12/02/2026
ကိုယ်ဟာ အသက် ၅၀ ဝန်းကျင်ဆိုရင်
ဘဝမှာ အချိန် သိပ်မကျန်တော့ပါဘူး။
မတော်တဆဆိုတာမျိုး မရှိခဲ့ရင်
နယူးရီးယား အကြိမ် ၃၀ ကျော်၊
စနေ၊ တနင်္ဂနွေ အခါ ၁၅၀၀ ကျော်၊
နေထွက်၊ နေဝင်ချိန် အကြိမ် တစ်သောင်းကျော်ကို ကိုယ် ကြည့်နိုင်ပါသေးတယ်။
အဲဒီနောက် ဒီကမ္ဘာကြီးကို နှုတ်ဆက်ရတော့မှာပါ။
ဒါကြောင့် အရာရာကို ရပ်ပြီး
ကိုယ့်အတွက် ကိုယ်စဉ်းစားရမယ့်အချိန် ရောက်ပါပြီ။
အသက်ငါးဆယ် ပြည့်ပြီးသူတွေထဲမှာ
တခြားသူရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ...
သားသမီးတွေရဲ့ ဝေယျာဝစ္စကို စိုးရိမ်ပူပန်နေသေးလား...
အိမ်သုံးစရိတ်တွေကို တွက်ချက်နေသေးလား...
ဘဝတစ်ဝက်စာကို ဆန်ဆီဆားတွေနဲ့ လည်ပတ်နေတုန်းလား...
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်လဲလို့ မေးဖို့ မေ့နေပြီလား...
ဘဝရဲ့ တစ်ဝက်ကို ကျော်လွန်ပြီမို့ ဇာတ်ပို့ပဲ လုပ်မနေပါနဲ့တော့။
အသက်ငါးဆယ်ဆိုတာ ကန့်လန့်ကာ ချရမယ့် အရွယ်တော့ မဟုတ်ဘူး။
ဒါဟာ ကိုယ့်အတွက်ကိုယ် အစပြုခြင်းအသစ်တစ်ခုနဲ့ နေထိုင်ရမယ့်အရွယ်ပါ။
ဘဝရဲ့ ပထမပိုင်းက မိဘ၊ ကလေး၊ မိသားစုအတွက်ပါ။ ဒုတိယပိုင်းကတော့ ကိုယ့်ဝါသနာ၊ ကိုယ့်အတွက် ဖြစ်သင့်ပါပြီ။
အရေးမပါတဲ့ ကိစ္စအသေးအမွှားမှာ ငြိနေစရာ မလိုတော့ပါဘူး။
သဟဇတမဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးမှာ မျောနေစရာ မလိုတော့ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ရင်ထဲ ထည့်ထားလေ
နေ့ရက်တွေက အရသာရှိလေပါ။
မနက်ခင်း လေ့ကျင့်ခန်းအတွက် လမ်းလျှောက်ထွက်မယ်။
နေ့လယ်နေ့ခင်းမှာ ရေနွေးကြမ်းတစ်အိုးနဲ့ စာနည်းနည်း ဖတ်မယ်။
မိတ်ဟောင်း ဆွေဟောင်းနဲ့ လမ်းလျှောက်
ထွက် လက်ဖက်ရည်ဆိုင် ထိုင်မယ်။
တစ်ခါတလေ ခရီးတိုလေး သွားမယ်။
အချိန်တွေ ကုန်လွန်သွားမှ နောင်တရတာမျိုး မလုပ်ဘူး။
ခြေလှမ်းတွေ နှေးသွားမှ အဝေးကိုသွားဖို့ သတိရတာမျိုး မလုပ်ဘူး။
ဘဝရဲ့ ဒုတိယပိုင်းက ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုကို ရှာတာ မဟုတ်တော့ဘဲ
ကျန်းမာတဲ့ ခန္ဓာ၊ လွတ်လပ်တဲ့ စိတ်ကို ရှာတာဖြစ်တယ်။
လက်ကျန်ဘဝက သိပ်အဖိုးတန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မနစ်နာစေပါနဲ့။
အခုကစပြီး
အချိန်ကို ထိုက်တန်တဲ့လူနဲ့
အရာဝတ္ထုအတွက် ပေးပါ။
စားချင်တာစားပြီး
တွေ့ချင်တဲ့လူနဲ့ တွေ့ပါ။
လုပ်ချင်တာတွေလုပ်ပြီး
နေထိုင်ချင်တဲ့ဘဝမှာ နေထိုင်ပါ။
ဒါက အသက်ငါးဆယ် နောက်ပိုင်းမှာ နေထိုင်ဖို့
ထိုးထွင်းသိမြင်မှု အရှိဆုံးနဲ့
သက်သောင့်သက်သာအရှိဆုံး နည်းလမ်းဖြစ်ပါတယ်။
-- မျှဝေပါတယ်
💌
နိုင်းနိုင်းစနေ