28/09/2026
အောင်မြင်မှုတွေ ပိုရလာရင် တစ်နေ့မှာ စိတ်အေးချမ်းပြီး ပျော်ရွှင်လာမယ်လို့ လူတော်တော်များများ ယုံကြည်တတ်ကြပါတယ်။ “ဒီတစ်ခုအောင်မြင်ရင် ပြီးပြီ”၊ “ဒီလောက်ရောက်ရင် ငါပျော်ပြီ” လို့ တွေးပြီး ရှေ့ဆက်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှုရလာတာနဲ့အမျှ စိတ်အေးချမ်းမှုပါ အလိုအလျောက် ရလာမယ်ဆိုတာ မမှန်ပါဘူး။
Marshall Goldsmith က အောင်မြင်မှုနဲ့ ပျော်ရွှင်မှုဟာ တစ်ခုနဲ့တစ်ခု တိုက်ရိုက်ချိတ်ဆက်နေတဲ့အရာတွေ မဟုတ်ဘူးလို့ ရှင်းပြထားပါတယ်။ နှစ်ခုစလုံးက အရေးကြီးပေမဲ့ သီးခြားအရာတွေပါ။ အလွန်အောင်မြင်တဲ့သူတစ်ယောက်လည်း သာမန်လူသားတွေ ကြုံတွေ့ရတဲ့ မိသားစုပြဿနာ၊ ဆုံးရှုံးမှုနဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ကြုံရနိုင်ပါတယ်။
ဒါကြောင့် အောင်မြင်မှုကို မလိုချင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်က ရည်မှန်းချက်ရှိသူတစ်ယောက်ဆိုရင် အောင်မြင်ဖို့ ဆက်လက်ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ အရေးကြီးတာက အောင်မြင်မှုတစ်ခုရလာတဲ့အခါမှ စိတ်အေးချမ်းမှုရမယ်ဆိုတဲ့ အယူအဆကိုတော့ မချည်နှောင်ထားဖို့ပါ။
အောင်မြင်မှုအတွက် ကြိုးစားပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှုကို အောင်မြင်မှုရဲ့နောက်မှာ ထားမထားပါနဲ့။ အောင်မြင်မှုက ပြင်ပမှာ ရရှိနိုင်တဲ့အရာဖြစ်ပေမဲ့ ပျော်ရွှင်မှုကတော့ ကိုယ့်အတွင်းကနေ တည်ဆောက်ရတဲ့အရာ ဖြစ်ပါတယ်။