Forex Trading , Investment & Financial Solutions

Forex Trading , Investment & Financial Solutions Forex Trading, Investment & Financial services

J-Coins,Electronic tokens & payment method For Business Development
(1)

:)
05/07/2017

:)

Business Plan တစ်ခုကို ဘယ်လိုရေးရမလည်း?
(2017 June Updated)

1. Vision
2. Mission
3. Company
4. Customers
5. Channel
6. Competitors
7. Positioning map
8. External Business Environment Analysis
9. Internal Business Analysis
10. Strategy Formulation
11. Organizational Structure
12. Strategic implementation
13. Financial Projections
14. Action Plan
15. Contingency plan

=============
1. Vision အမြင်
=============
ကိုယ်.စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။ ဥပမာ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ အခုဆိုရင် Microsoft Vision အတိုင်း ဖြစ်လာတာ ကျွန်တော်တို.တွေ မငြင်းနိုင်ပါဘူး။
Vision တစ်ခုရေးတဲ.အခါ

✍️အနာဂတ် ငါးနှစ်နဲ. ဆယ်နှစ်ကြားကို အာရုံထားရမယ်။

✍️️ကြီးကြီးတွေးပါ။ အောင်မြင်မှုကို အာရုံစိုက်ထားပါ။

✍️️ပစ္စုပ္ဗန်မှာ ဖြစ်နေသကဲ.သို.ရေးပါ။ လိမ်.မယ်ဆိုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။

✍️️ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။

✍️️စိတ်ခံစားမှုပါ ဖြစ်နိုင်ရင်ထည်.ရေးပါ။

✍️️ဦးနှောက်တွင်ပုံဖော်ကြည်.ပါ။

✍️️ကိုယ်.ဝန်ထမ်းတွေကို ပြောပါ။

✍️️ကျွန်တော်တို. Vision ကို အကောင်ထည်ဖော်ဖို. လိုအပ်တဲ. resources တွေစုဆောင်းပါ။

===========
2. Mission
===========

စီးပွားရေးအများစုဟာ ကိုယ်.အတွက်ကိုယ်ကို အရင်ကြည်.ကြပါတယ်။ ဒါပေမယ်. လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ်. ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။
Mission ဆိုတာကတော. သမိုင်းပေးတာဝန်ပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုက Alibaba ကို တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။
စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ.အခါ ငါ.ဖို.ဘဲ ကြည်.တာထက် ကိုယ်ဘာကြောင်.စီးပွားရေး လုပ်နေတယ်ဆိုတဲ. Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်သေပါတယ်။
Mission တစ်ခုကို ဘာတွေထည်.ရေးရမလည်း?

1. Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင်.စီးပွားရေးလုပ်လည်းဆိုတဲ. ရည်ရွယ်ချက်။
2. ကိုယ်.ဖို.မဟုတ်။ ကိုယ်. customer သို. ပတ်ဝန်းကျင်အတွက်ပါ။
3. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။
Vision Vs Mission
-Vision က ကိုယ်သွားချင်တဲ. လမ်းကြောင်းပါ။ ဥပမာ Y.E.C Learning Center သည် မြန်မာနို်င်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်းကြောင်းတစ်ခုဖြစ်ရမည်။ Mission က သူများအတွက်ပါ။ Transforming LIves Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

====================
3. Company (Core Values)
====================

Vision နဲ. Mission ပြီးသွားရင် Core Values လို.ခေါ်တဲ. Company အတွက် အရေးအကြီးဆုံး တန်ဖိုးထားမှုတွေကို သတ်မှတ်ပေးရပါတယ်။ ဥပမာ Buddhism မှာ ငါးပါးသီလ ဟာ အရေးကြီးဆုံးဖြစ်သလို Company တစ်ခု မှာ စောင်.ထိန်းရမည်. ကျင်.ဝတ်တွေ ကို သတ်မှတ်ရပါတယ်။ Japan တွေကတော. Core Value အစား Credo လို.ခေါ်ပါတယ်။ ဥပမာ Customer Service မှာ စံထားကြတဲ. Zappos ရဲ.အောင်မြင်မှုဟာ Core Values ကြောင်.ဖြစ်တယ်လို.ပြောကြပါတယ်။ မြန်မာပြည်ဖွား အမေရိကားမှာ President Obama ပေးခဲ.တဲ. စွန်.ဦးတီထွင်ဆုရခဲ.တဲ. ကို Philip Maung ကလည်း သူ. Company ကို အောင်မြင်စေတဲ.ထဲမှာ Core Values ဟာ အရေးကြီးဆုံးထဲပါဝင်တယ်လို.ဆိုပါတယ်။ ကို Philip Maung ဟာ $13 မှ ဒေါ်လာ သန်း 50 ကျော် Business တစ်ခုဖြစ်တဲ. Hisso Sushi ကိုတည်ထောင်နိုင်ခဲ.ပါတယ်။

အောက်ပါ အချက်များကတော. Core Values နဲ. ပတ်သက်လို. ဦး Philip Maung ရဲ. Talk မှ ကောက်နှုတ်ထားတာဖြစ်ပါတယ်။

" ကုမ္ပဏီ နှစ်မျိုးရှိပါတယ်... ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီပေါ့...။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့"
" နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘဝနဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ် "
ဟုဆိုသည်။�•••

#ကုမ္ပဏီရဲ့_CoreValue
ထိုအချိန်ကစပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှုဖြစ်သော Core Value သတ်မှတ်ရန် စတင်ခဲ့သည်။ ထိုသို့ သတ်မှတ်ရန်အတွက် သူ့ဝန်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံ ဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ၀န်ထမ်းအားလုံးမှ အဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။
" Value ကို ဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာ All Inclusive ပါဝင်ရမယ် ဆုံးဖြတ်တဲ့အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံးဝင်တယ်"
ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ့ ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ့ ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။
သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ့ ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။

နံပါတ် ၁ Core Value နှင့်ပတ်သက်၍ အခုလိုရှင်းပြခဲ့သည်။

" စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မူ့ ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့က အစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပါတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။ အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
" အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပါတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။
"အစပိုင်း ၁၀ နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့ အမျှအဆင်ပြေလာတယ်။ သူတို့ဆီက အကြံဉာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့အချက်ပဲ"
အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်ဝန်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team work ကို အလေးထားစေခြင်း တို့ ဖြစ်သည်။
"၀န်ထမ်းတွေကို မန်နေဂျာပုံစံမျိုး မဟုတ်ပဲနဲ့ Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့ လုပ်တာ မဟုတ်ဘူး ကိုယ်ကိုတိုင်က လုပ်ချင်လို့ လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ"
ဟု ဦးဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်း က သုံးသပ်သည်။

Company (Identity)

Core Values အပြင်စဉ်းစားရမည်.အရာနောက်တစ်ခုက ကိုယ်. Company က ဘာလုပ်ငန်းလုပ်ကိုင်မှာလည်း ဆိုတာ ဖြစ်ပါတယ်။ Identity အင်မတန်အရေးကြီးပါတယ်။ Apple လို.ပြောလိုက်တာနဲ. Consumer Electronics တွေ ထုတ်လုပ်တယ်ဆိုတာ သိပါတယ်။ Tony Robbins လို.ပြောလိုက်တာနဲ. Motivational Speaker ဆိုတာ သိပါတယ်။ အောင်သမာဓိလို.ပြောလိုက်တာနဲ. ရွှေနှင်. လက်ဝတ်ရတနာ ရောင်းဝယ်ရေးဆိုတာသိပါတယ်။ ဒါကြောင်. လုပ်ငန်းတစ်ခု စလုပ်တဲ.အခါ ကိုယ်. Company နဲ. လုပ်ငန်းနဲ. တွဲမှတ်မိဖို.အဓိက ကျပါတယ်။ Company အောင်မြင်မှ နောက်လုပ်ငန်းချဲ.ပါ။ ဥပမာ KBZ ဆိုရင် လူအားလုံးတွဲမြင်တာ Bank ပါ။ နောက်မှ အာမခံလုပ်ငန်း၊ ဘိလပ်မြေ၊ လေကြောင်းလိုင်းချဲ.တာပါ။ ကိုယ်.ရဲ. Company ရဲ. Identity ကို သေချာသတ်မှတ်ဖို.အရေးကြီးပါတယ်။

===========
4. Customers
===========

မေးခွန်းသုံးခု နဲ. မေးနိုင်ပါတယ်။
တခါတလေ မေးခွန်းတွေက အဖြေဖြစ်တတ်ပါတယ်။ မေးခွန်းကောင်းတွေကနေ အဖြေကောင်းတွေရတတ်ပါတယ်။ ဒါတွေကတော. ကျွန်တော်မေးလေ.ရှိသော မေးခွန်းသုံးခုဖြစ်ပါတယ်။
-Who are your customers?
သင်. Customer တွေကဘယ်သူတွေလည်း?

လွယ်ပါတယ်။ ဒါပေမယ်. ပြောသလောက်မလွယ်ပါဘူး။ Coca Cola လိုမျိုး နှစ်ပေါင်းတစ်ရာကျော်ပြီး Company အတွက် Who are your customers? ဆိုရာမှာ လူကြီးကလေး လူတိုင်းဖြစ်နိုင်ပေမယ်. ဈေးကွက်စဝင်မည်. Company တွေအတွက် Target ကို အများကြီးဖြန်.လို.မရပါဘူး။ ဈေးကွက်စရာမှာ စစ်မျက်နှာပြင်တွေ အများကြီးဖွင်.ရင် ဟစ်တလာလိုဖြစ်တတ်ပါတယ်။ဥပမာ Y.E.C Learning Center ရဲ. Customers (Students) တွေရဲ. 90% ဟာ Working Professionals တွေဖြစ်ပါတယ်။ဒီတစ်ဆင်. (Target Market) အာင်မြင်မှ နောက်တစ်ဆင်. ဖြစ်တဲ. SAM (Served Available Market) နဲ. TAM (Total Market) ကိုသွားသင်.ပါတယ်။
-ဘာကြောင်. ဒီ Product ကို ဝယ်ဖို.လိုတာလည်း ?

စီးပွားရေးလုပ်ငန်းမှာ Do or Die မဟုတ်ပါဘူး။ Differentiate or Die ပါ။ စီးပွားရေးလုပ်ငန်းတွေ ကျရှုံးရတဲ. နံပတ်တစ်တရားခံဟာ Me Too Products တွေကြောင်.ပါ။ ဒါကြောင်. နောက်တစ်ဆင်.ကတော. ဘာကြောင်. တခြား Business တွေဆီမှာ မဝယ်ဘဲ ကိုယ်.ဆီမှာ ဝယ်ရတာလည်းဆိုတဲ. မေးခွန်းကို မေးဖို.လိုပါတယ်။

Dr. Phyo Paing (Chief Master Trainer & Serial Entrepreneur)

=====================
PEST analysis ကို အဆင့် ၅ ဆင့်နဲ ဘယ်လိုဆောင်ရွက်မလဲ။ (External Environment Analysis)

----------------------------------------------------------------------

စက်ရုံအတွင်းလုပ်ဆောင်နေတဲ့ ဓလေ့တွေက company တစ်ခုအောင်မြင်ဖို့ အများကြီးအရေးပါသလို အပြင်ကအကြောင်းအရာတွေကလည်း အရေးကြီးတယ်။ ဒီအကြောင်းအရာအချက်အလက်တွေက ကိုယ့်စီးပွားရေးရဲ့ ဘယ်လိုနေရာတွေမှာအရေးပါနေသလဲဆိုတာကိုတော့ PEST (Political, Economic, Social and Technological) Analysis နဲ့လေ့လာသုံးသပ်လို့ရတယ်။

၁) PEST ကိုနားလည်ပါ။

PEST analysis ကိုလုပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ တစ်ခုချင်းဆီရဲ့ အဓိပါယ်ကို ကောင်းကောင်နားလည်ထားရမယ်။

**POLITICAL **
ဒါကတော့ အစိုးရချမှတ်ထားတဲ့ တရားဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေက Business တစ်ခုကို အမြတ်ရစေနိုင်လား၊ အောင်မြင်စေနိုင်ရဲ့လားဆိုတာကို ဆန်းစစ်တာ။ နိုင်ငံရေးတည်ငြိမ်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာဥပဒေတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာဥပဒေတွေကို လေ့လာဆန်းစစ်ရပါမယ်။

**ECONOMIC**
စီးပွားရေးတိုးတက်နှုန်း၊ အတိုးနှုန်း၊ ငွေကြေးဖောင်းပွနှုန်း၊ နိုင်ငံရဲ့စီးပွားရေးသံသရာလည်နေပုံတွေကို လေ့လာထားရမယ်။

**SOCIAL**
ဒါကတော့ ကိုယ့် Business က ဈေးကွက်ထဲမှာဝင်ပြိးယှဉ်နိုင်၊မယှဉ်နိုင်သိရဖို့ နေရာဒေသတွေ ယဉ်ကျေးမှုတွေကို လေ့လာဆန်းစစ်တာပါ။ Customer တွေရဲ့ လိုအပ်ချက်တွေ နဲ့ သူတို့ဝယ်သင့်တဲ့ အကြောင်းအရင်းတွေပါဝင်မယ်။ အသက်အရွယ်၊ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ ပညာအရေအချင်း ဆိုင်ရာအချက်အလက်တွေကိုထည့်စဉ်းစားရမယ်။

**TECHNOLOGICAL**
Product ကို ဈေးကွက်ဆီအရောက်ပို့ဖို့ နည်းလမ်းတွေလေ့လာတာပါ။ နည်းပညာ အဆင့်မြှင့်တာက Product ထုတ်လုပ်မှုကိုအဆင်မြှင့်စေသလို ဈေးကွက်ထဲဝင်ရောက်ဖို့လည်း လွယ်ကူစေတယ်။ ဒါကြောင့် အစိုးရရဲ့နည်းပညာအပေါ်အသုံးစရိတ်၊ နည်းပညာအဆင့်မြှင့်မှု၊ အင်တာနက်နဲ့ အပြောင်းအလဲတွေကိုပါ လေ့လာဆန်းစစ်ထားဖို့လိုမယ်။

၂) လိုအပ်မဲ့ အချက်အလက်တွေကို စုစည်းထားပါ။

ကိုယ့် Business နဲ့ဆိုင်မဲ့ အပြင်ကသတင်းအချက်အလက်တွေကို တတ်နိုင်သမျှစုစည်းထားပါ။ တချို့သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာရှာလို့ရသလို၊ တချို့ကိုတော့ကိုယ်တိုင်လည်းသုသေသနလုပ်ဖို့လိုမယ်။

၃) အခွင့်အရေးတွေကို ဆန်းစစ်ပါ။

လိုအပ်တဲ့အချက်အလက်တွေအားလုံးကို စုဆောင်းထားပြီးပြီဆိုရင် ဒီအပြောင်းအလဲတွေက ကိုယ့်အတွက်ဘယ်လိုအခွင့်အရေးမျိုးတွေကိုယူဆောင်လာပေးနိုင်တယ်ဆိုတာကို လေ့လာပါ။ ဥပမာ ဒါတွေက ကိုယ် Product တစ်ခုအသစ်ထုတ်ဖို့ လွယ်ကူစေသလား။

၎) ခြိမ်းခြောက်လာနိုင်မဲ့အရာတွေကို လေ့လာပါ။

အပြောင်းအလဲကယူဆောင်လာမဲ့ အခွင့်အလမ်းတွေကိုလေ့လာဖို့လိုသလို ကိုယ့်ကိုခြိမ်းခြောက်လာနိုင်မဲ့ အရာတွေကိုလည်း ဆန်းစစ်ထားရမယ်။ ဒီလိုလုပ်တာက ကိုယ့်အတွက် ပြဿ နာတွေလျော့နည်းသွားစေမယ်။ ဥပမာပြောရရင် ကိုယ်သွားနေတဲ့ Market က ထိုးကျတော့မယ်ဆိုတာသိရင် တခြားနေရာတွေမှာဈေးကွက်ဖောက်ဖို့ ကြိုပြင်ဆင်ထားလို့ရတာပေါ့။

၅) လက်တွေ့အကောင်အထည်ဖော်ပါ။

အခွင့်အလမ်းတွေကို လေ့လာဆန်းစစ်ပြီးပြီဆိုရင် ဒါတွေကို Business Plan ထဲထည့်ပြီ အသုံးချဖို့ အချိန်ကျပြီ။ Risk တွေရှိတယ်ဆိုရင်လည်း ကိုယ်နဲ့သင့်လျော်မဲ့ဟာတွေကိုလုပ်ပြီး Risk ကိုရှင်းထုတ်ဖို့၊ မရှင်းထုတ်နိုင်ရင်တောင်လျော့ချဖို့ကြိုးစားပါ။

အပေါ်မှာရှင်းပြထားတဲ့အတိုင်းလုပ်မယ်ဆိုရင် သင့် Business အတွက် PEST Analysis ကို ကောင်းကောင်းမွန်မွန်လုပ်နိုင်မှာပါ။

Mohoam

========================
ဆရာကောင်းလွန်းရေးသားတဲ့ Porter's 5 Forces
(Industrial Analysis - External Business Environment Analysis တွင်ပါဝင်သည်။)
========================

Poter’s 5 Forces သီအိုရီ နဲ့ စားသောက်ဆိုင်
လက်မလည်အောင် ရောင်းကောင်းနေတဲ့ စားသောက်ဆိုင်မှာ ပြသနာမရှိဘူး လို့ ထင်ရင် မှားမှာပေါ့ဗျာ..။ ဝင်ငွေ ကောင်းနေတိုင်း စိုပြေပြည့်စုံနေတာ မဟုတ်ပါဘူး..။ လာရောက်စားသောက်ကြသူများ ရဲ့ စဉ်ဆက်မပြတ် အားပေးမှုက သိပ်အရေးပါပါတယ်..။ ကိုယ့်ဆိုင်ကို “မသိရာကနေ သိလာအောင်” လုပ်ရတာ ခက်ခဲခဲ့သလို ဆက်ပြီး ရှင်သန်နေအောင် တိုးတက်နေအောင် လုပ်ရတာ ပိုပြီး ခက်ခဲလှပါတယ်..။ Open the business is very easy , keep on open is very difficult လို့ ပညာရှင်တွေက ဆိုကြမိန့်ကြပါတယ်…။ အဲဒါဟာ Customer Relationship Management ရဲ့ အခြေခံအယူအဆပါပဲ..။ စားသုံးသူတွေဟာ ကိုယ့်ဆိုင်ကို အစားအသောက်ကောင်းလို့ လာတာလား.. ဝန်ဆောင်မှုကောင်းလို့ လာတာလား ဆိုတာ သိဖို့ လိုပါတယ်…။ ဝန်ဆောင်မှုကောင်းလို့ လာတာဆိုရင် အဲဒီ လုပ်ငန်း ရေရှည်ရပ်တည်လို့ ရပါပြီ..။ အစားအသောက်ကောင်း လို့ လာတာပါ..။ ဝန်ဆောင်မှုကတော့ So So ပဲ ဆိုရင် အန္တရာယ် ရှိပါတယ်..။ နောက်ရောက်လာမယ့် အစားအသောက်လဲကောင်း ဝန်ဆောင်မှုလဲကောင်း တဲ့ ပြိုင်ဖက် ဆီကို ကူးသွားပါလိမ့်မယ်..။
စားသုံးသူဝန်ဆောင်မှုကို စီမံရာမှာ Michael E. Porter ရဲ့ 5 Forces Theory နဲ့ ရှင်းပြချင်ပါတယ်..။

၁။ Competition in the industry;

စားသောက်ဆိုင်လုပ်ငန်း ဟာ တခြား အလုပ်တွေနဲ့ ယှဉ်ရင် အပြိုင်အဆိုင် များပါတယ်..။ ဘယ်သူကမှ ဘယ်သူနဲ့မှ ပူးပေါင်း မလုပ်ချင်ကြပါဘူး…။ တကယ်ရောင်းကောင်းရင် တကယ် မြတ်တယ် ဆိုတာလဲ သိကြပါတယ်..။ စားသောက်ကုန်တွေရဲ့ Food Cost ဟာ ၂၅% ကနေ ၃၀% ပဲရှိတာပါ..။ ဒါကြောင့်မို့ ပြိုင်ဖက်ကို သိပ်ဂရုစိုက်ရပါတယ်..။ အမြဲသတိထားနေရပါတယ်..။ ပြိုင်ဖက် ကလဲ ကိုယ့်ကို အမြဲစောင့်ကြည့်နေတာပါ..။ တခြားတဖက်မှာတော့ ပြိုင်ဖက်ဟာ ကိုယ့်အတွက် “တွန်းအား” တစ်ခုပါပဲ..။

၂။ Potential of new entrants into the industry;

စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်ဟာ တော်တော်ကို ကြီးမားတဲ့ Industry ဖြစ်ပါတယ်..။ လူတွေဟာ အဝတ်အသစ်ကို မဝယ်ပဲ ခြွေတာနိုင်ပေမယ့်… အစား ကိုတော့ မခြွေတာကြပါဘူး..။ စားဖို့ပဲ အမြဲ စဉ်းစားကြတာပါ..။ ဒါကြောင့် စားဖွယ်ရာ အသစ်တွေဟာ နေ့စဉ်ပေါ်ထွက်နေကြပါတယ်..။ ဆိုင်သစ်တွေရဲ့ ဆိုင်းဘုတ်အသစ်တွေ လဲ နေ့တိုင်းလိုလို တွေ့နေရပါတယ်..။ ဒီလုပ်ငန်းဟာ လုပ်တတ်ရင် ကုန်ကျစရိတ် ခြွေတာနိုင်ပြီး မိသားစု လုပ်လို့ရတဲ့ အလုပ်မျိုးလဲ ဖြစ်ပါတယ်..။
ဒါကြောင့် လူတိုင်းက လုပ်နိုင်လိမ့်မယ် လို့ ထင်ပြီး စားသောက်ဆိုင် အသစ်တွေ နေ့စဉ် အလျှို အလျှို ပေါ်လာနေတာ ဖြစ်ပါတယ်..။

၃။ Power of customers;
စားသောက်ဆိုင် အသစ်တွေ ပေါ်လာတာနဲ့အမျှ စားသုံးသူရဲ့ ပါဝါ မြင့်တက်လာပါတယ်..။ ဒါကို Buyer Bargaining Power လို့ခေါ်ပါတယ်..။ စားသုံးသူဟာ သူ့အကြိုက်ကို တောင်းဆိုလာပါတယ်..။ မရရင် ဆိုင်ပြောင်းသွားပါလိမ့်မယ်.။ ကိုယ့်ကိုယ်ကို ပဲ မေးကြည့်ရအောင်..။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း စားသောက်ဆိုင် တစ်ဆိုင်ထဲကိုပဲ သွားစားလေ့ရှိကြပါသလား..။

၎။ Power of suppliers;
ကိုယ့်ကို ပစ္စည်းပေးသွင်းနေတဲ့ သူတွေမှာလဲ ကိုယ့်ဖက်က သူ့ဆီကလိုနေတာ များပြီဆိုရင် သူ့ရဲ့ ပါဝါတက် လာပါတော့တယ်..။ ကုန်ကြမ်း အချိန်မီမပို့တာ တို့ မှာသလောက်မရတာတို့.. ဆိုတဲ့ ပြသနာတွေ ရှိလာနိုင်ပါတယ်..။ ကိုယ့်ကြောင့် သူ့စီးပွား တက်လာတာ မှန်ပေမယ့် ကိုယ့်ရဲ့ ပြိုင်ဖက် ကလဲ ကိုယ်ကုန်ကြမ်း ဘယ်ကရနေတယ်ဆိုတဲ့ လမ်းကြောင်းကို အမြဲတန်းရှာနေတယ် ဆိုတာ မမေ့ပါနဲ့..။ တချိန်ထဲမှာ ပဲ နောက်ထပ် ကြောက်စရာကောင်းတဲ့ Supplier Power တစ်ခုက နေရာငှားရမ်းခ ပါပဲ..။ ကိုယ့်နေရာ က လူသိများပြီး ရောင်းကောင်းနေပြီ ဆိုရင် မျက်စောင်း ထိုးသူတွေ ရှိလာပါပြီ..။ အဲဒီနေရာလေးကို ကိုယ့်ထက်ပိုပေးပြီး ငှားဖို့ ဝန်မလေး သလို.. ပိုင်ရှင်ကလဲ ဈေးတက်တောင်းတာမျိုး ဖြစ်လာနိုင်ပါတယ်..။

၅။ Threat of substitute products.
စားသုံးသူတွေရဲ့ အကြိုက်ကလဲ အမြဲပြောင်းနေတာပါ..။ နေ့စဉ် တမျိုးထဲကို စားတာ မဟုတ်တဲ့ အတွက် ကိုယ်ရောင်းနေတဲ့ အစားအသောက်ကို သတိထားဖို့ လိုပါတယ်..။ နောက်ထပ် အရသာ သစ် တစ်ခု ဖက်ကို ကိုယ့်စားသုံးသူဖေါက်သည်တွေ ခြေဦးမလှည့်ခင်မှာ ကိုယ့်ဖက်က ပြောင်းလဲ ပေးဖို့ လိုပါတယ်..။ ပြောင်းလဲရာမှာ အစားအသောက်ရဲ့ အရည်အသွေးကို ဆိုလိုတာ မဟုတ်ပဲ.. အသွင်သဏ္ဍန်.. အပြင်အဆင်.. အခင်းအကျင်း.. ဆက်ဆံရေး စတာတွေကို ပြောင်းလဲ ဖို့ တိုက်တွန်း တာပါ..။

ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၁၃.၇.၂၀၁၆) (YLC Learning Center)


==============================

25/04/2017

Excellent Tips by Warren Buffett

24/04/2017

အရင်းစံနစ်နိဂုံး - ၂

သမိုင်းရေစီး
ကမ္ဘာပေါ်မှာ အရင်းရှင်စံနစ်က တွန်းအားပေးလိုက်လို့မို့ ကိုလိုနီပြုကျင့် ခံရမှုတွေဖြစ်ခဲ့တယ်။ အရင်းရှင် ကိုလိုနီ နယ်ချဲ့စံနစ် ဟာ ကမ္ဘာ့သမိုင်းကို အပြောင်းအလဲကြီးစွာဖြစ်စေခဲ့တယ်။ အဲသည်လို နိုင်ငံတနိုင်ငံကို တခြားနိုင်ငံ တနိုင်ငံ က လက်နက်နဲ့ အနိုင်ယူ တိုက်ခိုက် သိမ်းပိုက် အုပ်ချုပ်ခဲ့ကြတာကို အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေက အခုထိ အပြစ်တခုအဖြစ် ခံယူထားမှုမရှိပဲ သမိုင်းရဲ့ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု တခုအဖြစ် ပုံသွင်းပို့ချခဲ့တယ်။

မြန်မာပြည်ကိုကြည့်တော့ ထမကမ္ဘာစစ်အပြီး ၂နှစ်အကြာ ၁၉၂၀ မှာ ပထမကျောင်းသား သပိတ်ဖြစ်တယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်အပြီး ၆နှစ်အကြာ ၁၉၃၆ မှာ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်း ကျောင်းထုတ်ခံ ရတာကြောင့် ဒုတိယကျောင်းသားသပိတ်ဖြစ်တယ်။ ၁၉၁၅ မှာမွေးတဲ့ ဗိုလ်ချုပ် ဟာ အဲသည်အချိန်မှာ အသက် ၂၁ နှစ်ရှိပြီ။ မြန်မာဟာ အဲသည်အချိန်အထိ စစ်တပ်မရှိသေးဘူး။ ကျွန်ဖြစ်ကတည်းက ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့ တာတွေ ရှိခဲ့ပေမယ့် အင်္ဂလိပ်အစိုးရက အလွယ်တကူ နှိမ်နှင်း အနိုင်ယူခဲ့တယ်။ ဆရာစံ သခင်ဖိုးလှကြီး စတဲ့ တောင်သူလယ်သမား နဲ့ အလုပ်သမား လှုပ်ရှား မှုတွေ အရေးတော်ပုံတွေ ပေါ်ပေါက်ခဲ့တယ်။ နောက်ဆုံးတော့ ဒို့ဗမာ အစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ရဲဘော်သုံးကျိပ် ဂျပန်စစ်ပညာသင်အပြီး မြန်မာပြည်ပြန်ဝင်လာတော့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီ။ ဆိုလိုတာက မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပြည်သူလူထုရဲ့ အခန်းကဏ္ဍနဲ့ ကျောင်းသား သပိတ်တွေဟာ မြန်မာ့တပ်မတော် မတိုင်ခင်ကတည်းက ကြီးမားကျယ်ပြန့်တဲ့ သမိုင်းနဲ့ အစဉ်အလာတွေရှိခဲ့တယ် ဆိုတာကို သတိပြုမိ စေချင်တယ်။

မြန်မာတွေ ဂျပန်ကို တိုက်ထုတ် အင်္ဂလိပ်ဆီက လွတ်လပ်ရေး ရယူနိုင်ခဲ့တယ် ဆိုပေမယ့် အဲသည်အချိန်က မဟာမိတ်နဲ့ ဝင်ရိုးတန်း နိုင်ငံတွေတိုက်နေတဲ့ ဒုတိယကမ္ဘာစစ်သာမရှိခဲ့ရင် ဂျပန်ကိုအလွယ်တကူနိုင်ဖို့မဖြစ်နိုင်သလို အခြား အင်္ဂလိပ် (ဥရောပ) ကိုလိုနီနိုင်ငံတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေသာ မရှိခဲ့ရင် အင်္ဂလိပ်ဆီက လွတ်လပ်ရေးရဖို့ ဆိုတာလည်း ပိုခက်ခဲဖို့ရှိတယ်။ ဆိုလိုတာက သမိုင်းဆိုင်ရာလှုပ်ရှားမှုတွေမှာ အားကြီးတဲ့ စီးဆင်းမှုတွေ ရှိတယ်။ သမိုင်းရေစီးကို နားလည်ပြီး လိုက်ပါနိုင်ဖို့လိုတယ်။ အင်္ဂလိပ်အခက် ဗမာအချက် ဆိုတာ ဒီသဘောကို ထင်ဟပ်ထားခဲ့တာမျိုးပဲ။

၁၉၆၂ ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ တော်လှန်ရေးကောင်စီ အစိုးရမှာရွေးချယ်စရာ ၂လမ်းရှိခဲ့တယ်။ အရှေ့ (ဆိုဗီယက်အုပ်စု) နဲ့ အနောက် (အမေရိကန်အုပ်စု) တဘက်ဘက်ကို ကပ်လိုက်ဖို့ပဲ။ ဒါပေမယ့် ဒီကြားက အလယ်လမ်း ကိုရွေးပြီး ဘက်မလိုက်လှုပ်ရှားမှုထဲဝင်ခဲ့တယ်။ ဆိုရှယ်လစ် တံဆိပ်ကပ်၊ တံခါးပိတ်၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးလုပ်ပြီး တကယ်ချမ်းသာ လာမယ့် အရင်းရှင်နိုင်ငံတွေနဲ့ အဆက်ဖြတ်ထားခဲ့သလို ကွန်မြူနစ် အုပ်စုနဲ့ လည်း ဘာမှ တွဲမလုပ်နိုင်ခဲ့ ဘူး။ အနိမ့်ဆုံး အရှေ့အုပ်စုနဲ့တွဲနိုင်ခဲ့တယ် ဆိုရင်တောင် တိုင်းပြည်ရဲ့ မြို့ပြလိုအင်တွေ ခေတ်မှီမှု နဲ့ အခြား Infrastructure တွေဟာ ၁၉၆၀ ခုနှစ်တွေက မြန်မာပြည် ကြွယ်ဝမှုအခံ နဲ့သာ ဆက်နိုင်ခဲ့ရင် လက်ရှိ ဆိုဗီယက်လက်ထွက် အရှေ့ဥရောပ နိုင်ငံတွေရဲ့ အနေအထားနဲ့ နှိုင်းယှဉ် ကြည့်နိုင်မှာဖြစ် တယ်။ ဒါပေမယ့် မြန်မာ့နည်းမြန်မာ့ဟန် တပါတီ အာဏာရှင် လမ်းကြောင်းထဲ ဝင်သွားပြီး ၈၈ အရေးအခင်း မဖြစ်ခင်မှာပဲ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်လာတယ်။

၇၀ပြည့်နှစ်တွေ
၁၉၇၃ အရှေ့အလယ်ပိုင်းမှာ အာရပ်နဲ့ အစ္စရေးစစ်ဖြစ်တော့ အိုပက်က အမေရိကန်ကို ရေနံတင်ပို့တာ ရပ်တယ်။ ရေနံထုတ်တာလျော့ချတယ်။ အကျိုးဆက်က ကမ္ဘာ့ရေနံဈေး ၄ဆလောက် ခုန်တက်တယ်။ အနောက်နိုင်ငံကြီးတွေ နဲ့ ဂျပန်အပါ စီးပွားရေးဖွံ့ဖြိုးမှုတွေ ကျတယ်။ နိုင်ငံရေးတို့ စစ်တို့ စီးပွားရေး တို့ဆိုတာ တဆက်တည်းပဲ။ သို့ပေမယ့် စစ်က ဒီလောက်ထိ ဂယက်ရိုက်ခတ်မှုကြီး ရသလားဆိုတော့ ဒီရှေ့မှာ အခံပြသနာတွေကလည်း ရှိခဲ့တယ်။ အမေရိကန်ဟာ ၆၀ပြည့်နှစ်တွေက ပြည်တွင်းလူမှု ဖူလုံမှု အစီအစဉ် (Welfare) တွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ရှိခဲ့တယ်။ တဖက်မှာ ဗီယက်နမ်စစ်ကို တိုက်နေတယ်။ ဘရိုက်တန်ဝုဒ်သဘောတူညီချက်အရ ဒေါ်လာနဲ့ အခြား နိုင်ငံတကာက ငွေကြေးတွေ ချိတ်ဆက်သုံးဆွဲနေတာမှာ နိုင်ငံတနိုင်ငံဟာ ပို့ကုန်ဈေးကွက်ထဲ အသာရဖို့ သူ့သဘောနဲ့သူ သူ့ငွေကြေးကို တန်ဖိုးချလို့ မရဘူး။ ဒါပေမယ့် လုပ်ကြတယ်။ နိုင်ငံခြားက ဝင်လာတဲ့ ပစ္စည်းတခု ဈေးသက်သာ တယ်ဆိုရင်ပြည်တွင်း လုပ်ငန်းရှင်ကထုတ်တဲ့ ကုန်ပစ္စည်း အမျိုးအစားတူကို မသုံးပဲ လူထုက ဈေးသက်သာရာ ပြောင်းသုံး မှာပဲ။ ဒီမှာ သွင်းကုန် အပေါ် အခွန်ကောက်တာတို့ဘာတို့ (trade barriers) ကိုအစိုးရက လုပ်ရသလို ပြည်တွင်း အလုပ်သမား စရိတ်စကတွေ (labor and wages) ကိုလည်း လျော့ချရတယ်။ ဆိုလိုတာက နိုင်ငံတနိုင်ငံက ငွေကြေး တန်ဖိုးကို ကုန်သွယ်မှုအသာစီးရဖို့ ရည်ရွယ်ချက် ရှိရှိလျော့ချ တာတွေရှိတယ်။ (ထရမ့်က တရုတ်ကို ဒါမျိုး လုပ်တယ်လို့ ရွေးကောက်ပွဲ ကာလ မဲဆွယ်စဉ်က စွပ်စွဲတယ်။ သူတက်လာတာနဲ့ တန်ပြန်မယ်ပြောတယ်။ ဒါပေမယ့် တကယ်တမ်း သမ္မတဖြစ်တော့ တရုတ်ကို သူဒီလိုမမြင်ပါဘူးလို့ ပြန်လျော့ချတယ်။ မြောက်ကိုရီးယား ပြသနာလည်း စလာပြီကိုး)။

ဥရောပဟာ ဘဏ်အတိုးနှုန်းချပြီး အစိုးရအသုံးစရိတ်ကို တင်ပြီး (Expansionary Policy) စီးပွားရေး တက်အောင် အားထုတ်နေတဲ့အချိန်။ နစ်ဆင်အစိုးရက အမေရိကန်ဒေါ်လာကို ရွှေနဲ့အပေါင်ခံထုတ်တဲ့စံနစ်ကနေ ၁၉၇၁မှာ ဖြုတ်ချလိုက်တယ်။ ဘရိုက်တန်ဝုဒ် သဘောတူညီချက်နဲ့ ကိန်းဘောဂဗေဒ သံပတ်ကုန်သွားတယ်။ အဲသည်အချိန်ကစပြီး တကမ္ဘာလုံး ဘာနောက်ခံမှ ထိန်းထားတာ မလိုပဲ ပိုက်ဆံတွေထင်သလို ရိုက်ထုတ် သုံးကြတော့တာပဲ။ ဒါပေမယ့် မြန်မာပြည်မှာတော့ ၁၉၇၀ ပြည့်တွေဟာ ကမ္ဘာ့နိုင်ငံရေး စီးပွားရေးကနေ လွတ်ထွက်နေတယ်။ ပြည်တွင်းမှာပဲ ရှိတာလေး ထုခွဲစားပြီး အစိုးရက အာဏာ တည်မြဲရေး အတွက် အားထုတ်နေကြတုန်း။ ၁၉၇၄ မှာ နောက်ထပ် အခြေခံဥပဒေ တခုကို အတည်ပြု ခဲ့ရတာကို ကြည့်ရင်သိနိုင်တယ်။

အဆောက်အအုံ တည်ဆောက်ပုံပြသနာ
တလောက အရင် အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချဲ ရဲ့ မြန်မာပြည် အတွက် ရေးတဲ့ဆောင်းပါး တစောင်ဖတ်ရတယ်။ သူ့ဝေဖန်ရေးမှာ ပထမ သူပြောတဲ့ အချက်တချက်က လက်ရှိအစိုးရမှာ စစ်တပ်နဲ့ ညှိနှိုင်းဆောင် ရွက်နေရတာတွေက တဖက်၊ တိုင်းပြည်အတွက် အစိုးရတရပ်အနေနဲ့ ဦးဆောင်မောင်းနှင်နေရတာတွေက တဖက် မတူတဲ့လုပ်ဆောင်ချက် ၂ခုကို လုပ်နေရတယ် ဆိုတာပဲ။ Structure မှာ ဘယ်လိုအတားအဆီးတွေ ရှိနေတယ် ဆိုပေမယ့် အစိုးရမှန်ရင် တိုင်းပြည်ဖွံ့ဖြိုးရေး ကို ဆောင်ရွက်နိုင်စွမ်းရှိရမယ် ဆိုတဲ့ အချက်ပဲ (Government must deliver regardless of constraints in the structure …. ဆိုတဲ့သဘောမျိုး၊ အတိအကျမမှတ်မိတော့)။ ဆိုတော့ ဒဲရစ်မစ်ချဲ က မြန်မာအစိုးရရဲ့ အဖွဲ့အစည်း တည်ဆောက်ပုံ (Structure) မှာ အတားအဆီးတွေ ရှိနေတယ်ဆိုတာကို အတည်ပြုပေး ထားတယ်။ ဒါပေမယ့် သူပြောတဲ့ ဒီ Structure ဆိုတဲ့ စကားဟာ ဘယ်လောက်အထိ နက်ရှိုင်းမှု ရှိသလဲ ဆိုတာကြည့်ရအောင်။

ပထမ ၂ချက်က အခြေခံဥပဒေပြသနာဖြစ်တယ်။ အစိုးရမှာ ဝန်ကြီးဋ္ဌာန ၃ခုကို စစ်တပ်ကိုပေးထားရတဲ့အပြင် စစ်တပ်ဟာ အစိုးရအုပ်ချုပ်မှုအောက်က ကင်းလွတ်ပြီး တပ်တွေကို စိတ်တိုင်းကျ ရွှေ့ပြောင်းခွင့်ရှိနေတယ်။ စစ်ပွဲတွေကို တိုက်ခွင့်ရှိ နေတယ်။ စစ်တပ်တခုလုံးဟာ ကာကွယ်ရေးဦးစီးချုပ် သဘောထားပဲ။ ဒုတိယတချက်က လည်းမြင်သာတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကာထားတဲ့ကိစ္စ ၅၉-စ။ နိုင်ငံရဲ့လက်ရှိ အမြင့်ဆုံး အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သူဟာ အမြင့်ဆုံး ရာထူးကို မရယူနိုင်ဖြစ်နေတယ်။ နောက်ဆုံးအချက်ကတော့ ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတယ်။ လက်ရှိဝန်ကြီးဋ္ဌာနတွေမှာ စစ်ထွက်ရာထူး ရယူထားသူတွေက အစိုရအပေါ် အုပ်ချုပ်ရေး နဲ့ ပေါ်လစီရေးရာတွေမှာ ကန့်လန့်ခံနေတဲ့ အချက်ပဲ။ ဒီမှာကလည်း ၂ပိုင်းရှိတယ်။ တပိုင်းက အရပ်သားအစိုးရအပေါ်ကို လက်မခံနိုင်တဲ့သဘော ဖြစ်ပြီး တချို့က လုပ်ကွက်ပျောက် သွားကြတဲ့သဘောဖြစ်တယ်။ (ဒီအထဲမှာ အစိုးရဆိုတာ စစ်တပ်လို့ အရိုးစွဲနေတဲ့ အရပ်သား အရာရှိတွေ ဝန်ထမ်းတွေလည်း ရှိနေသေးတယ်)။ ဒါကတဘက် အင်အယ်ဒီအစိုးရမှာ အစိုးရ ဖွဲ့စည်းပုံကို ပြောင်းရမယ် ဆိုပေမယ့် ချက်ခြင်းလုပ်လို့မလွယ်တဲ့ ခြေဥနဲ့ညိနေတာတွေ ရှိသလို ချက်ခြင်းလုပ်နိုင်ပေမယ့် ဝန်ထမ်း စည်းမျဉ်း စည်းကမ်းနဲ့ ဆိုင်တာတွေ ရှိနေတယ်။ နောက်ဆုံး ကိုယ်ခန့်ထားတဲ့သူတွေ အရည်အချင်းမပြည့်မီတာကို တောင် အလွယ်တကူ ပြန်လည်ပြင်ဆင်ဖို့ မဖြစ်သေးပဲ အချိန်ပေးနေ ရတာတွေ ရှိတယ်။ ဒီတော့ Organization Change ဆိုတာ ပြောသလောက် လွယ်လွယ်မြန်မြန် မလုပ်နိုင်ဘူး။ ဒါပေမယ့် မြန်နိုင်သမျှမြန်မြန်တော့ လုပ်ကြရမှာပဲ။

ဒရပ်ကား လည်ပြန်
အဖွဲ့အစည်းတည်ဆောက်ပုံအပြောင်းအလဲလုပ်မယ်ဆိုတော့ ဘာကိုအခြေခံရ မလဲဆိုတာလိုလာတယ်။ ပီတာဒရပ်ကား ကို ကိုးကားလိုတယ်။ ဒရပ်ကားဟာ စီမံခန့်ခွဲမှုပညာရပ်မှာ ဂုရုတပါးပါ။ ဒရပ်ကား ဆိုတာ GE (General Electric အမေရိကန်ကုမ္ပဏီ၊ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတွေထဲကတခု) လိုကုမ္ပဏီက ငွေပေးပြီး စီမံခန့်ခွဲမှုနဲ့ပါတ်သက်တဲ့ စာတမ်းပြုစုခိုင်းတာခံရတဲ့သူ။ GE ကိုရှေ့ လာမယ့် အရင်းရှင်စံနစ်နဲ့ ကိုက်ညီမယ့် ပုံစံတခုကို အကြံတောင်းခံခဲ့ရသူ ဖြစ်တယ်။ ဒရပ်ကားပြောတာက လာမယ့်ခေတ် အရင်းလွန်လူ့အဖွဲ့အစည်း တခုကို ဦးဆောင်မယ့်သူဟာ အရည်အချင်း ၂ခုရှိဖို့လိုမယ်။ ရိုးရိုးလေးပါ။ သီအိုရီတွေကို သဘောတရားအဆင့်မှာတင် ဝေဖန် ဆန်းစစ်နိုင်မယ့် ပညာရှင် (intellectual) လည်းဖြစ်ပြီး လက်တွေ့ အကောင် အထည်ဖော်တဲ့ အခါ ကောင်းစွာ စီမံ ခန့်ခွဲနိုင်တဲ့ မန်နေဂျာ (Manager) တဦးလည်း ဖြစ်ဖို့ လိုပါမယ် တဲ့။ ဒရပ်ကား အလိုအရ စက်မှုအရင်းရှင်စံနစ်ဟာ အဆင့်လေးဆင့်ဖြတ်သန်း လာခဲ့တယ်။

ပထမအဆင့်က စက်ပစ္စည်းတော်လှန်ရေး (mechanical revolution)၊ ၁၉ရာစု တခုလုံး ဒီအဆင့်ကိုဖြတ်သန်းလာခဲ့တယ်။ ဒုတိယအဆင့် က ကုန်ထုတ် လုပ်မှုတော်လှန်ရေး (Productivity revolution) ၁၉ရာစုကုန်ခါနီး ၁၈၉၀လောက် မှာ စတယ်။ တတိယအဆင့် က စီမံခန့်ခွဲမှုတော်လှန်ရေး (Management revolution) ၁၉၄၅ ကျော်တော့စတယ်။ နောက်ဆုံး အဆင့်က သတင်းနည်း ပညာတော်လှန်ရေး (Information revolution) တဲ့။ ကဲ.. မြန်မာပြည်နဲ့ ချိန်ဆကြည့်ပါဦး။ မြန်မာပြည်ဟာ ဘယ်တုန်းကမှ အရင်းရှင် စံနစ်ထဲမှာ မရှိခဲ့ဘူး။ စက်မှုတော်လှန်ရေးလည်းနဲ့ ဘယ်လိုပတ်သက်သလဲ ဆိုတော့ မော်တော်ကားရဲ့ ဘယ်အစိတ်အပိုင်းကိုမှ မထုတ်လုပ်နိုင်တဲ့ အနေအထားမှာတော့ရှိတယ်။ (ဒါပေမယ့် ကားတင်သွင်းတာနဲ့ ပါတ်သက်ရင်တော့ ကမ္ဘာမှာ အရှုပ်ထွေးဆုံး ပေါ်လစီတွေရှိတဲ့နိုင်ငံပါ)။ ကုန်ထုတ်လုပ်မှု တော်လှန်ရေး နဲ့မနီးစပ်တာလည်း မဆလ ရဲ့ နွားထီးနွားမ ငါးကျပ် ဆိုရှယ်လစ် စံနစ်အောက်မှာ မလုပ်မရှုပ်မပြုတ် ဆောင်ပုဒ်ပေါ်ခဲ့တယ် ဆိုတော့ သိသာတယ်။ စီမံခန့်ခွဲမှုတော်လှန်ရေး ၊ ဒါကတော့နဲနဲနီးစပ် လာနိုင်ပါတယ်။ မြန်မာပြည်မှာ အမ်ဘီအေတွေ ရှိလာတယ်။ တခုပဲ အဲသည် အသိကို အသုံးချနိုင်တဲ့ နိုင်ငံတကာအဆင့်မီ ကုမ္ပဏီတွေတော့ လောက်လောက် လားလားမရှိသေးဘူး။

အဲ နောက်ဆုံး သတင်းနည်းပညာတော်လှန်ရေးမှာတော့ ကျနော်တို့လည်း သိပ်နောက်ကျ မကျန်ခဲ့ရဘူး ယူဆရတယ်။ မြန်မာအိုင်ဒေါ ကို တယ်လီဖုန်းနဲ့ ဗုတ်လုပ်နိုင်တဲ့ အဆင့်ကိုရောက် လာပြီ။ ဂျီမေးခေတ် ပီဖင်းဂိုးခေတ် ဗိုက်ဗာခေတ် ရွှေတွေဟာ တချိန်လုံး အင်တာနက်ကို ပရောက်ဆီမျိုးစုံ ခံပြီး ကျော်ခွ ဝင်နိုင်တဲ့အဆင့်တွေထိ မြင့်တက်လာခဲ့တယ်။ ဒါပေမယ့် ဒရပ်ကားပြော တဲ့ ညူကလီးယား ရူပဗေဒကို နားလည်ပြီး တပြိုင်နက်တည်းမှာ မင်ဒရင်းကို အပတ်လည်အောင်ပြောနိုင်တဲ့ မန်နေဂျာ ပညာရှင်တွေ ရှိနေပြီလား။ သူတို့တွေ ဟာ အစိုးရအဖွဲ့အစည်းတွေ နဲ့နီးစပ်နေပြီလား ဆိုတာကြတော့ စဉ်းစားစရာပဲ။

(ဆက်ပါမည်)

Kz Khine

illustration: pinterest.com

18/04/2017

အရင်းစနစ်နိဂုံး

နိဒါန်း
အရင်းရှင်စံနစ်ကမ္ဘာပေါ်ရှင်သန်နေတာ ရာစု၂စုကျော်ပါပြီ။ ဒါပေမယ့် စံနစ်ရဲ့အဖွံ့ဖြိုးဆုံးလို့သတ်မှတ်နိုင်တဲ့အချိန်ဟာ ၁၉၄၅ ကနေ ၇၃ အထိလို့ ဆိုတယ်။ သမိုင်းနဲ့ပြန်ချိန်ကြည့်ရင် ဒုတိယကမ္ဘာစစ်ပြီးကာလ ဖြစ်ပြီး ၁၉၄၄ မှာလုပ်ခဲ့တဲ့ ဘရက်တန်ဝုဒ် သဘောတူညီချက်ကို မောင်းနှင်အား တခုအနေနဲ့ သတ်မှတ်နိုင်မှာဖြစ်တယ်။

စစ်ပြီးဥရောပ
ဘရက်တန်ဝုဒ် ဟာ ၁၉၁၃ (ပထမကမ္ဘာစစ်ကြိုကာလ) လောက်က တည်ငြိမ်မှု မျိုးကိုပြန်သွားလိုတာပါ။ စစ်နိုင်ပြီး စစ်တွင်းမှာ တိုင်းပြည်ထဲ အထိအခိုက် အနဲဆုံးဖြစ်တဲ့ အမေရိကားက ဦးဆောင်ခဲ့ပြီး စီးပွားရေးပညာရှင်ထဲမှာတော့ အင်္ဂလန်ရဲ့နာမည်ကျော် ရောဘတ်မေနတ်ကိန်း လည်းပါဝင်တယ်။ ကိန်း တင်ပြတဲ့ ကမ္ဘာ့စံထားနိုင်မယ့် ငွေကြေးတမျိုးပေါ်မလာပဲ (အမေရိကန်က ပယ်ချခဲ့တယ်) ဒေါ်လာကို ကမ္ဘာသုံးအဖြစ်စံထားခဲ့ပြီး အခြားငွေကြေးတွေကို ဒေါ်လာနဲ့ချိတ်ဆက်သုံးစွဲစေတယ်။ ဒါကိုအထောက်အကူ ဖြစ်စေဖို့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာငွေကြေး ရံပုံငွေအဖွဲ့ကို တည်ထောင်ခဲ့တယ်။

စီးပွားရေးမှာ အဒမ်စမစ်ရဲ့ဈေးကွက်ကိုယ်ပျောက်လက်ကို အစိုးရတွေရဲ့ ကိန်းဘောဂဗေဒ နဲ့ထိမ်းကျောင်းလည်ပတ်ခဲ့ ရာမှာ စစ်အတွင်းပြာပုံဖြစ်ခဲ့တဲ့ ဥရောပရဲ့အထင်ကရမြို့ကြီးတွေဟာ အမြန်ပြန်နလံထလာကြတယ်။ အဓိက ပံ့ပိုး သူကတော့ အမေရိကန်ဖြစ်ပြီး မာရှယ်စီမံကိန်းဟာ ဥရောပ ကိုပြန် လည်မွေးဖွားစေခဲ့တယ်။ ၁၉၁၄ ကနေ ၁၈ မှာပထမကမ္ဘာစစ်။ ၁၉၄၂ ကနေ ၄၅ မှာ ဒုတိယကမ္ဘာစစ်။ စစ်၂ခုစလုံးမှာ ဥရောပဟာစစ်မြေပြင်ဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဥရောပရဲ့လိုင်းပေါင်းစုံက ပညာရှင်အများအပြား အမေရိကားမှာ စစ်ရှောင်ခဲ့တယ်။ ဒီထဲ ဟစ်တလာရန်ကရှောင်တဲ့ ဂျာမာန်ဂျူး အများစုဟာ ဒိတ်ဒိတ်ကျဲတွေပေါ့။ နောင် ဥရောပယူနီယံ ရဲ့အကြီးမားဆုံး ရည်ရွယ်ချက်ဟာ နောက်တကြိမ်သူ့မြေပေါ် ကမ္ဘာစစ်တခုမဖြစ်ရေး နဲ့ ပေါင်းစည်းထားတဲ့ဥရောပ ဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဦဆောင်မှု အခန်းကပါဝင်ရေးပဲ။

အိုင်ဒီယော်လော်ဂျီအနမ်း
ရုရှားရဲ့မဟာအောက်တိုဘာတော်လှန်ရေးက ၁၉၁၇။ ပြီးမှ ဆိုဗီယက်ပြည်ထောင်စု ပေါ်လာတာဆိုတော့ ပထမကမ္ဘာစစ်က အရင်ရှင်စံနစ်အောက်မှာဖြစ်တဲ့စစ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်မှာတော့ အိုင်ဒီယော်လော်ဂျီ အားပြိုင်မှု ဝင်လာတာတွေ့ရတယ်။ မာရှယ်ပလင် ဟာအနောက်ဥရောပကို အရှေ့လို ဆိုဗီယက်သြဇာအောက် မရောက်အောင် တားလိုတာလည်းပါတာပေါ့။ နိုင်ငံတွေ အနေနဲ့ကြည့်တော့ အဓိကအကွဲအပြဲက ဂျာမဏီ နဲ့ ကိုရီးယားမှာဖြစ်တယ်။ ဂျာမာန်အနောက်ကို အမေရိကန်က ထိန်းချုပ်၊ အရှေ့က ဆိုဗီယက်လက်အောက်ခံဖြစ်ခဲ့တယ်။ ဘာလင်တံတိုင်းက ၈၉ မှာ ဆိုဗီယက်ပြိုကွဲအပြီး ပြိုသွားတယ်။ တံတိုင်းနားက ချက်ပွိုင့်တခုဖြစ်ခဲ့တဲ့ နေရာမှာ ချက်ပွိုင့်ချာလီ ဆိုတဲ့ပြတိုက်တခုပေါ်လာပြီး ပြခန်းအဝင်အဝမှာ အရင် ဆိုဗီယက်ကွန်မြူ နစ်ပါတီအထွေထွေအတွင်းရေးမှူး ဘရက်ဇညက်နဲ့ အရှေ့ဂျာမာန် အကြီးအကဲ ဟွန်နက်ကာ တို့ နှုတ်ခမ်း ချင်းတေ့စုပ်နမ်းနေတဲ့ နံရံပြည့် ဓါတ်ပုံအကြီးကြီးတခု ချိတ်ဆွဲထားတယ်။

ကင်အီဆွန်း နဲ့ အိုပါဂမ်းနား
တဘက်မှာ ကိုရီးယားကို တောင်မြောက်ခွဲလိုက်တဲ့ ၃၈မျဉ်းပြိုင်ဟာ ဒီနေ့ထိအသက်ဝင်နေဆဲပဲ။ ဒုတိယကမ္ဘာစစ် မုန်တိုင်းထဲကွဲသွားတဲ့ ကိုရီးယားကျေးညီနောင် မှာ အမေရိကန်တွေအောက်ရောက်ခဲ့တဲ့ တောင်ကိုရီးယားဟာ ဒီမိုကရေစီရေစီးမှာ ဒရွတ်ဆွဲမျောပါရင်း နောက်ဆုံးတော့ ကမ်းကပ်ခဲ့တယ်။ လက်ရှိ မိုဘိုင်းဖုန်းဈေးကွက်မှာ Apple ကိုခြေရာတိုင်းနိုင်တဲ့ ဆမ်ဆောင်းလို ကုမဏီမျိုးရှိပြီး ယဉ်ကျေးမှု အနေနဲ့ ရုပ်ရှင်နဲ့ဂီတ မှာများစွာမြင့်တက်ခဲ့တယ်။ ဆိုဗီယက်လက်ရောက် မြောက်ဘက်က ကျေးလေးကတော့ ခုကမ္ဘာကဝိုင်းအာရုံစိုက်နေရတဲ့ ညူ လက်နက် ပိုင်ရှင်ဖြစ်နေပြီး အိုးထဲမတော့ ဆန်မရှိဘူးဆိုကြတယ်။ စစ်ပြီးတော့ ဆိုဗီယက်က မြောက်ကိုရီးယားမှာ ကင်အီဆွန်း ကိုတင်တယ်။

ကင်အီဆွန်းဟာ ကိုရီးယားရဲ့ထင်ရှားတဲ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူရဲကောင်းတဦးပါ။ သူလည်းတက်လာကာစ ကတော့ မျိုးချစ်တော်လှန်ရေးသမားတယောက်ပေါ့။ ပါတီတွင်းအားပြိုင်မှုတွေ တော်လှန်ရေးကနေ တည်ဆောက်ရေးကူးပြောင်းမှုတွေ လူထုရဲ့မျှော်လင့်ချက်တွေကြားမှာ သူလည်းပါဝါကိုအစွမ်းကုန်အသုံးချပြီး အာဏာရှင်ဖြစ်ခဲ့တယ်။ တကယ်တော့ မြောက်ကိုရီးယားလူထု အတွက်သူဟာ ဘုရားပါပဲ။ တံခိုးရှင် လို လူထုအပေါ်အသိပေးခံထားရသူပါ။ အေပယ် ၁၅ရက်က သူ့မွေးနေ့မို့မြောက်ကိုရီးယားမှာအထွတ်အမြတ်နေ့။ ဒါကြောင့် သူ့ကိုဂုဏ်ပြု ပြီး လက်နက်စမ်းသပ် လိုတာပါ။ ဘုရင် သေတော့ အိမ်ရှေ့စံ နန်းတက်သလို ကင်အီဆွန်းပြီးသူ့သား ကင်ဂျူံအီ နောက်ဆုံး ခု ဝက်ပုလို့မြန်မာတွေ နာမည်ပေးထားတဲ့ မြေးဖြစ်သူ ကင်ဂျူံအင် ခေါင်းဆောင်ကြီးဖြစ် လာတယ်။

ဈေးကွက် နဲ့ အိုင်ဖုန်းဆဲဗင်း
ကမ္ဘာပေါ်မှာ အရင်းရှင်စံနစ်ဟာ အကျပ်အတည်းတွေကို ကျော်ဖြတ်ပြီး ဆက်လက်ရှင်သန်နေရာမှာ လက်ရှိအချိန်ကိုနောက်ဆုံးလို့ပညာရှင်တွေက သတ်မှတ်ထားတယ်။ အရင်ကတော့ အကျပ်အတည်းဟာ အရင်းရှင် စံနစ်ရဲ့ထွက်ပေါက်လို့ဆိုခဲ့တယ်။ အကျပ်အတည်း တွေ့တော့ ဒါကိုဖြေရှင်းဖို့ကြိုးစားရင်း အခြားပုံစံတခုနဲ့ရှေ့ဆက်နိုင်ခဲ့တယ် ဆိုတဲ့ သဘောပါ။ ခုတော့လမ်းဆုံးသွားပါပြီတဲ့။ ရှေ့ဖြစ်လာနိုင်ခြေတွေကိုတော့ ချိန်ဆနေကြဆဲပါ။

တခုသေချာတာက အရင်းရှင်စံနစ်မှာ ဈေးကွက်ဟာ မရှိမဖြစ်ပါ။
ဈေးကွက်မှာ အဟောင်းအသစ်ရှိတယ်။ ဈေးကွက်ဟောင်းရင် ပစ္စည်းကို တချိန်လုံးမွမ်းမံပေးရတယ်။ ၂၀၁၀ မော်ဒယ်ကားနဲ့ ၂၀၁၆ မော်ဒယ်တူလို့ မရဘူး။ အနဲဆုံးမီးလုံးလေးတော့ပုံစံပြောင်းလိုက်တယ်။ အိုင်ဖုန်6း မဟောင်းသေးဘူး အိုင်ဖုန်း7 အသစ်ကိုထုတ်တယ်။ စားသုံးသူ လူ့အဖွဲ့အစည်းတို့ ဘာတို့ဆိုတာ ဒီဘက်ခေတ်မှာအသံကျယ်လာတယ်။ တရုတ်ဈေးကွက်ကိုဖွင့်တော့ ဈေးကွက်အသစ်မှာ သန်းထောင်ချီရှိတဲ့ တရုတ်ကို အမေရိကန် ကုမဏီအားလုံးရောက်လာတယ်။ တရုတ်ချမ်းသာလာတာ ဈေးကွက်အသစ်ကြောင့်။ အရင်းရှင်စံနစ်ကြောင့်ပဲ။ အပေါ်ကချပေးတဲ့စီမံကိန်းနဲ့ (ဆိုရှယ်လစ်ဗဟိုစီမံကိန်းဆိုတာဈေးကွက်မလိုဘူး) စက်ချုပ်စက် နဲ့ ဖယောင်းတိုင်လောက်ထုတ်လို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

၁၉၂၉ နဲ့ ၂၀၀၈
ဒါပေမယ့်ဈေးကွက်ဆိုတာနဲ့အတူ အရင်းရှင်စံနစ်မှာ ဈေးပေါတဲ့လုပ်အားတို့ ကုန်ကြမ်းတို့ သယံဇာတ တို့ဆိုတာတွေဟာ စစ်တွေကိုလည်းဖန်တီးခဲ့တယ်။ အရင်းရှင်စံနစ် ရဲ့ လုပ်အား ကုန်ကြမ်း ဈေးကွက် စတာတွေဟာ ကြီးမားတဲ့ပြိုင်ဆိုင်မှု တွေ ကြုံတွေ့ခဲ့ရတယ်။ ပထမကမ္ဘာစစ်ဖြစ်ပြီး ၁၉၂၉ နဲ့ ၃၀မှာ ကမ္ဘာပေါ်မှာ စီးပွားပျက်ကပ်ကြီး (Great Depression) ဖြစ်တယ်။ စစ်ကြောင့် ကပ်ဆိုက်တယ်ပြောနိုင်သလို ကပ်ကြောင့် စစ်ဖြစ်တယ်လည်း ပြောနိုင်တာရှိတယ်။ ကပ်ကြီးပြီးတော့ နောက်ပိုင်း ဒုတိယကမ္ဘာစစ်ဖြစ်တာကိုး။ တကယ်စစ်မဖြစ်ပဲ အယူအဆချင်းအားပြိုင်နေတာလည်းရှိတယ်။ စစ်အေး (cold war) လို့ဆိုကြပြန်တယ်။ ၁၉၈၉ မှာစစ်အေးအပြီး ၁၉၉၁ မှာ အိုင်ဒီယော်လော်ဂျီပြိုင်ဆိုင်မှု ပြီးလို့ သမိုင်းလည်းပြီးဆုံးပြီ ဆိုတဲ့အယူအဆ ထွက်လာပေမယ့် စီးပွားရေးပြသနာတွေကတော့ အခိုင်အမာ ကျန်ရှိနေဆဲဖြစ် တယ်။ ၁၉၉၇ မှာ အာရှစီးပွားရေးအကျပ်အတည်းပေါ်ပြီး ၂၀၀၈ မှာ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် အကျပ်အတည်းတွေ့ရပြန်တယ်။ ဒါကိုတချို့က ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှု ကြီး (Great Recession) လို့နာမည်ပေးတယ်။

၂၀၀၈ ရဲ့ပင်မက အခက်အခဲတွေပြေလည်လာတယ်ဆိုပေမယ့် ပညာရှင်တွေကတော့ အရင်းရှင်စံနစ် သွားတော့မယ်လို့ ရဲရဲတင်းတင်း ဆိုလာကြတယ်။ ဘယ်လိုသွားမလည်းမှာတော့ ဝိုးတဝါးပဲ။ တော်လှန်ရေးလား။ မာက်စ်ပြောခဲ့တဲ့ အလုပ်သမားလူတန်းစား (working class) ဆိုတာ ၂၀ရာစုတဝက်ကျော်ကတည်း စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ အားလျော့သွားပြီ။ အရင်းရှင်အစိုးရတွေက အလုပ်သမား လူတန်းစားကို ယုံကြည်မှု ရှိတဲ့ စားသုံးသူတွေ အဖြစ် အသွင်ပြောင်းပလိုက်ပြီ။ တော်လှန်ရေးရဲ့စေ့စော်မှု အားနဲသွားပြီလို့အထင်ကရ ဖရင့်ဖတ် လက်ဝဲသစ်တွေကသုံးသပ်ခဲ့ပြီးသား။ ဒါဆို အင်စတီကျူးရှင်း နဲ့ တဖြည်းဖြည်းပြောင်းလဲ မလားဆိုတာချိန်ဆစရာပေါ့။

လူးရှင်း မဟုတ်တော့ ကျူးရှင်းလား
အမေရိကားလို လစ်ဘရယ်ဒီမိုကရေစီနိုင်ငံကြီးမှာ ထရမ့်လို ပေါ်ပြူ လာနိုင်ငံရေးသမား အားကောင်းလာပြီး သမ္မတ တက်ဖြစ်တယ်ဆိုတာ အစဉ်အလာခိုင်မာခဲ့တဲ့ အင်စတီကျူးရှင်းတွေ ကောင်းကောင်း အလုပ်မလုပ်တော့လို့ လို့သုံးသပ်ရမှာဖြစ်တယ်။ ကမ္ဘာ့အကောင်းဆုံး ပညာရေးလို့ဆိုတဲ့ အမေရိကန် အိုင်ဗီဆင်ဆွယ်မြနန်း ကျောင်းတော်ကြီးတွေ ဟာ နိုင်ငံရေးနဲ့ စီးပွားရေး အီလစ်တွေကိုမွေးထုတ်ပေးနေတာကြာပြီ။ ဒီအီလစ်တွေဟာယိုယွင်းလာတဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးကို ပြောင်းလဲမှု မလုပ်နိုင်ပဲ မှေးလိုက်နေတာကြာပြီ။ ပညာရေးဟာ စီးပွားရေးဈေးကွက် တခုအောက်ရောက်သွားပြီ။ ကျန်းမာရေးကကော။ နီယိုလစ်ဘရယ်တွေရဲ့ လူတဦးချင်းစီလွတ်လပ်မှု နဲ့ လူ့အခွင့်အရေးဆိုတာတွေက ဈေးကွက်ကို နိုင်သူအားလုံးယူစေပြီး ဆင်းရဲချမ်းသာကွာဟမှု ကိုမကြုံစဖူး ကြီးမား လာစေခဲ့တယ်။ ဒီတော့ အင်စတီကျူးရှင်း ဆိုတာတွေကော ဘယ်လောက် ယုံကြရမလဲ။

ဗျူးရှင်း ပြသနာ
ကမ္ဘာပေါ်မှာအခုကြုံနေရတာ ဓနခွဲဝေမှု ပြသနာ နဲ့ ဓနပေါ်မှီပြီး သို့မဟုတ် အာဏာကို တဘက်စောင်းနင်း ရယူထားတဲ့ ပါဝါခွဲဝေမှု ပြသနာဖြစ်တယ်။ Distribution of wealth နဲ့ Distribution of power ပဲ။ မြန်မာလည်း ဒီပြသနာပဲ။ သို့ပေမယ့် ဘယ်လိုတူနိုင်မလဲ။ ခုကျွန်တော်တို့နဲ့ တိုက်ရိုက် ဆိုင်တဲ့အပိုင်းပြောကြ ရအောင်။

(ဆက်ပါမည်)
Kz Khine

illustration: dirtdiggersdigest.org

Address

Pyay Garden Office Tower 2nd Floor, Room No. 2006, 2007, 2008, Pyay Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09260223339

Alerts

Be the first to know and let us send you an email when Forex Trading , Investment & Financial Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share