APEX Trading Trading Knowledge For Your Financial Freedom...

01/04/2026

ဘာမဆိုဖြစ်သွားနိုင်တယ် (Anything can happen)…

ဘာကြောင့်လဲ…? ဘာကြောင့်လဲဆိုတော့ ဈေးကွက်ထဲမှာအချိန်မရွေးဝင်လာနိုင်တဲ့ "မသိနိုင်တဲ့အင်အားစု" (Unknown forces) တွေအမြဲရှိနေလို့ပါ။ ကမ္ဘာ့တစ်နေရာရာက Trader တစ်ယောက်လောက်က သင့်ရဲ့အရောင်းအဝယ် (Trade) ကိုလာဖျက်ဆီးပစ်ဖို့လုံလောက်ပါတယ်။ သင့်အနေနဲ့ဈေးကွက်ကိုအချိန်ကုန်ခံ၊ ငွေကုန်ခံပြီးဘယ်လောက်ပဲသေသေချာချာသုံးသပ် (Analyze) ထားပါစေ၊ ဈေးကွက်ရဲ့သဘောတရားအရ "ခြွင်းချက်" ဆိုတာမရှိပါဘူး...

ဒီအချက်ကိုလက်မခံပဲ ကိုယ့်စိတ်ထဲမှာ "ဒါကတော့သေချာပါတယ်" လို့ခြွင်းချက်ထားလိုက်တာနဲ့ တပြိုင်နက်... ဈေးကွက်ကကိုယ်ထင်သလိုမဖြစ်လာတဲ့အခါ စိတ်ထဲမှာပဋိပက္ခတွေဖြစ်လာပြီး ဈေးကွက်အချက်အလက်တွေကို ကြောက်စရာ (Threatening) အဖြစ်မြင်လာပါလိမ့်မယ်...

ပိုက်ဆံရဖို့အတွက်ရှေ့မှာဘာဆက်ဖြစ်မလဲဆိုတာသိစရာမလိုပါဘူး…
ဘာကြောင့်လဲ…? ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာ Edge (အသာစီးရနိုင်ချေ) ရှိတယ်ဆိုရင်တောင် နိုင်ပွဲနဲ့ရှုံးပွဲဆိုတာ ကြုံရာကျပန်း (Random Distribution) သဘောမျိုးဖြစ်ပေါ်တတ်လို့ပါပဲ...

ဥပမာ သင့်ရဲ့စနစ်အရ နောက်ထပ် Trade အခါ ၂၀ မှာ ၁၂ ခါနိုင်ပြီး ၈ ခါ ရှုံးမယ်ဆိုတာသိထားတယ်ဆိုပါစို့။ ဒါပေမဲ့ သင်မသိနိုင်တာက "ဘယ်ပွဲတွေမှာနိုင်ပြီးဘယ်ပွဲတွေမှာရှုံးမလဲ" ဆိုတဲ့အစီအစဉ် (Sequence) ကိုပါ။ ပြီးတော့နိုင်တဲ့ပွဲတွေမှာ ဈေးကွက်ကပိုက်ဆံဘယ်လောက်ပေးမလဲဆိုတာကိုလည်း သင်မသိနိုင်ပါဘူး။ ဒါကြောင့် Trading ဆိုတာ ဖြစ်တန်စွမ်းကစားပွဲ (Probability Game) သက်သက်ပါပဲ...

Trading ဆိုတာ Probability Game ပဲလို့ သင်တကယ်ယုံကြည်လိုက်ရင်..."မှန်တယ်/မှားတယ်"၊ "ရှုံးတယ်/နိုင်တယ်" ဆိုတဲ့သဘောတရားတွေကအရေးမကြီးတော့ပါဘူး။ ကိုယ်က"ငါမှန်ကိုမှန်ရမယ်" လို့မမျှော်လင့်ထားရင် "မှားသွားမှာ" လည်းကြောက်စရာမလိုတော့ပါဘူး။ "ငါနိုင်ကိုနိုင်ရမယ်" လို့ မမျှော်လင့်ထားရင် "ရှုံးမှာ" လည်းကြောက်စရာမလိုတော့ပါဘူး...

သင်ယုံကြည်ထားရမှာက...
၁။ Trade တစ်ခုမဖွင့်ခင်မှာ ဖြစ်နိုင်ချေ (Odds) ကငါ့ဘက်မှာရှိနေတယ်။
၂။ ဒီ Trade ဟာငါထင်သလို ဟုတ်/မဟုတ်သိရဖို့အတွက် ငါဘယ်လောက်အရှုံးခံရမလဲ (Risk) ဆိုတာငါသိတယ်။
၃။ ဒီ Trade ကနေအမြတ်ရဖို့အတွက် ဈေးကွက်ဘာဆက်ဖြစ်မလဲဆိုတာငါကြိုသိစရာမလိုဘူး။
၄။ ဘာမဆိုဖြစ်သွားနိုင်တယ်။

ဒီ ၄ ချက်ကိုလက်ခံထားရင် ဈေးကွက်ကသင့်ကို မှားအောင်လုပ်လို့မရတော့ပါဘူး။ သင့်ရဲ့ မျှော်လင့်ချက်တွေက ဈေးကွက်အမှန်တရားနဲ့တစ်ထပ်တည်းကျနေလို့ စိတ်ထိခိုက်စရာအကြောင်း မရှိတော့ပါဘူး...

နိုင်ပွဲနှင့်ရှုံးပွဲများသည် "ကြုံရာကျပန်း" (Random) သဘောဖြင့်သာလာသည်…
တကယ်လို့ သင်က Trading ဆိုတာ Probability Game လို့တကယ်ယုံကြည်ရင်... အရှုံးပေါ်တဲ့အခါစိတ်ဓာတ်ကျမှာမဟုတ်ပါဘူး။ "အရှုံးတစ်ခါပေါ်တယ်ဆိုတာအနိုင်နဲ့တစ်လှမ်းပိုနီးသွားတာပဲ" လို့တွေးမိပြီး နောက်ထပ်အခွင့်အရေး (Edge) တစ်ခုလာမှာကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေပါလိမ့်မယ်...

အဲလိုမှမဟုတ်ဘဲ Trading ဆိုတာ "ငါမှန်ကြောင်းသက်သေပြတာ" လို့ယူဆထားရင်တော့... တစ်ခါရှုံးပြီးတာနဲ့ နောက်တစ်ခါဝင်ဖို့ကြောက်ရွံ့နေပါလိမ့်မယ်။ "ဒီတစ်ခါရောနိုင်ပါ့မလား" ဆိုပြီး သံသယတွေဝင်မယ်။ ဝင်သင့်/မဝင်သင့် အချက်အလက်တွေလိုက်ရှာမယ်။ အဲဒီလိုကြောက်စိတ်နဲ့ Trade နေသမျှကောင်းမွန်တဲ့ရလဒ်ထွက်ဖို့ခက်ခဲပါလိမ့်မယ်...။

28/03/2026

3️⃣ ဖြစ်နိုင်ခြေများ (Probabilities) နဲ့တွေးခေါ်ဖို့ ခက်ခဲစေတဲ့အချက်ကတော့ ဒီနေရာမှာပါ...။ ဒီလိုတွေးနိုင်ဖို့ဆိုရင် တစ်ခုနဲ့တစ်ခုဆန့်ကျင်နေသလိုထင်ရတဲ့ ယုံကြည်မှု (Beliefs) နှစ်လွှာလိုအပ်လို့ပါပဲ...။

ပထမအလွှာကို Micro level (အသေးစားအဆင့်) လို့ခေါ်ပါမယ်။ ဒီအဆင့်မှာ ခင်ဗျားအနေနဲ့ ဖဲတစ်ပွဲချင်းစီရဲ့ မရေရာမှုနဲ့ခန့်မှန်းမရနိုင်မှုတွေကိုယုံကြည်ထားရပါမယ်။ ဖဲတစ်ပွဲချင်းစီကို ဝေပေးလိုက်တဲ့ဖဲထုပ်ရဲ့မသိနိုင်တဲ့ကိန်းရှင် (Variables) တွေအများကြီးရှိနေတာမို့လို့ ဒီမရေရာမှုကအမှန်တရားပဲဆိုတာခင်ဗျားသိပါတယ်။ ဥပမာ - တခြားကစားသမားတွေက ဖဲထပ်ယူမလား၊ မယူဘူးလားဆိုတာ သူတို့ဆုံးဖြတ်ချက်အပေါ်မူတည်နေတာမို့ ခင်ဗျားကြိုမသိနိုင်ပါဘူး။ ကြိုသိလို့မရတဲ့၊ ထိန်းချုပ်လို့မရတဲ့ ဒီလိုကိန်းရှင်တွေကြောင့် ဖဲတစ်ပွဲချင်းစီရဲ့ရလဒ်ဟာ တခြားပွဲတွေနဲ့မဆိုင်ပဲ မသေချာမရေရာတဲ့ ကျပန်းသဘော (Random) ဖြစ်သွားရပါတယ်။

ဒုတိယအလွှာကတော့ Macro level (အကြီးစားအဆင့်) ဖြစ်ပါတယ်။ ဒီအဆင့်မှာကျတော့ ကစားပွဲတွေ အများကြီးကစားပြီးတဲ့အခါ ထွက်လာမယ့်ရလဒ်ကတော့ သေချာသလောက်ရှိပြီး ခန့်မှန်းလို့ရတယ်ဆိုတာကို ခင်ဗျားယုံကြည်ထားရပါမယ်။ ဘယ်လောက်အထိ သေချာသလဲဆိုတာကတော့ တစ်ဖက်ဖက်ကိုအသာစီး (Edge) ရစေဖို့ ကြိုတင်သတ်မှတ်ထားတဲ့ ပုံသေကိန်းရှင်တွေ (Constant variables) အပေါ်မှာမူတည်ပါတယ်။

ကျွန်တော်ဆိုလိုတဲ့ ပုံသေကိန်းရှင်တွေဆိုတာ ဂိမ်းရဲ့စည်းမျဉ်းစည်းကမ်းတွေပါပဲ။ ဒါကြောင့် နိုင်ပွဲနဲ့ ရှုံးပွဲတွေ ဘယ်လိုအလှည့်ကျလာမလဲဆိုတာကို ခင်ဗျားကြိုမသိနိုင်ရင်တောင် ပွဲအရေအတွက်သာ အလုံအလောက်ကစားမယ်ဆိုရင် အသာစီး (Edge) ရှိတဲ့သူက ရှုံးပွဲထက်နိုင်ပွဲပိုများမယ်ဆိုတာကတော့သေချာနိုင်ပါတယ်။ သေချာမှုအတိုင်းအတာကတော့ ကိုယ့်ရဲ့ Edge ကဘယ်လောက်ကောင်းသလဲဆိုတာပေါ်မူတည်ပါတယ်။

Micro level မှာ ဂိမ်းရဲ့ရလဒ်ကို ခန့်မှန်းလို့မရဘူးဆိုတာကိုယုံကြည်သလို၊ Macro level မှာကျတော့ ဂိမ်းရဲ့ ရလဒ်ကိုခန့်မှန်းလို့ရတယ်ဆိုတာကိုပါ တစ်ပြိုင်နက်တည်းယုံကြည်နိုင်စွမ်းရှိခြင်းကပဲ ကာစီနိုတွေနဲ့ ကျွမ်းကျင်လောင်းကစားသမားတွေကို ထိရောက်အောင်မြင်စေတာဖြစ်ပါတယ်။ တစ်ပွဲချင်းစီဟာ ထူးခြားကွဲပြားတယ်ဆိုတဲ့ သူတို့ရဲ့ယုံကြည်ချက်က တစ်ပွဲချင်းစီရဲ့ရလဒ်ကိုလိုက်ခန့်မှန်းနေမယ့် အချည်းနှီးအလုပ်တွေကို မလုပ်မိအောင်တားဆီးပေးပါတယ်။

နောက်ဘာဖြစ်မလဲဆိုတာ သူတို့မသိနိုင်ဘူးဆိုတဲ့အချက်ကို သူတို့သင်ယူထားပြီး လုံးဝလက်ခံထားကြပါတယ်။ ပိုအရေးကြီးတာက အကျိုးအမြတ်ကို တသမတ်တည်းရှာနိုင်ဖို့အတွက် နောက်ဘာဖြစ်မလဲဆိုတာကို သိစရာမလိုဘူးဆိုတဲ့အချက်ပါပဲ...။

27/03/2026

2️⃣ ကျပန်းရလဒ်များမှ တသမတ်တည်းအကျိုးအမြတ်များ...

ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ ဆန့်ကျင်ဘက်သဘောတရား (Paradox) တစ်ခုရှိနေပါတယ်။ ကာစီနိုတွေဟာ ကျပန်းထွက်ပေါ်လာတဲ့ရလဒ်တွေကိုလက်ခံဆောင်ရွက်ပေးရင်းနဲ့ပဲ နေ့စဉ်ရက်ဆက်၊ နှစ်စဉ်နှစ်တိုင်းတသမတ်တည်းအမြတ်ငွေတွေရရှိနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ Trader အများစုကျတော့ ဈေးကွက် (Market) ရဲ့ရလဒ်တွေဟာ ကျပန်းမဟုတ်ဘူးလို့ယုံကြည်နေကြပေမယ့် တသမတ်တည်းအမြတ်ရဖို့ကျတော့ မစွမ်းဆောင်နိုင်ကြပြန်ပါဘူး...။

တကယ်ဆိုရင် တသမတ်တည်းဖြစ်တဲ့ (ကျပန်းမဟုတ်တဲ့) အလုပ်တစ်ခုကနေ တသမတ်တည်းရလဒ်ထွက်ရမှာဖြစ်ပြီး၊ ကျပန်းဆန်တဲ့အလုပ်တစ်ခုကနေတော့ မရေရာတဲ့ကျပန်းရလဒ်တွေပဲ ထွက်လာသင့်တာမဟုတ်ဘူးလား…?
သာမန် Trader တစ်ယောက်အနေနဲ့ နားလည်ဖို့ခက်ခဲပေမယ့် ကာစီနိုပိုင်ရှင်တွေ၊ ဝါရင့်လောင်းကစားသမားတွေနဲ့ အတော်ဆုံး Trader တွေနားလည်ထားတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ - "ဖြစ်နိုင်ခြေရှိတဲ့ရလဒ် (Probable outcomes) တွေကနေပြီးတော့လည်း တသမတ်တည်းအောင်မြင်မှု (Consistency profit) ကိုဖန်တီးယူနိုင်တယ်" ဆိုတာပါပဲ။ ဒါပေမဲ့အဲဒီလိုဖြစ်ဖို့အတွက်-
(၁) အနိုင်ရဖို့အခွင့်အရေး (Odds) ကကိုယ့်မှာရှိနေရမယ်။ ပြီးတော့
(၂) လုံလောက်တဲ့အကြိမ်အရေအတွက် (Sample size) ရှိရပါမယ်။

အတော်ဆုံး Trader တွေက Trading ကိုဂဏန်းသင်္ချာကစားပွဲတစ်ခုလိုပဲသဘောထားကြပါတယ်။ ဒါဟာ ကာစီနိုတွေနဲ့ ကျွမ်းကျင်လောင်းကစားသမားတွေက လောင်းကစားကိုချဉ်းကပ်တဲ့ပုံစံနဲ့ အတူတူပါပဲ။ ဥပမာအနေနဲ့ Blackjack ဖဲကစားနည်းကိုကြည့်ကြရအောင်။

Blackjack မှာကစားသမားတွေ လိုက်နာရတဲ့စည်းမျဉ်းတွေအရ ကာစီနိုဘက်ကအနိုင်ရနိုင်ခြေ ၄.၅ ရာခိုင်နှုန်း (4.5%) အသာစီး (Edge) ရထားပါတယ်။ ဆိုလိုတာကလုံလောက်တဲ့ ပွဲအရေအတွက် (Sample size) သာရှိမယ်ဆိုရင် ကာစီနိုဟာလောင်းကြေး ၁ ဒေါ်လာတိုင်းမှာ ၄ ပြားခွဲ (၄.၅ ပြား) အမြတ်ကျန်နေမှာဖြစ်ပါတယ်။ ဒီပျမ်းမျှ ၄ ပြားခွဲဆိုတဲ့နှုန်းထားဟာ အကြီးအကျယ်နိုင်သွားတဲ့သူတွေ၊ အကြီးအကျယ်ရှုံးသွားတဲ့သူတွေနဲ့ အနိုင်၊အရှုံးမရှိတဲ့လောင်းကစားသမားတွေ အားလုံးကိုထည့်တွက်ပြီးမှထွက်လာတဲ့ရလဒ်ပါ။

နေ့တစ်နေ့၊ ရက်သတ္တပတ်၊ လ သို့မဟုတ် နှစ်တစ်နှစ် ကုန်သွားတဲ့အခါ ကာစီနိုဟာ လောင်းကြေးစုစုပေါင်းပမာဏရဲ့ ၄.၅ ရာခိုင်နှုန်းကို အမြဲတမ်းအမြတ်အဖြစ်ရရှိစမြဲပါပဲ။

၄.၅ ရာခိုင်နှုန်းဆိုတာနားထောင်ကြည့်ရင် သိပ်မများဘူးလို့ထင်ရပေမယ့် မြင်သာအောင်ပြောပြပါမယ်။ တကယ်လို့ကာစီနိုတစ်ခုရဲ့ Blackjack ဝိုင်းတွေအားလုံးမှာ တစ်နှစ်လုံးအတွက် လောင်းကြေး စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ဖိုးရှိခဲ့တယ်ဆိုရင် ကာစီနိုက ဒေါ်လာ ၄.၅ သန်း အသားတင်အမြတ်ရရှိမှာဖြစ်ပါတယ်။

ကာစီနိုပိုင်ရှင်တွေနဲ့ ကျွမ်းကျင်လောင်းကစားသမားတွေ နားလည်ထားတဲ့ ဖြစ်နိုင်ခြေသဘောတရားကတော့ ကစားလိုက်တဲ့ဖဲတစ်ပွဲချင်းစီဟာ တခြားဖဲတစ်ပွဲနဲ့ စာရင်းအင်းသဘောအရ လုံးဝသက်ဆိုင်မှုမရှိပဲ သီးခြားစီလွတ်လပ်နေတယ် (Statistically independent) ဆိုတာပါပဲ။ ဆိုလိုတာက တစ်ပွဲချင်းစီဟာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုစီဖြစ်ပြီး၊ အရင်ကစားခဲ့တဲ့ပွဲ (ဒါမှမဟုတ်) နောက်ကစားမယ့်ပွဲတွေနဲ့ ဘာမှမဆိုင်ပဲ ကျပန်း (Random) ဖြစ်နေပါတယ်။ တကယ်လို့ခင်ဗျားက တစ်ပွဲချင်းစီကိုပဲ သီးသန့်အာရုံစိုက်ကြည့်မယ်ဆိုရင် နိုင်ပွဲနဲ့ရှုံးပွဲတွေကြားမှာ ခန့်မှန်းလို့မရတဲ့ ကြုံရာကျပန်း (Random distribution) ရလဒ်တွေကိုပဲတွေ့ရမှာပါ။ ဒါပေမဲ့ တစုတစည်းတည်း (Collective basis) ကြည့်လိုက်မယ်ဆိုရင်တော့ ဆန့်ကျင်ဘက်အမှန်တရားကိုတွေ့ရပါလိမ့်မယ်။

အကယ်၍သာ လုံလောက်တဲ့ပွဲအရေအတွက်အများကြီးကစားခဲ့မယ်ဆိုရင် တသမတ်တည်းဖြစ်ပြီး ကြိုတင်ခန့်မှန်းလို့ရတဲ့၊ စာရင်းအင်းသဘောအရ စိတ်ချရတဲ့ပုံစံ (Patterns) တွေပေါ်ထွက်လာမှာ ဖြစ်ပါတယ်...။

27/03/2026

1️⃣ Probabilities လို့ခေါ်တဲ့ ဖြစ်နိုင်ခြေတွေနဲ့တွေးခေါ်တယ်ဆိုတာ ဘာကိုဆိုလိုတာပါသလဲ..? ပြီးတော့ Trader တစ်ယောက်အနေနဲ့ ရေရှည်မှာ တသမတ်တည်းအောင်မြင်နေဖို့အတွက် ဘာကြောင့်ဒီအချက်က ဒီလောက်တောင်အရေးကြီးနေရတာလဲ…? ဒီစာကြောင်းလေးကို ခဏလောက်အချိန်ယူပြီး သုံးသပ်ကြည့်မယ်ဆိုရင် "တသမတ်တည်းဖြစ်တည်မှု (consistency)" ဆိုတဲ့အရာကို "ဖြစ်နိုင်ခြေများ (probabilities)" ဆိုတဲ့လုပ်ဆောင်ချက်နဲ့ ချိတ်ဆက်ထားတာကိုသတိထားမိကြပါလိမ့်မယ်...။

ဒါကနားထောင်ရတာ တစ်မျိုးကြီးဖြစ်နေနိုင်ပါတယ်။ မရေရာမသေချာတဲ့ဖြစ်နိုင်ခြေရလဒ်တွေပဲ ရှိနေတဲ့အခြေအနေတစ်ခုကနေ လူတစ်ယောက်ကဘယ်လိုလုပ်ပြီးတသမတ်တည်းဖြစ်တဲ့ ရလဒ်ကောင်းတွေကိုဖန်တီးယူနိုင်မှာလဲပေါ့...။ ဒီမေးခွန်းကိုဖြေဖို့အတွက်ဆိုရင် ကျွန်တော်တို့လောင်းကစားလောက (Gambling industry) ဘက်ကိုလှည့်ကြည့်ရပါမယ်။ ကော်ပိုရေးရှင်းကြီးတွေက လူတွေကိုသူတို့ရဲ့ ကာစီနို (Casino) ဝိုင်းတွေဆီလာလည်ကြဖို့အတွက် ဟိုတယ်အကြီးစားကြီးတွေ ဆောက်လုပ်ရာမှာ ဒေါ်လာသန်းပေါင်းများစွာသုံးစွဲနေကြပါတယ်...။

ခင်ဗျားသာ Las Vegas ကိုရောက်ဖူးမယ်ဆိုရင် ကျွန်တော်ဘာပြောနေသလဲဆိုတာ ကောင်းကောင်းသိမှာပါ။ လောင်းကစားကော်ပိုရေးရှင်းကြီးတွေကလည်း တခြားစီးပွားရေးကုမ္ပဏီတွေလိုပါပဲ။ သူတို့သုံးလိုက်တဲ့ငွေကြေးတွေအတွက် ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ရှယ်ယာရှင်တွေကို ပြန်ပြီးရှင်းပြနိုင်ရပါတယ်။

ကဲ... ခင်ဗျားဘယ်လိုထင်လဲ…? Random (ကျပန်း) ဖြစ်နေတဲ့ ရလဒ်တွေအပေါ်မှာအခြေခံပြီးဝင်ငွေရှာနေရတဲ့ ကာစီနိုတွေအနေနဲ့ ဟိုတယ်ကြီးတွေဆောက်ဖို့ ဒီလောက်ငွေတွေအများကြီးသုံးစွဲတာဘာကြောင့်လဲ…?

26/03/2026

အခုချိန်ထိ ဈေးကတက်နိုင်လား ကျနိုင်လား ခန့်မှန်းနေတုန်းဆိုရင်တော့ ဈေးကွက်ကနေ အမြတ်တခုရဖို့ ဆက်ပြီးရုန်းကန်နေရဦးမှာပါပဲ...။ Forex မှာအရောင်းအဝယ်လုပ်တယ်ဆိုတာ ဈေးတက်နိုင်လား ကျနိုင်လား မိမိစိတ်ထင်ရာခန့်မှန်းချက်တွေထုတ်နေရတာမဟုတ်ပါဘူး...။

တကယ်တော့ အောင်မြင်နေတဲ့ Trader တွေဟာ ရှေ့မှာဘာဆက်ဖြစ်မလဲ ဆိုတာကို အသေအချာသိဖို့ မကြိုးစားကြပါဘူး...။ သူတို့က ဖြစ်နိုင်ခြေ (Probabilities) တွေပေါ်မှာပဲ အခြေခံပြီး အလုပ်လုပ်ကြတာပါ...။ ဈေးကွက်ဆိုတာ အမြဲတမ်းပြောင်းလဲနေတဲ့ သဘောသဘာဝရှိပြီး၊ ဘယ်သူမှ ရာနှုန်းပြည့် မှန်ကန်အောင် ဟောကိန်းမထုတ်နိုင်ပါဘူး...။ မိမိထင်တဲ့အတိုင်း ဖြစ်မလာနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံလိုက်တာဟာ အောင်မြင်မှုရဲ့ ပထမဆုံးခြေလှမ်းပါပဲ....။

Chart တွေပေါ်မှာ Indicator တွေ အများကြီးထည့်ပြီး ရှုပ်ထွေးအောင်လုပ်မယ့်အစား ဈေးနှုန်းရဲ့ လှုပ်ရှားမှု (Price Action) အစစ်အမှန်ကို ဖတ်တတ်ဖို့က ပိုအရေးကြီးပါတယ်။ ရှင်းလင်းတဲ့ Chart တွေကနေတဆင့် ဈေးကွက်ရဲ့ အင်အားပြိုင်မှုတွေကို နားလည်အောင်ကြိုးစားပါ။ Trading System တစ်ခုဆိုတာ အမြဲတမ်း ရှုပ်ထွေးနေဖို့ မလိုပါဘူး။ ရိုးရှင်းပြီး မိမိအတွက် အလုပ်ဖြစ်တဲ့ Edge တစ်ခုရှိနေဖို့ပဲ လိုအပ်တာပါ...။

ဒါကြောင့်ခန့်မှန်းတာတွေကို ရပ်လိုက်ပြီး အောက်ပါအချက်တွေကို အဓိကထားကြည့်ပါ...
▪️မိမိရဲ့ Trading Plan အတိုင်း တိတိကျကျ လိုက်နာပါ။ ဈေးကွက်က ကိုယ့်ရဲ့ Setups ကို ပေးလာမယ့်အချိန်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းပါ။

▪️အရောင်းအဝယ်တစ်ခုဝင်တိုင်းမှာ ဆုံးရှုံးနိုင်ခြေကို ကြိုတင်တွက်ချက်ပြီး ကန့်သတ်ထားပါ။ အရှုံးဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ သာမန်ကုန်ကျစရိတ်တစ်ခုလိုပဲ သဘောထားပါ။

▪️မှန်ခြင်း၊ မှားခြင်းထက် လုပ်ငန်းစဉ် (Process) ကိုပဲ အာရုံစိုက်ပါ။ မှန်ကန်တဲ့ စိတ်နေသဘောထားရှိမှသာ ရေရှည်မှာ Consistent အမြတ်တွေ ရနိုင်မှာပါ။

Trading ဆိုတာ ခန့်မှန်းကစားရတဲ့ ကစားဝိုင်းတစ်ခုမဟုတ်ပဲ စည်းကမ်းရှိရှိ၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်ရတဲ့ Lifestyle တစ်ခုပါ...။

28/02/2026

#️⃣01 - စည်းကမ်းရှိခြင်းအတွက် ဈေးကွက်က သင့်ကို အကျိုးအမြတ် ပြန်ပေးပါလိမ့်မယ်...

စည်းကမ်းတကျ အရောင်းအဝယ်လုပ်ခြင်းက သင့်အိတ်ကပ်ထဲကို ငွေပိုဝင်စေပြီး၊ ငွေထွက်တာကိုတော့ လျော့နည်းစေပါလိမ့်မယ်။ ဈေးကွက်နဲ့ပတ်သက်ပြီး ဘယ်တော့မှမပြောင်းလဲတဲ့ အမှန်တရားတစ်ခုကတော့...

"Discipline = Increased Profits" ဆိုတာပါပဲ...။

26/02/2026

❌ ကျွန်တော်ကတော့ 'အမှား' ဆိုတာကို 'မိမိသတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုမလိုက်နာခြင်း' လို့အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါကြောင့် ရေးမှတ်ထားတဲ့စည်းကမ်းမရှိသူတွေအတွက်တော့ သူတို့လုပ်သမျှ အရာအားလုံးကအမှားတွေပါပဲ...။

အမှားတစ်ခုတည်းကိုထပ်ခါထပ်ခါ ကျူးလွန်နေတာက ကိုယ့်ကိုယ်ကိုဖျက်ဆီးခြင်း (Self-sabotage) ပါပဲ။ ကိုယ့်အမှားတွေကိုစောင့်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်ခြင်းအားဖြင့် ဆိုးကျိုးတွေကိုလျှော့ချနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်သူတွေဟာ ပုံမှန်ထက်များတဲ့ အမြတ်အစွန်းတွေကို ပုံမှန်ရရှိလေ့ရှိတယ်လို့ကျွန်တော်မြင်ပါတယ်...။

26/02/2026

လူတွေဟာ သူတို့လက်ရှိရောက်နေတဲ့နေရာကနေ သူတို့ဖြစ်ချင်တဲ့ ပန်းတိုင်ဆီရောက်ဖို့ ကြိုးစားတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ အဓိကပြဿနာတစ်ခုကတော့ နေ့စဉ်နဲ့အမျှ ဝင်တိုက်မိနေတဲ့ "နံရံ" တွေ (သို့မဟုတ်) "အတားအဆီး" တွေပါပဲ။ ဒီအတားအဆီးတွေကိုကျော်ဖို့အတွက် အသုံးများတဲ့ အဖြေတစ်ခုရှိပါတယ်။ အဲဒါကတော့ "အတားအဆီးတွေကို အဆင်ပြေတယ်လို့ သဘောထားလိုက်တာ" ပါပဲ။ တကယ်လို့ ခင်ဗျားက နံရံတွေကို ဝင်တိုက်မိတာကိုတောင် ပျော်ပျော်ကြီး လက်ခံနိုင်တယ်ဆိုရင် ကိုယ့်ပန်းတိုင်ကို ပြန်အာရုံစိုက်ဖို့ လွယ်ကူသွားပါလိမ့်မယ်။

ခင်ဗျားသာ ဈေးကွက်ထဲမှာ ရှိနေမယ်ဆိုရင် ခင်ဗျားရင်ဆိုင်ရမယ့် အကြီးမားဆုံး အတားအဆီးတစ်ခုကတော့ "အရှုံး" ဆိုတဲ့ နံရံကြီးပါပဲ။ အရှုံးခံဖို့ ဆန္ဒမရှိဘူးဆိုရင် ဈေးကွက်ထဲမှာ ရပ်တည်ဖို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်။ တကယ်တမ်းပြောရရင် မဖြစ်နိုင်သလောက်ပါပဲ။ ဒါက ဘာနဲ့တူသလဲဆိုတော့ ညာဘက်ခြေထောက်ကို မသုံးချင်ပဲ ဘယ်ဘက်ခြေထောက် တစ်ဖက်တည်းနဲ့ လမ်းလျှောက်ချင်နေတာနဲ့ တူပါတယ်။ ဒီလိုလျှောက်လို့ မရသလိုပဲ၊ အရှုံးမရှိပဲနဲ့လည်း အရောင်းအဝယ် လုပ်လို့မရပါဘူး။

ခင်ဗျားက အမြဲတမ်း "မှန်ချင်နေမယ်" ဆိုရင် အတားအဆီးတွေကို ဖြေရှင်းနေတာ မဟုတ်ပါဘူး။ အဲဒီအစား ခင်ဗျားက အခြေအနေတွေကို အတင်းအဓမ္မ လုပ်ယူနေတာ ဖြစ်သွားပါလိမ့်မယ်။ ဥပမာ - ဒီနေ့ အရောင်းအဝယ်မှာ အကြီးအကျယ် ရှုံးနေတာကိုတောင် မရရအောင် အမြတ်ပြန်ယူချင်နေတယ်ဆိုရင် ဒါဟာ ဒီနေ့ရဲ့ အတားအဆီးကို ဖြေရှင်းနေတာ မဟုတ်ပါဘူး။ အတားအဆီးကို ပျော်ပျော်ကြီး ရင်ဆိုင်လိုက်ပါ၊ ပွေ့ဖက်လိုက်ပါ၊ လက်ခံဖို့ ဝန်မလေးပါနဲ့။ ဈေးကွက်က ခင်ဗျားကို အရှုံးနဲ့ ထွက်လိုက်တော့လို့ ပြောနေပြီဆိုရင် ထွက်လိုက်ပါ...။

26/02/2026

❓မေး - ကျွန်တော်က သာမန် Investor (ရင်းနှီးမြှုပ်နှံသူ) တစ်ယောက်ပါ။ ပိုက်ဆံအများကြီးရမယ့် နည်းလမ်းလေးပြောပြပေးပါ။ လွယ်လွယ်ကူကူနဲ့ ရှုပ်ရှုပ်ထွေးထွေး မဟုတ်တာမျိုးလေးလိုချင်ပါတယ်။ ကျွန်တော့်မှာ အချိန်သိပ်မရှိဘူးဗျ၊ သာမန် Investor တစ်ယောက်မို့ပါ...။

✅ဖြေ - ခင်ဗျားနားမလည်တာတစ်ခုက... Trading ဆိုတာ ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းတစ်ခု (Professional) ပါ။ ဆရာဝန်တစ်ယောက်ဆိုရင် သူ့အလုပ်ကို ကျွမ်းကျင်ဖို့ နှစ်ပေါင်းများစွာ လေ့လာသင်ယူရပါတယ်။ စာအုပ်တစ်အုပ် ဖတ်ဖူးရုံလောက်နဲ့ လမ်းပေါ်ကလူတစ်ယောက်က ဆေးရုံထဲဝင်ပြီး ဦးနှောက်ခွဲစိတ်ကုသမှု သွားလုပ်လို့ မရပါဘူး။ အလားတူပါပဲ... အင်ဂျင်နီယာတစ်ယောက်ဆိုရင်လည်း နှစ်ပေါင်းများစွာ သင်ယူခဲ့ရတာပါ။ ဘာလေ့ကျင့်မှုမှမရှိပဲ တံတားတစ်စင်းထဆောက်လို့ မရပါဘူး။ ဆောက်လိုက်ရင်လည်း အဲဒီတံတားကျိုးကျသွားမှာပါပဲ။

ဒါကြောင့် ခင်ဗျားက "ကျွန်တော်က သာမန် Investor ပါ" လို့ပြောလာတာဟာ..."ကျွန်တော့်မှာဘာလေ့ကျင့်မှုမှ မရှိပါဘူး၊ လေ့ကျင့်မှုရဖို့အတွက် အချိန်ပေးဖို့လည်း အစီအစဉ်မရှိပါဘူး" လို့ပြောနေတာနဲ့အတူတူပါပဲ။ ဆိုလိုတာကတော့ ခင်ဗျားအနေနဲ့ သာမန်ရလဒ်လောက်ပဲရပါလိမ့်မယ်။ သာမန် Investor တွေကတော့ ယေဘုယျအားဖြင့် ငွေကြေးဆုံးရှုံးကြတာများပါတယ်...။

17/02/2026

📊What is Margin Level...?

17/02/2026

📊What is Free Margin...?

ที่อยู่

Bangkok
10270

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ APEX Tradingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์