30/04/2026
တိုခုတေးအိ ခဆုဒိုးဗီဇာကိုင်ဆောင်ထားတယ်ဆိုရင် ဒီစာလေးကို သေသေချာချာဖတ်ကြည့်ပါ။
ကျနော်ဟာ တရားဥပဒေကျွမ်းကျင်သူ လဝကနဲ့ အမျိုးတော်နေသူလဲမဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်လေ့လာမိသလောက်လေးတွေကို share လုပ်တဲ့သဘောနဲ့ ရေးတာပဲရှိပါတယ်။
ခဆုဒိုးတွေ ပိတ်သိမ်းတော့မှာလားဆိုတာကို လူတိုင်းစိတ်ဝင်စားကြပါတယ်။ ကျနော်လေ့လာမိသလောက်တော့ ဗီဇာ ပိတ် မပိတ် ဆိုတာကို လဝက ကနေ တန်းပြီး ဆုံးဖြတ်တာမဟုတ်ပဲ နိုင်ငံခြားရေးဌာန နိုင်ငံတကာနဲ့ ယူအမ်ရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချမှုတွေအပေါ် မူတည်ပါတယ်။
ဒါပေမဲ့ ဂျပန်မှာ နိုင်ငံခြားသား ပြဿနာကို စီမံချက်နဲ့ကို ကိုင်တွယ် လုပ်ဆောင်နေတာဆိုတော့ လွှတ်တော်အမတ်တွေ( နိုင်ငံခြားသား ဒုက္ခသည်တွေကို သိပ်လက်မခံချင်သူတွေ) အတွက် ထောက်ပြလာနိုင်စရာရှိတာက လဝက အဝင်အထွက် မှတ်တမ်းတွေပေါ် မူတည်ပြီး ပြောစရာတော့ဖြစ်လာနိုင်ပါတယ်။
ကျနော်တို့ ခဆုဒိုးဗီဇာကို လျှောက်စဉ်က လက်ရှိ အမိမြေမှာ တိုက်ပွဲတွေဖြစ်နေပါသဖြင့် ယခုချိန်ပြန်ရင် အသက်အန္တရာယ် လုံခြုံရေးစိတ်မချရတာကြောင့် ခဆုဒိုးဗီဇာနဲ့ ယာယီနေချင်ပါတယ်လို့ (ခုဒေတာ) ဆိုပြီး ဖြည့်ကြရတယ်မဟုတ်လား။ ဒါပေမဲ့ လေဆိပ် အဝင်အထွက်မှာ မြန်မာနိုင်ငံသားတွေဟာ ပုံမှန်လိုလို တိုင်းပြည်ကိုပြန်နေတယ် နယ်စပ်ကနေ ခိုးဝင်ပြီး ပြန်နေတယ်ဆိုတာတွေက ကြာလာရင်တော့ အမတ်တွေအတွက် ထောက်ပြစရာ မေးခွန်းတွေဖြစ်လာနိုင်ပါတယ်။ဒီဗီဇာနဲ့နေသူတွေကလဲ တစ်သိန်းနားတောင် ကပ်နေပီလားပဲ။ ဘာလို့ဆို ဒီလူတွေက အသက်အန္တရာယ်ရှိလို့ မပြန်နိုင်ဘူးဆို ခု အခြားသူတွေကျ အလည်တွေပြန်နေကြပါလား ပုံမှန်ဝင်ထွက်သွားလာနေကြပါလားဆိုပြီး စသဖြင့်ပေါ့။
မည်သို့ဆိုစေကာမူ လတ်တလော ၁ နှစ် ၂ နှစ်အတွင်းတော့ ပိတ်သိမ်းမယ်တော့ မထင်သေးပါဘူး။ တကယ်လို့ ပိတ်သိမ်းပြီဆိုရင် အသစ်ပေးတာတွေကို ရပ်ဆိုင်းပြီးမှ ရှိနေပီးသား အဟောင်းတွေကို စီစစ် ပါယ်ဖျက်သွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် လွယ်လွယ်ရတဲ့ ဗီဇာဆိုပြီး တန်ဖိုးမထားတတ်ကြပဲ မိမိတစ်ဖို့ထဲသာကြည့်တဲ့သူတွေ များလာရင်တော့ သောင်းနဲ့ချီတဲ့သူတွေဟာ အထုတ်ကိုယ်စီပြင်ကြရမှာပါ။ ကျနော်တို့ မိမိရဲ့ ဘဝကို မြင်အောင်သေသေချာချာကြည့်တတ်ဖို့လိုပါတယ်။
တကယ်တမ်းသာ ဂျပန်ကနေ ဗီဇာတွေပိတ်ပြီး ပြန်တော့လို့မောင်းချရင် ၉၀% လောက်က မပြန်နိုင်ကြပါဘူး။ ဘာလို့ဆို ခု အာဏာသိမ်းမှတင်မဟုတ်ပါဘူး ဟိုယခင် ဒီမိုကရေစီကာလမှာထဲက ကျောင်းသားတွေ ကဒ်ဖောက်ခံရရင် အိုဗာစတေးတွေလုပ်ကြတာနဲ့ ထရိန်နင်ပြေးပီး နန်းမင်းခံကြသူနဲ့ အဲခေတ်ကောင်းပါတယ်ဆိုတဲ့ အချိန်ကတောင် မပြန်နိုင်ကြပဲ ကုပ်ကပ်နေကြတာပါ။
ခု ခဆုဒိုးတွေပေါ်လာတော့ အလုပ်လဲခိုးလုပ်စရာမလိုပဲ တရားဝင်လုပ်လို့ရတယ်။ အရင်ကဆို နန်းမင်း ၃ လ အလုပ်လုပ်ခွင့်လဲမရှိ အလုပ်တွေခိုးလုပ်ရ။ တစ်နှစ်လောက် အလုပ်လုပ်ခွင့်လဲမရှိတော့ နေဖို့ခက်ခဲ စားဖို့ခက်ခဲနဲ့ အချို့ မိန်းကလေးတွေဆို စားဘဲကြီးတွေဆီ နေစရာ စားစရာလေးပြေရင်ပဲဆိုပြီး ကုပ်ကပ်နေကြရတာပါ( အားလုံးကို မဆိုလိုပါဘူး။ ဒါပေမဲ့ နန်းမင်း ၃ လ အလုပ်လုပ်ခွင့်မရချိန်တွေတုန်းက အချို့တွေ မပြန်နိုင်လို့ အမေပေးတဲ့ လယ်တစ်ကွက် အပေါင်ပေးပြီး နေနေကြရတာ မြင်ဖူး တွေ့ဖူးခဲ့ပါတယ်)
ခုကျ ကျောင်းပဲပြေးပြေး ဘာပဲပြေးပြေး ခဆုဒိုးလေး အလွယ်ရ မြန်မာနိုင်ငံသားတွေလဲ သိန်းနဲ့ချီရှိလာတော့ အရင်လို အရမ်းဒုက္ခမကြုံကြရတော့ မိမိရဲ့ လက်ရှိဖြစ်တည်မှုအပေါ် သိပ် တန်ဖိုးမထားတတ်ကြတာတွေ တွေ့လာရပါတယ်။
ဒါကြောင့် ဒီမိုကရေစီစကားနဲ့ပြောရရင် လွပ်လပ်စွာ တွေးလို့ရတယ် လုပ်ဆောင်လို့ရပါတယ်။ ဒါပေမဲ့ မိမိရဲ့လုပ်ဆောင်ချက်ကြောင့် တပါးသူတွေပါ ထိခိုက်ရမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီလို့ ပြောလို့မရတော့ပါဘူး။
ဂိုးဒင်းယာစုမိ ပိတ်ရက်ရှည်မှာ ရာနဲ့ချီတဲ့ ကျနော်တို့ခဆုဒိုးသမားတွေ နယ်စပ်ဖြတ်ကျော်ပီး အိမ်ခိုးပြန်ကြမယ့်သူတွေ များစွာအတွက် ရည်ညွှန်းပြီး ဒီပို့စ်လေးကို ရေးလိုက်တာပါ။
အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေ ( ဒီပို့စ်ရေးတာ မနာလိုစိတ် လုံးဝမရှိပါ) 🙏🙏🙏