14/01/2026
Excel မှာ column letter နဲ့ row number (A1, C3) ဆိုတာမျိုးတွေ သုံးတာကို cell referencing လုပ်တယ်လို့ ခေါ်ပါတယ်။ Cell Referencing ဘယ်နှစ်မျိုး ရှိသလဲ သိပါသလား။
ပထမဆုံးတခုကတော့ Excel သုံးဖူးသူတိုင်း သိမှာဖြစ်တဲ့ Relative Referencing ပါ။ သူက Column A (Amount) * Column B (Tax Rate) ကို တွက်ချင်တဲ့ အခါမျိုးမှာ အဖြေတွက်ချင်တဲ့ cell မှာ = A1 * B1 လို့ ရိုက်ထဲ့ပီး အောက်ဘက် row က item တွေအတွက်ဆိုလည်း drag down လုပ်သွားရင် A2 * B2 လို့ auto ပြောင်းပီး တွက်ပေးသွားတာမျိုးပါ။
ဒါဆို တကယ်လို့များ တန်ဖိုးတခုကို မပြောင်းလဲပဲ သုံးချင်တယ်ဆိုရင်ရော? ဥပမာ Tax rate 2% လို့ သတ်မှတ်ထားတယ်ဆိုရင် တွက်တိုင်းမှာ *1.02 လို့ ရိုက်ထည့်လို့တော့ အဆင်မပြေပါဘူး.. ဘာကြောင့်လဲဆိုတော့ တချိန်ချိန် နှုန်းထားက 3% ပြောင်းသွားတဲ့အခါမျိုးမှာ cell တိုင်းမှာ လိုက်ပြောင်းပေးရမှာမလို့ပါ။ အဲဒီလို အခါမျိုးမှာ Absolute Referencing ကို သုံးပါတယ်။ Column and row ရှေ့မှာ $ ခံပီး lock လုပ်ပီး သုံးတာပါ။ အဲဒီလိုဆို formula ကို ဘယ်လို copy ကူးကူး၊ drag down လုပ်လုပ် lock လုပ်ထားတဲ့ column and row က မပြောင်းတော့တာမလို့ နှုန်းထားပြောင်းချင်ရင် အဲဒီ cell တခုမှာ ဝင်ပြောင်းရုံပါပဲ။ =A1 * $B$1 ဒါမျိုးပါ။
Column ကိုပဲ lock ထားပီး row ကို ပြောင်းစေချင်တယ် သို့မဟုတ် row ကိုပဲ lock ထားပီး column ကို ပြောင်းစေချင်တယ်ဆိုလည်း သုံးလို့ရပါတယ်။ အဲဒါကိုတော့ Mixed Referencing လို့ ခေါ်ပါတယ်။ Mixed Referencing က တွက်ချက်မှုတွေ လုပ်တဲ့အခါမှာ အလွန်အသုံးဝင်ပါတယ်။
ဒါပေမယ့် ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ အများကြီး ပါလာတဲ့အခါ၊ တချိန်ချိန်မှာ ဖိုင်အဟောင်းတွေကို ပြန်ကြည့်တဲ့အခါ၊ တခြားလူတယောက် လုပ်ထားတဲ့ ဖိုင်တခုကို ကြည့်ရတဲ့အခါမှာ ဘယ် formula က ဘယ် cell တွေကို referencing လုပ်ထားပြီး၊ ဘယ် cell ဟာ ဘာအတွက်လဲ၊ ဒီတန်ဖိုးကို ဘယ်လိုကြောင့် ယူထားသလဲ၊ A1, B2, C5 .. တွေ အများကြီး ရှုပ်ယှက်ခတ်လို့ အဲဒါတွေ လိုက်ဖတ်နေရတာနဲ့ မူးနေတာမျိုးတွေ မကြာခန ကြုံဖူးမှာနော်။ တခါတလေ ကိုယ်တိုင်တွက်ထားတာတောင် အရမ်းများလာတဲ့အခါ အဲလိုပြန်ကြည့်နေရတာက အဆင်မပြေလှပါဘူး။ အောက်က formula ကို ကြည့်ပါ။
=SUMIF(B20:B34, ">" & $F$21,B20:B34)*$F$22
တွက်ထားတာ မှန်ပေမယ့် formula ကို ကြည့်ရုံနဲ့ ဘာကိုတွက်ထားသလဲဆိုတာ မသိနိုင်ပါဘူး။
=SUMIF(Revenue,">"&Discount_Threshold,Revenue)*Discount_Rate
ခု ဒီ formula ကို ကြည့်ရင်တော့ Revenue ရဲ့ ပေါင်းခြင်းဟာ Discount_Threshold ထက် များနေမယ်ဆိုရင် Revenue ကို ပေါင်းပြီး Discount_Rate နဲ့ မြှောက်ရမယ်ဆိုတာကို formula ကို မြင်တာနဲ့ သိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ formula မှာ ရှုပ်ယှက်ခတ်နေတဲ့ cell referencing တွေအစား descriptive and intuitive ဖြစ်တဲ့ name ranges တွေကို သုံးထားလို့ပါ။
Excel မှာ cell တခု သို့မဟုတ် group of cells တွေကို အဓိပ္ပါယ်ရှိတဲ့ နာမယ်တွေ ပေးပြီး သုံးလို့ ရပါတယ်။ အဲဒါကို Named Ranges လို့ ခေါ်ပါတယ်။
Named Ranges ကို သုံးတာ ဘာနဲ့ တူသလဲဆိုရင် အတန်းတတန်းထဲမှာ ရှေ့ကနေရေရင် တတိယတန်း ၃ ခုံမြောက်မှာ ထိုင်နေတဲ့ကောင်လေးလို့ ပြောတာထက်စာရင် နာမယ်ကို ပြောလိုက်တာ ပိုလွယ်သလိုမျိုး၊ ဒီလမ်းထဲကို ညာဘက်ကဝင်သွားပီး ဘယ်နှအိမ်မြောက်လို့ ပြောလိုက်တာထက်စာရင် အိမ်နံပါတ် ဘယ်လောက်လို့ ပြောလိုက်တာက ပိုအဆင်ပြေသလိုမျိုးပါပဲ။
နောက်တပို့စ်မှာတော့ Named Ranges တွေကို ဘယ်လိုသုံးရတယ်ဆိုတာကို သေချာရှင်းပြပေးပါမယ်။