15/05/2022
“တစ်ဆင့်ပြီး တစ်ဆင့် ဆောက်တည်ပါ”
ပထမဆုံး ဝန်ခံလိုတာက အောက်က ပုံဟာ ဗုဒ္ဓတရားတော်တွေကို လေ့လာနာယူရင်း ကျွန်တော့်ဟာ ကျွန်တော် နားလည်သလို ဖန်တီးထားတာသာ ဖြစ်တယ် ဆိုတာပါပဲ။
ဗုဒ္ဓဘာသာလို့ ပြောလိုက်ရင် စိတ်ညစ်စရာ ကောင်းတယ်၊ နေ့စဉ်ဘဝမှာ အသုံးချဖို့ အလှမ်းဝေးလွန်းတယ် စသဖြင့် ထင်တတ်ကြပါတယ်။ တရားဆိုလည်း အသက်ကြီးမှ အားထုတ်သင့်တဲ့ ကိစ္စပေါ့လေ။ ဘဝဆိုတာ ဆင်းရဲတယ် (ဒုက္ခ)၊ မတည်မြဲဘူး (အနိစ္စ)၊ သူ့သဘော သူဆောင်နေတာ (အနတ္တ) စသဖြင့် ဟောထားတော့ အဲ့လို မြင်ကြတာလည်း မဆန်းဘူးပေါ့။
သို့သော် တကယ်တမ်းကျ ဗုဒ္ဓက အဲ့ဒါတွေကိုပဲ ဟောခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဟောပြောတဲ့အခါ ၉ တန်း၊ ၁၀ တန်းအရွယ်ဆို တစ်မျိုး၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသားဆို တစ်မျိုး၊ လုပ်ငန်းခွင် ဝင်နေတဲ့သူတွေဆို တစ်မျိုး ဟောပြောကြသလိုပဲ၊ ဗုဒ္ဓရဲ့ တရားတော်တွေကလည်း အဆင့်ဆင့် ရှိတယ်။ လူတစ်ယောက်အနေနဲ့ ဘယ်လိုနေရ ထိုင်ရမယ် ဆိုတာကအစ ဟောခဲ့တာတွေ အများကြီး။ သို့သော် ခုနကလို အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့၊ သစ္စာ ၄ ပါးတို့ကို အသားပေးပြီး ဟောပြောတာမျိုးပဲ အကြားများတဲ့အခါ အထင်မှားကုန်ကြတာ။
နောက်ပြီး အဲ့လို အဆင့်ဆင့် တည်ဆောက်ရတဲ့ သဘောကို နားမလည်တော့ တချို့ကျတော့လည်း တလွဲသဘောပေါက်ပြီး လူကြားကောင်းအောင် လျှောက်ပြောကြတာပေါ့။ ဥပမာ သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ကိုယ့်ဘ၀ တိုးတက်မြင့်မားအောင် မကြိုးစားကြတာမျိုး၊ အခု တော်လှန်ရေးဆိုလည်း ကိုယ်နဲ့ မဆိုင်သလို နေနေကြတယ်၊ ပြီးတော့မှ ဘယ်အရာမှမှ အစိုးမရတာလေ ဆိုပြီး အနတ္တ ဘာညာနဲ့ ပြောရော။
ဟုတ်ပြီ၊ တကယ်သာ အဲ့လို အနိစ္စ၊ အနတ္တတွေကို သဘောပေါက်နေတာ သေချာတယ်ဆို ကိုယ် အခု စီးနေတဲ့ ကားလေးကို ရောင်းပြီး မရှိဆင်းရဲသားတွေကို လှူလိုက်ပါလား။ ဘယ်အရာမှ အစိုးမရဘူးဆို ကိုယ့်သားသမီး နေထိုင်မကောင်း ဖြစ်ရင် အရာရာ သူ့သဘော သူဆောင်မှာပဲ ဆိုပြီး ဘာမှ ဆေးမကုပေးဘဲ ဒီအတိုင်း ထိုင်ကြည့်နေမလား။ ဘယ်နေလိမ့်မလဲ။ သေကာမှ သေရော၊ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားကုပေးမှာပဲ။
တကယ်ကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာတွေကို တကယ်သဘောပေါက် ကျင့်သုံးနေတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အတ္တတွေ၊ တာဝန်မဲ့တာတွေ၊ မကြိုးစားချင်တာတွေကို ဘာသာရေး ခုတုံးလုပ်ပြီး စိတ်အာသာဖြေနေကြတာပဲ။ ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာပဲ။
ဒီတော့ အဆင့်ဆင့် သွားဖို့ လိုမယ်လို့ မြင်မိတယ်။ ဒါဆို ဟုတ်ပြီ။ တစ်ချက်ချင်း ကြည့်ရအောင်။
◾၁။ လူကောင်း ဖြစ်ဖို့
တစ်နည်းအားဖြင့် လူကောင်း ဆိုတာ ကိုယ့်ကြောင့် မျက်ရည်ကျရတဲ့သူ မရှိသလောက် နည်းတာမျိုးကို ဆိုလိုတာ။ အနည်းဆုံးတော့ ပျော်ရသူ အရေအတွက်ဟာ ငိုရတဲ့သူထက်တော့ ပိုများရမယ်ပေါ့။
ဗုဒ္ဓဘာသာဝင်တွေ အခြေခံအားဖြင့် ဆောက်တည်ရတဲ့ ၅ ပါးသီလ ဆိုတာ တကယ်တော့ သူများကို ဒုက္ခမပေးမိအောင်၊ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ် မကျအောင် စောင့်ထိန်းရတာပဲ။ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက်က ဒီလောက်ကြီး အကျိုးမရှိဘူး။ ဒါကြောင့် ၅ ပါးသီလကို မဟာဒါနလို့လည်း ဟောတာ။
အဲဒါကိုမှ ထပ်ချဲ့လိုက်ရင် ဒုစရိုက်တရား ၁၀ ပါး ဆိုပြီး ဖြစ်လာတယ်။ ၅ ပါးသီလအပြင် ဣသာ၊ မစ္ဆရိယလို စိတ်နဲ့ ပတ်သက်တာတွေပါ ပါလာပြီ။ ကိုယ့်ရဲ့ လုပ်ရပ်၊ အပြော၊ အကြံအစည် (ကာယကံ၊ ဝစီကံ၊ မနောကံ) ၃ ခုလုံးမှာ မကောင်းတာတွေ မလုပ်မိ၊ မပြောမိ၊ မတွေးမိအောင် စောင့်ထိန်းရတာ။ ဒါဆို အခြေခံ အကျဆုံးအနေနဲ့ လူကောင်း ဖြစ်သွားပြီလို့ ပြောလို့ ရနိုင်တယ်ပေါ့။
◾၂။ ပြည့်စုံကြွယ်ဝဖို့
လူဆိုတာ မဟုတ်တာ မလုပ်ရုံနဲ့တင် မပြီးဘူး။ ဟုတ်တာတွေလည်း လုပ်ဖို့ လိုအပ်တယ်။ အများကို ဒုက္ခမပေးရုံတင်မကဘူး၊ ကိုယ့်ဘ၀ တိုးတက်မြင့်မားအောင်လည်း ကြိုးစားဖို့ လိုပါတယ်။
အူမ တောင့်မှ သီလ စောင့်နိုင်မယ် ဆိုတဲ့ စကားသည် အတိုင်းအတာတစ်ခုထိ မှန်တယ်လို့ မြင်တယ်။ အူမ တောင့်လျက်နဲ့ သီလ မစောင့်နိုင်သူတွေ ရှိသလို၊ အူမ မတောင့်ဘဲနဲ့ စောင့်နေတဲ့သူတွေလည်း ရှိတယ်။ သို့သော် အဲဒါတွေသည် ဟိုဘက်စွန်း၊ ဒီဘက်စွန်း။ အများစုကတော့ အလယ်မှာပဲ ရှိတာ။
စဉ်းစားကြည့်လေ။ လူဆိုတာ ငတ်လာပြီဆိုရင် ခိုးမိနိုင်တာပဲ။ လုမိနိုင်တာပဲ။ ကိုယ့်ရှင်သန်ရပ်တည်ရေးက နံပါတ် ၁ ဖြစ်လာရင် ကျန်တာကို သိပ်မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် တစ်သက်လုံး လူကောင်းဖြစ်သွားဖို့ဆို ဘဝက ပြည့်စုံအဆင်ပြေမှ ရမယ်။
နောက်ပြီး အခု Mindfulness ဆိုပြီး ပြောနေ၊ သင်နေတဲ့သူ အများစုဆိုလည်း ကြည့်လိုက်။ ယေဘုယျအားဖြင့် ဘဝတွေ အဆင်ပြေနေကြတာ တွေ့ရလိမ့်မယ်။ အိမ်ထောင်ရေး အဆင်မပြေတာတို့၊ ကလေး နေမကောင်းတာတို့ ဒါလေးတွေတော့ ရှိမှာပေါ့။ Overall ခြုံကြည့်လိုက်ရင်တော့ အဆင်ပြေနေကြတယ်။ ဒါကြောင့်လည်း စိတ်ငြိမ်းချမ်းဖို့ ကိစ္စတွေကို လုပ်နေနိုင်တာပေါ့။
ဒီတော့ ကိုယ့်ဘ၀ တိုးတက်မြင့်မားဖို့သည် ပထမ ရည်ရွယ်ချက်ဖြစ်တဲ့ လူကောင်းဖြစ်ဖို့ကိုလည်း အထောက်အပံ့ ပေးသလို၊ ပိုအဆင့်မြင့်လာမဲ့ စိတ်အေးချမ်းဖို့အတွက်ပါ အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။
ဒါဆို ဗုဒ္ဓက ဘာတွေ ဟောခဲ့သလဲ။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာဖို့အတွက် သမ္ပဒါတရား ၄ ပါး လိုအပ်တယ်တဲ့။
• လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်ပါတဲ့။ အင်္ဂလိပ်လို ပြောရရင် Hard work ပေါ့။
• ဝင်ငွေများပြီး ထွက်ငွေနည်းအောင် လုပ်ပါတဲ့။ အဲဒါ Financial management ပေါ့။
• မိတ်ဆွေအပေါင်းအသင်း ရှိဖို့ လိုတယ်တဲ့။ Networking ပေါ့။ Mentoring ပေါ့။
• ရရှိပြီးတဲ့ ဥစ္စာပစ္စည်းတွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပါတဲ့။ Saving လုပ်ပေါ့။ စိတ်ချရတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံ Investment လုပ်ပေါ့။
ခုခေတ်မှာ ပြောနေကြတဲ့ အချက်တွေချည်းပဲ။ ဒါတွေအကုန် ဗုဒ္ဓတရားထဲမှာ ရှိတယ်။
အဓိပတိ ပစ္စယော တဲ့။ ကိစ္စတွေ ပြီးမြောက်အောင်မြင်စေဖို့ ကျေးဇူးပြုနိုင်တဲ့ အချက် ၄ ချက်။ ဒါတွေရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်ပေါ့ဗျာ။ ခုခေတ် ပြောနေကြတဲ့ If there’s a will, there is a way ဆိုတာ ဆန္ဒာဓိပတိပေါ့။ စိတ်ဓါတ်က အရေးကြီးတယ်၊ ပညာက အရေးကြီးတယ်၊ ဝီရိယက အရေးကြီးတယ် ပြောနေကြတာတွေသည်လည်း အဓိပတိ ပစ္စည်းပဲ။
နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဘာလိုလဲ။ ဒီ ၄ ချက်ပဲလေ။ စစ်အာဏာရှင်ကို ကျဆုံးစေလိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ၊ ပိုင်းခြားဆင်ခြင်နိုင်တဲ့ ဉာဏ်ပညာ၊ ကိုယ့်အခန်းကဏ္ဍအလိုက် ကြိုးစားအားထုတ်နေကြတာ၊ ဘာတွေ ဘယ်လိုကြုံကြုံ အားလျော့မသွားတဲ့ စိတ်ဓါတ်၊ ဒါတွေသာ ပေါင်းစည်းထားကြည့်။ ဘယ်လောက် အမြစ်တွယ်နေတဲ့ အာဏာရှင်ပဲ ဖြစ်စေဦးတော့၊ တောင့်မခံနိုင်စေရဘူး။
ဆိုတော့ ဒီလို ကိုယ့်ဘ၀ တိုးတက်ရေး၊ စွမ်းဆောင်အောင်မြင်နိုင်ရေးအတွက် ဟောထားတာတွေလည်း အများကြီးပဲ။ ဒါတွေကို လက်တွေ့ အသုံးချနိုင်ဖို့ လိုမယ်။
◾၃။ အများအကျိုး သယ်ပိုးဖို့
ဘယ်သူ့မှလည်း ဒုက္ခမပေးဘူး။ ကိုယ့်ဘဝကလည်း မြင့်မားလာပြီ ဆိုတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ အများအကျိုးပါ လုပ်ဖို့ လိုလာမယ်။
ဥစ္စာဓနတွေ ရှာဖွေပြီးရင် ကိုယ့်အတွက် သုံးပါတဲ့။ ကိုယ်ဖြစ်တည်တဲ့ မိသားစု၊ ကိုယ်ဆောက်တည်တဲ့ မိသားစု၊ ဆွေမျိုး၊ အသိမိတ်ဆွေတွေကို စောင့်ရှောက်ပါတဲ့။ လိုအပ်နေသူတွေကို လှူပါ၊ တန်းပါတဲ့။ နောက်ဆုံး၊ နိုင်ငံသားတာဝန်ဖြစ်တဲ့ အခွန်ဘဏ္ဍာတွေ ဆက်သပါတဲ့။ အဲဒီအထိ ဟောထားတာ။
ဒါ ပရဟိတ လုပ်တာမျိုးထိ မဟုတ်သေးဘူးနော်။ လူတစ်ယောက်အနေနဲ့၊ ဖခင်၊ မိခင်၊ သားသမီးတစ်ယောက်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ယူရမဲ့ တာဝန်တွေ ယူဖို့ကိုပဲ ဟောသေးတာ။ အခုကာလအတွက် ပြောရရင်လည်း CDM လုပ်မယ်၊ NUG ဆီ အခွန်ဆောင်မယ်၊ တော်လှန်ရေးကို နိုင်သလောက် ထောက်ပံ့မယ် ဆိုတာတွေသည် နိုင်ငံသားတာဝန် ယူနေတာပဲ ဖြစ်တယ်။
နာရေးကူညီမှုအသင်းတို့၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးတို့လို ပရဟိတတွေက ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ထပ်ပြီးတော့မှ လုပ်သွား။ ကနဦးအနေနဲ့တော့ တာဝန်ကျေဖို့ လိုမယ်ပေါ့။
◾၄။ စိတ်အေးချမ်းဖို့
လူကောင်းဖြစ်တိုင်း၊ ပြည့်စုံချမ်းသာနေတိုင်း၊ အများအတွက် အလုပ်လုပ်တိုင်း စိတ်အေးချမ်းနေရတာတော့ မဟုတ်ဘူး။ ခုကာလကိုပဲ ကြည့်။ ပြည်သူဘက်က ရပ်တည်သူတွေမှာ ဘယ်လောက်တောင် ပူလောင်နေရသလဲ။
ဆိုတော့ ဒီအဆင့်ထိ ရောက်ဖို့ကျ စိတ်အထားတတ်ဖို့ လိုလာမယ်။ စိတ်ရဲ့ သဘာဝတွေကို သိဖို့ လိုလာမယ်။ တရားထိုင်ခြင်းလို လက်တွေ့ လုပ်ဆောင်ရတာတွေ ရှိလာမယ်။
လူတွေက ပဌာန်းဆို ရွတ်ရ၊ ပူဇော်ရတာပဲလို့ ထင်တယ်။ ပဋိစ္စသမုပ္ပါဒ်တို့၊ သစ္စာ ၄ ပါးတို့၊ မဂ္ဂင် ၈ ပါးတို့ဆို လန့်လန့်သွားကြတယ်။ ကိုယ်တိုင်လည်း ထင်ဖူး၊ လန့်ဖူးပါတယ်။ တကယ်က အဲဒါတွေသည် စိတ်ရဲ့ အကြောင်းကို ဟောထားတာပဲ။
ကျွန်တော်တို့ စိတ်ဆင်းရဲနေ၊ စိတ်ပူလောင်နေကြရတာဟာ ဘာကြောင့်လဲ။ တဏှာဆိုတဲ့ အစွဲအလမ်းကြောင့်ပဲ။ “ရန်ကုန်မှာ ကား ၅ စီး၊ မန္တလေးမှာ တိုက် ၅ လုံး၊ တစ်ခုမှ လှည့်မကြည့်ဘူး၊ ဘာဖြစ်လို့လဲ၊ ငါ့ဟာမှ မဟုတ်တာ” ဆိုတဲ့ ပြက်လုံးလိုပဲ။ လူဆိုတာ ကိုယ် မပိုင်တာ၊ ကိုယ် မခင်တွယ်တာအတွက် ဘယ်သူမှ မပူလောင်ဘူး။ မပူဆွေးဘူး။ ဒါကြောင့် နိဗ္ဗာန်တွေ၊ သံသရာတွေ ခဏထားလိုက်။ လက်ရှိဘဝမှာ ပျော်ချင်တယ်၊ အေးချမ်းချင်တယ်ဆို စွဲလမ်းမှုကို လျှော့ချရမယ်။ စွဲလမ်းမှုနဲ့ စိတ်ပျော်ရွှင်မှုသည် ပြောင်းပြန်အချိုးကျတယ်။
ဒါန လုပ်ခိုင်းတယ် ဆိုရင်လည်း ကြည့်လိုက်။ အနိမ့်ဆုံးအဆင့်က တူသောအကျိုးပေးဖို့၊ ဒါမှ ဒီဘ၀ လုပ်ငန်းကိုင်ငန်းတွေ အောင်မြင်မယ်၊ နောင်ဘဝလည်း ချမ်းချမ်းသာသာ နေရမယ်။ မင်းတို့တွေ ကပ်စေးကုတ်မနေနဲ့။ လှူကြ။ လှူတယ်ဆိုတာ ဘဏ်မှာ ငွေအပ်သလိုပဲ။ မင်းတို့ သံသရာမှာ နောင်တစ်ချိန်ကျ ပြန်ခံစားရမှာ။ ဒီလိုအကျိုးစီးပွားလေးနဲ့ ချိတ်ပြီး စည်းရုံးတယ်ပေါ့။
အဲ့ထက် အဆင့်မြင့်လာတော့ အများအတွက် ဦးစားပေးပြီး လှူဖို့ ဆိုပြီး ဖြစ်လာတယ်။ ပြောင်ဝင်းနေပြီးသား ဘုရားမှာ ကုသိုလ်ရချင်စိတ်နဲ့ ရွှေသင်္ကန်းကပ်မဲ့အစား ထမင်းငတ်နေတဲ့ ကလေးတစ်ယောက်ကို ထမင်းကျွေးလိုက်ပါပေါ့။
နောက်ဆုံးအဆင့်ကျမှ အစွဲတွေ လျှော့ဖို့ ဆိုပြီး ဟောတယ်။ လှူတယ်ဆိုတာ အစွဲအလမ်းကို ဖြတ်ပြီးမှ လှူနိုင်တာလေ။ တစ်နည်းအားဖြင့် ကိုယ့်စိတ်ကို အစွဲအလမ်းတွေ၊ တပ်မက်တာတွေ နည်းလာအောင် လေ့ကျင့်ပေးတာပဲ။ ဒါကြောင့်လည်း အလှူလုပ်ပြီးရင် ဘုန်းဘုန်းတွေက တိုင်ပေးတာ။ ဤဒါနကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး။
သဘောက ဒီလူကတော့ အလှူတွေ လုပ်တယ်ဟေ့ ဆိုပြီး တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်လို့ နိဗ္ဗာန်ရောက်သွားမှာ မဟုတ်ဘူး။ ဆုတောင်းတိုင်းလည်း ရတာ မဟုတ်ဘူး။ နိဗ္ဗာန် ဆိုတာ တဏှာကို ဖြတ်တောက်ပြီးမှ ရနိုင်တာမို့၊ ဒီလိုတွေ လှူရင်း လှူရင်းနဲ့မှ စိတ်က အလေ့အကျင့်တွေ ရပြီး နောက်ဆုံးအဆင့်ကို တက်သွားနိုင်မယ် ဆိုတဲ့ သဘော။
ကိုယ်က နောက်ဘ၀ ချမ်းချမ်းသာသာ နေရဖို့ ရည်ရွယ်ချက်နဲ့ လှူနေရင်တော့ အဲဒါ လိုက်မဆိုလည်း ရတယ်။ လိုက်ဆိုနေလို့လည်း ဘာမှ မထူးဘူး။ အလှူလုပ်လို့ လူကောင်းတော့ ဖြစ်မယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကတော့ မအေးချမ်းနိုင်ဘူးပေါ့။ ပစ္စည်းဥစ္စာတွေ ပျက်ဆီးဆုံးရှုံးရတဲ့အခါမျိုးမှာ အရူးမီးဝိုင်း ဖြစ်နေလိမ့်မယ်။
သီလဆိုရင်လည်း ၅ ပါးသီလသည် အပေါ်မှာ ပြောခဲ့သလို သူတစ်ပါးကို ဒုက္ခမပေးမိအောင် စောင့်ထိန်းရတာ။ ၈ ပါးသီလကျ ကိုယ့်စိတ် အေးချမ်းဖို့ ဖြစ်သွားပြီ။ တပ်မက်တာတွေကို လျှော့ချရတာပေါ့။ နေ့လွဲညစာ မစားခြင်းဖြင့် အစား (အရသာ) တပ်မက်မှုကို လျှော့ချတယ်။ အလှမပြင်၊ မှန်မကြည့်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် တပ်မက်မှုကို လျှော့ချတယ်။ အဆင်း၊ အသံတွေကို မတပ်မက်အောင် ရုပ်ရှင် မကြည့်ခိုင်းဘူး။ ဂီတ နားမထောင်ခိုင်းဘူး။ ဘုရားခေတ်ကတော့ မပေါ်သေးလို့ မပါပေမဲ့ ဒီခေတ်လိုဆို ဆိုရှယ်မီဒီယာတွေပါ ပါမယ်ပေါ့။ နောက် အထိအတွေ့ကို မတပ်မက်အောင် အိပ်ရာကအစ ရိုးရှင်းစွာ အိပ်စက်ရမယ် ဆိုပြီး ဖြစ်လာတယ်။ ဒီနေ့ခေတ် ရေပန်းစားလာတဲ့ Minimalism ဘဝနေထိုင်မှုဟာ အဲဒါပဲ။ တပ်မက်စရာတွေကို လျှော့ချပြီး တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်း နေတာ။
ဒါကြောင့် ၈ ပါးသီလ ယူပြီးရင်လည်း ဘုန်းဘုန်းတွေက ဆိုခိုင်းပြန်တာပေ့ါ။ ဤသီလကုသိုလ်သည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး။ စွဲလမ်းမှုတွေ နည်းလာ၊ နည်းလာရင်းကမှ နောက်ဆုံး ရည်မှန်းချက်ဖြစ်တဲ့ နိဗ္ဗာန်ဆီကို သွားနိုင်ဖို့ပေါ့။ ၅ ပါးသီလသပ်သပ်နဲ့ကတော့ အထောက်အပံ့ ဖြစ်ဖို့ မလွယ်သေးဘူး။
ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ အဲဒါပါ။ ခုလိုရည်ရွယ်ချက်နဲ့ ဒါန၊ သီလတွေ လုပ်ထားပြီးမှ ဘာဝနာ အားထုတ်ဖို့ ဖြစ်နိုင်လိမ့်မယ်။
သီလ၊ သမာဓိ၊ ပညာ ဆိုလည်း ဒီသဘောပဲ။ သီလရှိမှ သမာဓိ ရမယ်။ သမာဓိရမှ ဝိပဿနာ ဉာဏ်အလင်း ပွင့်မယ်။ မဟုတ်တာ လုပ်ထားသူဟာ ဘယ်လောက်ပဲ လူကြားကောင်းအောင် ပြောနေပါစေ၊ သူ့ဟာသူတော့ သိနေတဲ့အတွက် စိတ်က မတည်ငြိမ်ဘူး။ ဆောက်တည်ရာ မရဘူး။ ဒါကြောင့် ကြိုက်သလောက် တရားစခန်းဝင်၊ သမာဓိ မတည်နိုင်ဘူး။ တရား မရနိုင်ဘူး။
ပြောရရင်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ စိတ်အေးချမ်းမှု ရှိအောင် ကြိုးစားခြင်း၊ တဏှာဆိုတဲ့ အစွဲအလမ်းတွေကို တတ်နိုင်သမျှ လျှော့ချခြင်း ဆိုတဲ့ အဆင့် ၄ ကို ရောက်ပြီးမှ နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ အဆင့်ကို သွားနိုင်လိမ့်မယ်ပေါ့။
◾အဆင့်ဆင့် သွားကြဖို့
ပွင့်ပွင့်လင်းလင်း ပြောရရင် နိဗ္ဗာန်တို့၊ သံသရာတို့၊ ရှေ့ဘ၀ နောက်ဘဝတို့ ဆိုတာက ယုံကြည်မှုကို အခြေခံပြီး ပြောနေကြတာပါ။ ဘုရားကို ယုံတယ်။ ယုံတဲ့အတွက် ဒါတွေ ရှိလိမ့်မယ်လို့ လက်ခံထားကြတယ်။ တကယ်ကျ သက်သေပြရ ခက်ပါတယ်။ မရှိနိုင်ပါဘူး လာငြင်းရင်လည်း ဘာမှ ပြန်ဖြေစရာ မရှိဘူး။
သို့သော် အောက်က အဆင့် ၄ ဆင့် လုပ်နိုင်ရင်ကိုပဲ ကိုယ်ဟာ လူဖြစ်ရကျိုးနပ်မယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်မယ်။ နေ့စဉ်နေ့တိုင်းကို စိတ်နှလုံး အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။
ဒါကြောင့် ဗုဒ္ဓတရားတော်တွေကို လေ့လာတဲ့အခါမှာ အဆင့်ဆင့် ရှိတာကို နားလည်သဘောပေါက်ဖို့ လိုမယ်။ အဲဒီလိုပဲ၊ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကျင့်သုံးတဲ့နေရာမှာလည်း အဆင့်ဆင့် ဆောက်တည်ဖို့ လိုမယ်။ လူကြားကောင်းအောင်ဖြစ်စေ၊ ကိုယ့်ရဲ့ တာဝန်မဲ့မှုတွေ၊ မကြိုးစားချင်တာတွေအတွက် ကာဗာ လုပ်ချင်လို့ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ စကားလုံးတွေကို လွယ်လွယ်မပြောကြစေချင်ဘူး။
အရင်ဆုံး စိတ်ကောင်းနှလုံးကောင်းထား။ ဘဝတိုးတက်မြင့်မားဖို့ ကြိုးစားအားထုတ်။ လူ့တာဝန် ကျေအောင်လုပ်၊ အများကို အကျိုးပြု။ ကိုယ့်စိတ်ကို အေးချမ်းအောင် ထား။ ဒါမှသာ နိဗ္ဗာန်အတွက် အထောက်အပံ့ ပေးမှာ ဖြစ်သလို၊ နိဗ္ဗာန်ကို မလိုချင်ပါဘူး ဆိုခဲ့ရင်လည်း လက်ရှိမှာတင် အဆင့်အတန်းမြင့်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၁၀.၂၀၂၁
(ဒီဆောင်းပါးက "ဗုဒ္ဓအလိုကျ Minimalism" စာအုပ်ထဲမှာလည်း ပါပါတယ်။ မဖတ်ရသေးရသူတွေ ဖတ်ရအောင် ကဆုန်လပြည့်နေ့မှာ ပြန်တင်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ဆင့်ပြီးတစ်ဆင့် ဆောက်တည်ရင်း ဗုဒ္ဓအဆုံးအမများနဲ့အညီ ကျင့်ကြံနေထိုင်နိုင်ကြပါစေခင်ဗျာ။)