06/09/2025
တော်သလင်းလပြည့် ဂရုဓမ္မ (ကုရုဓမ္မ) အခါတော်နေ့ - ငါးပါးသီလအခါတော်နေ့
တော်သလင်းလပြည့် ၅-ပါးသီလ အခါတော်နေ့ ဖြစ်ပါသည်၊ လူတိုင်း အလေးထားပြီး စောင့်ထိန်းရမည့် သီလမျိုးဖြစ်ခြင်းကြောင့် ၅-ပါးသီလကို
ဂရုဓမ္မ ဟုခေါ်ကြရာမှ ဒီနေ့ကိုလည်း ဂရုဓမ္မအခါတော်နေ့ဟုလည်း ခေါ်ကြပြန်သည်ဟု အချို့က ဆိုကြသည်၊ အမှန်မှာ ကုရုတိုင်းသူ/တိုင်းသားတို့ ကျင့်သုံးကြသည့် ကုရုတိုင်းသုံး သီလတရားဖြစ်၍
ကုရုဓမ္မ-ဟု မူလ ခေါ်တွင်ခြင်းမှ ဂရုဓမ္မ-ဟု ပြောင်းလဲလာခြင်း ဖြစ်ဟန်တူသည်။
၁။ ပါဏာတိပါတ- သက်ရှိ သတ္တဝါမှန်သမျှ ပိုးမွှားတိရစ္ဆာန်မှအစ မည့်သူ့အသက်ကိုမျှ မသတ်ဘဲ ရှောင်ကြဉ်ခြင်း၊
၂။ အဒိန္နာဒါန- သူတပါးပိုင်, အများပိုင်, နိုင်ငံပိုင်ပစ္စည်း စသည်ကို ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ မတရား ရယူခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းစသည်ဖြင့် ပျက်စီးဆုံးရှုံးအောင် လုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမေသုမိစ္ဆာစာရ- ကိုယ်ပိုင်မဟုတ်တဲ့ သူတပါး သားမယား၏ ကာမကို ရယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မုသာဝါဒ- မဟုတ်မမှန် လိမ်ညာပြောကြားခြင်း၊ အသိအမြင်မှားအောင် ပြောဆို ပြုလုပ်ခြင်း၊ ရေးသားခြင်းစသည်မှ ရှောင်ကြဉ်ခြင်း၊
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာန- မူးယစ်စေတတ်သော အရာမှန်သမျှ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းတို့ပင် ဖြစ်ပါသည်။
တော်သလင်းလပြည့်နေ့
ဂရုဓမ္မအခါတော်နေ့ (ကုရုဓမ္မအခါတော်နေ့)ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
ဂေါတမမြတ်စွာဘုရား နုစဉ်အခါက
အိန္ဒိယနိုင်ငံကုရုတိုင်းမှာနေကြတဲ့သူတွေဟာ
လူတိုင်းကိုယ်စီ ငါးပါးသီလကိုလုံခြုံအောင်စောင့်ထိန်းကြတဲ့အတွက် သူတို့တိုင်းပြည်မှာ မိုးလေဝသမှန်ကန်ပြီး ကပ်ကြီးသုံးပါးမှ လွတ်မြောက်နေပါတယ်။
ကုရုတိုင်းမှာမိုးလေဝသညီမျှစွာ ရွာသွန်းနေချိန်မှာ ကာလိင်္ဂတိုင်းပြည် မှာတော့ မိုးခေါင်ပြီး ကပ်ကြီးသုံးပါး ဆိုက်ရောက်လို့လူရောတိရစ္ဆာန်တွေ ပါဒုက္ခရောက်ကြရပါတယ်။
ရှေးမင်းများထုံးစံအရမိုးရွာအောင် အလှူ
ပေးပြီး ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင်ဝင်၍ ဥပုသ်သီလ စောင့်ပေမယ့် မိုးကမရွာဘဲနေပါတယ်။
ကုရုတိုင်းမှာမိုးရွာနေတာ အဉ္စနဝဏ္ဏ ဆင်တော်ကြီးရှိလို့ရွာတာပဲလို့ အယူရှိကြပြီးဆင်ကြီးကိုရရှိအောင် ကိုယ်စားလှယ်လွှတ်ပြီး ရွှေနဲ့လဲပါလို့ တောင်းဆိုပါတယ်။
ဒီတော့ကုရုဘုရင်ကစာနာထောက်ထားပြီး သင်တို့တိုင်းပြည်မှာမိုးရွာမယ်ဆိုလျှင် ငါ၏ဆင်တော်ကြီးကိုရွှေနဲ့မရောင်းဘဲ အခမဲ့မေတ္တာလက်ဆောင်ပေးပါမယ် ဆိုပြီးပေးလိုက်ပါတယ်။ ဆင်ကြီး ရောက်တော့လည်း ကာလိင်္ဂတိုင်းမှာ မိုးကမရွာဘဲ
ခေါင်မြဲခေါင်နေပြန် ပါတယ်။
ဒီတော့မိုးမရွာတာဆင်နဲ့ဘာမှ မပတ်သက်ဘူး သူတို့တိုင်းပြည်သားတွေကျင့်သုံးတဲ့ ကုရုဓမ္မကြောင့်သာ ဖြစ်တယ်လို့သဘောပေါက်ပြီး အဲဒီတရားကို
ရွှေပြားပေါ်မှာကူးယူခဲ့ရမယ်လို့ကိုယ်စားလှယ်တော်ကြီးများကိုထပ်မံစေလွှတ်ပြန်ပါတယ်။
ကုရုတိုင်းပြည်မှာတစ်တိုင်းပြည်လုံး ငါးပါးသီလမြဲကြတဲ့အနက် -
၁။ဘုရင်ရယ်၊
၂။မယ်တော်ကြီးရယ်၊
၃။မိဖုရားကြီးရယ်၊
၄။အိမ်ရှေ့မင်းရယ်၊
၅။ပုရောဟိတ်ကြီးရယ်၊
၆။မြေတိုင်းအမတ်ရယ်၊
၇။ရထားထိန်းရယ်၊
၈။လယ်ပိုင်ရှင်ကြီးရယ်၊
၉။တင်းခြင်အမတ်ရယ်၊
၁၀။တံခါးမှူးရယ်၊
၁၁။ပြည့်တန်ဆာမရယ် -
အဲဒီပုဂ္ဂိုလ်(၁၁)ဦးဟာငါးပါးသီလကို ထူးထူးခြားခြားစောင့်ကြတဲ့အတွက်
သူတို့ထံမှငါးပါးသီလကိုရွှေပြားပေါ်မှာ ရေးပြီးတောင်းလာခဲ့တယ်။
ကုရုဓမ္မခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်ကစပြီး တစ်တိုင်းပြည်လုံး ကျင့်သုံးကြတဲ့အခါမှာ မိုးတွေရွာသွန်းပြီး ကာလိင်္ဂတစ်တိုင်းလုံး ကပ်ကြီးသုံးပါးမှ လွတ်ကင်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်လာပါတယ်။
ဂရုဓမ္မဇာတ်တော်ပေါ်ပေါက်လာရခြင်းမှာမိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ``ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)´´အခါတော်နေ့အဖြစ်ကျင်းပရခြင်းပင်ဖြစ်ပါတယ်
{မာဂဓီ(သာစည်)၏အခါတော်နေ့များ စာအုပ်မှ}ကူးယူဖော်ပြပါသည်။
မင်္ဂလာရှိသောလပြည့်နေ့လေးဖြစ်ပါစေ🙏🙏🙏
Gu Gu
Digital Business