09/28/2026
ဒီနေ့ မြန်မာပြည်က အမေတစ်ယောက် ဖုန်းဆက်လာတယ်။
“မိုးရေ… အမကလေးက မြန်မာပြည်မှာ OSSD တက်ပြီး အခု Canada မှာ University တက်နေတာပါ။ အခု ကလေးနဲ့ အဆက်အသွယ်လုပ်လို့ မရတော့လို့ အမ အရမ်းစိတ်ပူနေတာ။ မိုးက Canada မှာနေတာဆိုတော့ တစ်ခုခု ကူညီပေးလို့ရမလား…”
တဲ့။
မိုးဖုန်းနံပါတ်ကိုလည်း မိုးတို့နဲ့ Canada ကိုလာတဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ မေမေဆီကနေ ရတာလို့ ပြောတယ်။
ကိုယ်နဲ့လည်း အရင်က မသိကြဘူး။ သူ့ကလေးကလည်း ကိုယ်တို့ကျောင်းသား မဟုတ်ဘူး။
ဒါပေမယ့် အမေတစ်ယောက်ရဲ့ အသံဆိုတော့ နားထောင်ရင်းနဲ့ သူဘယ်လောက်စိတ်ပူနေမလဲ ကိုယ်လည်း မိဘတစ်ယောက်မို့ ခံစားလို့ရတယ်။
အဝေးကြီးမှာရှိနေတဲ့ သားသမီးကို ဖုန်းဆက်မရ၊ message ပို့လို့လည်း အကြောင်းမပြန်ဘူးဆိုရင် မိဘတစ်ယောက်ရဲ့စိတ်က ဘယ်လိုနေမလဲ။
အဲဒီအမေနဲ့ စကားပြောပြီးတော့ ဒီစာလေး ရေးချင်စိတ်ပေါ်လာတာပါ။
နိုင်ငံခြားမှာ ကျောင်းလာတက်တဲ့ ကလေးများ especially University ကလေးများ မိဘတွေနဲ့ဝေးပြီး နိုင်ငံခြားမှာ နေထိုင်နေကြတဲ့ ကလေးတွေကို ကိုယ်တစ်ခုပဲ ပြောချင်တယ်။
ကိုယ့်မိဘတွေနဲ့ အဆက်အသွယ်မပြတ်ကြပါနဲ့။ ပြီးတော့ ဘဝရဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ မိဘတွေနဲ့ တိုင်ပင်ကြပါ။
နိုင်ငံခြား ရောက်လာတာနဲ့ လွတ်လပ်မှုတွေ အများကြီးရလာမယ်။ ဒီမှာကြီးပြင်းလာတဲ့ ကလေးတွေကိုလည်း မြင်လာမယ်။
သူတို့က ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ မိဘကို အရာရာမေးစရာမလိုတာတွေ မြင်လာတဲ့အခါ
“သူတို့မိဘတွေက ဘာမှမပြောဘူး။ ကိုယ့်မိဘတွေကတော့ ဘာလို့အမြဲမေးနေတာလဲ”
လို့ တွေးမိနိုင်တယ်။
ဒါပေမယ့် ဒီနေရာမှာ နားလည်စေချင်တာလေးတစ်ခုရှိတယ်။
Western parenting နဲ့ အန်တီမိုးတို့ Asian parenting မှာ သားသမီးတွေကို ချစ်တာချင်း မကွာပါဘူး။ ချစ်တဲ့ပုံစံ၊ လမ်းပြတဲ့ပုံစံက ကွာတာပါ။
Western မိဘတော်တော်များများက ကလေးတွေကို ငယ်ငယ်ကတည်းက ကိုယ့်ဘာသာကိုယ် ရွေးချယ်တတ်အောင် သင်ပေးကြတယ်။
ရွေးချယ်မှုမှားရင်လည်း
“မှားပါစေ၊ အဲဒီအမှားကနေ သင်ယူသွားလိမ့်မယ်”ဆိုပြီး ကိုယ်တိုင်ကြုံတွေ့သင်ယူခွင့် ပေးတတ်ကြတယ်။
ဒါလည်း ကောင်းတဲ့ parenting ပုံစံတစ်မျိုးပါပဲ။
ဒါပေမယ့် နိုင်ငံခြားကို ကျောင်းလာတက်တဲ့ ကိုယ်တို့ကလေးတွေရဲ့ အခြေအနေက နည်းနည်းကွာတယ်။
ဒီနိုင်ငံမှာ မွေး၊ ဒီနိုင်ငံမှာကြီးပြီး ဒီနိုင်ငံသားဖြစ်နေတဲ့ ကလေးတစ်ယောက်က လမ်းကြောင်းတစ်ခုမှားသွားရင် အချိန်ယူပြီး ပြန်စလို့ရတယ်။ Program ပြောင်းလို့ရတယ်။ တစ်နှစ်နောက်ကျသွားရင်တောင် သူ့ဘဝက ဒီနိုင်ငံမှာပဲ ဆက်သွားနေတယ်။
International Student ဖြစ်တဲ့ ကိုယ်တို့ကလေးတွေအတွက်တော့ အမှားတစ်ခုရဲ့တန်ဖိုးက တစ်ခါတလေ မသေးဘူး။
Course မှားရွေးတာ၊ semester တစ်ခုကို ပေါ့ပေါ့ဆဆ ဖြတ်သန်းလိုက်တာ၊ program တစ်ခုကို သေချာမစဉ်းစားဘဲ ပြောင်းလိုက်တာ၊ immigration နဲ့ပတ်သက်တဲ့ကိစ္စတစ်ခုကို နားမလည်ဘဲ ဆုံးဖြတ်လိုက်တာ…
တစ်ခါတလေ “မှားလည်း အမှားကနေ သင်ယူတာပေါ့” ဆိုတာလောက်နဲ့ မပြီးဘူး။
Semester တစ်ခု ဖြစ်သွားနိုင်တယ်။
တစ်နှစ် ဖြစ်သွားနိုင်တယ်။
Tuition fee ထပ်ကုန်နိုင်တယ်။
မိဘတွေရဲ့ စုဆောင်းငွေတွေ ထပ်ကုန်နိုင်တယ်။
တချို့အမှားတွေဆို immigration status နဲ့ အနာဂတ်အစီအစဉ်အထိပါ သက်ရောက်နိုင်တယ်။
နိုင်ငံခြားလာတက်တဲ့ ကိုယ်တို့ကလေးတွေအတွက် အချိန်နဲ့ ပိုက်ဆံက အမြဲတံခါးခေါက်နေတယ်။
ဒီနေ့လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုက နောက်နှစ်ကို သက်ရောက်နိုင်တယ်။
ကလေးတွေအတွက်တော့ “တစ်နှစ်ပဲလေ” ဖြစ်ချင်ဖြစ်မယ်။ဒါပေမယ့် အဲဒီတစ်နှစ်ရဲ့နောက်မှာ မိဘတွေရဲ့ tuition fee၊ နေစရိတ်၊ အိမ်ငှားခ၊ စားစရိတ်တွေအပြင် သားသမီးတွေအတွက် နှစ်ပေါင်းများစွာ စုထားခဲ့ရတဲ့ မိဘတွေရဲ့အချိန်နဲ့ ချွေးနှဲစာတွေပါ ပါနေတတ်တယ်။
ဒါကြောင့် ကိုယ်တို့ Asian မိဘတွေက မေးတယ်။
“စာအဆင်ပြေလား”
“ပိုက်ဆံလောက်ရဲ့လား”
“ဘယ်သူတွေနဲ့ပေါင်းနေလဲ”
“ဘာလို့ program ပြောင်းချင်တာလဲ”
“ဒီဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားပြီးပြီလား”
တစ်ခါတလေ အမေးတွေများလွန်းလို့ သားသမီးတွေက “ချုပ်ချယ်တယ်” လို့ ခံစားရမှာလည်း နားလည်ပါတယ်။
ဒါပေမယ့် မိဘတွေဘက်ကတော့ အများအားဖြင့် မယုံလို့ မေးနေတာမဟုတ်ဘူး။
စိတ်ပူလို့ မေးနေတာ။
လွတ်လပ်ခွင့်မပေးချင်လို့ မယုံလို့ မဟုတ်ပါဘူး။
လွတ်လပ်မှုကို တာဝန်ယူပြီး အသုံးချတတ်တဲ့အရွယ်ရောက်တဲ့အထိ လက်တွဲသင်ကြားပေးချင်လို့ပါ။
ကိုယ်တို့ Asian မိဘတွေက “I love you” လို့ တစ်နေ့သုံးခါ ပြောချင်မှ ပြောမယ်။
ဒါပေမယ့်
“စားပြီးပြီလား” ဆိုတာလည်း အချစ်ပဲ။
“ညနောက်မကျနဲ့” ဆိုတာလည်း အချစ်ပဲ။
“ပိုက်ဆံမဖြုန်းနဲ့” ဆိုတာလည်း အချစ်ပဲ။
“စာသေချာလုပ်” ဆိုတာလည်း အချစ်ပဲ။
“ရောက်ရင် ဖုန်းဆက်နော်” ဆိုတာလည်း အချစ်ပဲ။
စကားလုံးတွေ မလှချင်နေမယ်။
ပြောတဲ့ပုံစံတွေ မှားချင်မှားမယ်။
တစ်ခါတလေ စိတ်ပူလွန်းလို့ ပြောတာတွေများချင်များမယ်။
ဒါပေမယ့် အဲဒီအရာတွေရဲ့နောက်မှာ
“သားသမီးတွေ ကိုယ့်ထက်ပိုကောင်းတဲ့ဘဝ ရစေချင်တယ်” ဆိုတဲ့ မိဘစိတ်လေး ရှိနေတတ်ပါတယ်။
ဒါကြောင့် နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ကလေးတွေရေ…
Independent ဖြစ်ကြပါ။
ကိုယ့်အမြင်ကိုယ် ရှိကြပါ။
ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ကြပါ။
ဒါပေမယ့် လွတ်လပ်လာတာနဲ့ မိဘမလိုတော့တာ မတူပါဘူး။
မိဘပြောသမျှ အကုန်လိုက်လုပ်ဖို့ မလိုပါဘူး။ ဒါပေမယ့် အရေးကြီးတဲ့ကိစ္စတွေမှာ တိုင်ပင်ပေးပါ။
အနည်းဆုံးတော့
“အမေ… သမီး/သား အဆင်ပြေပါတယ်။ မစိုးရိမ်နဲ့နော်”
ဆိုတဲ့ message လေးတစ်စောင်တော့ ပို့ပေးကြပါ။
ကလေးတို့အတွက် စက္ကန့် ၃၀ လောက်ပဲ ကြာပေမယ့်၊
အဝေးတစ်နေရာမှာ ထိုင်ပြီး သားသမီးဆီက အကြောင်းပြန်လာမလားလို့ ဖုန်းကိုင်စောင့်နေတဲ့ မိဘတစ်ယောက် အတွက်တော့ 🥰
အဲဒီ message လေးက တစ်ညလုံး စိတ်အေးအေးနဲ့ အိပ်ပျော်စေနိုင်ပါတယ်။ ❤️