်းပြီးသား ချိန်ခွင်တွေ လိုအပ်လို့ဖြစ်စေ၊ မပြောင်းရသေးတာကို ပြောင်းချင်လို့ဖြစ်စေ၊ လိုအပ်ချက်တွေကို ပြုလုပ်ပေးနိုင်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက ရွှေအလေးချိန်စနစ် ပြောင်းတာကို လုပ်တော့လုပ်နေကြပြီ။ ချိန်ခွင်တွေမှာပါတဲ့ ဆော့ဖ်ဝဲတွေ ပြောင်းနေကြတာပေါ့။ ဒီ အလေးချိန်လေးတွေ ဆိုတာကလည်း အရင်ကတည်းက သတ်မှတ်ချက်တွေ ရှိပြီးသားလေ။ အခုမှ အကောင်အထည် ပြန်ပြီးတော့ ဖော်ကြတာဖြစ်တယ်။ စံချိန်စံညွှန်းတွေ ညီသွားရင်တော့ ပြည်ပကို ရောင်းရတာလည်း လွယ်ကူသွားမှာပါ” လို့ ရွှေအသင်း တာဝန်ရှိသူက ပြောပါတယ်။
အလေးချိန် စံချိန်၊ စံညွှန်းသတ်မှတ်ချက်တွေကို တလအတွင်းမှာ တပြေးညီ ပြောင်းလဲသွားနိုင်ဖို့ ပြင်ဆင်သွားမှာဖြစ်တာကြောင့် လာမယ့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်း ဝန်းကျင်လောက်ကစပြီး စတင်ဆောင်ရွက်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
အခုလို ရွှေအလေးချိန်စနစ် ပြောင်းလဲတာနဲ့ပတ်သက်လို့ ရွှေလုပ်ငန်းရှင်တယောက်တော့ ဒီ ရွှေတကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် ဆိုတာဟာ အစိုးရက ဟိုးအရင်ကတည်းက သတ်မှတ်ပြီးသားဖြစ်သလို ပြင်ပလောကရဲ့ ၁၆ ဒသမ ၆၀၆ ဂရမ် ဆိုတာဟာလည်း အစဉ်အလာလို ဖြစ်နေပြီးသား ဖြစ်တဲ့အတွက် ဒီသတ်မှတ်ချက်နှစ်ခုကို ပြန်လည် ညှိယူတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။
“ဒါနဲ့ပတ်သက်လို့ ဈေးကွက်ကတော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။ ရွှေဈေးလေးတွေတော့ တကျပ်သားကို နှစ်ရွေးလောက် သက်သာသွားမှာပေါ့လေ။ ရွှေဈေးသက်သာပြီး ရွှေက အပြည့်ရတာမျိုးမဟုတ်ဘူး ဖြစ်သွားမယ်။ အခုရွှေဈေးက ၆၁ သိန်း ဆိုကြပါစို့။ အဲဒီတော့ တကျပ်သားဝယ်ရင် ၆၁ သိန်း၊ ၁၆ ဒသမ ၆၀၆ ဂရမ် ရတာပေါ့။ သူတို့ပြင်လိုက်မယ်ဆိုရင် တကျပ်သားကို သိန်း ၆၀ ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်ပဲ ရတော့မှာပေါ့လေ။ အဲဒီတော့ ဝယ်သူအတွက်ကတော့ နစ်နာတယ်၊ မနစ်ဘူးဆိုတာ မရှိဘူး၊ အတူတူပဲ။ ပေးရတဲ့ငွေနဲ့ တန်တဲ့ရွှေ ပြန်ရမှာပဲ” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ရွှေပြန်ရောင်းမယ့်သူတွေအတွက် အထူး သတိပြုရမယ့် အချက်ကတော့ ရွှေတဆယ်သား ပြန်ရောင်းမယ်ဆိုရင် ချိန်ခွင် အလေးချိန် ပြောင်းသွားတဲ့အတွက် သူ့ရဲ့ရွှေက တဆယ်သားနဲ့ နှစ်ပဲကျော်ကျော် ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
“ဒါလေးတွေကို သိထားဖို့လိုတယ်။ မသိလို့ရှိရင် ဝယ်တဲ့သူက ရွှေတဆယ်သားကို တဆယ်သားအတိုင်း တွက်ပြီး ဝယ်လိုက်လို့ရှိရင် အများကြီး နစ်နာသွားနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အခုလို ရွှေအလေးချိန်စနစ် ပြင်ဆင်မယ်ဆိုရင် အရင်စက်တွေက အလေးချိန်သတ်မှတ်ချက် တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ဒါကိုပြောင်းလဲဖို့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ပြင်ဆင်စရိတ် ကျပ် တသိန်းကျော် ကုန်ကျမှာဖြစ်ပြီး ကုမ္ပဏီမရှိတဲ့ စက်တွေကတော့ ပြင်လို့မရနိုင်ဘူးလို့ သူက ပြောပါတယ်။
“တချို့ကျတော့လည်း စက်အသစ်တွေ သွင်းကြမယ်ပေါ့။ ကုန်ကျစရိတ်တွေကတော့ အထိုက်အလျောက် ရှိလာနိုင်တယ်။ ကျွန်တော်တို့ ရွှေဆိုင်တွေအတွက် အဆင်ပြေနိုင်သလားဆိုတော့ မလုပ်ရင်တော့ ပိုကောင်းတာပေါ့။ ပြင်လိုက်တော့လည်း ပြင်လိုက်တဲ့အတိုင်းရအောင် လိုက်လုပ်ရမှာပေါ့။ အားလုံးကတော့ စိတ်ညစ်နေကြတာပေါ့။ အလုပ်တွေရှုပ်မယ်၊ ချိန်ခွင်တွေပြင်ရမယ်၊ တဆိုင်လုံးရှိသမျှပစ္စည်းတွေ ပြန်ပြင်ရမယ်၊ အလုပ်ရှုပ်တာပေါ့။ ကျန်တာကတော့ ထူးထူးထွေထွေ မရှိပါဘူး” လို့ သူက ပြောပါတယ်။
မန္တလေးမြို့က ရွှေလုပ်ငန်းရှင်တယောက်ကတော့ အခုလို ရွှေအလေးချိန်စနစ် ပြောင်းလဲလိုက်မယ်ဆိုရင် လက်ရှိ တနိုင်ငံလုံး အသုံးပြုနေရတဲ့ ဒီဂျစ်တယ်ချိန်ခွင်တွေအကုန် ဆော့ဖ်ဝဲပြန်ပြောင်းရမှာဖြစ်တာကြာင့် ချိန်ခွင်တလုံးကိုလဲရင် ကျပ် တသိန်းနှစ်သောင်းလောက် ကုန်ကျမှာဖြစ်တဲ့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ဆို ကုန်ကျစရိတ် များစွာ ရှိလာနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ အသုံးအများဆုံးက AD တံဆိပ် ချိန်ခွင်တွေဖြစ်ပြီး အဲဒီချိန်ခွင်တွေကို နိုင်ငံခြားကနေ တင်သွင်းရတာဖြစ်ကာ တနိုင်ငံလုံးမှာ အလုံးရေ သိန်းနဲ့ချီ ရှိနေတာကြောင့် ဒေါ်လာများစွာ တိုင်းပြည်ထဲက ထွက်သွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။
ရန်ကုန်တိုင်း ရွှေအသင်းကတော့ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ ညီမျှတဲ့ ကျပ်၊ ပဲ၊ ရွေး စနစ် ပြောင်းလဲထားတဲ့ ရွှေချိန်စက်တွေ ဝယ်ယူနိုင်ပြီး ၁၅ ရာခိုင်နှုန်းအထိ Discount ရရှိနိုင်ကာ ဝယ်ယူလိုပါက ဖုန်းနံပါတ် ၀၉၅၅၇၇၁၂၃ နဲ့ ၀၉၅၅၉၉၁၂၃ တို့ကို ဆက်သွယ် မေးမြန်းနိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။
VOM