10/11/2022
ဒီနေ့ညမှာတော့ အင်္ဂလန်လိဂ်ဖလားရဲ့ တတိယအဆင့်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အခုနောက်ပိုင်း နှစ်ကာလတွေမှာ လိဂ်ဖလားပွဲကို အသင်းကြီးတွေကတောင် လူစုံတက်စုံနဲ့ အားထည့်ကစားလာတာကြောင့် စိတ်ဝင်စားစရာ ပွဲစဉ်ကောင်းများစွာကို ကြည့်ရှုခံစားခွင့် ရရှိလာပါတယ်။ ဒီညယှဉ်ပြိုင်မယ့် လိဂ်ဖလားပွဲစဉ်တွေမှာလည်း အသင်းကြီးတွေ အားပြိုင်မယ့်ပွဲစဉ်တွေ ပါဝင်နေလို့ စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်တွေက ပွဲချိန် မိနစ် (၉၀) မှာ သရေဖြစ်နေခဲ့ရင် အချိန်ပိုတွေ၊ ပင်နယ်တီအဆုံးအဖြတ်တွေ ဆက်လက်ခံယူရတဲ့စနစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီည ယှဉ်ပြိုင်မယ့် လိဂ်ဖလား တတိယအဆင့်ပွဲစဉ်တွေအတွက် ပရိသတ်တွေကလည်း ထင်မြင်ယူဆချက်တွေ၊ ခန့်မှန်းချက်တွေကို Comments လေးတွေ ရေးသားပြီး ဝင်ရောက်ဆွေးနွေးပေးပါဦး။
အာဆင်နယ် - ဘရိုက်တန်
ထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ်နိုင် (၆) | သရေ (၁) | ဘရိုက်တန်နိုင် (၀)
(လိဂ်ဖလားနှင့် အက်ဖ်အေဖလား ရှုံးထွက်ပြိုင်ပွဲများတွင် ထိပ်တိုက်တွေ့ခဲ့မှုဖြစ်သည်။)
နောက်ဆုံး (၃) ကြိမ် ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ
ဘရိုက်တန် ၂ - ၃ အာဆင်နယ်
ဘရိုက်တန် ၂ - ၃ အာဆင်နယ်
ဘရိုက်တန် ၁ - ၂ အာဆင်နယ်
ရှုံးထွက်ဖလားပြိုင်ပွဲတွေဖြစ်တဲ့ လိဂ်ဖလားပြိုင်ပွဲနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ဘရိုက်တန်က အာဆင်နယ်ကို တစ်ကြိမ်တစ်ခါတောင် မနိုင်ခဲ့ဖူးပါဘူး။ မနှစ်တုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရိုက်တန်ကွင်းထဲ ဒီ (၂) သင်း သရေကျခဲ့ပြီး အာဆင်နယ်ရဲ့အိမ်ကွင်းက ပွဲမှာတော့ ဘရိုက်တန်က နိုင်သွားခဲ့ဖူးပါတယ်။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် (၄) ပွဲမှာ ဘရိုက်တန်က ရှုံးပွဲဆိုလို့ တစ်ပွဲတည်းသာ ရှိထားပါတယ်။ အာဆင်နယ် နိုင်မယ်၊ ဂိုးမပြတ်ဘူးဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ် ကပ်နိုင်ပါလိမ့်မယ်။
___________________________________________
နယူးကာဆယ် - ခရစ္စတယ်လ်ပဲလေ့စ်
ထိပ်တိုက်တွေ့ဆုံမှု
နယူးကာဆယ်နိုင် (၆) | သရေ (၀) | ခရစ္စတယ်လ်ပဲလေ့စ်နိုင် (၁)
(လိဂ်ဖလားနှင့် အက်ဖ်အေဖလား ရှုံးထွက်ပြိုင်ပွဲများတွင် ထိပ်တိုက်တွေ့ခဲ့မှုဖြစ်သည်။)
နောက်ဆုံး (၃) ကြိမ် ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ
ခရစ္စတယ်လ်ပဲလေ့စ် ၂ - ၃ နယူးကာဆယ်
နယူးကာဆယ် ၂ - ၀ ခရစ္စတယ်လ်ပဲလေ့စ်
နယူးကာဆယ် ၂ - ၁ ခရစ္စတယ်လ်ပဲလေ့စ်
လိဂ်ဖလားပွဲမှာ ဒီ (၂) သင်း တစ်ကြိမ်သာ ဆုံခဲ့ဖူးပြီး အဲဒီပွဲစဉ်မှာ နယူးကာဆယ် အနိုင်ရခဲ့ဖူးပါတယ်။ အက်ဖ်အေဖလားပွဲမှာတော့ (၆) ကြိမ် ဆုံဖူးပြီး နယူးကာဆယ်က (၅) ကြိမ် အနိုင်ရကာ ခရစ္စတယ်လ်ပဲလေ့စ်ကတော့ (၁) ကြိမ်ပဲ နိုင်ထားဖူးပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ် တွေ့ဆုံမှုမှာ ဒီ (၂) သင်းက နယူးကာဆယ်ရဲ့စိန့်ဂျိမ်းပါ့ခ်ကွင်းကြီးထဲ ဂိုးမရှိသရေ ဖြစ်ထားပါတယ်။ အကြိတ်အနယ် အားပြိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ နယူးကာဆယ် ကပ်နိုင်သွားပါလိမ့်မယ်။
___________________________________________
ဆောက်သမ်တန် - ရှက်ဖီးဝမ်းနက်စ်ဒေး
ထိပ်တိုက်တွေ့ဆုံမှု
ဆောက်သမ်တန်နိုင် (၄) | သရေ (၃) | ရှက်ဖီးဝမ်းနက်စ်ဒေးနိုင် (၄)
(လိဂ်ဖလားနှင့် အက်ဖ်အေဖလား ရှုံးထွက်ပြိုင်ပွဲများတွင် ထိပ်တိုက်တွေ့ခဲ့မှုဖြစ်သည်။)
နောက်ဆုံး (၃) ကြိမ် ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ
ဆောက်သမ်တန် ၂ - ၀ ရှက်ဖီးဝမ်းနက်စ်ဒေး
ဆောက်သမ်တန် ၃ - ၁ ရှက်ဖီးဝမ်းနက်စ်ဒေး
ရှက်ဖီးဝမ်းနက်စ်ဒေး ၁- ၀ ဆောက်သမ်တန်
တစ်ခေတ်တစ်ခါတုန်းကတော့ ဒီ (၂) သင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ရှက်ဖီးဝမ်းနက်စ်ဒေးက လိဂ်-၁ ကို ဆင်းကစားနေရတဲ့အထိ နိမ့်ပါးသွားခဲ့ပါပြီ။ လက်ရှိဘောလုံးရာသီ လိဂ်-၁ အမှတ်ပေးဇယားမှာတော့ ရှက်ဖီးဝမ်းနက်စ်ဒေးက အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး ရလဒ်ကောင်းတွေလည်း ရရှိနေပါတယ်။ ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့အတွက် နည်းပြ ဟက်ဆန်ဟက်တဲလ်ကို ထုတ်ပယ်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါပြီ။ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားလာမယ့် ဆောက်သမ်တန်ကို သဘောကျမိတယ်။ ဆောက်သမ်တန်ကို အားပေးသင့်ပါတယ်။
___________________________________________
ဝက်စ်ဟမ်း - ဘလက်ဘန်း
ထိပ်တိုက်တွေ့ဆုံမှု
ဝက်စ်ဟမ်းနိုင် (၄) | သရေ (၅) | ဘလက်ဘန်းနိုင် (၃)
(လိဂ်ဖလားနှင့် အက်ဖ်အေဖလား ရှုံးထွက်ပြိုင်ပွဲများတွင် ထိပ်တိုက်တွေ့ခဲ့မှုဖြစ်သည်။)
နောက်ဆုံး (၃) ကြိမ် ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ
ဘလက်ဘန်း ၁ - ၅ ဝက်စ်ဟမ်း
ဝက်စ်ဟမ်း ၄ - ၂ ဘလက်ဘန်း
ဝက်စ်ဟမ်း ၂ - ၀ ဘလက်ဘန်း
ပရီးမီးယားလိဂ်မှာ အရှိန်အဝါကောင်းခဲ့စဉ်က ဒီ (၂) သင်းရဲ့အားပြိုင်မှုတိုင်းဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဘလက်ဘန်းက အလန်ရှီးယားနဲ့ ခရစ္စဆပ်တန်တို့ကို ပိုင်ဆိုင်ထားခဲ့ချိန်၊ နောက်တစ်ကြိမ် ပီဒါဆန်တို့၊ ဆန်တာခရုဇ်တို့ ရှိခဲ့ချိန်တွေမှာ ဝက်စ်ဟမ်းနဲ့ နင်လား ငါလားတွေ ကစားပြခဲ့ဖူးပါတယ်။ ဘလက်ဘန်းက ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး ရလဒ်ကောင်းတွေလည်း ရရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲမှာ ဝက်စ်ဟမ်းက (၃) ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ အသည်းအသန်ကစားပြီးမှ ဝက်စ်ဟမ်း ကပ်နိုင်သွားတဲ့ပွဲမျိုး ဖြစ်လာနိုင်ပါတယ်။
_______________________________________
နော်တင်ဟမ် - စပါး
ထိပ်တိုက်တွေ့ဆုံမှု
နော်တင်ဟမ်နိုင် (၄) | သရေ (၆) | စပါးနိုင် (၆)
(လိဂ်ဖလားနှင့် အက်ဖ်အေဖလား ရှုံးထွက်ပြိုင်ပွဲများတွင် ထိပ်တိုက်တွေ့ခဲ့မှုဖြစ်သည်။)
နောက်ဆုံး (၃) ကြိမ် ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ
စပါး ၃ - ၁ နော်တင်ဟမ်
နော်တင်ဟမ် ၀ - ၃ စပါး
စပါး ၁- ၁ နော်တင်ဟမ်
လိဂ်ဖလားမှာ ထိပ်တိုက်တွေ့ခဲ့တာကို လေ့လာကြည့်လိုက်ရင် နော်တင်ဟမ် အနိုင်ရထားတဲ့ ပွဲအရေအတွက်က များနေတာကို မြင်ကြရပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ နော်တင်ဟမ်ရဲ့အိမ်ကွင်းဆီကို သွားရောက်ပြီး စပါးက အောင်ပွဲခံထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) ပွဲမှာ နော်တင်ဟမ်က ရှုံးပွဲတစ်ပွဲတည်းသာ ရှိခဲ့တာကို သတိပြုရမှာပါ။ ဒါပေမဲ့ အဘက်ဘက်မှာ သာလွန်မှုအပြည့်ရှိနေသလို နိုင်ပွဲလည်းလိုအပ်နေတဲ့ စပါးက ခြေကုန်ထုတ် ကစားသွားလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။ စပါးကို အားပေးလိုက်ပါ။
___________________________________________
ဝုလ်ဗာဟမ်တန် - လိဒ်စ်ယူနိုက်တက်
ထိပ်တိုက်တွေ့ဆုံမှု
ဝုလ်ဗာဟမ်တန်နိုင် (၁) | သရေ (၂) | လိဒ်စ်ယူနိုက်တက်နိုင် (၅)
(လိဂ်ဖလားနှင့် အက်ဖ်အေဖလား ရှုံးထွက်ပြိုင်ပွဲများတွင် ထိပ်တိုက်တွေ့ခဲ့မှုဖြစ်သည်။)
နောက်ဆုံး (၃) ကြိမ် ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ
လိဒ်စ်ယူနိုက်တက် ၀ - ၁ ဝုလ်ဗာဟမ်တန်
ဝုလ်ဗာဟမ်တန် ၁ - ၃ လိဒ်စ်ယူနိုက်တက်
ဝုလ်ဗာဟမ်တန် ၀ - ၁ လိဒ်စ်ယူနိုက်တက်
ဝုလ်ဗာဟမ်တန်လည်း ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပါတယ်။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲမှာ ဝုလ်ဗာဟမ်တန်က တစ်ပွဲမှကို အနိုင်မရခဲ့ပါဘူး။ အဲဒီ (၄) ပွဲမှာ တစ်ပွဲသရေကျပြီး (၃) ပွဲရှုံးတဲ့အထိ ဝုလ်ဗာဟမ်တန် အခြေအနေဆိုးခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ကလည်း အတက်အကျ သိပ်မမှန်လှပါဘူး။ ဒါပေမဲ့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲမှာ လိဒ်စ်ယူနိုက်တက်က နိုင်ပွဲဆက်တိုက် ရရှိထားပါတယ်။ သာမန် ပွဲကစားချိန် မိနစ် (၉၀) အတွင်း အနိမ့်ဆုံးအဖြစ် သရေခံကစားသွားနိုင်ခြေရှိနေတဲ့ လိဒ်စ်ယူနိုက်တက်ကို အကြိုက်တွေ့မိပါတယ်။
____________________________________________