Gold Moon Recycle Bag & Printing

Gold Moon Recycle Bag & Printing Recycle Bag & Plastic bag printing services

09/05/2026
ဤ ၂၀၂၆ ခုနှစ်တွင် ရောက်ရှိလာမည့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) သည် မြတ်စွာဘုရား၏ ဘဝနှင့်ပတ်သက်၍ အလွန်ထူးခြားသော နေ့ထူးနေ့မြတ...
30/04/2026

ဤ ၂၀၂၆ ခုနှစ်တွင် ရောက်ရှိလာမည့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) သည် မြတ်စွာဘုရား၏ ဘဝနှင့်ပတ်သက်၍ အလွန်ထူးခြားသော နေ့ထူးနေ့မြတ် ဖြစ်သည်။

ဤစာသားများသည် ၂၀၂၄ ခုနှစ်က ဆရာတော်ဘုရားကြီးချီးမြင့်ခဲ့သော စာသားဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ် ကဆုန်လပြည့်နေ့တွင်လည်း ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အနေဖြင့် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်၊ ကျေးဇူးတော်များကို မှန်းမျှော်ပူဇော်နိုင်ကြပါရန် ထပ်မံနှိုးဆော်တိုက်တွန်းအပ်ပါသည်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး စီစဉ်ညွှန်ကြားပေးထားသည့် "နေ့မြတ်မဟာ ဗုဒ္ဓပူဇာ ကဆုန်လပြည့်ဗုဒ္ဓနေ့" အတွက် ရဟန္တာအရှင်မြတ်တို့ ရွတ်ဆိုပူဇော်လေ့ရှိသော ဗုဒ္ဓပူဇာမြတ်ကထာ ကိုလည်း ကုသိုလ်ဖြစ် ပြန်လည်မျှဝေ ပူဇော်အပ်ပါသည်။
===================================================================================================

“ကဆုန်လပြည့် ဗုဒ္ဓနေ့”

ဤကဆုန်လပြည့်နေ့သည် မြတ်စွာဘုရား၏ ဘဝနှင့် ပတ်သက်၍ အလွန် ထူးခြားသော နေ့ထူးနေ့မြတ်ဖြစ်သည်။

“ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ”
—------------------------------
၁။ ဤကမ္ဘာမှ မတိုင်မီ လေးအသင်္ချေနှင့် ကမ္ဘာ (တစ်သိန်း) အထက် သုမေဓာရှင်ရသေ့ဘဝမှာ ဒီပင်္ကရာမြတ်စွာဘုရားထံ၌ ဗျာဒိတ် ပန်ဆင်ခဲ့သောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။

၂။ လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ မယ်တော်မာယာဒေဝီမှ ဖွားမြင်တော်မူသောနေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။

၃။ မဟာဗောဓိပင်အောက်၌ ဘုရားအဖြစ်သို့ ရောက်တော်မူသော (ပွင့်တော်မူသော) နေ့သည်လည်း ကဆုန်လပြည့်နေ့ ဖြစ်သည်။

၄။ ကုသိနာရုံမလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူသောနေ့သည်လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်သည်။
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

“ဗုဒ္ဓနေ့”

ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဘဝမှာ ထူးခြားသော အတွေ့အကြုံသုံးရပ် ဆုံတွေ့သော ရက်မြတ်ဖြစ်သည်။

(၁) ဖွားမြင်တော်မူသည့်နေ့၊

(၂) ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့၊

(၃) ပရိနိဗ္ဗာန်ပြုတော်မူသည့်နေ့၊

ဤထူးခြားချက် သုံးရပ်သည် ကဆုန်လပြည့်နေ့၌သာ ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ဤနေ့ထူးနေ့မြတ် ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များကို မှန်းမျှော်ပူဇော်ကြပါရန် နှိုးဆော်တိုက်တွန်း အပ်ပါသည်။

ကဆုန်လပြည့်ဗုဒ္ဓနေ့
နေ့မြတ်မဟာ ဗုဒ္ဓပူဇာ
—-----------------------

ရဟန္တာအရှင်မြတ်တို့ ရွတ်ဆိုပူဇော်လေ့ရှိသော ဗုဒ္ဓပူဇာမြတ်ကထာ။

(၁) ဗုဒ္ဓေါ သော ဘဂဝါ၊ ဗောဓာယ ဓမ္မံ ဒေသေတိ။

(၂) ဒန္တော သော ဘဂဝါ၊ ဒမထာယ ဓမ္မံ ဒေသေတိ။

(၃) သန္တော သော ဘဂဝါ၊ သမထာယ ဓမ္မံ ဒေသေတိ။

(၄) တိဏ္ဏော သော ဘဂဝါ၊ တရဏာယ ဓမ္မံ ဒေသေတိ။

(၅) ပရိနိဗ္ဗုတော သော ဘဂဝါ၊ ပရိနိဗ္ဗာယ ဓမ္မံ ဒေသေတိ။

၁။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ ဗုဒ္ဓေါ၊ သစ္စာလေးဖော်၊ အမှန်သိတော်မူ၍။ ဗောဓာယ၊ သစ္စာ လေးတန်၊ အမှန်စုံလင်၊ သိမြင်စေဖို့ရာ။ ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၂။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ ဒန္တော၊ စိတ်နှလုံးအေး၊ အလွန်ယဉ်ကျေးတော်မူသည်ဖြစ်၍။ ဒမထာယ၊ စိတ်နှလုံးအေး၊ ယဉ်ကျေးစေဖို့ရာ။ ဓမ္မံ၊ ဆုံးမသွန်သင်၊ ပြုပြင်ညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၃။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ သန္တော၊ နှလုံးစိတ်ဝမ်း၊ အလွန်ငြိမ်းချမ်းတော်မူသည်ဖြစ်၍။ သမထာယ၊ နှလုံးစိတ်ဝမ်း၊ ငြိမ်းချမ်းစေဖို့ရာ။ ဓမ္မံ၊ နည်းလမ်းညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၄။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ တိဏ္ဏော၊ နိဗ္ဗာန်ဘက်ကမ်း၊ တက်လှမ်းပြီးသည်ဖြစ်၍။ တရဏာယ၊ နိဗ္ဗာန်ဘက်ကမ်း၊ တက်လှမ်းနိုင်ဖို့ရာ။ ဓမ္မံ၊ နည်းလမ်းညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၅။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ ပရိနိဗ္ဗုတော၊ ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းတော်မူသည်ဖြစ်၍။ ပရိနိဗ္ဗာယ၊ ကိလေသာဟူ အပူခပ်သိမ်း၊ ငြိမ်းအေးစေဖို့ရာ။ ဓမ္မံ၊ နည်းလမ်းညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

တံ ဘဂဝန္တံ၊ ဘုန်းကံကြီးမား၊ ထိုရှင်တော်မြတ်ဘုရားကို ပူဇေမ၊ ဗျာဒိတ်တော်ခံ၊ ဖွားပွင့်စံလတ်၊ နေ့မြတ်မဟာ၊ ယနေ့အခါ၌ ကြည်သဒ္ဓါပွားထုံး ရှိခိုးကြပါကုန်၏ အရှင်ဘုရား။
Crd:
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း 🔷🔷🔷🔷🔷🔷🔷🔷🔷🔷ဒါယကာ-ဒါယိကာမအပေါင်းသူတော်ကောင်းတို့...ယနေ့ကား ကဆုန်လပြည့် ဗုဒ္ဓနေ့-ဟု ခေါ်ဆို ပညတ...
28/04/2026

ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း
🔷🔷🔷🔷🔷🔷🔷🔷🔷🔷

ဒါယကာ-ဒါယိကာမအပေါင်းသူတော်ကောင်းတို့...
ယနေ့ကား ကဆုန်လပြည့် ဗုဒ္ဓနေ့-ဟု ခေါ်ဆို ပညတ် သမုတ်အပ်သော ရက်မြတ် ရက်ထူး ဖြစ်ပေသည်။

ဤရက်ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တိုက “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဟူ၍ ဆောင်ပုဒ်ပြုလုပ်ကာ ဤရက်၌ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကုသိုလ်အထူး ဆည်းပူး ပွားများ အားထုတ်ကြသည်မှာ အကြောင်းထူး (၄)ရပ်ရှိလေသည်။ ၎င်းတို့မှာ -

(၁) အကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝ လွန်ခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကာလက ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်၌“အသင် သုမေဓာရှင်ရသေ့သည် အနာဂတ် နောက်အခါခါ လေးအသင်္ချေကမ္ဘာတသိန်းမြောက် ရောက်လတ်လျှင် လူတွင် ထင်ရှား ဂေါတမမြတ်စွာဘုရား ဖြစ်လိမ့်မည်” ဟု ဒီပင်္ကရာ မြတ်စွာဘုရား မိန့်မြွက်ကြားသည် ။

နိယတဗျာဒိတ် ပန်းကို ဆင်မြန်းတော်မူခဲ့ရာနေ့မှာ ကဆုန်လပြည့်နေ့ပင်ဖြစ်လေသည်။

(၂) အကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြား ပါရမီ၊ စာဂ စရိယ တို့ကို ဘာဝနာ လေးပါးတို့ဖြင့် ပွားများ ကြိုးကုတ် အားထုတ်တော်မူပြီးလျှင် လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူရန် နောက်ဆုံး ပစ္ဆိမ သိဒ္ဓတ္ထ မင်းသားဘဝ၌ ဖွားမြင်တော်မူရာ နေ့မှာလည်း မဟာသက္ကရာဇ်(၆၈)ခုအကြုံ ကဆုန်လပြည့်နေ့ပင် ဖြစ်လေသည်။

(၃) တဖန် အကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသည် အရွယ်တော်မြောက် တဆယ့်ခြောက်နှစ်ရောက်သောအခါ ကပိလဝတ် ရွှေနန်းကို သိမ်းမြန်း စိုးချုပ် ရွှေနန်း စည်းစိမ်ကို တဆယ့်သုံးနှစ်ကြာ ခံစားတော်မူပြီး နိမိတ်ကြီးလေးပါးတို့ကို နတ်အများ ညွှန်ပြသဖြင့် သံဝေဂ ကြီးစွာဖြစ်ကာ “မဟာဘိနိက္ခမန” မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူကာ-ဒုက္ကရ စရိယာ ခြောက်နှစ်ကြာ ကျင့်သုံး၍အပြီး စောစီးစွာ လူသုံးပါး၌ ဘုရားစင်စစ်ဖြစ်တော်မူရာ အခါမှာလည်း မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန် လပြည့်နေ့ပင် ဖြစ်လေသည်။

(၄) ထို့ပြင် ဘုရားမြတ်စွာ အစိန္တေယျာသည် လေးဆယ့်ငါး ကာလလျားအောင် ငါးပါးသော ဗုဒ္ဓကိစ္စတို့ကို ထာဝရနေ့စဉ် ဆောင်ရွက် အောင်မြင်တော်မူ၍ သယမ္ဘူ ကိစ္စ စုံပြည့်ဝသဖြင့် အနုပါဒိသေသ
ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ် ငြိမ်းဘုံဇာတ်ကိုသိမ်းတော်မူရာအခါမှာလည်း မဟာသက္ကရာဇ် တရာ့လေးဆယ့် ရှစ်ခုနှစ် ကဆုန်လပြည့်နေ့ ဖြစ်လေသည်။

ဤကဲ့သို့ ကဆုန်လပြည့်နေ့သည် အကျွန်ုပ်တို့၏ဆရာ သမ္မာသမ္ဗုဒ္ဓ သုံးလောက ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားနှင့် စပ်၍

(၁) ဗျာဒိတ်ခံရာ နေ့ဖြစ်ခြင်း၊

(၂) ဖွားမြင်တော်မူရာနေ့ဖြစ်ခြင်း၊

(၃) ဘုရားဖြစ်တော်မူရာနေ့ ဖြစ်ခြင်း၊

(၄)ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းဒုက္ခဇာတ်သိမ်းရာနေ့ဖြစ်ခြင်း...

ဟူသော အကြောင်းထူး လေးပါးတို့နှင့် ထူးခြားတိုက်ဆုံ ကြုံကြိုက်ရာ နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အဖို့ ဤနေ့ကို “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဟု ဆောင်ပုဒ်ပြုလုပ်ကြကာ နှစ်စဉ်နှစ်တိုင်း ဤကဆုန်လပြည့်နေ့ သို့ ရောက်သောအခါ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ထူး တိုကို အထူးသဖြင့် ဆည်းပူးပွားများ အားသစ်သမှု ပြုကြ ပါလေသည်။

ဤသို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တိုအလို ဤကဆုန် လပြည့်နေ့ညသည် မြတ်စွာဘုရားနှင့် ပတ်သက်၍ ထူးခြားချက် လေးမျိုးရှိခဲ့ရာ (၃) နံပါတ် ဖြစ်သည့် ဘုရားဖြစ် တော်မူရာ နေ့ထူးနေ့မြတ်ကို အမှတ်တရ ပူဇော်ကြသောအားဖြင့် ဤကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီဖြစ်သော မဟာဗောဓိ ညောင်ပင်၌ သက်တော် ထင်ရှား မြတ်စွာဘုရား၏
အောင်မြင်တော်မူမှုကို အာရုံပြုနှလုံးမူကြ၍ ညောင်ရေတော်သွန်းခြင်း၊ ဥပုသ်သီတင်း အထူး ဆောက်တည်ခြင်း၊ အလှူအတန်း အထူး လှူဒါန်းခြင်း၊ ကမ္မဋ္ဌာန်းဘဝနာနှလုံး ကျင့် သုံး ပွားများခြင်း အမှုတို့ကို ပြုကြလေသည်။

ရဟန်း သံဃာတော် အရှင်မြတ်တို့သည်လည်း လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာ အထက်က မြတ်စွာဘုရား မာရ်ငါးပါးကို အောင်မြင်တော်မူရာနေ့ကို အာရုံပြုကြ၍ ဗုဒ္ဓအဘိသေကမင်္ဂလာဖြစ်ပါစိမ့်သောငှာ အနေကဇာတင်မင်္ဂလာ သဘင်ဆင်ယင်တော်မူကြလေသည်။ မှန်ပါသည်။

အကျွန်ုပ်တို့ ဆရာ မြတ်စွာဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ ခြောက်ဆယ့်ရှစ်နှစ် ဖြစ်သည့် မဟာသက္ကရာဇ်(၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့၌ မဟာဗောဓိပင် အပရာဇိတပလ္လင်ဝယ် “ သီတင်းသုံး နေထိုင်တော်မူလျက်၊ မာရ်ငါးပါးကို ထွားထွားခုတ်ထွင် အောင်မြင်တော်မူလျက် လူတွင်စစ်စစ် ဘုရား ဖြစ်တော်မူခဲ့ပါသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် ““အနေကဇာတိ သံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ” စသော မနသာဥဒါန်းကို ဝမ်းပန်း တသာ ကျူးရင့်တော်မူခဲ့ပါသည်။ နတ်နဂါးများ၊ ဂဠုန် မင်းများ၊ နတ်ဗြဟ္မာများကလည်း“ဇာ ဟိ ဗုဒ္ဓဿ သိရိ မတောအယံ၊ မာရဿစ ပါပိမတော ပရာဇဿာ” ဟူသောဤအောင်ခြင်းသံကို မိုးနဘန်ခိုက်မျှ ကျူးရိုက်ထွေငေါ် ဟစ်အော် ရင့်ကြွေးခဲ့ပါသည်။

တဖန် မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး နောက် သတ္တ သတ္တာဟ စံနေတော်မူရာဝယ် ပဌမာဒိက ပလ္လင်္ကသတ္တာဟ၏ နောက်ဆုံးနေ့၌ ညဉ့်ဦးယံ ဝယ် ကိုယ်တော်မြတ်၏အဖို့ရာ ဝိပဿနာ၏ ဘူမိဖြစ်သော ပဋိစ္စသမုပ္ပါဒ် အနုလောမ တရားသဘောကို နစ်နာစွာ ဆင်ခြင်၍ အလွန်လျှင် ဝမ်းမြောက်တော်မူရကား... ယဒါ ဟဝေ- ဒုတိယဂါထာကို လည်းကောင်း၊ မိုးသောက်ယံဝယ် ပဋိစ္စသမုပ္ပါဒ် အနုလုံပဋိလုံ သဘောသွားအစုံကို အာရုံပြု ဆင်ခြင်၍ အလွန်လျှင် ဝမ်းမြောက်တော် မူရကား ယဒါဟဝေ- တတိယဂါထာကိုလည်းကောင်း
ဝစသာ ဥဒါန်း အဖြစ် ဝမ်းမြောက်စွာ ကျူးရင့်တော်မူခဲ့ပါသည်။

ဤ အချက်တို့ကို လေးနက်စွာ ဆင်ခြင်တော်မူကြ၍ ပေါရာဏ အာစရိယာ ရှေးဆရာတို့သည် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင်ဆင်ယင်ရာ၌ ဤဝစသာဥဒါန်း မနသာဦးဒါန်းနှစ်ပါးတို့ကို အရင်းခံထား၍ မြတ်စွာဘုရား၏ ကိုယ်တော်စား စေတီ ၄ ပါးတို့ကို အနေကဇာတင်ကြ၍ ဗုဒ္ဓါဘိသေက မင်္ဂလာသဘင် ဆင်ယင်တော်မူခဲ့ကြပါသည်။

သို့ပါ၍ အကျွန်ုပ်တို့သည်လည်း ယခုအခါ သာသနာတော် နှစ်၊ နှစ်ထောင့်ငါးရာ နှစ်ဆယ့်သုံး(၂၅၂၃)နှစ် တင်းတင်း ပြည့်သော ဤနေ့၌ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ ခြောက်ဆယ့်ရှစ်နှစ်ထက်က အကျွန်ုပ်တို့၏ မြတ်စွာဘုရားသခင် မာရ်ငါးပါးကို အောင်မြင်၍ လူတွင် ထင်ရှား ဘုရားဖြစ်တော်မူခဲ့သည်ကို အာရုံယူ ပူဇော်သောအားဖြင့် ထိုအချိန်က နတ်ဗြဟ္မာများ၊ နဂါးမင်းများ၊ ဂဠုန်မင်းများ ရွတ်ဆို ကျူးရင့်ကြသော အောင်ခြင်းသံကို ရွတ်ဆို ကျူးရင့်ကြ၍လည်းကောင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်မန္တန်တို့ကို ရွတ်အံ ကျူးဆိုကြ၍ လည်းကောင်း၊ နိုင်ငံတော်အတွင်း အန္တရာယ်ကင်းစိမ့်သောငှာ မေတ္တသုတ်ပရိတ်တော်၊ ဝဋ္ဋသုတ်ပရိတ်တော်၊ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော်တို့နှင့် တကွ ယံဒုန္နိမိတ္တံ ၃ ဂါထာ၊ အဘတုသဗ္ဗမင်္ဂလံ ၃ ဂါတိုကို သဒ္ဒါအနက် မပျက်ကြည်ညို ရွတ်ဆိုကြ၍လည်းကောင်း၊ ဤ ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇာ မင်္ဂလာသဘင်ကို ဆင်ယင်ကျင်းပကြပါစို့ သံဃာတော်အရှင်ကောင်းတို့ဘုရား....။

ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ၊
မာရဿ စ ပါပီမတော ပရာဇယော။
ဥဂ္ဃောသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊
ဇယံ တဒ နာဂ ဂဏာ မဟေသိနာ။ ။
ဇယံတဒါ သုပဏ္ဏဂာ မဟေသိ နော။ ။
ဇယံတဒါ ဒေဝ ဂဏာ မဟေသိ နော ။ ။
ဇယံတဒါ ဗြဟ္မဂဏာ မဟေသိ နော ။ ။

#အယံ၊ အသက်မရှိ ကယ်မှန်ဘိလျက် သက်ရှိကဲ့သို့သွင် ဤမြေပြင်လျှင် သံထင်ရိုက်ညှင်း ဤအောင်ခြင်းသည်ကား။

#သီရိမဟော၊ စက္ကဝါဠ အနန္တဝယ် ရှိသမျှဥသုံ ကောင်းသိရ် ဂုဏ်တို့ ပေါင်းဆုံစုမှီ စွဲတည်ရာ ဖြစ်တော်မူသော။

#ဗုဒ္ဓဿ၊ သဗ္ဗညု ဗုဒ္ဓ အမည်ရသည့် သုံးလောကထွတ်ထား မြတ်စွာဘုရား၏။

#ဇယောဟိ၊ဇယော ဧဝ၊ ဂဠုန်၊ နဂါး၊သီကြား၊ ဗြဟ္မာ နတ်တကာတို့ ခေါ်သာဓုဂိ၊
နစ္စဂိဖြင့် ရှစ်ဒီရိုက်ညှင်း သုံးလူ့မင်း၏ အောင်ခြင်း ဧကန် မှန်လှပါပေစွတကား။ ။

#ပါမိမတော၊ ယုတ်မာညစ်ညမ်း ပညာကန်း၍ အန္ဓစင်စစ် ဧကန်ဖြစ်သော။ #မာရဿစ၊ ဗောဓိမကိုဋ် ပလ္လင်မြိုက်ကို သိမ်းပိုက်ယူမည် တပ်ကြီးချီ၍ ရှစ်ဒီငြိမ့်ညောင်း မြေပြင်စောင်းမျှ ခြိမ်းမောင်း တိုက်ခိုက်လာသော မာရ်နတ်သား၏ကား။

#ပရာဇယော၊ ဘုန်းရှိန်ကိုကြောက်တပ်ကိုခေါက်၍ နောက်သို့ ပြန်ကြုံ ရန်စကို မတုံ့ပဲ ဗုန်းဗုန်းလဲ၍ ပြေးလွှဲရှောင်ကွင်း အရှုံးကြီး ရှုံးခြင်းပါတကား။ ။

#ဣတိ၊ ဤသို့၊ #တဒ၊ ထိုမဟာသက္ကရာဇ် ရာ့သုံးနှစ်ကြုံ ကဆုန်လပြည့် မာရ်အောင်နေ့၌။

#ဗောဓိမဏေ၊ အပရာဇိတမြေမျော့ ဥကိုင် ဗောဓိမဏ္ဍိုင်၌ #ပမောဒိတာ နှစ်လိုအားရမ်း ဝမ်းမြောက်ကြကုန်လျက်
#နာဂ ဂဏာ၊ နတ်နဂါး အပေါင်းတို့သည်။

#သုပဏ္ဏ ဂဏာ၊ ဂဠုန်မင်းအပေါင်းတို့သည်။
#ဒေ၀ ဂ၊ နတ်မင်း အပေါင်းတို့သည်။
#ဗြဟ္မ ဂဏာ၊ ဗြဟ္မာမင်း အပေါင်းတို့သည်။

#မဟေသိနော၊ သိလက္ခန္ဓ စသည် ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရွာမှီ လေ့ကျက်တော်မူပြီးသော မြတ်စွာဘုရား၏။

#ဇယံ၊ ကောင်းတင်းခြိမ့်ညံ၊ အောင်ခြင်းသံကို၊ #ဥဂ္ဃောသယုံ၊စက္ကဝါတိုက် သောင်းလုံးခိုက်အောင် ကျူးရိုက်ထွေငေါ်၊ ကြွေးကြော်ကြလေကုန်ပြီတကား။

ဆက်၍ -
အနေကဇာတင် (အရောဂါ၊ သုခိတာ ဟောထ၊ သဟသဗ္ဗေဟိ ဉာတိဘိ) ဆုံးအောင်ရွတ်ပြီးလျှင် မေတ္တသုတ်၊ ဝဋ္ဋသုတ်၊ ဘုရားဂိုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်၊ ယံ ဒုန္နိမိတ္တ သုံးဂါထာ၊ ဘဝတု သဗ္ဗမင်္ဂလံ သုံးဂါထာကို ရွတ်ဆိုတော် မူကြရန် ဖြစ်ပါသည် ဘုရား။ ။

ဦးဝိစိတ္တသာရာဘိဝံသ
မင်းကွန်းတိပိဋကဓရဆရာတော်

#ကောင်းမှုတစ်ခုနေ့စဉ်ပြု
၃၄၂-ခုနှစ်၊ ကဆုန်လပြည့်နေ့ (၂၇-၄-ဂဝ)
သုဝဏ္ဏသျှမ် စာဖတ်သူတစ်ယောက်၏ မှတ်စုများ

Address

No. 41, Mar Lar Myaing 8street, 16 Ward
Hlaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Gold Moon Recycle Bag & Printing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share