27/05/2026
ကျွန်တော်တို့ ငယ်ငယ်က ပထဝီဝင်သင်ခန်းစာတွေထဲမှာ လာအိုနိုင်ငံအကြောင်းဆိုရင် "အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ပင်လယ်ထွက်ပေါက်မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံ (Land-locked Country)" ဆိုပြီး အားနည်းချက်တစ်ခုလို မှတ်သားပြီးအထင်သေးခဲ့ကြဖူးပါတယ်။
သယံဇာတ ကြွယ်ဝပြီး ပင်လယ်ကမ်းရိုးတန်းအရှည်ကြီး ရှိထားတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ယှဉ်ရင် လာအိုဟာ စီးပွားရေးအရ အများကြီး နောက်ကကျန်ခဲ့မယ့် နိုင်ငံလို့ပဲ ထင်ခဲ့ကြတာပါ။
ဒါပေမဲ့ စာရင်းဇယားတွေ ထွက်လာတဲ့အခါ အမှန်တရားက တစ်မျိုးဖြစ်နေပါတယ်။
မြန်မာနိုင်ငံဟာ လာအိုထက် စီးပွားရေးပမာဏ (Nominal GDP) ပိုကြီးမားပေမဲ့... တစ်ဦးကျဝင်ငွေ (GDP per Capita): မြန်မာက $၁,၃၅၉ ဝန်းကျင်ပဲ ရှိချိန်မှာ လာအိုက $၂,၁၂၄ ဝန်းကျင်အထိ သာလွန်နေပါတယ်။
အလုပ်လက်မဲ့နှုန်း: မြန်မာက ၅% ဝန်းကျင်အထိ မြင့်မားနေပေမဲ့ လာအိုကတော့ ၁.၃% ဝန်းကျင်ပဲ ရှိပြီး အလုပ်အကိုင် အလွန်ပေါများပါတယ်။
အခုလက်ရှိ (၂၀၂၆ ခုနှစ်) အခြေအနေမှာ လာအိုနိုင်ငံက ကျွန်တော်တို့ထက် စီးပွားရေးနဲ့ လူမှုရေးအရ ပိုမိုသာလွန်နေရတဲ့ လျှို့ဝှက်ချက်က "ပထဝီဝင် အားနည်းချက်ကို အခွင့်အလမ်းပြောင်းလဲနိုင်မှု" နဲ့ "နိုင်ငံရေး တည်ငြိမ်မှု" ကြောင့် ဖြစ်ပါတယ်။
သူတို့တွေ ဘာကြောင့် ဒီလောက် သာသွားတာလဲ? အဓိက အချက်ကြီး (၃) ချက် ရှိပါတယ်။
၁။ အားနည်းချက်ကို အခွင့်အလမ်း ပြောင်းလဲလိုက်ခြင်း (Land-Locked to Land-Linked)
အရင်က လာအိုဟာ ပင်လယ်ထွက်ပေါက်မရှိလို့ ကုန်သွယ်ရခက်တဲ့ "Land-locked" နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး တည်ဆောက်ခဲ့တဲ့ တရုတ်-လာအို အမြန်နှုန်းရထားလမ်းကြီး ပွင့်လင်းလာတဲ့အခါမှာတော့ လာအိုဟာ အာဆီယံနဲ့ တရုတ်နိုင်ငံကြီးကို ကုန်းလမ်းကနေ တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ ဗဟိုချက် (Land-linked Hub) ဖြစ်သွားပါတယ်။
အခုဆို မြို့တော် ဗီယင်ကျန်းကနေ တရုတ်နယ်စပ်အထိ သွားလာရတဲ့အချိန်ဟာ ရက်ပိုင်းကနေ နာရီပိုင်းပဲ ကြာပါတော့တယ်။ ဤရထားလမ်းကြောင့် တရုတ်နိုင်ငံကနေ ကုန်စည်တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ လာအိုထဲကို တိုက်ရိုက်နဲ့ အမြန်ဆုံး စီးဝင်လာပြီး ခရီးသွားလုပ်ငန်းနဲ့ ပို့ကုန်ကဏ္ဍကို အကြီးအကျယ် မောင်းနှင်ပေးနေပါတယ်။
၂၀၃၀ မတိုင်ခင်မှာ ဗီယက်နမ် ပင်လယ်ဆိပ်ကမ်းမြို့ Vung Ang နဲ့လည်း ရထားလမ်း ပြီးတော့ပါမယ်။
ကျွန်တော်တို့ရဲ့ ရထားလမ်း
project ကသူတို့ထက်စောပါတယ်။ ဒါပေမယ့် အခုထိ မတွေ့ရသေးဘူး။
၂။ အာရှရဲ့ ဘက္ထရီကြီး ဖြစ်လာခြင်း (Battery of Asia)
မဲခေါင်မြစ်ကို အခြေခံတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ရေရှည်စီမံကိန်းနဲ့ အကောင်အထည်ဖော်ခဲ့လို့ အခုဆို ပြည်တွင်းမှာ လျှပ်စစ် မီး တည်ငြိမ်ရုံတင်မက၊ ပိုလျှံတဲ့ စွမ်းအင်တွေကို အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေကို အရှိန်အဟုန်နဲ့ ပြန်ရောင်းပြီး နိုင်ငံအတွက် ခိုင်မာတဲ့ ဒေါ်လာဝင်ငွေ အရင်း အမြစ်ကို ဖန်တီးထားနိုင်ပါတယ်။ လျှပ်စစ်မီး မှန်တာကြောင့် ပြည်ပက စက်မှုလုပ်ငန်းတွေလည်း ရဲရဲကြီး လာရောက်ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒါဟာ နိုင်ငံအတွက် ရေရှည်ခိုင်မာပြီး ပုံမှန်ရနေတဲ့ နိုင်ငံခြားဝင်ငွေ အရင်းအမြစ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ရေအားလျှပ်စစ် အလားအလာ အများကြီး ရှိပေမဲ့ စီမံကိန်းတွေ ရပ်ဆိုင်းနေခြင်းနဲ့ ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် ပြည်တွင်းမှာတောင် လျှပ်စစ်မီး ပုံမှန်မပေးနိုင်ဘဲ စက်မှုလက်မှုလုပ်ငန်းတွေ လည်ပတ်ဖို့ ပြင်းပြင်းထန်ထန် ရုန်းကန်နေရပါတယ်။
၃။ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်း ကျင် (Stability is everything)
စီးပွားရေးလုပ်ငန်းတစ်ခု၊ ရင်းနှီးမြှုပ်နှံမှုတစ်ခု အောင်မြင်ဖို့ "တည်ငြိမ်မှု" က အသက်ပါ။ လာအိုနိုင်ငံဟာ တစ်ပါတီစနစ် (Communist) နဲ့ အုပ်ချုပ်တာကြောင့် နိုင်ငံရေးအရ အလွန်တည်ငြိမ်ပါတယ်။ ဒါကြောင့် အစိုး ရရဲ့ စီးပွားရေးမူဝါဒတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်တဲ့ မဟာ ဗျူဟာတွေဟာ ရေရှည်မှာ လမ်း ကြောင်းမပြောင်းဘဲ စီမံကိန်းတွေ ယုံကြည်စိတ်ချစွာ ချမှတ်နိုင်
အောင် အာမခံချက် ပေးထားနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အလားအလာ (Potential) တွေ ဘယ်လောက်ပဲ ရှိရှိ၊ "အလုပ်လုပ်လို့ရမယ့် တည်ငြိမ်တဲ့ ပတ်ဝန်းကျင်" နဲ့ "ရှိတာကို ထိရောက်အောင် သုံးတတ်တဲ့ မူဝါဒ" မရှိရင် ရှေ့မရောက်နိုင်ဘူးဆိုတာ လာအိုနိုင်ငံက သက်သေပြနေပါတယ်။
ဘယ်လောက်ပဲ ကုန်းတွင်းပိတ်ဖြစ်ဖြစ် စနစ်တကျ ပြင်ဆင်ရင် အောင်မြင်နိုင်တယ်ဆိုတာကို အားကျအတုယူရင်း... ကျွန်တော်တို့နိုင်ငံလည်း ရှိပြီးသား အခြေခံကောင်းတွေနဲ့ ပြန်လည်ဦးမော့လာမယ့် နေ့ရက်တွေကို မျှော်လင့်မိပါတယ်။