18/12/2025
ယနေ့ခေတ်တွင် Social Media ပေါ်၌ အစားအသောက် Review များနှင့် Vlog များ ခေတ်စားလာသည်မှာ ဝမ်းမြောက်စရာ ကောင်းပါသည်။ Social Media များ၏ သက်ရောက်မှုသည် အလွန်ကြီးမားလာပြီး စားသောက်ကုန်လုပ်ငန်းများသို့ အချို့သော Media လုပ်ငန်းများမှ သွား ရောက်ရိုက်ကူးကာ Social media platform ပေါ်တွင် မျှဝေခြင်းများ မကြာခဏတွေ့ရှိရပါသည်။ Media ရိုက်ကူးမှုသည် လုပ်ငန်းအတွက် စားသုံးသူ၏ ယုံကြည်မှု စစ်ဆေးသည့် ပုံရိပ်တင် မှန်တစ်ချပ် ဖြစ်သလို လူသိများလာပြီး ဈေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းများကိုလည်း ရရှိနိုင်ပါသည်။
သို့ပေသိ Social Media လွှမ်းမိုးမှုသည် စားသောက်ကုန်လုပ်ငန်းများအတွက် နှစ်ဖက်ချွန် ဓားသဖွယ် ဖြစ်နေသည်ကိုလည်း မမေ့သင့်ပါဘူး။ Media ရိုက်ကူးတင်ဆက်မှုကြောင့် တစ်ဖက်တွင် အခမဲ့ ကြော်ငြာရရှိကာ ဈေးကွက်ချဲ့ထွင်နိုင်သော်လည်း၊ အခြားတစ်ဖက်တွင် မိမိလုပ်ငန်း၏ အားနည်းချက်များ၊ အထူးသဖြင့် အစားအသောက် ဘေးကင်းလုံခြုံမှု (Food Safety) နှင့် သက်ဆိုင်သောကိစ္စများ၊ သန့်ရှင်းမှုအားနည်းချက်များကို အများပြည်သူ မြင်တွေ့သွားနိုင်ပါသည်။ ထိုအပြင် Media ရိုက်ကူး တင်ဆက်မှုသည် လုပ်ငန်း၏ သန့်ရှင်းမှုနှင့် Food Safety စံနှုန်းများအပေါ် အခြေခံကာ လူထု၏ တရားစီရင်မှုကို ခံယူရခြင်းလည်း ဖြစ်ပါသည်။ ဒါကို သတိပြုသင့်ပါသည်။
ဒါက ဘာကြောင့် ဖြစ်ရတာလဲဆိုရင် ရိုက်ကူးသည့် Media များတွင် Food Safety နှင့် သက်ဆိုင်သော ဗဟုသုတ နည်းပါးခြင်း၊ ရိုက်ကူးခံရသည့် လုပ်ငန်းများတွင် Good Hygiene Practices (GHP) နှင့် Good Manufacturing Practices (GMP) တို့ကို မသိရှိခြင်း၊ နားမလည်ခြင်း၊ လိုက်နာမှု အားနည်းခြင်းတို့ကြောင့် ဗီဒီယိုတစ်ခု တင်လိုက်သည်နှင့် တစ်ပြိုင်နက် အများပြည်သူ၏ ဝေဖန်မှုကို မုန်တိုင်းသဖွယ် ရင်ဆိုင်ရပြီး လုပ်ငန်း၏ နာမည်ကောင်းသတင်းသည် ရုတ်တရက် ဆိုသလို ပျက်စီးဆုံးရှုံးသွားနိုင်ပါသည်။ နှစ်ပေါင်းများစွာ တည်ထောင်လာသော အမှတ်တံဆိပ်တခု၊ နာမည်ကောင်းတခုသည် ရိုက်ကူးတင်ဆက်လိုက်သော Video တခုကြောင့် မိနစ်အနည်းငယ် အတွင်း ပျောက်ဆုံးသွားနိုင်ပါသည်။
ရိုက်ကူးတင်ဆက်သူ မီဒီယာသမားများသည် စားသုံးသူများအတွက် သတင်းအချက်အလက် ပေးပို့သူများ ဖြစ်သလို၊ လုပ်ငန်းရှင်များ၏ ပုံရိပ်ကို ဖော်ဆောင်ပေးသူများလည်း ဖြစ်တယ်ဆိုတာလဲ မမေ့သင့်ပါဘူး။ Media သမားများအနေဖြင့် ကြည့်ရှုသူ အရေအတွက် (Views) ကိုသာ ဦးစားပေးမည့်အစား အစာကွင်းဆက်တွင်ပါဝင်သူ တစ်ဦးအနေဖြင့် တာဝန်ယူမှုရှိရန် လိုအပ်ပါသည်။
ရိုက်ကူးတင်ဆက်သူသည် အစာဘေးကင်းရေးနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ အခြေခံ သန့်ရှင်းမှု စံနှုန်းများကို သိရှိနားလည်ရန် လိုအပ်ပါသည်။ ရိုက်ကူးနေစဉ်အတွင်း Food Safety စံနှုန်းများ၊ မသင့်လျော်သော အပြုအမှုများ ပြုလုပ်ချိုးဖောက်နေသည်ကို တွေ့ရှိပါက ထိုရိုက်ကူး မှုကို ဆက်လက်မလုပ်ဆောင်ဘဲ လုပ်ငန်းရှင်အား ပြုပြင်ရန် လိုအပ်ကြောင်း ပြောကြား သင့် ပါသည်။ ဘယ်လို မသင့်လျော်သော အပြုအမှုများပါဘဲ။ အစာကို လက်အိတ်မပါဘဲ ကိုင်တွယ်ခြင်း၊ အစာပေါ်တွင် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ဝန်ထမ်းများသည် လိုအပ်သော အကာအကွယ် ဝတ်စုံများ (ဉပမာ - ခေါင်းစွပ်၊ ပါးစပ်စည်း၊ လက်အိတ်)၊ ဝတ်ဆင်ထားမှု မရှိခြင်း၊ ညစ်ပေသော ဝတ်စုံများကို ဝတ်ဆင်ထားခြင်း၊ အစာပြင်ဆင်ထုတ်လုပ်ရာနေရာသည် ညစ်ပေနေခြင်း၊ သန့်ရှင်းမှု အားနည်းခြင်းတို့ ဖြစ်ပါသည်။ ထို့အရာများသည် အကြောင်းအချက် တချို့သာ ဖြစ်ပါသည်။ ဒါလည်းသိမှ ပြောလို့ရမှာပါ။ မသိဘဲနဲ့ မပြောနိုင်ပါဘူး။ ဒါကြောင့် ရိုက်ကူးတင်ဆက်သူများ အနေဖြင့် Food Safetyကို သိဖို့လိုအပ်တယ်လို့ ဆိုလိုတာပါ။
Media များအနေဖြင့် အစာဘေးကင်းရေးနှင့် မကိုက်ညီသောအရာများကို အများပြည်သူသို့ ထုတ်လွှင့်ခြင်းသည် လူထု၏ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် ပုံရိပ်များ ဖြန့်ဝေရာ ရောက်ပါသည်။ ထို့ကြောင့် စားသောက်ကုန်လုပ်ငန်းများကို ရိုက်ကူးသောအခါ အခြားသော ရိုက်ကူးမှုမျိုးထက် မည်သို့ စနစ်တကျ ထုတ်လုပ်သည်၊ မည်သို့ သန့်ရှင်းရေးလုပ်သည် စသည့် GHP/GMP ဆိုင်ရာ အလေ့အကျင့်ကောင်းများကိုပါ မီးမောင်းထိုးပြ တင်ဆက်ခြင်းဖြင့် အခြား လုပ်ငန်းများအတွက်ပါ စံနမူနာကောင်း ဖြစ်စေရပါမည်။ ထိုမှသာ မိမိ ရိုက်ကူးတင်ဆက်ပေးသော လုပ်ငန်း၏ နာမည် ဂုဏ်သတင်းကျော်ဇောမှုကို မြှင့်တင်ပေးရာရောက်ပြီး လူအများ ယုံကြည် စိတ်ချစွာ စားသုံးနိုင်မှာ ဖြစ်ပါသည်။ ထိုသိုမဟုတ်ဘဲ Food Safety၊ GMP၊ GHP ကို မနားလည်ဘဲ ရိုက်ကူးတင်ဆက်ခြင်းသည် လုပ်ငန်းရှင်များ၏ နာမည် ကျဆင်းစေပြီး အသက်မွေး ဝမ်းကျောင်း ကိုပါ ထိခိုက်စေနိုင်ပါတယ်။
စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း Media ရိုက်ကူးမှုသည် “အခမဲ့ ကြော်ငြာ” ဟု မမြင်ဘဲ လုပ်ငန်းခွင်တခုလုံးကို အများပြည်သူသို့ ပွင့်လင်းစွာ ပြသသည့် “အများပြည်သူ စစ်ဆေးရေး” လုပ်ငန်းစဉ်အဖြစ် သိရှိထားရပါမည်။
မိမိထုတ်ကုန်သည် အရသာ မည်မျှပင် ကောင်းမွန်နေပါစေ သန့်ရှင်းမှုအားနည်းပါက Social media ပေါ်တွင် နာမည်ပျက်သွားရန် မိနစ်ပိုင်းသာ လိုပါသည်။ ရိုက်ကူးမှု မပြုလုပ်ခင် သန့်ရှင်းရေး ပြုလုပ်ထားသင့်သည်။ လုပ်ငန်းရှိ အရာရာတိုင်းသည် ကင်မရာအတွက် အသင့်ဖြစ်နေရမည်။ Media သမား၏ ကင်မရာမှန်အောက်မှာ မိမိ စားသောက်ကုန်လုပ်ငန်းသည် လူထုစစ်ဆေးမှုကို မကျော်နိုင် ပါက နာမည်ကောင်း ပျက်စီးသွားမည်ကို သတိပြုသင့်သည်။
နောက် မိမိတို့လုပ်ငန်းသည် မည်သည့်စနစ်ကို ထူထောင်ထားရှိကြောင်း၊ လိုက်နာကြောင်း ချပြနိုင်လေ ကောင်းလေ ဖြစ်ပါသည်။ ဉပမာအားဖြင့် GMP, GHP, HACCP, ISO 22000, FSSC 22000 အစရှိသော စံနှုန်းများ ဖြစ်ပါသည်။ စနစ်တကျ လုပ်ဆောင်နေကြောင်း ဖော်ပြနိုင်မှသာ စားသုံးသူ၏ ယုံကြည်မှုကို ရယူနိုင်မည်ဖြစ်သည်။
နောက်ဆုံးပိတ်အနေဖြင့် Growth with Together ဆိုသလို Media နှင့် စားသောက်ကုန် လုပ်ငန်းရှင်များကြားတွင် စားသုံးသူ၏ ယုံကြည်မှုကို တည်ဆောက်ရန်အတွက် ဘုံပန်းတိုင်တစ်ခု ရှိပါသည်။ ထိုဘုံပန်းတိုင်မှာ ဘေးကင်းသော အစားအသောက်များပင် ဖြစ်သည်။
Media များက တာဝန်ယူမှုရှိစွာ၊ တက်ကျွမ်းနားလည်စွာ တင်ဆက်ပေးခြင်း၊ လုပ်ငန်းရှင်များက စနစ်တကျ ပြင်ဆင် ထိန်းသိမ်းခြင်းဖြင့် နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ မှတစ်ဆင့် စားသောက်ကုန် ကဏ္ဍသည် ပိုမိုအရည်အသွေး ပြည့်ဝလာမည်ဟု ယုံကြည်စွာဖြင့် တင်ပြလိုက်ရပါသည်။