18/08/2026
သုဝဏ္ဏဘူမိလေဆိပ်မှာ ကြန့်ကြာမှုတွေ လျှော့ချဖို့ နောက်ထပ် နိုင်ငံ ၃၁ နိုင်ငံကို အော်တိုဂိတ် အသုံးပြုခွင့်ပေးမည်
ထိုင်းအစိုးရဟာ ခရီးသွားရာသီမတိုင်ခင် ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တွေ ကြန့်ကြာမှုမရှိစေဖို့အတွက် အလိုအလျောက် နိုင်ငံကူးလက်မှတ်စ-စ်ဆေးရေးစနစ် (Auto Gates) ကို ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်မှာ နောက်ထပ် နိုင်ငံပေါင်း ၃၁ နိုင်ငံအတွက် တိုးချဲ့အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယဝန်ကြီးချုပ်နဲ့ ခရီးသွားလာရေးဝန်ကြီးတို့က လေဆိပ်ကို သွားရောက်စ-စ်ဆေးပြီးနောက်မှာ ဒီအစီအစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။
လေဆိပ်အနေနဲ့ ခရီးသွားရာသီမှာ တစ်နေ့ကို ခရီးသည် ၁၉၀,၀၀၀ အထိ လက်ခံဆောင်ရွက်ပေးနေရပြီး လူအများဆုံးအချိန်တွေမှာ တစ်နာရီကို ခရီးသည် ၅,၀၀၀ ကနေ ၆,၀၀၀ အထိ ဝင်ရောက်လေ့ရှိပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် Auto Gates တွေကို တိုးချဲ့တာဖြစ်ပြီး အပြည့်အဝအသက်ဝင်လာချိန်မှာ ခရီးသည် ၅၃ ရာခိုင်နှုန်းကို စ-စ်ဆေးပေးနိုင်မှာဖြစ်သလို၊ လေဆိပ်ဝန်ထမ်းတွေနဲ့ နေရာချထားမှုတွေကိုလည်း လိုအပ်သလို ပြောင်းလဲစီစဉ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခမဲ့လျှောက်ထားနိုင်တဲ့ ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် (TDAC) နဲ့ ပတ်သက်ပြီး ငွေကြေးတောင်းခံနေတဲ့ တရားမဝင် ဝက်ဘ်ဆိုက်တွေကို သတိထားကြဖို့လည်း အစိုးရက သတိပေးထားပါတယ်။ နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ လိမ်လည်မှုတွေကနေ ကင်းဝေးစေဖို့အတွက် အစိုးရရဲ့ တရားဝင်လမ်းကြောင်းကနေသာ TDAC ကို လျှောက်ထားကြဖို့ တိုက်တွန်းထားပါတယ်။
Ref : Nation Thailand
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #သုဝဏ္ဏဘူမိလေဆိပ်