25/02/2018
Written By : Aye Myat Myat Thu
9.5.2017
"မိတ်ဆွေများက ပြောကြသည်" (၁)
--------------------------------
ဒီခေါင်းစဉ်လေးနဲ့ အတွေ့အကြုံ အတွေးအမြင်တွေ မျှဝေဖို့ ကြိုးစားခဲ့တာကြာပါပြီ။ ကိုယ့်အတွေ့အကြုံ မိတ်ဆွေတွေ ရင်ဖွင့်တိုင်ပင်တဲ့ စီးပွါးရေးကိစ္စ အထူးသဖြင့် Marketing နဲ့ဆက်စပ်တာလေးတွေ ရေးချင်တာပါ။ အခုမှ ရေးဖြစ်တယ်။
မနေ့က စာသင်ရင်းနဲ့ သင်တန်းသားတစ်ယောက်က "မလုပ်သင့်တဲ့အမှားလေးတွေ ပြောပြပေးဖို့" တောင်းဆိုလာပါတယ်။
နောက်တစ်ယောက်ကလဲ 7P အကြောင်း မေးလာတာနဲ့
Marketing Mix ရဲ့ P တစ်လုံးဖြစ်တဲ့ Process အကြောင်းနဲ့ နွယ်ပြီးပြောဖြစ်တယ်။
တကယ်တော့ Process ဟာ Marketing အတွက်သာမက Business တစ်ခုလုံးအတွက် အရေးပါတယ်။ ကျန်တဲ့ P တွေ မခိုင်မာရင် အားနည်းရင် တစ်ခြားသော P တွေနဲ့ ထောက်မ ထားလို့ ရနိုင်ပေမယ့် ခိုင်မာစနစ်ကျတဲ့ Process မရှိရင်တော့ လုပ်ငန်းမတိုးတက်နိုင်သလို တစ်ချိန်မှာ ပြိုလဲသွားလိမ့်မယ်။
ဘာလို့ပြိုလဲသွားမလဲ ရှင်းပြချင်ပါတယ်။
လုပ်ငန်းမှာ စနစ်မရှိရင် စနစ်မကျရင် လူကို အားကိုးရတယ်။ လက်ရှိ နေရာတစ်ခုမှာ တာဝန်ယူထားတဲ့လူက လုပ်ငန်းကျွမ်းကျင်တဲ့အတွက် လုပ်ငန်းက လည်ပတ်နေလိမ့်မယ်။ ဒါပေမယ့် လူဆိုတာ မမြဲတဲ့အထဲ ထိပ်ဆုံးကပါတယ်။
သေသွားနိုင်တယ်..
အလုပ်ထွက်သွားနိုင်တယ်..
စိတ်ထားပြောင်းသွား ဖောက်ပြန်သွားနိုင်တယ်..
ဒီတော့ ဒီလူ မရှိတော့ဘူးဆိုတာနဲ့ လုပ်ငန်းက ရမ်းခါသွားနိုင်တယ်။
ထားပါတော့.. ကံကောင်းလို့ မောင်ဖြူနေရာ မောင်နီ ရောက်လာမယ်။ စနစ်မရှိတော့ တစ်က ပြန်စရမယ်။ သူကလဲ သူကောင်းမယ်ထင်သလို လုပ်မယ်။ စမ်းကြည့်မယ်။ လုပ်ငန်းက မတိုးတက်ဘဲ စမှတ်ကို ပြန်ပြုတ်ကျသွားရော။
တစ်ခါ အဲဒီလူက အားကိုးရပြန်တော့ သူမရှိရင်မဖြစ်ဘူးဆိုတဲ့ ဘူတာဆိုက်ပြန်တယ်။ ဒီတော့ သူ ဘာလုပ်လုပ် ပုဆိုးစဆွဲပြီး မဟုတ်တာလုပ်လို့မှ မပြောရဲ မျက်နှာညိုမခံရဲနဲ့။ သူကလဲ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေကိန်းဆိုက်အောင် သူမရှိရင် မဖြစ်အောင် လုပ်ထားလို့ရတယ်။ တစ်ချို့ Consultant တွေ မန်နေဂျာတွေရှိတယ်.. သူ တစ်နေရာ ရောက်သွားတာနဲ့ အစိုးရအဖွဲ့ပြောင်းသလို အကုန်လုံးကို မြေလှန်ပစ် ဖြုတ်ထုတ်သတ် လုပ်တာ။ ပြောင်းလဲမှုကို ဆန့်ကျင်မယ် အာခံမယ်ထင်တဲ့ကောင် မထွက်ထွက်အောင် လုပ်ပစ်တာ။ ပြီးမှ ကိုယ်သေဆိုသေ ရှင်ဆိုရှင်တဲ့တပည့်တပန်းတွေကို အရင်အလုပ်က ခေါ်ထုတ် ရာထူးတိုးပေး လစာတိုးပေး။ လုပ်ငန်းလေး အခြေကျမယောင်ရှိတော့မှ ဗွေဖောက်ပြီး ခေါင်းဆောင်ကြီးက အလုပ်ထွက်။ နောက်က သူခေါ်ခန့်ထားတဲ့ လက်ဝေခံတပည့်တွေက လိုက်ထွက်နဲ့။ ကုမ္ပဏီက ဟောင်းလောင်းဖြစ်ကျန်ခဲ့ပြန်ရော။ စနစ်ခိုင်ခိုင်မာမာ ချပေးခဲ့တာမဟုတ်ဘဲ လုပ်တတ်ပြီးသားလူတွေကိုခေါ်ခန့်ပြီး အလုပ်ဖြစ်အောင် လုပ်ခဲ့တာဆိုတော့ အဲဒီလူတွေမရှိတဲ့အခါ ဒုံရင်းဘဝရောက်ရုံတင်မက ငယ်မွေးခြံပေါက်လူဟောင်းတွေကိုလဲ အမြစ်ပြတ်ခြေမှုန်းခဲ့တာဆိုတော့ သုညနီးပါးက ပြန်စကြရတဲ့ လုပ်ငန်းတွေ အများကြီးပါ။ ဒီတော့ ကုမ္ပဏီမှာ တိုးတက်ဖို့ဝေးလို့ အတွင်း ၃၇မင်း အပြင်၃၇မင်းထက် ပိုကြောက်ရတဲ့ အတွင်းလူတွေကြောင့် ကျဆုံးကြရပါတယ်။ ဒီလိုဖြစ်ရတာ စနစ်မရှိလို့ပါ။
အခုလို ဝန်ထမ်းကောင်းရှားတဲ့ခေတ်မှာ People ဆိုတဲ့ လူကို အမှီပြု ပြီး လုပ်ငန်းလည်ပတ်တယ်ဆိုတာ အင်မတန် Risk များတဲ့ အန္တရာယ်များတဲ့လုပ်ရပ်ပါ။ ရာထူးနေရာတိုင်းအတွက် အဆင့်တိုင်းအတွက် စနစ်ချပါ။ စနစ်ဆိုတာ SOP လို့ခေါ်တဲ့ Standard Operating Procedure (တစ်နည်း Process) ကို ဆိုလိုတာပါ။ ဒီလို စနစ်ချဖို့ အချိန်ယူရမှာဖြစ်တဲ့အပြင် (လိုအပ်ရင်) စနစ်ချပေးနိုင်တဲ့တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ငှားရမှာမို့ ငွေအပိုကုန်တယ်လို့ ထင်စရာရှိပါတယ်။ လိုအပ်ရင် Software တွေ Device တွေပါ ဝယ်ရအုံးမှာမို့ ရင်းနှီးငွေပမာဏလဲ တိုးလာမယ့်အတွက် လုပ်ငန်းရှင်တွေ ခပ်အင်အင်ဖြစ်တဲ့ကိစ္စပါ။ အထူးသဖြင့် တစ်ပိုင်တစ်နိုင်စလုပ်တဲ့ StartUp တွေ SME တွေဆို လုပ်ငန်းရှင်ကိုယ်တိုင်ဦးစီးတာမို့ ငါရှိနေတာပဲ... ဆိုတဲ့စိတ်နဲ့ ခုနစ်ထွေကနေကြတာ များပါတယ်။ ဒါပေမယ့် အဲ့ဒီလုပ်ငန်းရှင်ကိုယ်တိုင်က Operation ထဲ နစ်မြုပ်နေတဲ့အခါ ရွက်တိုင်ထိပ်ဖျားကနေ ကိုယ့်လှေဘယ်ရောက်နေလဲ တက်ကြည့်မယ့်သူ မရှိတာမို့ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုတာမျိုးတွေဖြစ်ပြီး ပန်းတိုင်နဲ့အလှမ်းဝေးကြရပါတယ်။ ဒါ့ကြောင့် အလုပ်ရှင်တွေကို သတိပေးချင်တာက စနစ်ချဖို့ မပျက်ကွက်ပါနဲ့လို့ မှာချင်ပါတယ်။ စနစ်ချဖို့ ကုန်ကျမယ့်ငွေဟာ စနစ်မရှိလို့ ယိုစီးထွက်ကုန်တဲ့ဆုံးရှုံးမှုထက်စာရင် နည်းပါတယ်။
ဝန်ထမ်းတွေဘက်ကရော။
စနစ်ဆိုတာနဲ့နွယ်ပြီး အလုပ်အပေါ်ထားရမယ့် စိတ်လေးကို ပြောချင်ပါတယ်။
အလုပ်တစ်ခုမှာ ရာထူးတာဝန်တစ်ခုကို လက်ခံလိုက်တယ်ဆိုတာနဲ့ ကိုယ်ဟာ အဲဒီအလုပ်တာဝန်ရဲ့ အတိတ် ပစ္စုပ္ပန် အနာဂတ် ၃ပါးလုံးကို တာဝန်ယူရတာဖြစ်တယ်လို့ နားလည်ကြဖို့လိုပါတယ်။
ဥပမာပြောရရင် ကိုယ်အလုပ်ဝင်ချိန်မှာ အရင်တုန်းက မပြီးပြတ်သေးတဲ့ တို့လို့တန်းလန်းကိစ္စတွေ ကိုယ့်ဆီရောက်လာတတ်ပါတယ်။ အများစုပြောတတ်တာက "ဒါ ကျွန်မ မရောက်ခင်အရင်လူလုပ်ခဲ့တာ။ ကျွန်မလဲ ဘာမှမသိဘူး"ဆိုတဲ့စကားနဲ့ တွင်တွင် ငြင်းတတ်ကြပါတယ်။ မှားယွင်းတဲ့အပြုအမူပါ။ ဖြစ်သင့်တာက "ကျွန်မ အခုဖြေရှင်းပေးဖို့ ဒီကိစ္စကိုသိအောင် နားလည်အောင် အရင်လုပ်ပါမယ်။ ကွင်းဆက်ပြန်ရှာပြီး အမြန်ဆုံး ပြေလည်အောင် လုပ်ပေးပါ့မယ်။ အချိန်ပေးပါ" ဆိုတာမျိုး ဖြစ်ရပါမယ်။ တာဝန်ယူတယ်ဆိုတဲ့စကားမှာကိုက အရင်လူရဲ့ ဝန်တာကို ပုခုံးပြောင်းထမ်းလိုက်တာပါ။ ကိုယ်ယူထားတဲ့ လုပ်ခလစာဟာ အတိတ်အတွက်လဲ သက်ဆိုင်ပါတယ်။
ပစ္စုပ္ပန်မှာ ထမ်းဆောင်ဖွယ်ရာလုပ်ငန်းအားလုံးကတော့ ကိုယ်နဲ့ဆိုင်တာ ကိုယ်တာဝန်ယူရမှာ အငြင်းပွါးစရာမလိုတဲ့ကိစ္စပါ။ သတ်မှတ်ထားတဲ့အလုပ်ချိန်အတွင်း မခိုမကပ် အလုပ်ကိုအချိန်ပြည့်စိတ်နှစ်ပြီးလုပ်မှသာ ယူထားတဲ့လစာနဲ့ ထိုက်တန်စွာပေးဆပ်တယ်လို့ သတ်မှတ်နိုင်တာပါ။ အလုပ်ချိန်အတွင်း ရေသာခိုနေခြင်းဟာ ခိုးမှုမြောက်ပါတယ်။ ဥပဒေအရခိုးမှုမမြောက်ပေမယ့် သံသရာကြွေးတင်ရ ပေးဆပ်ရတတ်ပါတယ်။
အနာဂတ်ကရော ဘာဆိုင်လို့လဲ။ အလုပ်ထွက်သွား တဲ့အခါ သေချာ Handover လုပ်သွားရင် တာဝန်ကျေပြီမဟုတ်လားလို့ မေးစရာရှိပါတယ်။ မလုံလောက်ပါဘူး။ အလုပ်ထွက်ချိန်မဆိုထားနဲ့ ပုံမှန်လုပ်နေရင်းက ရှောင်တခင်ခွင့်ယူတဲ့ရက်ကလေးမှာတောင် ကိုယ့်နေရာကို လူစားဝင်ပေးတဲ့ ဉာဏ်ရည်တူသူ မည်သူမဆို ကိုယ့်အလုပ်ကို ချောချောမွေ့မွေ့ဝင်လုပ်နိုင်အောင် အလုပ်ပြီးမြောက်အောင် စနစ်ချထားဖို့နဲ့ ရှင်းလင်းလွယ်ကူစွာသင်ယူတတ်မြောက်နိုင်အောင် Manual ရေးထား Flow Chart ဆွဲထား Memo တို့ Record တို့စနစ်တကျလုပ်ထားပေးဖို့ လိုပါတယ်။ ဒါမှ ကိုယ်မရှိတဲ့အနာဂတ်မှာလဲ လုပ်ငန်းက စဉ်ဆက်မပြတ်လည်ပတ်နိုင်မှာပါ။ အထက်လူကြီးတွေအနေနဲ့ ကိုယ့်ကိုသဘောကျလို့ ရာထူးတိုးပေး တာဝန်ပိုကြီးတာပေးချင်ရင်တောင် ကိုယ့်နေရာကို ဘယ်သူမှ အစားထိုးဝင်လို့မရအောင် တမင်တကာ စနစ်ချမထားတာ information sharing မလုပ်ပဲ ဝှက်ထား ထိန်ချန်ထားတာမျိုးလုပ်ထားခဲ့ရင် တကယ်ပဲ လူစားထိုးမရနိုင်တဲ့အတွက် ကိုယ်လဲ အဆင့်ဆင့်တိုးတက်အောင် ဆက်မတက်နိုင်ဘဲ တစ်နေရာထဲမှာပဲ ရပ်နေရမှာပါ။ တစ်ချို့က ဒီနည်းကို Job Security ရအောင် တမင်သုံးတာဖြစ်နိုင်ပေမယ့် အင်မတန်လွဲမှားတဲ့ စိတ်ကူးပါပဲ။ တကယ် အရည်အချင်းသာ ရှိပါစေ.. ကုမ္ပဏီက ရာထူးတိုး လစာတိုးတွေနဲ့ စည်းရုံးလို့လက်ကုန်သွားရင် ရှယ်ယာထုတ်ပေးပြီး ပါတနာဘဝအထိရောက်အောင် ဆွဲခေါ်သွားကြမှာပါ။
အနည်းဆုံးတော့ အလုပ်တစ်ခုကိုစွန့်ခွါချိန်မှာ လိပ်ပြာသန့်နေဖို့ လိုအပ်ပါတယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ၃ခုလုံးအတွက် တာဝန်ကျေခဲ့ပြီဆိုမှ သံသရာကြွေးမပါမှာပါ။
လူတွေက ပြဿနာတစ်ခုခုဆို သူတစ်ပါးကိုအရင်ဆုံးအပြစ်တင်ဖို့ ခေါင်းရှာတတ်ကြပါတယ်။ ရှာမရတဲ့အဆုံး အစိုးရအသုံးမကျလို့ဆိုပြီး ကိုယ့်စိတ်ပေါ့အောင် ဖြေသိမ့်တတ်ကြပါတယ်။ မှန်ပါတယ်... အစိုးရအသုံးမကျဘူး။ ပြည်သူတွေအသုံးမကျဘူး။ ရုံးကလူတွေ အသုံးမကျဘူး။ အိမ်ကလူတွေ အသုံးမကျဘူး။ ဒါပေမယ့် ကိုယ်ကရော စင်းလုံးချောကောင်းနေ တာဝန်ကျေနေရဲ့လား။ တိုင်းပြည်ကောင်းအောင် လုပ်ပေးဖို့ဆိုတာ အဝေးကြီးပါ။ ရပ်ရွာကောင်းဖို့ဆိုတာလဲ လက်လှမ်းမမီသေးဘူးထား။ ကိုယ့်ရုံး ကိုယ့်အိမ် ကောင်းအောင်တိုးတက်အောင် လုပ်ဖို့ကတော့ ဖြစ်နိုင်တဲ့ တတ်နိုင်မယ့် ကိစ္စပါ။ ကိုယ်ရှိတဲ့အချိန်မှာ ကိုယ့်ထမင်းရှင်လုပ်ငန်း တိုးတက်အောင် လုပ်ပေးဖို့ လိုသလို.. ကိုယ်မရှိတော့တဲ့အချိန်မှာ ဒီလုပ်ငန်း ရပ်တည်နိုင်ရမယ်.. ဆိုတဲ့ စိတ်ထား မှန်မှန်ကန်ကန် ရှိဖို့လိုပါတယ်။
"သင် သေသွားသော်" ဆိုတဲ့ ဆရာဇော်ဂျီကဗျာလေးကို ဖတ်ဖူးကြမယ်ထင်ပါတယ်။
"သင်သေသွားသော်...
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏".. တဲ့
ကိုယ့်ကို မွေးဖွားသုတ်သင်ပြီး လူလားမြောက်အောင် ပျိုးထောင်ပေးလိုက်တဲ့ လုပ်ငန်းကိုလဲ ကိုယ်မရှိတော့ချိန်မှာ ကောင်းစွာလည်ပတ်နိုင်ရုံမက အခြေမြင့် တင့်တယ်လာစေဖို့ စနစ်တကျ ပျိုးထောင်ပေးခဲ့ဖို့လိုပါတယ်။ Process ကို ပိုင်နိုင်ကြပါစေ။ ။