21/06/2020
ဗုဒ္ဓရဲ့ စိတ်ဖိစီးမှု Stress နှင့် စိတ်ကျခြင်း depression ကုထုံး ........................................
စိတ်ဖိစီးမှု Stress ကြောင့် စိတ်ဓါတ်ကျခြင်း depression တွေဖြစ်လာပါတယ်။
စိတ်ဖိစီးမှုကြောင့် စိတ်ကျခြင်း depression အကြောင်းဖော်ပြတဲ့အခါ
ကမ္ဘာက ကျားမသဘာဝခွဲခြားမှု gender ကိုခွဲပြီးမှတ်တမ်းတင်တာတွေ့ရပါတယ်။
စိတ်ကျခြင်း Depression ဖြစ်ရတဲ့
အကြောင်းအရင်းဟာ စိတ်ဖိစီးမှု stress ကြောင့် ဆိုတာပါပဲ။
စိတ်ကျခြင်း လို့ခေါ်တဲ့ depression ကို
ကမ္ဘာ့လူဦးရေရဲ့ ၂၆၄ သန်းကျော် လောက်က ကြုံတွေ့နေရတယ်ဆိုတာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အစီရင်ခံစာ (၃၀, ဇန်, ၂၀၂၀) ထုတ်ပြန်ချက်အရသိရပါတယ်။
အမျိုးသားနဲ့အမျိုးသမီးကို နှိုင်းယှဥ်ရင်
အမျိုးသမီးတွေရဲ့ စိတ်ကျခြင်း Depression ဖြစ်တဲ့ရာခိုင်နှုန်းက ပိုများတယ်လို့ မှတ်တမ်းတွေကိုပါတယ်။
စိတ်ကျရောဂါကြောင့် ကမ္ဘာပေါ်မှာ
၈ သိန်းနီးလောက် su***de လုပ်ပြီး သတ်သေသွားကြတယ်လို့ဆိုပါတယ်။
အဲဒီ သတ်သေခြင်း suiside လုပ်သွားတဲ့အသက်အရွယ်တွေက ၁၅ နှစ်နဲ့ ၂၉
နှစ်ကြားက အရွယ်ကောင်းတွေ အဖြစ်များနေတာက စိတ်မကောင်းစရာပါပဲ။
Stress နဲ့ depression ဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေး ကြုံတွေ့ရတဲ့ ဘဝပေါ်မှာ ခဏအရိပ်လာထင်တဲ့ အနာရွတ်တွေပါပဲ။
အဲဒီစိတ်ဖိစိးမှု နဲ့ စိတ်ကျမှု ကြောင့်ပဲ
အရွယ်မတိုင်ခင် သေကွဲကွဲကြတယ်။
Stress နဲ့ depression ကြောင့်ပဲ မိမိရဲ့အောင်မြင်မှုတွေကို လူ့လောကချန်ထားပြီး ချစ်ခင်သူတွေကို စွန့်ခွာသွားခဲ့ကြတယ်။
Stress နဲ့ depression ကနေ မထင်မှတ်တဲ့ ရာဇဝတ်မှုတွေအထိပါ ကျူးလွန်သွားတတ်ကြတယ်။
Stress နဲ့ depression ဆိုတာ သင်ရဲ့လောကဓံပေါ်မှာ ဘယ်လောက်ရင့်ကျက်သလဲဆိုတာ စမ်းသပ်နေတဲ့ ခံနိုင်ရည်ပါ။
Stress နဲ့ depression တွေကို ကျော်ဖြတ်နိုင်မှုက သင်က လောကဓံအပေါ်
ဘယ်လောက်ကြံ့ကြံ့ခံနိုင်ခဲ့ သလဲဆိုတာကို အကောင်းဆုံးသက်သေပြခြင်းတစ်မျိုးပါပဲ။
စိတ်ဖိစီးမှု Stress ဟာ ဗုဒ္ဓဘာသာရှုထောင့်ကနေကြည့်ရင်
မတည်မြဲတဲ့ စိတ်ကို အကြိမ်ကြိမ်ဖိနှိပ်ခံရတဲ့အခါ တည်မြဲတယ်လို့ ထင်လာရတဲ့ ထင်ယောင်ထင်မှားဖြစ်မှု illusion တစ်မျိုးပါပဲ။
စိတ်ဖိစီး Stress တွေဖြစ်တဲ့အခါ စိတ်တွေက မတည်ငြိမ်မှုတွေ ဖြစ်လာပြီး စိတ်တွေ ပျံ့လွင့်သွားပါတယ်။
အာရုံစုစည်းမှုတွေက လွတ်ထွက်သွားပြီး မောဟစိတ်ခေါ်ဆောင်ရာနောက်ကို
ကောက်ကောက်ပါအောင်လိုက်သွားတာပါပဲ။
စိတ်ဖိစီးမှုဖြစ်တဲ့ အခြေအနေတွေကို လေ့လာတာအခါ
ပတ်ဝန်းကျင်ဖိအား Environmental pressure နဲ့
မိမိရဲ့စိတ်အတွင်းဖိအား Mental Pressure ဆိုပြီး နှစ်မျိုးတွေ့နိုင်ပါတယ်။
ဗုဒ္ဓဟာ စိတ်ဖိစီးမှု stress ကို
ဖြေလျော့နိုင်အောင် ဆွေးနွေးအကြံပေးလမ်းညွန် counselling ခဲ့သလဲဆိုတာ ကိုလေ့လာမိပါတယ်။
ဗုဒ္ဓက ပုဂ္ဂိုလ် စရိုက်တွေအပေါ်မူတည်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ စိတ်ဖိစီးမှု stress ကို ပြေလျော့အောင်လုပ်ခဲ့တာတွေ့ရပါတယ်။
ခုဒ္ဒကနိကာယ်ထဲ ထေရီဂါထာထဲမှာ ကိသာဂေါတမီ အကြောင်းကထင်ရှားလှပါတယ်။
မိမိရဲ့ ရင်ဝယ် သားသေဆုံးသွားလို့ ဝမ်းနည်းပူဆွေးသောကရောက်နေတဲ့ ကိသာဂေါတမီရဲ့ စိတ်ဖိစီးမှာကို ကြည့်ရင် စိတ်စဥ်ကလျား မရှူနိုင်မကယ်နိုင် ဖြစ်နေတဲ့ အခြေအနေကို တွေ့ရပါတယ်။
လူတွေနဲ့ တွေ့တိုင်း တွေ့တိုင်း မိမိရဲ့သေဆုံးပြီးဖြစ်နေတဲ့သားကို အသက်ရှင်သန်အောင်လုပ်ပေးဖို့ အကူအညီတောင်းကြတဲ့အခါ လူတစ်ယောက်က ဗုဒ္ဓထံလမ်းညွှန်ပါတယ်။
ဗုဒ္ဓထံရောက်တဲ့အခါ ကိသာဂေါတမီက
အသက်သေဆုံးပြီးဖြစ်တဲ့ သူ့သားကို အသက်ရှင်လာအောင်လုပ်ပေးဖို့ အကူညီတောင်းပါတယ်။
အဲဒီလို ကိသာဂေါတမီက အကူညီတောင်းအချိန် ဗုဒ္ဓနေရာမှာ မိမိသာဆိုလျှင် ဘယ်လိုတုံ့ပြန်မလဲ လို့စဥ်းစားမိပါတယ်။
လူသေကိုရှင်အောင် မလုပ်ပေးနိုင်မှန်း အားလုံးသိနေတဲ့ မိမိတုံ့ပြန်ပုံသာဆိုရင်
ကိသာဂေါမီရဲ့ အကူညီတောင်းမှုကို
"စိတ်ကို တရားနဲ့ ဖြေပါ။"
"အားလုံးကတစ်နေ့တော့ သွားရမှာခြင်း
အတူတူပဲလေ။"
"အနိစ္စ ဒုက္ခ အနတ္တ ဆိုပြီး ဟောတယ်လေ"
"လူဆိုတာသေမျိုးပါပဲ။"
သိပ်လက်တွေ့မဆန်တဲ့ ကြားဖူးနေကျစကားလုံးတွေနဲ့ပဲ နှစ်သိမ့် နေမိမှာပါပဲ။
အဲသလိုမျိုးတုံ့ပြန်ခံရရင် ကိသာဂေါတမီ နေရာမှာ မိမိကိုယ်တိုင်အဖြစ် ပြန်စဥ်းစားရင်
"ဒီမှာ စိတ်ညစ်နေရတဲ့ အထဲ
ဘာတွေ လာပြောနေတာလဲ"
"ဘာတွေစာလာ ဖတ်နေတာလဲ"
ဆိုပြီးပြန်ပြီးအော်တုတ်မိနိုင်ပါတယ်။
ဗုဒ္ဓအနေနဲ့ သားသေကို ပြန်ရှင်အောင်လာလုပ်ခိုင်းတဲ့ ကိသာဂေါတမီကို အပြစ်တင်ခြင်း blame လုပ်လို့ရတယ်။
အဲဒီအပြစ်တင်စွပ်စွဲမှုကိုသာ လုပ်ခဲ့မယ်ဆိုရင် ကိသာဂေါတမီအနေနဲ့ ဗုဒ္ဓကို လူကြားသူကြား ပရိသတ်အရှေ့မှာ ဆဲဆိုအပြစ်တင်မှုတွေနဲ့ တုံ့ပြန်မယ်ဆိုတာပါပဲ။
ဗုဒ္ဓ အနေနဲ့ အဲဒီအချိန်ကာလတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့အတွက်
နှစ်ဦးနှစ်ဖက် မဆုံးရှုံးတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဦးစလုံးဆုံးရှုံးမှု မရှိအောင် ဘယ်လို နည်းလမ်းနဲ့ဆောင်ရွက်လိုက်သလဲဆိုရင် လူမသေဘူးတဲ့အိမ်ကနေ
မုန်ညှင်းစေ့ ရှာခိုင်းလိုက်တာပါပဲ။
Stress ဖြစ်နေတဲ့ လူကို blame
မလုပ်သင့်ဘူး ဆိုတဲ့အကြောင်းအရင်းကို တွေ့ရသလို မူလအကြောင်းအရာမတူနဲ့ အခြားအကြောင်းအရာတစ်ခုနဲ့ စိတ်ကို လွှဲယူ သွားတဲ့ နည်းလမ်းဖြစ်နေတာပါ။
ဒီနည်းလမ်းက အသိကိုအပြုမူနဲ့ ပြန်တည်ဆောက်ယူတဲ့ ကုထုံး Cognitive-behavioral therapy တစ်မျိုးလို့ ဆိုရပါမယ်။
ကိသာဂေါတမီ အနေနဲ့ မူလက သားသေကို ရှင်သန်အောင်လုပ်ပေးဖို့တောင်းဆိုတဲ့ ပထမဦးစားပေး first priority ကနေ လူမသေဘူးတဲ့အိမ်က မုန်ညှင်းစေ့ရှာဖို့ ဗုဒ္ဓကပြောလိုက်တဲ့အခါမှာ
မုန့်ညှင်းစေ့ရှာတာက ပထမဦးစားပေး First priority နေရာကိုရောက်သွားပြီး
သားသေကိုရှင်အောင်လုပ်ခြင်းက ဒုတိယ ဦးစားပေး Second priority အဖြစ်ပြောင်းယူသွားလိုက်တဲ့ နည်းနာကို တွေ့ရပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှု ဖြစ်တဲ့အခါ
ဗုဒ္ဓက သားသေခြင်းဆိုတဲ့ မူလပြဿနာ origin of problem ကနေ မုနိ့ညှင်းစေ့ရှာခြင်း ဆိုတဲ့ သီးခြားပြဿနာ other problem ကို ထိုးသွင်းလိုက်တာမျိုးတွေ့ရပါတယ်။
မူလပြဿနာရပ်ပေါ်မှာကနေ ဆက်စပ်ပြီး မုန့်ညင်းစေ့ရှာခြင်းနဲ့ သီးခြားပြဿနာအနေနဲ့ လွှဲယူသွားတဲ့ နည်းစနစ်က မူလပြဿနာကို အရှိန်လျော့သွားအောင် လုပ်ပြီး စိတ်ဖိစီးမှုကိုလျော့ချလိုက်တဲ့
ဖြစ်စဥ်အဖြစ်မြင်တွေ့ရပါတယ်။
ဒီဖြစ်စဥ်ဟာ ဗုဒ္ဓက စိတ်ဖိစီးမှုရှိသူကို ချက်ခြင်းတရားရေအေးမတိုက်ကျွေးတဲ့ အချက်က သတိပြုသင့်တဲ့အချက်ပါ။
မူလစိတ်ဖိစီစီးမှုကနေ မိမိကိုယ်ကို သိမြင်ဆင်ခြင်လာအောင် လုပ်တဲ့
Cognitive-behavioral therapy ကုထုံးကို ဗုဒ္ဓက အမြဲအသုံးပြုတယ်ဆိုတာတွေ့ရပါတယ်။
အာဠာဝကနဲ့တွေ့စဥ်ကလည်း အာဠာဝက ရဲ့ ဒေါသကို လျော့ချနိုင်တဲ့နည်းလမ်းသုံးပြီးမှ အသိကို ပြန်တည်ဆောက်ယူတဲ့ နည်းလမ်းမျိုးအသုံးပြုတာတွေ့ရပါတယ်။
ဗုဒ္ဓအသုံးပြုတဲ့နည်းလမ်းက
စိတ်ဖိစီးမှုကြုံတွေ့တဲ့အခါ လက်တွေ့ကျကျအသုံးပြု လို့ရတဲ့ နည်းလမ်းတစ်ခုဆိုတာတွေ့ရပါတယ်။
ကိသာဂေါတမီအနေနဲ့ လူမသေဖူးတဲ့ အိမ်ဆီက မုန်ညှင်းစေ့ လိုက်လံရှာဖွေတဲ့အခါ လူမသေဖူးဘူးဆိုတာ မရှိဘူး လူဆိုတာသေတတ်တယ်ဆိုတာ မိမိကိုယ်ကို ဆင်ခြင်မိအောင်လုပ်ခိုင်းတဲ့နည်းဖြစ်ပါတယ်။
လူဆိုတာသေမျိုးပဲဆိုတာကို ဗုဒ္ဓအနေနဲ့ထုတ်ပြောစရာမလိုဘဲ မိမိဘာသာဆင်ခြင်သုံးသပ်မိသွားအောင် အချိန်ယူ လိုက်တဲ့ဖြစ်းဥ်ပါပဲ။
ဗုဒ္ဓက အဲဒီနည်းလမ်းကို အသုံးပြုတာဟာ အတိတ်အကြောင်းအရာနဲ့ပူဆွေးနေတဲ့ ကိသာဂေါတမီကို ပစ္စုပ္ပန်ကို ပြန်ရောက်အောင်လုပ်တာပါ။
စိတ်ဖိစီးမှု Stress နဲ့ စိတ်ကျခြင်း depression ဆိုတာ အတိတ်နဲ့ အနာဂတ် အလှမ်းကျယ်လွန်းသွားတဲ့အတွက် နယ်ကျွံ့ အလည်လွန်သွားတဲ့စိတ်ပါ။
အတိတ်ဖြစ်ကြောင်းနဲ့ အနာဂတ်ဖြစ်လိုစိတ် ဆာလောင်လေလေ stress နဲ့ depression ဖြစ်ဖို့ အခွင့်အရေးပေးလေလေပဲဆိုတာ သတိထားမိဖို့ပါ။
အတိတ်နဲ့အနာဂတ်က နယ်နိမိတ်ကျယ်လေလေ stress နဲ့ depression ဖြစ်ဖို့ နီးစပ်လေလေပါပဲ။
အတိတ်နဲ့အနာဂတ်က အလျားလိုက်မျဥ်း horizontal မျဥ်းဖြစ်တဲ့အတွက် စီးဆင်းရတာလွယ်တယ်။
ပစ္စုပ္ပန်က ဒေါင်လိုက်မျဥ်း vertical line ဖြစ်တဲ့အခါ ရပ်တည်ဖို့ခက်တယ်။
ဗုဒ္ဓက ပစ္စုပ္ပန်ပေါ်မှာခြေချော်မလဲအောင်
မတ်မတ်ရပ်နိုင်အောင် ဒိဋ္ဌေဒိဋ္ဌမတ္တံနဲ့ ကမ္မဋ္ဌာန်းတွေကို ပေးခဲ့တယ်။
ပစ္စုပ္ပန်ပေါ်မှာမတ်မတ်မရပ်နိုင်ရင် အတိတ် ပေါ်မှာ ထိုင်ရက်လဲကျရင်ကျ မဟုတ်ရင် အနာဂတ် ပေါ်မှာ မှောက်ရက်လဲကျရင်လဲကျဖြစ်မှာပါပဲ။
ပစ္စပ္ပန်ပြန်မရသူကို ပစ္စုပ္ပန်ကို မြင်ရအောင်လုပ်ပြီးမှ အသိနဲ့သတိတရားကို တည်ဆောက်နိုင်တယ်လို့ ဗုဒ္ဓရဲ့ ယုံကြည်ထားပုံကိုတွေ့ရပါတယ်။
ကိသာဂေါမီက မုန်ညင်းစေ့ရာဖွေခြင်းဟာ အခြေအမြစ်မရှိတဲလုပ်ရပ်ကာလညးလို့ သိမြင်သွားပြီး သားသေအောငွရှင်အောင်လုပ်ပေးနိုင်ခြင်း မရှိဘူးလို့ သိတဲ့ ဆင်ခြင်သုံးသပ်မှု ကို ပြန်ရလိုက်တာဟာ ကိသာဂေါတမီဟာ ပစ္စုပ္ပန်ကို ပြန်ရလိုက်တာဖြစ်ပါတယ်။
ပစ္စုပ္ပန်ပေါ်ပြန်ရောက်သွားတဲ့ဘကိသာဂေါတမီကို ပစ္စုပ္ပန်ရဲ့ မတည်မြဲပုံကို ပြောရတာ ပိုလွယ်သွားပါတယ်။
ဗုဒ္ဓက ပစ္စုပ္ပန်မှာ နေတတ်အောင်လေ့ကျင့်ခြင်းနဲ့ stress နဲ့ depression ကို အဆုံးစီရင်ခိုင်းတဲ့ နည်းလမ်းလို့ ဆိုရပါမယ်။
အတိတ်နဲ့ အနာဂတ် လေခိုပေါက်ကြီးကြီးတွေမှာ တငွေ့လောင်လောင်နေတဲ့
(၁) ရာဂမီး- အလိုရမ္မက်၊
(၂) ဒေါသမီး- ပြစ်များပုတ်ခတ်၊
(၃) မောဟမီး- အမှန်မသိ၊
(၄)ဇာတိ မီး- ပဋိသန္ဓေနေ၊
(၅) ဇရာ မီး-အို၊
(၆) မရဏ မီး- သေ၊
(၇) သောက မီး- စိုးရိမ်ပူဆွေး၊
(၈) ပရိဒေဝ မီး- ငိုကြွေးရှိုက်ငင်၊
(၉) ဒုက္ဓမီး- ကိုယ်ဆင်းရဲ၊
(၁၀) ဒေါမနဿ မီး- စိတ်ဆင်းရဲ၊
(၁၁) ဥပါယာသ မီး- ဆို့တက်မေ့မျောသွားခြင်း။
ဆိုတဲ့မီးတွေကို ငြိမ်းသွားအောင် ပစ္စုပ္ပန်ပေါ် နေတတ်အောင် လေ့ကျင့်တဲ့ နည်းလမ်းကို ဆောင်ရွက်ခဲ့ပါတယ်။
ဗုဒ္ဓက ပစ္စုပ္ပန်ဆိုတဲ့ အရာကိုယ်နှိုက် သည်ပင်လျှင် မတည်မြဲခြင်း ဆိုတာကို လက်ခံထားနိုင်မှ ဘဝ ဆိုတဲ့အရာ လွတ်မြောက်နိုင်တယ် ဆိုတဲ့အချက်ကလည်း
ဗုဒ္ဓပြောချင်တဲ့ ပန်းတိုင်အစစ်ဖြစ်ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးတင်ပြပါတယ်။
အာကာမိုးသူ
၁၀း၃၁ ည
၁၈.၆.၂၀၂၀ အိမ်