အတွေးအခေါ်ပိုင်း ညှိနှိုင်းကြသူများ Creative Myanmar Criticisms

  • Home
  • Myanmar
  • Yangon
  • အတွေးအခေါ်ပိုင်း ညှိနှိုင်းကြသူများ Creative Myanmar Criticisms

အတွေးအခေါ်ပိုင်း ညှိနှိုင်းကြသူများ Creative Myanmar Criticisms အတွေးအခေါ်ပိုင်း ညှိနှိုင်းကြသူများ

“တစ်ဆင့်ပြီး တစ်ဆင့် ဆောက်တည်ပါ”ပထမဆုံး ဝန်ခံလိုတာက အောက်က ပုံဟာ ဗုဒ္ဓတရားတော်တွေကို လေ့လာနာယူရင်း ကျွန်တော့်ဟာ ကျွန်တော...
15/05/2022

“တစ်ဆင့်ပြီး တစ်ဆင့် ဆောက်တည်ပါ”

ပထမဆုံး ဝန်ခံလိုတာက အောက်က ပုံဟာ ဗုဒ္ဓတရားတော်တွေကို လေ့လာနာယူရင်း ကျွန်တော့်ဟာ ကျွန်တော် နားလည်သလို ဖန်တီးထားတာသာ ဖြစ်တယ် ဆိုတာပါပဲ။

ဗုဒ္ဓဘာသာလို့ ပြောလိုက်ရင် စိတ်ညစ်စရာ ကောင်းတယ်၊ နေ့စဉ်ဘဝမှာ အသုံးချဖို့ အလှမ်းဝေးလွန်းတယ် စသဖြင့် ထင်တတ်ကြပါတယ်။ တရားဆိုလည်း အသက်ကြီးမှ အားထုတ်သင့်တဲ့ ကိစ္စပေါ့လေ။ ဘဝဆိုတာ ဆင်းရဲတယ် (ဒုက္ခ)၊ မတည်မြဲဘူး (အနိစ္စ)၊ သူ့သဘော သူဆောင်နေတာ (အနတ္တ) စသဖြင့် ဟောထားတော့ အဲ့လို မြင်ကြတာလည်း မဆန်းဘူးပေါ့။

သို့သော် တကယ်တမ်းကျ ဗုဒ္ဓက အဲ့ဒါတွေကိုပဲ ဟောခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဟောပြောတဲ့အခါ ၉ တန်း၊ ၁၀ တန်းအရွယ်ဆို တစ်မျိုး၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသားဆို တစ်မျိုး၊ လုပ်ငန်းခွင် ဝင်နေတဲ့သူတွေဆို တစ်မျိုး ဟောပြောကြသလိုပဲ၊ ဗုဒ္ဓရဲ့ တရားတော်တွေကလည်း အဆင့်ဆင့် ရှိတယ်။ လူတစ်ယောက်အနေနဲ့ ဘယ်လိုနေရ ထိုင်ရမယ် ဆိုတာကအစ ဟောခဲ့တာတွေ အများကြီး။ သို့သော် ခုနကလို အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့၊ သစ္စာ ၄ ပါးတို့ကို အသားပေးပြီး ဟောပြောတာမျိုးပဲ အကြားများတဲ့အခါ အထင်မှားကုန်ကြတာ။

နောက်ပြီး အဲ့လို အဆင့်ဆင့် တည်ဆောက်ရတဲ့ သဘောကို နားမလည်တော့ တချို့ကျတော့လည်း တလွဲသဘောပေါက်ပြီး လူကြားကောင်းအောင် လျှောက်ပြောကြတာပေါ့။ ဥပမာ သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ကိုယ့်ဘ၀ တိုးတက်မြင့်မားအောင် မကြိုးစားကြတာမျိုး၊ အခု တော်လှန်ရေးဆိုလည်း ကိုယ်နဲ့ မဆိုင်သလို နေနေကြတယ်၊ ပြီးတော့မှ ဘယ်အရာမှမှ အစိုးမရတာလေ ဆိုပြီး အနတ္တ ဘာညာနဲ့ ပြောရော။

ဟုတ်ပြီ၊ တကယ်သာ အဲ့လို အနိစ္စ၊ အနတ္တတွေကို သဘောပေါက်နေတာ သေချာတယ်ဆို ကိုယ် အခု စီးနေတဲ့ ကားလေးကို ရောင်းပြီး မရှိဆင်းရဲသားတွေကို လှူလိုက်ပါလား။ ဘယ်အရာမှ အစိုးမရဘူးဆို ကိုယ့်သားသမီး နေထိုင်မကောင်း ဖြစ်ရင် အရာရာ သူ့သဘော သူဆောင်မှာပဲ ဆိုပြီး ဘာမှ ဆေးမကုပေးဘဲ ဒီအတိုင်း ထိုင်ကြည့်နေမလား။ ဘယ်နေလိမ့်မလဲ။ သေကာမှ သေရော၊ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားကုပေးမှာပဲ။

တကယ်ကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာတွေကို တကယ်သဘောပေါက် ကျင့်သုံးနေတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အတ္တတွေ၊ တာဝန်မဲ့တာတွေ၊ မကြိုးစားချင်တာတွေကို ဘာသာရေး ခုတုံးလုပ်ပြီး စိတ်အာသာဖြေနေကြတာပဲ။ ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာပဲ။

ဒီတော့ အဆင့်ဆင့် သွားဖို့ လိုမယ်လို့ မြင်မိတယ်။ ဒါဆို ဟုတ်ပြီ။ တစ်ချက်ချင်း ကြည့်ရအောင်။

◾၁။ လူကောင်း ဖြစ်ဖို့

တစ်နည်းအားဖြင့် လူကောင်း ဆိုတာ ကိုယ့်ကြောင့် မျက်ရည်ကျရတဲ့သူ မရှိသလောက် နည်းတာမျိုးကို ဆိုလိုတာ။ အနည်းဆုံးတော့ ပျော်ရသူ အရေအတွက်ဟာ ငိုရတဲ့သူထက်တော့ ပိုများရမယ်ပေါ့။

ဗုဒ္ဓဘာသာဝင်တွေ အခြေခံအားဖြင့် ဆောက်တည်ရတဲ့ ၅ ပါးသီလ ဆိုတာ တကယ်တော့ သူများကို ဒုက္ခမပေးမိအောင်၊ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ် မကျအောင် စောင့်ထိန်းရတာပဲ။ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက်က ဒီလောက်ကြီး အကျိုးမရှိဘူး။ ဒါကြောင့် ၅ ပါးသီလကို မဟာဒါနလို့လည်း ဟောတာ။

အဲဒါကိုမှ ထပ်ချဲ့လိုက်ရင် ဒုစရိုက်တရား ၁၀ ပါး ဆိုပြီး ဖြစ်လာတယ်။ ၅ ပါးသီလအပြင် ဣသာ၊ မစ္ဆရိယလို စိတ်နဲ့ ပတ်သက်တာတွေပါ ပါလာပြီ။ ကိုယ့်ရဲ့ လုပ်ရပ်၊ အပြော၊ အကြံအစည် (ကာယကံ၊ ဝစီကံ၊ မနောကံ) ၃ ခုလုံးမှာ မကောင်းတာတွေ မလုပ်မိ၊ မပြောမိ၊ မတွေးမိအောင် စောင့်ထိန်းရတာ။ ဒါဆို အခြေခံ အကျဆုံးအနေနဲ့ လူကောင်း ဖြစ်သွားပြီလို့ ပြောလို့ ရနိုင်တယ်ပေါ့။

◾၂။ ပြည့်စုံကြွယ်ဝဖို့

လူဆိုတာ မဟုတ်တာ မလုပ်ရုံနဲ့တင် မပြီးဘူး။ ဟုတ်တာတွေလည်း လုပ်ဖို့ လိုအပ်တယ်။ အများကို ဒုက္ခမပေးရုံတင်မကဘူး၊ ကိုယ့်ဘ၀ တိုးတက်မြင့်မားအောင်လည်း ကြိုးစားဖို့ လိုပါတယ်။

အူမ တောင့်မှ သီလ စောင့်နိုင်မယ် ဆိုတဲ့ စကားသည် အတိုင်းအတာတစ်ခုထိ မှန်တယ်လို့ မြင်တယ်။ အူမ တောင့်လျက်နဲ့ သီလ မစောင့်နိုင်သူတွေ ရှိသလို၊ အူမ မတောင့်ဘဲနဲ့ စောင့်နေတဲ့သူတွေလည်း ရှိတယ်။ သို့သော် အဲဒါတွေသည် ဟိုဘက်စွန်း၊ ဒီဘက်စွန်း။ အများစုကတော့ အလယ်မှာပဲ ရှိတာ။

စဉ်းစားကြည့်လေ။ လူဆိုတာ ငတ်လာပြီဆိုရင် ခိုးမိနိုင်တာပဲ။ လုမိနိုင်တာပဲ။ ကိုယ့်ရှင်သန်ရပ်တည်ရေးက နံပါတ် ၁ ဖြစ်လာရင် ကျန်တာကို သိပ်မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် တစ်သက်လုံး လူကောင်းဖြစ်သွားဖို့ဆို ဘဝက ပြည့်စုံအဆင်ပြေမှ ရမယ်။

နောက်ပြီး အခု Mindfulness ဆိုပြီး ပြောနေ၊ သင်နေတဲ့သူ အများစုဆိုလည်း ကြည့်လိုက်။ ယေဘုယျအားဖြင့် ဘဝတွေ အဆင်ပြေနေကြတာ တွေ့ရလိမ့်မယ်။ အိမ်ထောင်ရေး အဆင်မပြေတာတို့၊ ကလေး နေမကောင်းတာတို့ ဒါလေးတွေတော့ ရှိမှာပေါ့။ Overall ခြုံကြည့်လိုက်ရင်တော့ အဆင်ပြေနေကြတယ်။ ဒါကြောင့်လည်း စိတ်ငြိမ်းချမ်းဖို့ ကိစ္စတွေကို လုပ်နေနိုင်တာပေါ့။

ဒီတော့ ကိုယ့်ဘ၀ တိုးတက်မြင့်မားဖို့သည် ပထမ ရည်ရွယ်ချက်ဖြစ်တဲ့ လူကောင်းဖြစ်ဖို့ကိုလည်း အထောက်အပံ့ ပေးသလို၊ ပိုအဆင့်မြင့်လာမဲ့ စိတ်အေးချမ်းဖို့အတွက်ပါ အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။

ဒါဆို ဗုဒ္ဓက ဘာတွေ ဟောခဲ့သလဲ။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာဖို့အတွက် သမ္ပဒါတရား ၄ ပါး လိုအပ်တယ်တဲ့။

• လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်ပါတဲ့။ အင်္ဂလိပ်လို ပြောရရင် Hard work ပေါ့။
• ဝင်ငွေများပြီး ထွက်ငွေနည်းအောင် လုပ်ပါတဲ့။ အဲဒါ Financial management ပေါ့။
• မိတ်ဆွေအပေါင်းအသင်း ရှိဖို့ လိုတယ်တဲ့။ Networking ပေါ့။ Mentoring ပေါ့။
• ရရှိပြီးတဲ့ ဥစ္စာပစ္စည်းတွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပါတဲ့။ Saving လုပ်ပေါ့။ စိတ်ချရတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံ Investment လုပ်ပေါ့။

ခုခေတ်မှာ ပြောနေကြတဲ့ အချက်တွေချည်းပဲ။ ဒါတွေအကုန် ဗုဒ္ဓတရားထဲမှာ ရှိတယ်။

အဓိပတိ ပစ္စယော တဲ့။ ကိစ္စတွေ ပြီးမြောက်အောင်မြင်စေဖို့ ကျေးဇူးပြုနိုင်တဲ့ အချက် ၄ ချက်။ ဒါတွေရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်ပေါ့ဗျာ။ ခုခေတ် ပြောနေကြတဲ့ If there’s a will, there is a way ဆိုတာ ဆန္ဒာဓိပတိပေါ့။ စိတ်ဓါတ်က အရေးကြီးတယ်၊ ပညာက အရေးကြီးတယ်၊ ဝီရိယက အရေးကြီးတယ် ပြောနေကြတာတွေသည်လည်း အဓိပတိ ပစ္စည်းပဲ။

နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဘာလိုလဲ။ ဒီ ၄ ချက်ပဲလေ။ စစ်အာဏာရှင်ကို ကျဆုံးစေလိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ၊ ပိုင်းခြားဆင်ခြင်နိုင်တဲ့ ဉာဏ်ပညာ၊ ကိုယ့်အခန်းကဏ္ဍအလိုက် ကြိုးစားအားထုတ်နေကြတာ၊ ဘာတွေ ဘယ်လိုကြုံကြုံ အားလျော့မသွားတဲ့ စိတ်ဓါတ်၊ ဒါတွေသာ ပေါင်းစည်းထားကြည့်။ ဘယ်လောက် အမြစ်တွယ်နေတဲ့ အာဏာရှင်ပဲ ဖြစ်စေဦးတော့၊ တောင့်မခံနိုင်စေရဘူး။

ဆိုတော့ ဒီလို ကိုယ့်ဘ၀ တိုးတက်ရေး၊ စွမ်းဆောင်အောင်မြင်နိုင်ရေးအတွက် ဟောထားတာတွေလည်း အများကြီးပဲ။ ဒါတွေကို လက်တွေ့ အသုံးချနိုင်ဖို့ လိုမယ်။

◾၃။ အများအကျိုး သယ်ပိုးဖို့

ဘယ်သူ့မှလည်း ဒုက္ခမပေးဘူး။ ကိုယ့်ဘဝကလည်း မြင့်မားလာပြီ ဆိုတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ အများအကျိုးပါ လုပ်ဖို့ လိုလာမယ်။

ဥစ္စာဓနတွေ ရှာဖွေပြီးရင် ကိုယ့်အတွက် သုံးပါတဲ့။ ကိုယ်ဖြစ်တည်တဲ့ မိသားစု၊ ကိုယ်ဆောက်တည်တဲ့ မိသားစု၊ ဆွေမျိုး၊ အသိမိတ်ဆွေတွေကို စောင့်ရှောက်ပါတဲ့။ လိုအပ်နေသူတွေကို လှူပါ၊ တန်းပါတဲ့။ နောက်ဆုံး၊ နိုင်ငံသားတာဝန်ဖြစ်တဲ့ အခွန်ဘဏ္ဍာတွေ ဆက်သပါတဲ့။ အဲဒီအထိ ဟောထားတာ။

ဒါ ပရဟိတ လုပ်တာမျိုးထိ မဟုတ်သေးဘူးနော်။ လူတစ်ယောက်အနေနဲ့၊ ဖခင်၊ မိခင်၊ သားသမီးတစ်ယောက်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ယူရမဲ့ တာဝန်တွေ ယူဖို့ကိုပဲ ဟောသေးတာ။ အခုကာလအတွက် ပြောရရင်လည်း CDM လုပ်မယ်၊ NUG ဆီ အခွန်ဆောင်မယ်၊ တော်လှန်ရေးကို နိုင်သလောက် ထောက်ပံ့မယ် ဆိုတာတွေသည် နိုင်ငံသားတာဝန် ယူနေတာပဲ ဖြစ်တယ်။

နာရေးကူညီမှုအသင်းတို့၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးတို့လို ပရဟိတတွေက ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ထပ်ပြီးတော့မှ လုပ်သွား။ ကနဦးအနေနဲ့တော့ တာဝန်ကျေဖို့ လိုမယ်ပေါ့။

◾၄။ စိတ်အေးချမ်းဖို့

လူကောင်းဖြစ်တိုင်း၊ ပြည့်စုံချမ်းသာနေတိုင်း၊ အများအတွက် အလုပ်လုပ်တိုင်း စိတ်အေးချမ်းနေရတာတော့ မဟုတ်ဘူး။ ခုကာလကိုပဲ ကြည့်။ ပြည်သူဘက်က ရပ်တည်သူတွေမှာ ဘယ်လောက်တောင် ပူလောင်နေရသလဲ။

ဆိုတော့ ဒီအဆင့်ထိ ရောက်ဖို့ကျ စိတ်အထားတတ်ဖို့ လိုလာမယ်။ စိတ်ရဲ့ သဘာဝတွေကို သိဖို့ လိုလာမယ်။ တရားထိုင်ခြင်းလို လက်တွေ့ လုပ်ဆောင်ရတာတွေ ရှိလာမယ်။

လူတွေက ပဌာန်းဆို ရွတ်ရ၊ ပူဇော်ရတာပဲလို့ ထင်တယ်။ ပဋိစ္စသမုပ္ပါဒ်တို့၊ သစ္စာ ၄ ပါးတို့၊ မဂ္ဂင် ၈ ပါးတို့ဆို လန့်လန့်သွားကြတယ်။ ကိုယ်တိုင်လည်း ထင်ဖူး၊ လန့်ဖူးပါတယ်။ တကယ်က အဲဒါတွေသည် စိတ်ရဲ့ အကြောင်းကို ဟောထားတာပဲ။

ကျွန်တော်တို့ စိတ်ဆင်းရဲနေ၊ စိတ်ပူလောင်နေကြရတာဟာ ဘာကြောင့်လဲ။ တဏှာဆိုတဲ့ အစွဲအလမ်းကြောင့်ပဲ။ “ရန်ကုန်မှာ ကား ၅ စီး၊ မန္တလေးမှာ တိုက် ၅ လုံး၊ တစ်ခုမှ လှည့်မကြည့်ဘူး၊ ဘာဖြစ်လို့လဲ၊ ငါ့ဟာမှ မဟုတ်တာ” ဆိုတဲ့ ပြက်လုံးလိုပဲ။ လူဆိုတာ ကိုယ် မပိုင်တာ၊ ကိုယ် မခင်တွယ်တာအတွက် ဘယ်သူမှ မပူလောင်ဘူး။ မပူဆွေးဘူး။ ဒါကြောင့် နိဗ္ဗာန်တွေ၊ သံသရာတွေ ခဏထားလိုက်။ လက်ရှိဘဝမှာ ပျော်ချင်တယ်၊ အေးချမ်းချင်တယ်ဆို စွဲလမ်းမှုကို လျှော့ချရမယ်။ စွဲလမ်းမှုနဲ့ စိတ်ပျော်ရွှင်မှုသည် ပြောင်းပြန်အချိုးကျတယ်။

ဒါန လုပ်ခိုင်းတယ် ဆိုရင်လည်း ကြည့်လိုက်။ အနိမ့်ဆုံးအဆင့်က တူသောအကျိုးပေးဖို့၊ ဒါမှ ဒီဘ၀ လုပ်ငန်းကိုင်ငန်းတွေ အောင်မြင်မယ်၊ နောင်ဘဝလည်း ချမ်းချမ်းသာသာ နေရမယ်။ မင်းတို့တွေ ကပ်စေးကုတ်မနေနဲ့။ လှူကြ။ လှူတယ်ဆိုတာ ဘဏ်မှာ ငွေအပ်သလိုပဲ။ မင်းတို့ သံသရာမှာ နောင်တစ်ချိန်ကျ ပြန်ခံစားရမှာ။ ဒီလိုအကျိုးစီးပွားလေးနဲ့ ချိတ်ပြီး စည်းရုံးတယ်ပေါ့။

အဲ့ထက် အဆင့်မြင့်လာတော့ အများအတွက် ဦးစားပေးပြီး လှူဖို့ ဆိုပြီး ဖြစ်လာတယ်။ ပြောင်ဝင်းနေပြီးသား ဘုရားမှာ ကုသိုလ်ရချင်စိတ်နဲ့ ရွှေသင်္ကန်းကပ်မဲ့အစား ထမင်းငတ်နေတဲ့ ကလေးတစ်ယောက်ကို ထမင်းကျွေးလိုက်ပါပေါ့။

နောက်ဆုံးအဆင့်ကျမှ အစွဲတွေ လျှော့ဖို့ ဆိုပြီး ဟောတယ်။ လှူတယ်ဆိုတာ အစွဲအလမ်းကို ဖြတ်ပြီးမှ လှူနိုင်တာလေ။ တစ်နည်းအားဖြင့် ကိုယ့်စိတ်ကို အစွဲအလမ်းတွေ၊ တပ်မက်တာတွေ နည်းလာအောင် လေ့ကျင့်ပေးတာပဲ။ ဒါကြောင့်လည်း အလှူလုပ်ပြီးရင် ဘုန်းဘုန်းတွေက တိုင်ပေးတာ။ ဤဒါနကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး။

သဘောက ဒီလူကတော့ အလှူတွေ လုပ်တယ်ဟေ့ ဆိုပြီး တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်လို့ နိဗ္ဗာန်ရောက်သွားမှာ မဟုတ်ဘူး။ ဆုတောင်းတိုင်းလည်း ရတာ မဟုတ်ဘူး။ နိဗ္ဗာန် ဆိုတာ တဏှာကို ဖြတ်တောက်ပြီးမှ ရနိုင်တာမို့၊ ဒီလိုတွေ လှူရင်း လှူရင်းနဲ့မှ စိတ်က အလေ့အကျင့်တွေ ရပြီး နောက်ဆုံးအဆင့်ကို တက်သွားနိုင်မယ် ဆိုတဲ့ သဘော။

ကိုယ်က နောက်ဘ၀ ချမ်းချမ်းသာသာ နေရဖို့ ရည်ရွယ်ချက်နဲ့ လှူနေရင်တော့ အဲဒါ လိုက်မဆိုလည်း ရတယ်။ လိုက်ဆိုနေလို့လည်း ဘာမှ မထူးဘူး။ အလှူလုပ်လို့ လူကောင်းတော့ ဖြစ်မယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကတော့ မအေးချမ်းနိုင်ဘူးပေါ့။ ပစ္စည်းဥစ္စာတွေ ပျက်ဆီးဆုံးရှုံးရတဲ့အခါမျိုးမှာ အရူးမီးဝိုင်း ဖြစ်နေလိမ့်မယ်။

သီလဆိုရင်လည်း ၅ ပါးသီလသည် အပေါ်မှာ ပြောခဲ့သလို သူတစ်ပါးကို ဒုက္ခမပေးမိအောင် စောင့်ထိန်းရတာ။ ၈ ပါးသီလကျ ကိုယ့်စိတ် အေးချမ်းဖို့ ဖြစ်သွားပြီ။ တပ်မက်တာတွေကို လျှော့ချရတာပေါ့။ နေ့လွဲညစာ မစားခြင်းဖြင့် အစား (အရသာ) တပ်မက်မှုကို လျှော့ချတယ်။ အလှမပြင်၊ မှန်မကြည့်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် တပ်မက်မှုကို လျှော့ချတယ်။ အဆင်း၊ အသံတွေကို မတပ်မက်အောင် ရုပ်ရှင် မကြည့်ခိုင်းဘူး။ ဂီတ နားမထောင်ခိုင်းဘူး။ ဘုရားခေတ်ကတော့ မပေါ်သေးလို့ မပါပေမဲ့ ဒီခေတ်လိုဆို ဆိုရှယ်မီဒီယာတွေပါ ပါမယ်ပေါ့။ နောက် အထိအတွေ့ကို မတပ်မက်အောင် အိပ်ရာကအစ ရိုးရှင်းစွာ အိပ်စက်ရမယ် ဆိုပြီး ဖြစ်လာတယ်။ ဒီနေ့ခေတ် ရေပန်းစားလာတဲ့ Minimalism ဘဝနေထိုင်မှုဟာ အဲဒါပဲ။ တပ်မက်စရာတွေကို လျှော့ချပြီး တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်း နေတာ။

ဒါကြောင့် ၈ ပါးသီလ ယူပြီးရင်လည်း ဘုန်းဘုန်းတွေက ဆိုခိုင်းပြန်တာပေ့ါ။ ဤသီလကုသိုလ်သည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး။ စွဲလမ်းမှုတွေ နည်းလာ၊ နည်းလာရင်းကမှ နောက်ဆုံး ရည်မှန်းချက်ဖြစ်တဲ့ နိဗ္ဗာန်ဆီကို သွားနိုင်ဖို့ပေါ့။ ၅ ပါးသီလသပ်သပ်နဲ့ကတော့ အထောက်အပံ့ ဖြစ်ဖို့ မလွယ်သေးဘူး။

ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ အဲဒါပါ။ ခုလိုရည်ရွယ်ချက်နဲ့ ဒါန၊ သီလတွေ လုပ်ထားပြီးမှ ဘာဝနာ အားထုတ်ဖို့ ဖြစ်နိုင်လိမ့်မယ်။

သီလ၊ သမာဓိ၊ ပညာ ဆိုလည်း ဒီသဘောပဲ။ သီလရှိမှ သမာဓိ ရမယ်။ သမာဓိရမှ ဝိပဿနာ ဉာဏ်အလင်း ပွင့်မယ်။ မဟုတ်တာ လုပ်ထားသူဟာ ဘယ်လောက်ပဲ လူကြားကောင်းအောင် ပြောနေပါစေ၊ သူ့ဟာသူတော့ သိနေတဲ့အတွက် စိတ်က မတည်ငြိမ်ဘူး။ ဆောက်တည်ရာ မရဘူး။ ဒါကြောင့် ကြိုက်သလောက် တရားစခန်းဝင်၊ သမာဓိ မတည်နိုင်ဘူး။ တရား မရနိုင်ဘူး။

ပြောရရင်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ စိတ်အေးချမ်းမှု ရှိအောင် ကြိုးစားခြင်း၊ တဏှာဆိုတဲ့ အစွဲအလမ်းတွေကို တတ်နိုင်သမျှ လျှော့ချခြင်း ဆိုတဲ့ အဆင့် ၄ ကို ရောက်ပြီးမှ နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ အဆင့်ကို သွားနိုင်လိမ့်မယ်ပေါ့။

◾အဆင့်ဆင့် သွားကြဖို့

ပွင့်ပွင့်လင်းလင်း ပြောရရင် နိဗ္ဗာန်တို့၊ သံသရာတို့၊ ရှေ့ဘ၀ နောက်ဘဝတို့ ဆိုတာက ယုံကြည်မှုကို အခြေခံပြီး ပြောနေကြတာပါ။ ဘုရားကို ယုံတယ်။ ယုံတဲ့အတွက် ဒါတွေ ရှိလိမ့်မယ်လို့ လက်ခံထားကြတယ်။ တကယ်ကျ သက်သေပြရ ခက်ပါတယ်။ မရှိနိုင်ပါဘူး လာငြင်းရင်လည်း ဘာမှ ပြန်ဖြေစရာ မရှိဘူး။

သို့သော် အောက်က အဆင့် ၄ ဆင့် လုပ်နိုင်ရင်ကိုပဲ ကိုယ်ဟာ လူဖြစ်ရကျိုးနပ်မယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်မယ်။ နေ့စဉ်နေ့တိုင်းကို စိတ်နှလုံး အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

ဒါကြောင့် ဗုဒ္ဓတရားတော်တွေကို လေ့လာတဲ့အခါမှာ အဆင့်ဆင့် ရှိတာကို နားလည်သဘောပေါက်ဖို့ လိုမယ်။ အဲဒီလိုပဲ၊ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကျင့်သုံးတဲ့နေရာမှာလည်း အဆင့်ဆင့် ဆောက်တည်ဖို့ လိုမယ်။ လူကြားကောင်းအောင်ဖြစ်စေ၊ ကိုယ့်ရဲ့ တာဝန်မဲ့မှုတွေ၊ မကြိုးစားချင်တာတွေအတွက် ကာဗာ လုပ်ချင်လို့ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ စကားလုံးတွေကို လွယ်လွယ်မပြောကြစေချင်ဘူး။

အရင်ဆုံး စိတ်ကောင်းနှလုံးကောင်းထား။ ဘဝတိုးတက်မြင့်မားဖို့ ကြိုးစားအားထုတ်။ လူ့တာဝန် ကျေအောင်လုပ်၊ အများကို အကျိုးပြု။ ကိုယ့်စိတ်ကို အေးချမ်းအောင် ထား။ ဒါမှသာ နိဗ္ဗာန်အတွက် အထောက်အပံ့ ပေးမှာ ဖြစ်သလို၊ နိဗ္ဗာန်ကို မလိုချင်ပါဘူး ဆိုခဲ့ရင်လည်း လက်ရှိမှာတင် အဆင့်အတန်းမြင့်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၀.၁၀.၂၀၂၁

(ဒီ​ဆောင်းပါးက "ဗုဒ္ဓအလိုကျ Minimalism" စာအုပ်ထဲမှာလည်း ပါပါတယ်။ မဖတ်ရ​သေးရသူ​တွေ ဖတ်ရ​အောင် ကဆုန်လပြည့်​နေ့မှာ ပြန်တင်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ဆင့်ပြီးတစ်ဆင့် ​ဆောက်တည်ရင်း ဗုဒ္ဓအဆုံးအမများနဲ့အညီ ကျင့်ကြံ​နေထိုင်နိုင်ကြပါ​စေခင်ဗျာ။)

24/06/2017

Business မှာ အဆိုတစ်ခုရှိတယ်။
မင်းအလုပ်ထဲမှာ လုပ်နေတာတွေကို ခနရပ်ပြီးတော့ မင်းအလုပ်အပေါ်မှာ စတင်အလုပ်လုပ်ပါတဲ့။
English လိုဆိုရင်
“Stop working in the business and start working on the business” ပေါ့။
အလုပ်တစ်ခုကို Plan ဆွဲပြီးလုပ်တဲ့သူတွေရှိတယ်။ Plan မဆွဲနေတော့ပဲ လက်ရှိ အခွင့်အရေးကောင်းတွေကို မိမိရရ အသုံးချပြီး ထိထိရောက်ရောက်လက်တွေ့ လုပ်နေတဲ့သူတွေလည်းရှိတယ်။ ကွာဟမူက သိပ်မသိသာပါဘူး ဒါပေမယ့် ရေရှည်ဆိုရင်တော့ သိသာသွားပြီ။ Plan တစ်ခုကို ဆွဲပြီဆိုတာနဲ့ မင်းရဲ့ စိတ်ထဲမှာရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို စပြီး ရေးချရတော့မယ်။ ဖြစ်နိုင်မဖြစ်နိုင် မင်းကိုယ်မင်း မေးရတော့မယ်။ အသေးစိတ်ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ အန္တရာယ်တွေကို ကြိုပြီးတွေးတော ဆင်ခြင်ရတော့မယ်။ အဲ့ဒါက အလေ့အကျင့်မရှိတဲ့သူအဖို့ အရမ်း အချိန်ကုန်မယ်။ အလုပ်ရှုပ်မယ်။ ပြီးတော့ ခေါင်းအရမ်းစားလိမ့်မယ်။ Plan ဆွဲတယ်ဆိုတာ ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး ကိုယ့်ရဲ့ အတွေးတွေကို ချွန်ထက်လာအောင် သွေးနေတာပဲ။ မင်းက Plan မဆွဲဘဲ သွားနေမယ်ဆိုရင် မင်းလတ်တလော အခွင့်အရေးတွေကို ဆုပ်ကိုင်နိင်လိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ လုပ်ငန်းမှာ ကြီးမားတဲ့ စွန့်စားမူကြီးတွေ၊ အခွင့်အရေးကောင်းတွေအတွက် လုပ်ချင်ပြီဆိုရင် ဘယ်လိုလုပ်မလဲ၊ မင်းမှာ Resource တွေလိုလာပြီ။ တစ်ကယ်လို့ မင်းရဲ့ လုပ်ငန်းက ရံပုံငွေက ဒီအခွင့်အရေးအတွက် မလုံလောက်ဘူးဆိုရင် မင်း က မင်းလုပ်ငန်းကို Share ခေါ်ပြီး Fund ရှာရတော့မယ်။ ဒီအတွက် မင်းမှာ Plan လိုတယ်။ မင်းရဲ့ တွေ့ကြုံရမယ့် အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် Guidline တွေလိုမယ်၊ မင်းရဲ့ ရည်မှန်းချက်ကိုရောက်ဖို့အတွက် Policy တွေလိုမယ်။ ဘယ်လို Procedure နဲ့သွားရင် အကောင်းဆုံးလည်းဆိုတဲ့ သတ်မှတ်ချက်တွေကို ဆုံးဖြတ်ထားရမယ်။ မင်းက Business ကိုရေရှည် Run ဖို့ မစဉ်းစားထားရင်တော့ Plan မထားတာပိုကောင်းမယ်။ သိထားဖို့က Business မှာလုပ်နေတဲ့ အောင်မြင်နေတဲ့ သူ တော်တော်များများက Plan ဆွဲကြဘူး၊ ဒါပေမယ့် သူတို့ပန်းတိုင်က ဘာလဲ၊ သူတို့ ဘယ်လိုလုပ်မှာလဲ၊ ဘယ်လိုအရာတွေလိုအပ်သလဲဆိုတာကို ကောင်းကောင်းကြီးသိကြတယ်။

Plan ဆွဲတော့မယ်ဆိုရင် မင်းအခြေခံတွေကို သိထားဖို့လိုတယ်။
အဆင့် ၇ဆင့်နဲ့ စတာပေါ့…

1. STOP
မင်းက လုပ်ငန်းကို စတင်ပြီးသားဖြစ်နေရင်မင်းရဲ့လုပ်ငန်းကို ခနရပ်ပြီးတော့ လုပ်ငန်းအပေါ် အာရုံအရင် စူးစိုက်လိုက်ပါ။ အဲ့ဒီလိုမလုပ်ချင်ဘူးဆိုရင် အောက်က အကြောင်းအရင်း ၂ ချက်ကို အရင်ကြည့်လိုက်ပါ။
၁။ မင်းအလုပ်မှာ အလုပ်တွေ အရမ်းရှုပ်နေတယ်၊ အချိန်မရှိဘူးဆိုတာ တစ်ကယ်တော့မဟုတ်ပါဘူး။ မင်းက မင်းရဲ့ အလုပ်မှာ အာရုံစိုက်နိင်ဖို့ ပုံမှန် အားလပ်ချိန်ကို ဖန်တီးယူရမယ်။
၂။ မင်းကမင်းရဲ့ အလုပ်တွေကို အောင်မြင်အောင် Plan ဆွဲနိင်တဲ့ တစ်ဦးတည်းသောလူပဲ။ အားလုံးကို Technician တွေနဲ့ပဲ လွဲထားလို့ မရဘူး။

မင်းရဲ့ လုပ်ငန်းတွေကို ခနရပ်တာတော့ဟုတ်ပါပြီ။ ဘာကို Focus လုပ်မှာလဲ။
Focus လုပ်သင့်တာ ၄ ချက်ရှိတယ်။
1. People
2. Punters
3. Process
4. Profit
မှတ်ရလွယ်အောင် P လေးလုံးပေါ့။

1 People….
People ထဲမှာ ကိုယ့်လုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းတွေ၊ ကိုယ်နဲ့ စပ်တူ အလုပ်လုပ်နေတဲ့ Contractor တွေ၊ ကိုယ့်ကို ထောက်ပံ့ပေးနေတဲ့ Supplier တွေပါမယ်။ လုပ်ငန်းမှာ ၀န်ထမ်းတွေပျော်ရဲ့လား၊ လုပ်ငန်းပတ်ဝန်းကျင်အခြေအနေ က ကျေနပ်စရာကောင်းရဲ့လား၊ လုပ်ငန်းပြင်ပက လွမ်းမိုးမူတွေက ဘာတွေရှိမလဲ၊ Contractor တွေ Supplier တွေကရော အဆင်ပြေပြေနဲ့ ဖြစ်နေရဲ့လားဆိုတာတွေကို သိဖို့ ကြိုးစားရမယ်။ ဒီအဆင့်က HR Starategy တွေသိထားရင်တော့ ပိုပြီး အဆင်ပြေမယ်။

2. Punters
အရပ်အခေါ် Customer ပေါ့။ ၂မျိုးရှိတယ် Internal Customer နဲ့ External Customer ဆိုပြီးတော့။
External Customer ကတော့ ရှင်းပါတယ် ကိုယ့်ဆီကနေ တိုက်ရိုက်ဝယ်တဲ့ Purchaser, ကိုယ့် Product/ Service ကို တစ်ကယ်သုံးလိုက်တဲ့ the end user, ပြန်ရောင်းချင်လို့ ကိုယ့်ဆီကနေပြန်ဝယ်တဲ့ Merchant, ကိုယ့်ဆီကနေ သူ့ Product ကို အဆင့်မြှင့်ရာမှာသုံးဖို့ ပြန်ဝယ်တဲ့ Processors, ကိုယ့်ဆီကနေ ၀ယ်ဖို့ အလားအလာရှိတဲ့ Potential Customer, ပြီးတော့ နောက်ဆုံးတစ်ခုက Hidden Customer သူကကျတော့ ကိုယ့်ဆီကနေလည်းမ၀ယ်ဘူး သတင်းတွေကြည့်၊ အချက်အလက်တွေကြည့်ပြီး တစ်ခြားသူတွေသုံးလာအောင် တိုက်တွန်းပေးနိုင်တဲ့သူတွေပဲ။

Internal Customer က Company အတွင်းက Customer တွေကိုပြောတာ။ တစ်ကယ်တော့ သူက ကိုယ့် Product/ Service ကို မ၀ယ်ဘူး၊ သုံးလဲမသုံးဘူး။ ဒါပေမယ့် သူကနေတစ်ဆင့် External Customer တွေကို ပြန်သွားတာဆိုတော့ External Customer တွေကို ရောင်းဖို့ သူက အရေးပါနေတယ်။ External Customer Satisfaction ရဖို့ Internal Customer ကို Focus လုပ်ရမယ်။

Customer တွေကို နားလည်ပြီဆိုရင် ဘယ်လို Focus လုပ်ရမလဲဆိုတာက ရှင်းပါတယ်။ Sales Performance ကို ကြည့်လို့ရတယ်။ ကိုယ့် Product/ Service က Customer အတွက်အဆင်ပြေလား၊ Customer Needs, Customer Requirements တွေက ဘာတွေလဲ၊ အဲ့ဒီ၂ခုက ဘယ်လိုခွမလဲ၊ ကိုယ်က ဘာတွေလုပ်ပေးနိုင်လဲဆိုတာကို စဉ်းစားရမယ်။

Customer Focus လုပ်ပြီးရင် Customer Retention လုပ်ရမယ်။ ကိုယ့်ဆီကို Customer အသစ်တစ်ယောက် ရအောင် လုပ်ရင် ကုန်တဲ့ အချိန်၊ ငွေ၊ အင်အားတွေက ရှိပြီးသား Customer ကို ထိန်းတာထက် ၁၀ ဆပိုများတယ်။ အဲ့ဒီတော့ Customer Retention ကိုလည်းကောင်းကောင်းလုပ်နိုင်ရမယ်။

3 Process…
People နဲ့ Punters ကို Focus လုပ်ပြီးရင် နောက်ထပ် သိရမှာက Process ပဲ။ ကိုယ့်ရဲ့ Product/ Service ကို ဘယ်လို Process တွေနဲ့ လုပ်လို့ရမလဲ၊ option ဘယ်လောက်များများရှိလဲ၊ Process တစ်ခုချင်းစီရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေ၊ ပြိုင်ဘက် Company တွေက သုံးနေတဲ့ Process တွေ ကို သိထားရမယ်။ ကိုယ့်လုပ်ငန်းကို Supply Chain Process သုံးလို့ ရနိင်လား၊ တစ်ခြားအကောင်းဆုံး Process တွေရှိသေးလား စဉ်းစား။ ပြီးတော့ ကိုယ့်ပြိုင်ဘက်တွေက ၇၀ % လောက်က Process တစ်မျိုးတည်းကို အခြေခံပြီးသုံးနေတာဆိုရင် အဲ့ဒီ process ရဲ့ အားနည်းချက်နေရာကိုကြည့်ပြီးတော့ ဈေးကွက်မှာ customer ရဲ့ လိုအပ်ချက်တွေကို တွက်လို့ရသွားပြီ။ Process ကို ကြည့်ရင် ပထမ productivity ကိုစဉ်းစားရမယ်။ ကိုယ့်ရဲ့ လုပ်ငန်းက productivity ဘယ်လောက်ရှိလဲ၊ ပြီးတော့ ဈေးကွက်မှာ လိုအပ်နေတဲ့ ပမာဏက ဘယ်လောက်လဲ၊ ကောင်းသင့်သလောက်ကောင်းရဲ့လား ဆိုတာကို စဉ်းစား။ ဒုတိယက input နဲ့ output မျှရဲ့လားဆိုတာကိုကြည့်၊ resource (အချိန်၊ လူ၊ ငွေ၊ စက်ပစ္စည်း၊ နည်းပညာ၊ စွမ်းအင်) ဘယ်လောက်သုံးထားလဲ၊ သုံးတာနဲ့ ကာမိရဲ့လား၊ ဘယ်လိုလုပ်ရင်ပိုထိရောက်မလဲ စဉ်းစား။ အဲ့ဒါလုပ်ဖို့ဆို လုပ်ငန်းရဲ့ law of diminishing returns ကို သိထားရမယ်။ law of diminishing return ဆိုတာ resource တွေကို ထိထိရောက်ရောက်သုံးနိုင်အောင် လုပ်ထားတဲ့ နည်းလမ်းပဲ။ ဥပမာဆိုရင် သစ်ပင်ခုတ်တဲ့လုပ်ငန်းမှာ အလုပ်ပိုပြီးအောင် အလုပ်သမားတွေ အများကြီးသုံးသလိုပေါ့၊ အလုပ်သမားတွေပိုပြီးထည့်လိုက်တိုင်း productivity တိုးလာတယ်။ အဲ့ဒီတော့ အများကြီးထည့်လိုက်တယ်။ ဘာဖြစ်မလဲ government policy အရ သစ်ပင်ခုတ်တဲ့ အရေအတွက်ကို limit လုပ်ထားတာတွေရှိမယ်၊ သစ်တွေသယ်ဖို့ ကားမလုံလောက်တာတွေရှိမယ်၊ customer တွေမှာ သစ်တွေ များများဝယ်လို့ရလာတဲ့အတွက် သစ်ဈေးကျသွားတာတွေရှိမယ် အဲ့ဒီလို တားမြစ်သလိုဖြစ်နေတဲ့ ဥပဒေသကို law of diminishing return လို့ခေါ်တယ်။
တတိယ error rate ကိုကြည့်ရမယ်။ ကိုယ့်လုပ်ငန်းမှာ ဘယ်လို error တွေရှိသလဲ၊ ဘယ် error က လုပ်ငန်းမှာ အထိခိုက်ဆုံးလဲ၊ ထိခိုက်တဲ့အပိုင်းက profit လား၊ reputation လား၊ ဘယ်လိုပြင်ဆင်ရမလဲ၊ အဲ့ဒါတွေကိုကြည့်ပြီးရင် အဲ့ဒီ error တွေကို ထိန်းဖို့အတွက် လုပ်ငန်းနဲ့ အကိုက်ညီဆုံး quality audit system ကို ထားပေးရမယ်။
နောက်ဆုံး customer ရဲ့ လိုအပ်ချက်တွေကိုက်ညီထားလား၊ customer ရဲ့ complain တွေကိုကြည့်၊ ဘယ်လိုပြင်ဆင်ပေးမလဲစဉ်းစား၊ ပြင်ဆင်လို့မရတော့ဘူးဆိုရင် ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စဉ်းစား။ တစ်ခုသိရမှာက customer လက်ထဲရောက်ပြီးမှ တစ်ခုခုဖြစ်တယ်ဆိုရင် external failure cost ဖြစ်သွားပြီ၊ အဲ့ဒါက internal failure cost ထက် ၃ဆ ပိုကုန်ကျတယ်။ အဲ့ဒီလိုခနခန ဖြစ်နေမယ်ဆိုရင် Process ကို ပြောင်းဖို့ အချိန်ကျပြီလို့သာမှတ်။

4 Profit…
ကဲ.. နောက်ဆုံး business ရဲ့ လူကြိုက်အများဆုံး အပိုင်းကိုရောက်လာပြီ။ Focus လုပ်ရမှာတော့ လွယ်ပါတယ်။ income vs expenses, error rates နဲ့ return on investment ၃ ခုပဲပေါ့ လောလောဆယ်တော့။ income and expenses ဆိုတာကို focus လုပ်ရင် basic cost ၂ မျိုးကို အရင်သိထားရမယ်။ fixed cost နဲ့ variable cost ပဲ။ fixed cost ဆိုတာက လုပ်ငန်းမှာ လည်ပတ်မူအားကောင်းတာ၊ မကောင်းတာနဲ့ မဆိုင်ဘဲ ပုံမှန်ကုန်ကျတဲ့ စရိတ်ကိုပြောတာ၊ ဥပမာ ၀န်ထမ်းလစာ နဲ့ ရုံးခန်းငှားစရိတ် လိုပေါ့။ variable cost ဆိုတာက လုပ်ငန်းလည်ပတ်လေလေ ပိုကုန်ကျလေလေ ဖြစ်တဲ့ ကုန်ကျစရိတ်ကိုပြောတာ၊ ဥပမာ ကုန်ကြမ်းပစ္စည်းဖိုး၊ မီတာခ၊ လုပ်သားစရိတ်တွေပေါ့။ ဒီ၂ခုကို ခွဲသိထားပြီဆိုရင် economics of bulk ဆိုတဲ့ ဖောက်သည်ကို ပေးရင် ဘာကြောင့် ဈေးလျှော့တာလဲဆို တာ (ပိုပြီးတော့ ရောင်းရတဲ့အတွက် Variable costs မြင့်လာတယ်၊ အဲ့ဒီအချိန်မှာ fixed cost နိမ့်သွားတယ်၊ အဲ့ဒီတော့ unit price လည်းနိမ့်သွားတာပေါ့)၊ ပြီးတော့ ကုန်ကျစရိတ်နဲ့ ပက်သက်ပြီး ရွေးချယ်စရာတွေရှိရင် ဒီ cost ၂ခု ခွဲထားတဲ့အတွက် ပိုထိထိရောက်ရောက်ရွေးလို့ရသွားမယ်။ ဥပမာ စက်တစ်ခုကို ၀ယ်တဲ့အခါမှာ break-even point analysis ကို သုံးသလိုပေါ့၊ ပထမစက်က ဈေးကြီးတယ်၊ run ရင် ဈေးသက်သာတယ် (ပြောရရင် asset များပြီး operating cost နည်းတယ်ပေါ့)။ ဒုတိယ တစ်စက်က ပြောင်းပြန်ပဲ ဈေးသက်သာပြီး run ရင်ဈေးကြီးတယ်။ ဘယ်စက်ကိုဝယ်မလဲ။ စဉ်းစားရခက်သွားပြီ။ ဒီတော့ break-even point ကိုစဉ်းစားလိုက်တယ်။ စက်၂ခုစလုံးကို သုံးပြီးတော့ run တဲ့အခါမှာ ဘယ်စက်က product ဘယ်လောက်ထုတ်ပြီးတဲ့အခါ အရင်းကျေမလဲဆိုတာကိုပေါ့။ အဲ့ဒီလိုတွက်လိုက်တဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ တွင်ကျယ်မူအပေါ်မူတည်ပြီး အဆင်ပြေတဲ့စက်ကို ရွေးလို့ရသွားမယ်။
Equation က: break even unit = (fixed costs)/(selling price-variable cost per unit)
ပြီးတော့ လုပ်ငန်းကြီတွေလုပ်မယ်ဆိုရင် fixed cost ကို အနည်းဆုံးဖြစ်အောင်ထားတာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ငွေကြေးဖောင်းပွတာတွေ၊ စီးပွားရေးစနစ်ပျက်တာတွေဖြစ်လာတဲ့အခါမှာ အဲ့ဒီလို fixed cost အနည်းဆုံးထားတဲ့ company က variable costs ကို လျော့ပြီးတော့ နောက်ဆုံးအထိတောင့်ခံလို့ရတယ်။ fixed costs ထက်စာရင် variable costs က အများကြီး ပိုပြီး လျှော့လို့လွယ်တယ်လေ။ fixed costs တွေများနေရင် အဲ့ဒီလိုအချိန်မှာ Customer ကမရှိ၊ Fixed cost က ပုံမှန်ကုန်ဆိုတော့ အဲ့ဒီလုပ်ငန်းက လုံးဝရပ်သွားရော။ ကမ္ဘာ့စီးပွားပျက်ကပ်မှာ company တွေအားလုံးနီးပါး အဲ့ဒီလိုရပ်ကုန်ကြတာပဲ။ Survive ဖြစ်ချင်ရင် ဒါတွေကိုကြိုလေ့လာထား။
ပြီးတော့ company တွေရဲ့ထုံးစံက အကျဉ်းအကျပ်ထဲကို ရောက်နေပြီဆိုရင် variable cost ကိုလျှော့ချလိုက်တယ်၊ ဘာဖြစ်လဲဆိုတော့ balance sheet မှာ variable expense တွေ လျှော့သွားရင် သူတို့အတွက် share ခေါ်/ရောင်းလို့ကောင်းသွားတယ်၊ လုပ်ငန်းကို အခြေအနေကောင်းချင်ယောင်ဆောင်လို့ရသွားတယ်။ ဒါပေမယ့် ပြသနာက balance sheet ပေါ်မှာ expense လျော့သွားတဲ့အတွက် profit တိုးလာတယ်။ အကျိုးဆက်က အခွန် ပိုဆောင်ရတာပေါ့။
ပြီးရင် ဘယ်လို error တွေအပေါ်မှာ ဘယ်လောက်ကုန်ကျခဲ့ပြီလဲ Focus လုပ်ရမယ်။
နောက်ဆုံး return on investment အပေါ်မှာ Focus လုပ်။ အဲ့ဒီမှာ marketing တို့ advertising တို့ကို လုပ်တဲ့အခါမှာ အခြေအနေဘယ်လောက်ကောင်းလာလဲ၊ sale rate မြင့်သွားလား၊ ပြီးတော့ နောက် ဘယ်လိုအရာတွေက budget ဘယ်လောက်သုံးသင့်လဲကို analysis လုပ်။

ပထမအဆင့်ကတော့ ဒီလောက်ပါပဲ။

စိတ်ဖိစီးမှုတွေကြောင့် သင်ဟာဘယ်အချိန်တွေမှာ ကောင်းကျိုးတွေ သင်ခံစားရနိုင်မလဲ...==========================================...
14/04/2017

စိတ်ဖိစီးမှုတွေကြောင့် သင်ဟာဘယ်အချိန်တွေမှာ ကောင်းကျိုးတွေ သင်ခံစားရနိုင်မလဲ...

==========================
==========================

ပြေးလိုက်၊ လွှားလိုက်၊ ပုန်းကွယ်လိုက် လုပ်နိုင်ပေမယ့် ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့အရာတွေ ရှိနေပါတယ်။ စဉ်းစားကြည့်လေ မနက်မိုးလင်းတာနဲ့ ဒီနေ့ ဘယ်အလုပ်တွေကို အပြီးသတ်လုပ်ရမယ်ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း လက်ကိုင်ဖုန်းအသစ်လဲဖို့ ပိုက်ဆံရှာရမယ့် ကိစ္စမျိုး စတာတွေနဲ့ သင့်ရဲ့စိတ်ဟာ အရာရာကြောင့် အမြဲပူပန်နေကြရတာပါပဲ။ ဖိစီးမှုတွေလည်း ရှိနေရတာပါပဲ။ ဒါပေမယ့် ဒီစိတ်ဖိစီးမှုတွေကြောင့် သင့်ဘ၀မှာ ကောင်းကျိုးတစ်ချို့ကိုလည်း ခံစားနိုင်ပါတယ်။ အဲ့ဒါတွေကတော့

၁။GYM ကစားတဲ့အခါ ဖြစ်လာတဲ့ စိတ်ဖိစီးမှု

ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်တဲ့အခါ၊ ဒါမှမဟုတ် GYM ကစားတဲ့အခါ သင့်စိတ်ထဲမှာ ရှိနေတဲ့ စိတ်ဖိစီးမှုတွေကြောင့် သင်ဟာ ပိုကစားပါလိမ့်မယ်။ ဒီလိုအချိန်မှာ ရရှိလာမယ့် အဖြေဟာ သင့်အတွက် ကောင်းကျိုးတွေပဲပေါ့။ ဒီ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ six-pack ခပ်မြန်မြန် ဖြစ်မလာရင် ကြိုက်သလိုပြော။

၂။အလုပ်ခွင်က စိတ်ဖိစီးမှု

အောင်မြင်တဲ့လူတိုင်းအား တွန်းအားတွေ၊ စိတ်ဖိစီးမှုတွေဒဏ်ကို ခံခဲ့ရတာချည်းပါပဲ။ ကိုယ့်မှာပြိုင်ဘက်တွေ ရှိလာရင် သူတို့ကို ဘယ်လိုအနိုင်ပိုင်းရမလဲဆိုတဲ့ စိတ်ဖိစီးမှုတွေကို ကျော်လွန်ကြိုးစားနိုင်မှ အောင်မြင်မှုဆိုတာကို ရရှိမှာပါ။ အလုပ်ပင်ပန်းပြီး စိတ်ဖိစီးမှုတွေ ရှိနေတာကိုက သင်ဟာအလုပ်မှာ ပေါ့ပေါ့နေတတ်တဲ့သူမဟုတ်ဘူး၊ တာဝန်ယူတတ်တဲ့သူဆိုတာ ထင်ရှားနေပါတယ်။ ဒီအချက်ကို ကိုယ့်ဘေးက လူတွေကလည်း သတိပြုမိမှာပါ။ ဒီဖိစီးမှုကြောင့် သင်ဟာလုပ်ရည်ကိုင်ရည် ပိုရှိလာမယ်၊ အထက်အရာရှိရဲ့ သတိပြုခြင်းကိုလည်း ခံလာရမှာပါ။

၃။ပြိုင်ပွဲကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှု

ဘယ်အရာကမှ အလွန်အကျွံဆိုရင် မကောင်းတော့ပါဘူး။ သင်ဟာ သင့်ပြိုင်ရမယ့် ပြိုင်ပွဲကြောင့် စိတ်ဖိစီးမှုခံစားနေရတာ သဘာဝကျပါတယ်။ အလွန်အကျွံ စိတ်ပူတာမျိုး မဟုတ်ပဲ သာမာန် စိတ်ဖိစီးမှုဖြစ်တာဆိုရင် သင်ဟာ အားထုတ်မှုပိုင်းမှာ မြင့်မားလာပါလိမ့်မယ်။ ပြိုင်ဘက်တွေကပေးတဲ့ ဖိစီးမှုကြောင့်လည်း သင်ဟာ အနိုင်ရသွားတာမျိုးတွေ ကြုံတွေ့ရပါလိမ့်မယ်။

၎။နေအိမ်မှာ ခံစားရတဲ့ စိတ်ဖိစီးမှု

အချက် (၃)မှာ ပြောခဲ့သလိုပါပဲ။ စိတ်ဖိစီးမှုကို အလွန်အကျူးခံစားနေရတာမျိုး မဟုတ်ပဲ ခံစားသင့်သလောက်သာ ခံစားနေရတာဆိုရင် ဒါဟာ ကောင်းတယ်လို့တောင် ဆိုနိုင်ပါတယ်။ သင်စိတ်ဖိစီးတဲ့အခါ သင့်ခန္ဓာကိုယ်ကနေ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ဒီအချက်ပြတာတွေဟာ ဦးနှောက်ကပို့လွှတ်လိုက်တာ ဖြစ်တဲ့အတွက် သင့်ရဲ့မှတ်ဥာဏ်ကို ပိုမိုမြင့်မားစေပါတယ်။

၅။စာသင်ခန်းထဲမှာ ခံစားရတဲ့ စိတ်ဖိစီးမှု

မနက်ဖြန်၊ သန်ဘက်ခါ စာမေးပွဲဖြေရတော့မယ်။ ခုထိ စာတစ်လုံးမှ မရသေးတာကြောင့် စာသင်ခန်းထဲ ဖိစီးမှုဒဏ်တွေ အလူးအလဲ ခံစားနေရတာမျိုးကတော့ သင့်အတွက် ကောင်းကျိုးရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် စာသင်ခန်းထဲမှာ စာလေ့လာရင်း ရရှိလာတဲ့ ဖိစီးမှုကတော့ လုံးဝဖိစီးမှုမရှိတဲ့သူတွေထက်စာရင် သင့်ဟာ ပိုမိုတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်ထားသလိုပါပဲ။

Ref:mensxp

လက်ရှိ သင်ကြားရေးစနစ် ဖျက်သင့်ပါသလား====================================တစ်နေ့က ကျွန်တော်တို့ စကားဝိုင်းတွင် “လက်ရှိသင်ြ...
13/04/2017

လက်ရှိ သင်ကြားရေးစနစ် ဖျက်သင့်ပါသလား

==================
==================

တစ်နေ့က ကျွန်တော်တို့ စကားဝိုင်းတွင် “လက်ရှိသင်ကြားရေးစနစ် ဖျက်သင့်ပါသလား” ဆိုတဲ့ ခေါင်းစဉ်ကို တင်လိုက်ပါတယ်။

ဒီအခါ ၀ိုင်းထဲမှ ဆရာကံက မေးပါတယ်။

“ကျွန်တော် အပါအ၀င် ပညာရေး စနစ်သစ်တွေ အများကြီးကို ကျော်ဖြတ်ခဲ့ရပါတယ် ဆရာညို။ ပညာရေးစနစ်တွေ ပေါ်လာတိုင်း ကလေးတွေ ဒုက္ခရောက်သလို မိဘတွေလည်း ဒုက္ခရောက်တယ်။ ဆရာက လက်ရှိ သင်ကြားရေးစနစ် ဖျက်သင့်တယ်လို့ ထင်နေတာ ဘာကြောင့်လဲ”

ကိုကံဟာ ကျွန်တော်နဲ့ အသက်မတိမ်းမယိမ်းဖြစ်တော့ သူလည်း ကျွန်တော့်လိုပဲ ပညာရေးစနစ် များစွာကို မြင်ဖူး တွေ့ဖူး ကြုံဖူးသူ ဖြစ်ပါလိမ့်မယ်။ သူ့မေးခွန်းကို မဖြေနိုင်သေးမီမှာ သူ ကျွန်တော့်ကို မေးခွန်း ထပ်မေးပြန်တယ်။

“လက်ရှိ ပညာရေးစနစ်နဲ့ သင်နေတာကို ကျောင်းသားတွေ မတတ်ဘူးလို့ ဆရာညို ယူဆပါသလား”

“မတတ်ပါဘူး။ ဂုဏ်ထူးတွေ ရပေမယ့် မတတ်ပါဘူး။ သူတို့ဟာ ကြက်တူရွေး စာအံသလိုပဲ စာအံပြီး စာမေးပွဲတွေ အောင်ကြတယ်။ သူတို့တစ်တွေ ကျူရှင်ယူတယ်။ စာမေးပွဲအတွက် လေ့ကျင့်တယ်။ သူတို့ ပစ်မှတ် (Target) ဟာ စာမေးပွဲ ရမှတ်များဖို့ပဲ”

“ဒီတော့ ကျွန်တော်မေးမယ် ဆရာညို၊ ခုလို စာကျက်တယ်၊ ကျူရှင်ယူတယ်၊ ဂိုက်တွေနဲ့ သင်တာတောင် မတတ်ရင် စာမကျက် ကျူရှင်မယူ ဂိုက်မထားရင် ဒီကလေးတွေ ပိုပြီး စာမတတ်ဘူး ဖြစ်နေမှာပေါ့”

“ဒါဆို ဆိုင်လား မဆိုင်လားတော့ မသိဘူး။ ကျွန်တော်စတီဗင်ကိုဗေးပြောတဲ့ ပုံပြင်လေးတစ်ခု ပြောပြမယ်နော်”

“ပြောပါ”

“လူနှစ်ယောက်ဟာ တောအုပ်တစ်ခုထဲမှာ သစ်ပင်တစ်ပင်စီကို လှဲဖို့ ကြိုးပမ်းနေတာကို သူတွေ့သတဲ့။ ဒီတော့ သူဟာ သူတို့နှစ်ယောက် လုပ်ပုံကိုင်ပုံကို အကဲခတ်တာပေါ့။ ပထမ သစ်ပင်ခုတ်သူက အကိုင်းတစ်ခုပြီးတစ်ခု ခုတ်နိုင်သတဲ့။ ဒါပေမဲ့ သူဟာ အပင်အောက် ခဏခဏ ဆင်းပြီး သူရဲ့ပုဆိန်ကို မကြာခဏ သွေးတာကို တွေ့ရသတဲ့။

ဒုတိယ လူကျတော့ သစ်ပင်ကို သဲသဲမဲမဲ ခုတ်တယ်။ သစ်ကိုင်းတွေကို ပထမလူလောက် မခုတ်နိုင်ဘူးတဲ့။ ဒါနဲ့ စတီဗင်ကိုဗေးဟာ ဒုတိယ လူနားကို သွားပြီး ခင်ဗျားပုဆိန် တုံးနေတယ်။ ခဏနားပြီး ပုဆိန်သွေးပါလားလို့ ပြောမိတယ်။ အဲဒီအခါ ဒုတိယလူက ပုဆိန်သွေးဖို့ အချိန်မရှိပါဘူး။ ခု မနားတမ်းခုတ်နေတာတောင် ဒီအကိုင်းတွေဟာ မပြတ်နိုင်ဘူးလို့ ပြန်ပြောလိုက်လေသတဲ့”

“ခင်ဗျားပြောသလိုဆိုရင် ကလေးတွေအတွက် ပုဆိန်သွေးတဲ့အချိန် လိုတာပေါ့နော်”

“ဒါပေါ့။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ကစားခုန် ကစားလုပ်ဖို့လိုတဲ့ လေ့ကျင်ခန်းတွေ လုပ်ဖို့ အချိန်တွေ လိုတယ်။ ဒီလို မလုပ်နိုင်ရင် သူတို့ ဦးနှောက်တွေ ဖွံ့ဖြိုးမှုနည်းသတဲ့”

“လေ့ကျင့်ခန်းနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု တကယ်တမ်း ဆက်စပ်နေတယ်ဆိုရင် ဘောလုံးကစားတဲ့ သူတွေ ပြေးခုန်ပစ် ချန်ပီယံတွေဟာ လူတော်တွေပဲပေါ့”

“ခင်ဗျားက စကားကပ်ပြောတာကိုး။ တကယ်တော့ အဲဒီ ထူးချွန်တဲ့ အားကစားသမားတွေဟာ လူတော်တွေပါပဲ။ ဒါပေမဲ့ သူတို့ဟာ ကျောင်းမှာ စာဖတ်ဖို့ အချိန်တွေ နည်းနေတတ်ကြတယ်။ စတီဗင်ကိုဗေးပြောသလို ဆိုရင် သူတို့ဟာ ပုဆိန်သွေးတာ များသွားတယ်နဲ့ တူတယ်၊ ဟဲဟဲ”

“ကလေးတွေအတွက် ကစားတဲ့ အချိန်တွေ နည်းသွားတာ အမှန်ပဲ၊ သူတို့အတွက် ကျောင်းကပြန်ရင် ကျူရှင် ညဘက်ဂိုက် စသဖြင့် အားလပ်ချိန်တွေ အင်မတန် နည်းနေတယ်။ အချို့ကျတော့လည်း အားကစားလုပ်ဖို့ အလေ့အကျင့် မရှိဘူး။ ဘာလုပ်ကြရမယ် ဆိုတာကို မသိတော့ဘူး”

“ကျွန်တော် အကြံပြုချင်တာက ရန်ကုန်လို နေရာမျိုးမှာ စက်ဘီးလမ်းတွေ လုပ်ပေးဖို့ လိုတယ်။ ရန်ကုန်မြို့လယ်ကို အသွားအပြန် လုပ်တဲ့ သူတွေရဲ့ ခရီးဟာ တစ်ကြောင်းကို ၁၀ မိုင်ထက် မပိုပါဘူး။ စက်ဘီးနဲ့ဆိုရင် နာရီဝက်လောက်ပဲ လိုအပ်တယ်။ စက်ဘီးနဲ့စီးပြီး တက်နိုင်တဲ့ အရေအတွက်ဟာ ဘတ်စ်ကားစီးသူတွေရဲ့ သုံးပုံတစ်ပုံတော့ အနည်းဆုံး ရှိနိုင်တယ်။ ဒီတော့ ဘတ်စ်ကားလည်း ချောင်သွားမယ်။ ယာဉ်ပိတ်ဆို့မှုလည်း နည်းသွားမယ်”

“သူတို့ ဒီလို စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းက မပြင်းထန်လွန်းဘူးလား”

“မပြင်းလှပါဘူး။ သိပ်ဝေးရင်တော့ မြို့ပတ်ရထား ဘူတာတွေကို စက်ဘီးနဲ့ လာစေပြီး ရထားစီးလို့ရအောင် လုပ်ထားပေးနိုင်တာပဲ။ ဂျပန်ဆို ဒီလို လုပ်ကြတာပဲ၊ ဂျပန်က စက်ဘီးကို ပလက်ဖောင်းပေါ် စီးလို့ရအောင် ဖန်တီးပေးထားတယ်”

“ဆရာညိုက ပညာရေးကနေ စက်ဘီးဘက်ကို ရောက်သွားတယ်”

“ကျွန်တော်က ပညာရေး စနစ်ကြောင့် ကလေးတွေ လေ့ကျင်ခန်းတွေ မလုပ်နိုင်ဘဲ ဉာဏ်ရည်ထက်မြက်မှု ရသင့်သလောက် မရတဲ့အကြောင်း ပြောတာပါ။ ဒီပညာရေးစနစ်ကို သေသေချာချာ လေ့လာဖို့ လိုတယ်”

“စာမေးပွဲ စနစ်ကို ပြောင်းဖို့ လိုသလား”

“ကျွန်တော်တို့ ပညာရေး စနစ်မှာ အကောင်းဆုံး တစ်ခုကတော့ ‘၁၀ တန်း စာမေးပွဲ’ စနစ် ဖြစ်တယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးစနစ်တွေ ပြောင်းပေမယ့်လည်း ၁၀ တန်းစာမေးပွဲကို စနစ်တကျ မေးခွန်းထုတ်ပြီး စနစ်တကျ စစ်ဆေးခဲ့တာကတော့ မပြောင်းဘူးဗျ၊ နှစ်ပေါင်း ၆၀ ကျော်မက ကြာပြီဖြစ်တယ်”

“ကျွန်တော်တို့ ငယ်ငယ်က London Metric ဆိုသော စာမေးပွဲရှိတယ်။ ကျွန်တော်တို့ တောသားတွေ အတွက်တော့ အလှမ်းဝေးပါတယ်”

“ယနေ့ အဲဒီ London Metric စာမေးပွဲဟာ GEC ဆိုတဲ့ အမည်နဲ့ ဖြေနေတဲ့ စာမေးပွဲပေါ့”

“တကယ်တမ်း စာမေးပွဲစနစ်ထက် မေးခွန်းပုံစံကိုတော့ နည်းနည်းပြောင်းဖို့ လိုတာပေါ့။ ကျောင်းသားတွေ တွေးခေါ်မြော်မြင်တတ်မှ ဖြေလို့ရတဲ့ မေးခွန်းတွေ မေးပေးဖို့ လိုတာပေါ့၊ ခက်တော့ခက်တယ်”

“ကျွန်တော်တို့ ယေဘုယျအမြင်နဲ့ ကြည့်ရအောင်။ ကျောင်းသားတွေ စာနားမလည်ဘူးဆိုတာ ဘာကြောင့်လဲ။ ဒါကို စဉ်းစားကြည့်ရအောင်”

“အင်မတန် နည်းတဲ့ လူနည်းစုကလွဲရင် စာမတတ်ကြတာ သေချာတယ်”

“ဒီလိုဖြစ်ရတာဟာ စာကို အလွတ်ကျက်ခိုင်းလို့ ဖြစ်ရတယ်လို့ ပထမအချက် အနေနဲ့ ယူဆတယ်။ ဒုတိယ အချက်ကတော့ ဘာသာစကားပါပဲ၊ သိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ်လို သင်တယ်။ သင်တဲ့လူလည်း အင်္ဂလိပ်လို မတတ်ဘူး။ အသင်ခံရတဲ့သူလည်း အင်္ဂလိပ်လို မတတ်ကြဘူး။ ဒီတော့ သူတို့ဟာ ဘာသာရပ် သဘောတရားကို မငုံမိဘူး။ ဒီအတွက် အတွေးအခေါ်တွေပါ နိမ့်ကျသွားတာပါပဲ၊ အလွတ်ရမှ အမှတ်ရမှာကိုး”

“ဆရာက ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ စတာတွေကို မြန်မာလို သင်စေချင်တာပေါ့ ဟုတ်လား” ကျွန်တော် ခေါင်းညိတ်ပြပါတယ်။

“ဒါဆိုဆရာ၊ ကျွန်တော်တို့ အင်္ဂလိပ်လို ဒီလောက်သင်နေတာတောင် ကျောင်းသားတွေဟာ အင်္ဂလိပ်လို မတတ်ဘူးလေ။ မြန်မာလို ဘာသာရပ်တိုင်း သင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံတကာကို ဘယ်လိုတိုးတော့မလဲ”

“ဒီမှာ ကိုကံ၊ ဂျပန်ပြည်မှာ ဂျပန်လို သင်တယ်။ တရုတ်ပြည်မှာ တရုတ်လို သင်တယ်။ ကိုရီးယားမှာလည်း ကိုရီးယားလိုပဲ သင်တယ်။ အဲဒီနိုင်ငံတွေဟာ ကမ္ဘာမှာ ၀င်ဆံ့နေတာပဲ။ တရုတ်တို့ ဂျပန်တို့ ကိုးရီးယားတို့က တက္ကသိုလ်တွေမှာလည်း ၉၉ ရာခိုင်နှုန်းဟာ မိခင် ဘာသာစကားနဲ့ သင်တာပဲ၊ သူတို့ဆီက သုတေသနတွေဟာလည်း ကမ္ဘာကျော်တယ်”

“ခင်ဗျားပြောတော့လည်း ဟုတ်သလိုလိုပဲ”

“အင်္ဂလိပ်စာဆိုတာ ဘာသာစကားပါ။ သူ့ကို ခိုင်းနွားလို သုံးဖို့ လေ့လာဖို့တော့ လိုပါတယ်။ ဒါပေမဲ့ ကိုးကွယ်ဖို့ မဟုတ်ဘူးလို့ ဆရာကြီး တက်တိုးက ပြောခဲ့ပါတယ်။ ခင်ဗျား စဉ်းစားကြည့်လေ၊ အင်္ဂလန်မှာ မြောင်းတူးတဲ့လုပ်သား မရှိဘူးလား၊ လယ်ယာလုပ်တဲ့ အလုပ်သမား မရှိဘူးလား”

“ရှိတာပေါ့ ဆရာညို၊ အောက်ခြေ လူတန်းစားတွေဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်”

“သူတို့ဟာ အင်္ဂလိပ်စကား ရေရေလည်လည် တတ်တယ်။ အင်္ဂလိပ်စာလည်း တတ်တာပဲ၊ သူတို့ဟာ ပညာရှင် ဖြစ်လာတာမှ မဟုတ်တာပဲ။ ကွန်ဖြူးစီးယပ်ဟာ တရုတ်လိုပဲ တတ်ပါတယ်။ ခုခေတ် တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း ဒေါ်နယ်ထရန့်နဲ့ စကားပြောတဲ့အခါ စကားပြန် လိုတာပဲ၊ နိုင်ငံခြား ဘာသာစကားဆိုတာ ဘာသာတစ်ရပ်လိုပါပဲ။ သူ့ကို တတ်သူတွေ ရှိသလို မတတ်သူလည်း ရှိပါတယ်။ ဒါပေမဲ့ ဒါကို ရေးကြီးခွင့်ကျယ် မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော့် ယူဆချက် နောက်တစ်ချက် ပြောပြမယ်။ ကျွန်တော် သုတေသန တိတိကျကျက မလုပ်ထားပါဘူး။ ဒါပေမဲ့ ဦးနေ၀င်း အာဏာသိမ်းပြီးတဲ့နောက် ၁၉၆၄ ခုနှစ်မှာ စနစ်သစ်ပညာရေး စတယ်။ အဲဒီအချိန်မှာ ဘာသာစုံ မြန်မာလို သင်တယ်။ တက္ကသိုလ်မှာ မြန်မာလို သင်ရတယ်။ ၁၀ တန်းလည်း မြန်မာလိုပါပဲ”

“ဟုတ်ကဲ့ ကျွန်တော် မှတ်မိပါတယ်”

“အဲဒီ အချိန်မှာ ဆေးတက္ကသိုလ်တို့ အင်ဂျင်နီယာ တက္ကသိုလ်တို့ကို တက်ချင်ရင် အမှတ်များဖို့ လိုတယ်။ ဒါပေမဲ့ လူတိုင်း ကျူရှင် မယူကြပါဘူး။ ယူတဲ့လူ နည်းနည်းပါးပါးတော့ ရှိတယ်။ အင်္ဂလိပ်စာညံ့ရင် အင်္ဂလိပ်စာ၊ သင်္ချာညံ့ရင် သင်္ချာ စသဖြင့် ကျူရှင်နည်းနည်းပါးပါး ယူတာလောက် ရှိတယ်။ နယ်တွေမှာ ကျူရှင်တွေ အင်မတန် နည်းတယ်။ ညကျောင်းကနေအောင်ပြီး ဆရာဝန်ဖြစ်သွားသူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ၁၉၈၄ ခုနှစ်မှာ ဘာသာစုံ အင်္ဂလိပ်လို သင်ရမယ် စလိုက်ရော လူတိုင်းလိုလို ကျူရှင်ယူလာရတော့တယ်”

“ဘာဖြစ်လို့လဲ”

“သင်ပေးတဲ့သူလည်း သေသေချာချာ မတတ်ဘူး။ သင်ယူတဲ့သူလည်း နားမလည်ဘူး။ ဒီတော့ အကူအညီ ရှာကြရတာပေါ့။ ဒီဘက်ခေတ် ကျူရှင်ပြဿနာစတာ ဒီအတွက်ကြောင့်ပဲလို့ ကျွန်တော်ယူဆတယ်”

“ကျွန်တော်တို့ ဘာလုပ်ရမလဲ”

“မြန်မာလို ဘာသာစုံ သင်လို့ရအောင် ကြိုးစားပေါ့၊ စာအုပ်တွေကို ဘာသာပြန်မယ်။ ကျောင်းက ဆရာဆရာမတွေ တော်ပါတယ်။ မြန်မာလိုသာဆိုရင် တတ်အောင် သင်ပေးနိုင်တယ်။ အဓိပ္ပာယ် တိတိကျကျ သဘောပေါက်တဲ့သူတွေ များလာမယ်။ ကိုယ်တိုင်လေ့လာသူတွေ ပေါ်ထွက်လာဖို့လိုတယ်။ ခုခေတ် စာမဖတ်ကြတာလည်း ဒီအချက်ဟာ တစ်ချက် အပါအ၀င်ဖြစ်တယ်။ ကျောင်းသားတွေဟာ စာကို အလွတ်ကျက်နေရတော့ စာဖတ်ချိန် မရဘူးပေါ့”

“ကျောင်းကထွက်တဲ့ အခါရော”

“ဒီလောက်ကျက်ရတဲ့ စာတွေဆိုပြီး စာကို မုန်းတော့တာပဲပေါ့”

နိဂုံး
■ ကျူရှင်တွေ မရှိစေချင်ရင် (နည်းလာစေချင်ရင်)
■ ကျောင်းသားတွေ စာတတ်စေချင်ရင်
■ လူတော်များ ထွက်လာစေချင်ရင်

သင်ကြားတဲ့ “မီဒီယံ” ကို မြန်မာဘာသာ အဖြစ်သာ ပြောင်းလိုက်ပါ။ (ချက်ချင်း မပြောင်းလည်း လွတ်လပ်ရေးရကာစ ကာလလို မေးခွန်းကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ပေးပြီး ကြိုက်ရာဘာသာစကားနဲ့ ဖြေနိုင်ဖို့ စီမံပါ)

ဒီအခါ အနာဂတ်မှာ အားကစားသမားကောင်း များစွာလည်း ပေါ်ထွက်လာမယ်။

ကျန်းမာပြီး ဉာဏ်ပညာထက်မြက်တဲ့ ကလေးများလည်း ပေါ်ထွက်လာမှာ ဆိုတာကို အလေးအနက် ယုံကြည်ပါတယ်။

Writer:
ဒေါက်တာခင်မောင်ညို

Address

Yangon

Telephone

959789626261

Website

Alerts

Be the first to know and let us send you an email when အတွေးအခေါ်ပိုင်း ညှိနှိုင်းကြသူများ Creative Myanmar Criticisms posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category