စာပန်းအိမ်

စာပန်းအိမ် သားသား။မီးမီး။လူငယ်၊လူကြီးအရွယ်စု?

“နောင်တ နောင်မှ မရစေနှင့် - နောင်တ(၁၀)ပါး”••••••••••••••••••••••••••••••••••••••••••••••••••••●(၁)။ငယ်စဉ်အခါ ပညာမရှာ ကြီ...
11/12/2016

“နောင်တ နောင်မှ မရစေနှင့် - နောင်တ(၁၀)ပါး”
••••••••••••••••••••••••••••••••••••••••••••••••••••
●(၁)။ငယ်စဉ်အခါ ပညာမရှာ ကြီးခါဆင်းရဲမည်။
ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။
●(၂)။ငယ်စဉ်အခါ ဥစ္စာမရှာ ကြီးခါဆင်းရဲမည်။
ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။
●(၃)။ကုန်းချောစကား ပြောဆိုငြား တစ်ပါးသူတို့ သံသယတွယ်၊
အချစ်ပြယ်သို့ မိမိမှာလည်း ချစ်သူကွဲရာ ထိုအခါ၊
ပူဆာနောင်တ ရလိမ့်မည်။
●(၄)။ပါဏာတိပါတ်၊သူ့သက်သတ်က၊ချို့တဲ့အင်္ဂါ
မွဲပြာရုပ်သွင်၊အင်အားချို့ယွင်း၊လျှင်ခြင်းလည်းဝေး၊
ဘေးကိုကြောက်တတ်၊အသတ်ခံရာ၊အနာများလျက်
ခြွေရံပျက်၍၊အသက်တိုရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၅)။မိစ္ဆာစာရ၊ကျူးလွန်ကမူ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏။
ဣတ္ထိပဏ္ဍုက်၊မျိုးယုတ်ခါခါ၊မျက်နှာမလှ၊အရှက်ရလျက်၊
လက္ခဏာ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊စိုးရိမ်များစွာ၊
ချစ်သူကွာရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၆)။မလှူမတန်း၊မပေးကမ်းမူ ၊ထိုသည့်သူသည် ၊
ဖြစ်ရာဘဝ ဆင်းရဲရရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၇)။မိဘနှစ်ပါး၊ပစ်၍ထားက၊နှစ်ပါးမိဘ
ကွယ်လွန်သွားရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၈)။ဆုံးမစကား မနာငြားက အသက်ရရာ
ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၉)။ပညာရှိမြတ် မဆည်းကပ်က အသိအလိမ္မာ မရှိပါ။
ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၁၀)။သူတော်တရား မကျင့်ပွားက သေခါနီးရာ
ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

❦“နောင်တ”ဟူသည်-
မိမိအမှားအယွင်း တစ်စုံတစ်ရာပြုမိ၊
ကျူးလွန်ခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်ခြင်း၊
ဝမ်းနည်းပက်လက်ဖြစ်ခြင်း၊နှမြောတသ ယူကျုံးမရဖြစ်ခြင်း
ကိုခေါ်၏။အဘိဓမ္မာသဘောအနေဖြင့် “ကုက္ကုစ္စစေတသိတ်”
အကုသိုလ်တရားပင်ဖြစ်၏။

❦“နောင်တရခြင်း”ဟူသည် တစ်ရှုံးပေါ် နှစ်ရှုံးဆင့်ခြင်းသာ
ဖြစ်သဖြင့် နောင်တရခြင်းသည် မကောင်း၊
ဘဝ၌အဆိုးဝါးဆုံးအရာသည် နောင်တရခြင်းနှင့်
နောင်တရသည့် ပြစ်မှုတို့ကို ကျူးလွန်ခြင်းပင်ဖြစ်၏။

သို့ဖြစ်၍ 。。。
တစ်-နောင်တရစေသည့် ပြစ်မှုကြီး ဆယ်ပါးကို ရှောင်ကြဉ်ပါ။
နှစ်-ပြစ်မှုဆယ်ပါး တစ်ပါးပါးကျူးလွန်ခဲ့သော်
အတိတ်ကို အတိတ်မှာပဲ ကျန်နေရစ်ပါစေ။
ပစ္စုပ္ပန်ကို မခေါ်ပါနှင့်။ပစ္စုပ္ပန်ကို မလိုက်လာပါစေနှင့်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】

Copy

11/12/2016

ကျွန်​​တော်​ ​တောင်းပန်​ပါသည်​ခင်​ဗျာ . . .
ဤ စာပန်းအိမ်​ သည်​ မည်​သူတစ်​ဦးတစ်​​ယောက်​ ကိုမျှ ထိခိုက်​နစ်​နာလိုခြင်းမဟုတ်​ပါခင်​ဗျ . .
စာအုပ်​သဖွယ်​ ​လေ့လာမှတ်​သားစရာ အ​ကြောင်းများကိုသာ တင်​​ပေးခြင်းဖြစ်​ပါသည်​ . . .
ကျေးဇူးအထူးတင်​ရှိပါသည်​ ခင်​ဗျ . . .

“သရုပ်ဆောင်မျှသာ…”
21/11/2016

“သရုပ်ဆောင်မျှသာ…”

အများသူငါ မုန်းစရာဖြစ်တတ်၏။
16/11/2016

အများသူငါ မုန်းစရာဖြစ်တတ်၏။

အိမ်ကို အုတ်နဲ့ဖြစ်ဖြစ် ကျောက်နဲ့ဖြစ်ဖြစ် တည်ဆောက်လို့ ရတယ်။ဘ၀ကိုတော့ မေတ္တာတစ်ခုတည်းနဲ့ တည်ဆောက်ပါ။
14/11/2016

အိမ်ကို အုတ်နဲ့ဖြစ်ဖြစ် ကျောက်နဲ့ဖြစ်ဖြစ်
တည်ဆောက်လို့ ရတယ်။
ဘ၀ကိုတော့ မေတ္တာတစ်ခုတည်းနဲ့
တည်ဆောက်ပါ။

အချို့ ကောင်းရာလုပ်လျှက်က ဆိုးကျိုးပေါ်။အချို့ ယုတ်မာရက်စက်လေ၊စည်းစိမ်အာဏာ တန်ခိုးပါဝါတက်လေ။ယင်းတို့သည် လက်ရှိကောင်းမှု ဆိ...
14/11/2016

အချို့ ကောင်းရာလုပ်လျှက်က ဆိုးကျိုးပေါ်။
အချို့ ယုတ်မာရက်စက်လေ၊
စည်းစိမ်အာဏာ တန်ခိုးပါဝါတက်လေ။

ယင်းတို့သည် လက်ရှိ
ကောင်းမှု ဆိုးမှုများကြောင့် မဟုတ်၊
အတိတ်ဖန် လျက်ကျန်ထားခဲ့သော
အခံများ ကျန်နေသေးသောကြောင့်တည်း။

“သာမညဖလသုတ္တန် တရားတော်”••••••••••••••••••••••••••••••••••••••••တန်ဆောင်မုန်းလပြည့်နေ့သည် မိုးနှောင်းဆောင်းဦး ရာသီအားဖြင်...
14/11/2016

“သာမညဖလသုတ္တန် တရားတော်”
••••••••••••••••••••••••••••••••••••••••
တန်ဆောင်မုန်းလပြည့်နေ့သည် မိုးနှောင်းဆောင်းဦး
ရာသီအားဖြင့် ထူးသလို သာသနာအားဖြင့်လည်း
ထူးမြတ်နေပါသည်။ ကုန်းမြေတစ်ခုလုံး ခဝဲပန်းတို့
ဖုံးနေသည့်အတွက် ရွှေရည်သွန်းသလို ဖြစ်သည့်အခါဝယ်
ကုမုဒြာကြာတို့ဖြင့် လွှမ်းခြုံသည့် ရေပြင်များမှာလည်း
ငွေရည်ဖျန်းသည့်အလား ဖြူဖွေးတင့်တယ်လှပါသည်။

ရွှေပန်းငွေပန်းတို့ဖြင့် ဆန်းဆန်းကြယ်ကြယ်
တင့်တယ်လှသည့် ကမ္ဘာ့မြေပြင်ကို လမင်းစန္ဒာ၏
ငွေဗိမာန်မှသွန်းအပ်သည့် အရောင်တို့သည်
နို့ဓမ်းအိုးကို မှောက်သွန်လိုက်သည့်အလား
နက်ရှိုင်းတောက်ပသော ဘော်ရောင်ခြည်တို့ဖြင့်
လွှမ်းဖုံးထားလိုက်ရာ ရွှေခဝဲပန်းနှင့် ငွေကြာပန်းတို့မှာ
ပို၍ပင် လန်းလန်းဆန်းဆန်း ဖြစ်ရပါသည်။

ထိုနည်းတူစွာ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဇီဝကသရက်တော
ကျောင်းတိုက်မှာ သီတင်းသုံးနေတော်မူသော မြတ်ဗုဒ္ဓတည်း
ဟူသော လမင်းကြီးမှ လွှတ်ထုတ်လိုက်သော အေးမြသည့်
ဓမ္မရောင်ခြည်၏ အထိအတွေ့ကို ရရှိလိုက်သော
“ဘုရင်အဇာတသတ်”မှာလည်း အတိုင်းမရှိ
ကြည်လင်အေးချမ်း ပီတိလွှမ်း၍ လန်းလန်းဆန်းဆန်း
ဖြစ်ခဲ့ရပါသည်။

အပေါင်းအသင်းနှင့် ကိုးကွယ်ရာမှားသဖြင့် ကျေးဇူးရှင်ဖခင်ကို
သတ်မိခဲ့ပြီး၊ အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးပွင့်
အလွန်မြင့်မြတ်သည့် အကျိုးကျေးဇူးတွေကို
လက်လွှတ်ဆုံးရှုံးခဲ့ရသောကြောင့် “သောက၊ ပရိဒေဝ၊ ဒေါမနဿ”
နောင်တအပူမီးတို့ဖြင့် နှိပ်စက်ညှိုးနွမ်း ပင်ပန်းနေခဲ့ရသည့်
မဂဓပြည့်ရှင် ဘုရင်အဇာတသတ်မင်းကြီးသည်
မိုက်မှားမှုတို့အကျိုး ကုက္ကုစ္စ ဒေါမနဿတို့ကို
ပြင်းစွာခံစားနေရစဉ် နန်းတော်၊ တိုင်းပြည်၊ သာသနာ၏
ကျန်းမာရေးကို အထူးတာဝန်ယူနေရသော သမားတော်ကြီး
ဆရာကြီး ဇီဝက၏ စီမံချက်ဖြင့် မြတ်ဗုဒ္ဓထံမှောက်
ရောက်ခဲ့ရ၍သာ “သောကမီးတောက်” ငြိမ်းပျောက်ခဲ့ရပါသည်။

မင်းကြီးသည် သူ၏သောကမီးကို အေးငြိမ်းစေဖို့
နည်းကောင်းပေး ဟောပြနိုင်မည်လားဟု တွေးကာ
တိတ္ထိဆရာကြီး (၆) ယောက်တို့ထံ ရောက်ခဲ့ပါသေးသည်။
အနီးနေ အမတ်ကြီးများက မိမိတို့ကိုးကွယ်ရာ
ဆရာအသီးသီးတို့ထံ ပို့လိုက်ကြခြင်းပင် ဖြစ်ပါသည်။
လူတစ်ယောက်၏ ဘဝအမြင်၊ ဘဝလမ်းကြောင်း
ဖြောင့်မှန်ရေးအတွက် လူနှင့် ပတ်ဝန်းကျင်ဆက်ဆံရေးသည်
အလွန်ပင် အရေးကြီးလှပေသည်။

အဇာတသတ်မင်းကြီးမှာ ပတ်ဝန်းကျင်နှင့်
အပေါင်းအသင်းကြောင့်ပင် မေ့ပျောက်မရနိုင်သည့်
ပြစ်မှုကြီးကို လွန်ကျူးမိခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှုကြီးများ၊
စူးရှစွာ ခံစားရသော ဝေဒနာများ ဖြစ်ခဲ့ရပါသည်။
ထိုဒဏ်ရာဒဏ်ချက်တို့ကို ကုသပေးမည့် သမားကို ရှာပါသည်။
သေဆေးကျွေးမည့်သူများအလား တိတ္ထိဆရာကြီးများကိုသာ
တွေ့ခဲ့ရပါသည်။ သူဆုံးရှုံးခဲ့ရသည့် အကျိုးကျေးဇူးများကို
ပြန်လည်ရရှိလိုသဖြင့် ထိုဆရာတို့ကို မေးပါသည်။
“သရက်ပင် ဘယ်မှာလဲ”ဆိုကာမှ “ဒီမှာ ပန္နဲပင်”ဟု
မေးသည်ကို မဖြေနိုင်၊ တောင်းသည်ကို မပေးနိုင်သည့်
သူများကိုသာ တွေ့ခဲ့ရပါသည်။

လောကီလူသားတွေမှာ အဋ္ဌာရသ သိပ္ပပညာ ၊
တတ်အပ်ရာတို့ကို သင်ကြားတတ်မြောက်လျှင်
ရာထူးအာဏာ စီးပွားဥစ္စာတို့ကို လက်တွေ့ကျကျ
ရရှိခံစားကြရပါသည်။ ရသေ့ရဟန်းပြု၍ ကျင့်ကြံကြ၊
အားထုတ်ကြရာမှာ လက်တွေ့အားဖြင့် ဘာအကျိုးကျေးဇူးများ
ရရှိခံစားရပါသလဲဆိုတဲ့ မင်းကြီး၏ အမေးကို ဖြေရာ၌-

●(၁)။ ပူရာဏကဿပတိတ္ထိဆရာကြီးက = လုပ်ချင်ရာလုပ်
ပြုချင်ရာပြု၊ ပြုရာမရောက် ကံမမြောက်သည့် “အကိရိယဝါဒ”
ကို ဟောပြခဲ့ပါသည်။
●(၂)။ မက္ခလိဂေါသာလတိတ္ထိဆရာကြီးကတော့ =
ကောင်းကျိုး မကောင်းကျိုး၊ ဒုက္ခ သုခအမျိုးမျိုးတို့
ဟေတုပစ္စယကင်းမဲ့သည့် အကြောင်းမဲ့ဝါဒ
“အဟေတုကဒိဋ္ဌိ”ကို ဟောလိုက်ပြန်ပါသည်။
●(၃)။ အဇိတကေသကမ္ဗလတိတ္ထိဆရာကြီးကတော့ =
ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ်တို့၏
ကောင်းကျိုး ဆိုးကျိုး၊ သုခဝိပါက် ဒုက္ခဝိပါက်တို့ မရှိ၊
မဖြစ်သည့် “ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဝါဒ” ကို ဟောကြားခဲ့ပါသည်။
●(၄)။ ပကုဓကစ္စာယနတိတ္ထိဆရာကြီးကတော့ =
“နာမ်မဲ့ ရုပ်ကြမ်း” ဝါဒကြီးကို ဟောခဲ့ပြန်ပါသည်။
●(၅)။ နိဂဏ္ဌနာဋပုတ္တခေါ် ဂျိမ်းဆရာကြီးကတော့ =
“စာတုယာမသံဝရ” လေးပါးသီလကို ဟောပါသည်။
●(၆)။ သဉ္စယဗေလဋ္ဌပုတ္တခေါ် သိဉ္စည်းဆရာကြီးကတော့ =
အတ္တနှင့် သဿတဝါဒ အခြေခံရှိသော်လည်း
အသိဉာဏ်နည်းသူ ဖြစ်သည့်အားလျော်စွာ ဘာမေးမေး
အမှားဖြေမိမှာ ကြောက်သည့်အတွက်ကြောင့်
ရှောင်ပြေး ငြင်းဆို၍သာ နေလေရာ ဝါဒအယူတစ်ခုမှ မရခဲ့ပေ။

ရေများသည့်အိုင်မှာ ငါးရှင်ကို ဖမ်းမရသလို သူ့ဝါဒကိုလည်း
ဖမ်းယူမရဘဲ ရှိခဲ့လေသည်။ အဇာတသတ်မင်းကြီးက -
“မြတ်စွာဘုရား- တပည့်တော်တို့ မင်းညီမင်းသားများမှာ
မင်းတို့တတ်အပ်သည့် အဋ္ဌာရသအတတ်တို့ကို
သင်ကြားတတ်မြောက်ခဲ့လျှင် လောကီအကျိုးစီးပွားများစွာ
ဖြစ်ထွန်းခံစားကြရပါသည်။ အရှင်တို့ ရသေ့ ရဟန်း
ပြုကြရာ၌ မည်သည့်အကျိုးကျေးဇူးများကို
မျက်မှောက်ထင်ထင် ရရှိခံစားနိုင်ပါသနည်း”
တပည့်တော် ထိုဆသတ္ထာရတို့ကို မေးတဲ့အခါ
မေးသည်ကို မဖြေကြားနိုင်ကြဘဲ သူတို့အယူဝါဒတွေကိုသာ
ဟောပြခဲ့ကြပါသည်ဘုရား။

မြတ်ဗုဒ္ဓ၏ သာသနာမှာ ရဟန်းပြုကြရာမှာလည်း
“သန္ဒိဋ္ဌိက သာမညဖလ” ကိုယ်တွေ့မျက်မှောက် ၊ကိုယ်တိုင်ရ ၊
ကိုယ်တိုင်ရောက်သည့် ချမ်းသာ ဘာများဖြစ်သလဲဘုရား”
အဲဒီလို မေးလျှောက်ပါသည်။ ထိုအခါ မြတ်စွာဘုရားက
ဖြေကြားတော်မူသည်မှာ -

“ဒကာတော်မင်းကြီး- သင်၏ နန်းတော်မှ မင်းမှုထမ်းတစ်ယောက်
ငါဘုရားသာသာနာ၌ ဝင်၍ ရဟန်းပြုခဲ့လျှင်
ထိုရဟန်းအပေါ် သင်မင်းကြီး မည်သို့သဘောထားမည်နည်း”

"မြတ်စွာဘုရား မင်းမှုထမ်းပင် ဖြစ်လင့်ကစား
ထိုပုဂ္ဂိုလ်သည် အဓိသီလသိက္ခာကို ဖြည့်ကျင့်နေသူ
ဖြစ်သောကြောင့် ငါးပါးသီလမျှရှိသော တပည့်တော်သည်
ရှင်ဘုရင်ပင် ဖြစ်စေကာမူ ထိုရဟန်းအား အရိုအသေပြုခြင်း၊
ရှိခိုးခြင်း၊ ခရီးကြိုဆိုခြင်း ၊အိပ်ရာနေရာပေးခြင်း၊
စားဘွယ်သောက်ဘွယ်ပေးခြင်းဖြင့်၊ တပည့်တော်က
ပြုစုရပါသည်ဘုရားဟု လျှောက်သည်။

ဤသို့ဖြစ်လျှင် ထိုရဟန်း၏ အရိုအသေခံယူရခြင်း၊
ပစ္စည်းလေးပါးခံယူရခြင်းသည်ပင် ရဟန်းဘဝ မျက်မှောက်ရသော
အနည်းဆုံးသော အကျိုးကျေးဇူး သာမညဖလ
ဖြစ်ပေသည် ဒကာတော်မင်းကြီး”

ထိုထက်ပိုလွန်သော သာမညဖလ ရဟန်းပြုခြင်းအကျိုးကို
မိန့်ကြားတော်မူပါဦးဘုရားဟု လျှောက်ထားပြန်ရာ
မြတ်စွာဘုရားက အမျိုးကောင်းသားတစ်ယောက်သည်
ဇနီးမယား သမီးသား ဆွေမျိုးဉာတိ စီးပွားဥစ္စာတို့ကို
စွန့်လွှတ်၍ ရဟန်းပြု၏။ ထိုရဟန်းသည်
ပါတိမောက္ခသံဝရသီလကို စောင့်သုံး၏၊
ဣန္ဒြိယသံဝရသီလကို ကျင့်သုံး၏၊
အာဇီဝပါရိသုဒ္ဓိသီလကို ကျင့်သုံး၏၊
ပစ္စယသန္နိဿိတသီလကို ကျင့်သုံး၏၊
အဓိသီလသိက္ခာကို ကျင့်သုံး၏၊
စူဠသီလ မဇ္ဈိမသီလ မဟာသီလတို့ကို ကျင့်သုံး၏။
လူ့ဘောင်၌မရနိုင်သော ထိုအဓိသီလသိက္ခာကို
ရဟန်းဘဝ၌ ကျင့်သုံးခွင့်ရခြင်းသည်ပင်
“သန္ဒိဋ္ဌိက သာမညဖလ”-ရဟန်းဘဝမျက်မှောက်ရသော
ကောင်းကျိုးချမ်းသာများပင် ဖြစ်ပေသည်ဟု ဖြေကြားတော်မူ၏။

“ဒကာတော်မင်းကြီး ထို့ထက်ပိုသော နှစ်သက်ဘွယ်ကောင်းသော
အကျိုးကျေးဇူးကတော့ အဓိသီလ၏အစွမ်းကြောင့်
မိမိ၏ အတွင်းသန္တာန်၌ ပီတိပါမောဇ္ဇဖြစ်ရခြင်းနှင့်
အနဝဇ္ဇသုခကို ရရှိခြင်းပင် ဖြစ်သည်။
အပြစ်ကင်းသည့် ကိုယ်နှုတ်သန့်ရှင်းသည့် အကျိုးကျေးဇူး၊
မိမိကိုယ်မိမိ ဝမ်းမြောက်ရွှင်လန်းစွာ ကျေနပ်နှစ်သက်ရခြင်းဟူသော
အကျိုးကျေးဇူးမှာ မင်းစည်းစိမ်ထက်ပင် သာလွန်သော
အကျိုးကျေးဇူး ဖြစ်ပေသည်”ဟု မြတ်စွာဘုရားက
ဖြေကြားတော်မူပါသည်။

ထို့ပြင် ဣနြေ္ဒကိုစောင့်ထိန်းခြင်း၊ ကိုယ်နှုတ်အမူအရာတို့၌
သတိသမ္ပဇဉ် ဉာဏ်နှင့်သတိယှဉ် စောင့်ရှောက်ခြင်း၊
သန္တောသတရားလေးပါး လက်ကိုင်ထားသဖြင့်
ရောင့်ရဲတင်းတိမ်ခြင်းစသည်ဖြင့် စိတ်၏
ကြည်လင်အေးမြချမ်းသာသော ငြိမ်းချမ်းသော
အပြစ်ကင်းသော ကိလေသာ မနှိပ်စက်သော
“အနဝဇ္ဇစိတ္တသုခ” အကျိုးကို ရရှိခံစားနိုင်သည်။
ထို့ပြင် ဈာန်သမာဓိဖြင့် နီဝရဏတရား (၅) ပါးတို့ကို
ပယ်ရှားလိုက်သောအခါ “ဝိဝေကဇသုခ၊
သမာဓိဇသုခ၊ ပီတိသုခ၊ နိပ္ပီတိကသုခ၊ ဥပေက္ခာနှင့်
သတိကြောင့်ဖြစ်သော စတုတ္ထဈာနိကပါရိသုဒ္ဓိကသုခ”
တို့သည်လည်း ရဟန်းဘဝ မျက်မှောက်ရအပ်သော
သာမညဖလများပင် ဖြစ်ကြောင်း မြတ်ဗုဒ္ဓက
မင်းကြီးအား ဟောပြပါသည်။

တန်ဆောင်မုန်းလပြည့်ည၏ လပြည့်ဝန်းသည်
အရှေ့ဆီက ဂိဇ္ဈကုဋ်တောင်ကို ကျော်တက်လာခဲ့ပြီး၊
ဆရာဇီဝက၏ သရက်တော ကျောင်းတိုက်ကြီးသည်
သရက်ပင်ပျိုတို့ လွှမ်းအုပ်ထားသော်လည်း
ဘော်ရည်တသွေး ဖြူဖွေးသော လရောင်ဖြင့်
အစိမ်းရင့်ပေါ်ဝယ် ဘော်ဖြူရောင် လွှမ်းထားသဖြင့်
အစွမ်းကုန် လှပတင့်တယ် အေးချမ်းဘွယ် ဖြစ်နေပါသည်။
မင်းကြီး၏ ကိုယ်ရံတော်တပ်က ထွန်းညှိထားသည့်
မီးရှူးတိုင်များကလည်း ငွေရောင်အကြားမှ လွင့်ကာလွင့်ကာ
လူးလွန့်လာသည့် ရွှေရောင်ခြည်များပမာ ဓမ္မရာဇာ
တရားဘုရင် ဘုရားရှင်ကို တအားဝိုင်း၍
ဖူးမျှော်နေကြပါသည်။

တောင်ငါးလုံးကာခို မြို့တော်ရာဇဂြိုဟ်ကို လရိပ်ကသာမက
ဓမ္မရိပ်ကလည်း လွှမ်းခြုံအေးမြစေပါသည်။ ကြတ္တိကာနက္ခတ်
မွန်းတည့်သည့် ညကာလ ကာမဘောဂီ တစ်သိုက်ကတော့
နက္ခတ်ပွဲမှာ ဆီမီးရောင်ရှိန် တထိန်ထိန်ဖြင့်
ပျော်မြူးနေကြလေပြီ။ အဇာတသတ်မင်းကြီးသည်လည်း
မီးသတ်သမားတွေ ရေပက်အားကောင်းတဲ့အတွက်
တဟုန်းဟုန်း လောင်သော မြို့မီးကြီးတစ်ခု
မီးညွန့်ကျိုးစ ပြုလာနေသကဲ့သို့ပါပဲ၊
နှလုံးသားက သောကမီးသည် ဖြေးဖြေးချင်း
ငြိမ်းစပြုလာနေပါပြီ။
မြတ်စွာဘုရားကိုယ်တော်မြတ်က မင်းကြီးအား သန္ဒိဋ္ဌိက
သာမညဖလကို ဆက်လက်၍ ဟောတော်မူပါသည်။
သမာဓိဈာန်ကို အခြေခံ၍ ဝိပဿနာဉာဏ်များဆီသို့
တက်လှမ်းသည့်နည်းကို ညွှန်ပြပါသည်။
ခန္ဓာ၏ အနိစ္စသဘောကိုများ ရှင်းရှင်းမြင်လျှင်
လက်ဝယ်တင်ထားသော ပတ္တမြားကဲ့သို့ ဒိဋ္ဌိ ဝိစိကိစ္ဆာကင်းသည့်
စိတ်အစဉ်သည် မနောမယ၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗစက္ခု၊
ပုဗ္ဗေနိဝါသ၊ စေတောပရိယ ဟူသော လောကီအကျိုး
ဣဒ္ဓိ အမျိုးမျိုးတို့ကို ဖြစ်စေခဲ့လေပြီ။
ဤ ဣဒ္ဓိအဆင့်ဆင့်သည် ရှေးကပြဆိုခဲ့ပြီးတဲ့
သာမညဖလတို့ထက် ထူးကဲလွန်မြတ်သော အကျိုးကျေးဇူးပင်
ဖြစ်ပါသည်။ အဋ္ဌာရသအတတ် (၁၈) ရပ်ကို
တတ်သောကြောင့် ရရှိသော အကျိုးကျေးဇူးတို့ထက်
အလွန်လျှင် လွန်ကဲနေသည်မှာ ဆိုဘွယ်ရာမရှိ ဖြစ်ပါသည်။

နာမ်ရုပ်ကိုထွင်းဖောက် ဣဒ္ဓိအဆင့်ဆင့်သို့
တက်ရောက်ခဲ့သော ဒိဋ္ဌိစင် ယုံမှားမရှိ ပကတိကြည်လင်သည့်
ဝိပဿနာဉာဏ်သည် “ဒုက္ခ၊ သမုဒယ၊ နိရောဓနှင့်
မဂ္ဂတစ်ဖြာ လေးသစ္စာ” ကို ပိုင်းခြားသိရှိ အထွတ်အထိပ်သို့
ရောက်ခဲ့ပါပြီ။ ဒုက္ခကိုသိ၊ သမုဒယကိုပယ်၊ နိရောဓသို့ရောက်၊
မဂ္ဂကိုလျှောက်၊ ထုတ်ချင်းပေါက်ရောက်ခဲ့သည်ကား
အာသဝက္ခယအဘိညာဏ် ဖြစ်ပါသည်။
ခန္ဓာသည် ဒုက္ခဟု ယထာဘူတအတိုင်း သိ၏။
တဏှာသည် သမုဒယဟူ၍လည်းကောင်း၊ နိဗ္ဗာန်သည်
နိရောဓဟူ၍လည်းကောင်း၊
မဂ္ဂသည် နိရောဓဂါမိနီပဋိပဒါဟူ၍လည်းကောင်း
ယထာဘူတနည်းအရ သိ၏။
ဤသည်ကား- အာသဝ၊ ဤသည်ကား- အာသဝသမုဒယ၊
ဤသည်ကား-အာသဝနိရောဓ၊ ဤသည်ကား-
အာသဝနိရောဓဂါမိနီပဋိပဒါဟု သိပါ၏။
ဤကဲ့သို့ သိသော ပုဂ္ဂိုလ်၏ စိတ်သည် ဒိဋ္ဌိ၊ တဏှာ၊
အဝိဇ္ဇာဟူသော အာသဝဥပါဒါန်တို့မှ
ကင်းကင်းကြီးလွတ်ခဲ့လေပြီ။

ထိုပုဂ္ဂိုလ်သည် ဇာတိ၊ မရဏ၊ ဒုက္ခဇာတ်ကို
အဆုံးသတ်ခဲ့လေပြီ။ သာသနဗြဟ္မစရိယကို
ကျင့်သုံးခြင်းကိစ္စ ပြီးခဲ့လေပြီ။ ဘဝဇာတ်သိမ်းပြီဖြစ်၍
ပြုဘွယ်ကိစ္စအားလုံး ပြီးဆုံးခဲ့ပါပြီ။ နောက်တစ်ဖန်
ဘဝဖြစ်ခြင်းလည်း မရှိတော့ပြီ။ နောက်ထပ်ပြုဘွယ်ကိစ္စလည်း
မရှိတော့ပြီ။
ထိုသူသည် ကြွေးမြီကင်းလွတ်ပြီးသော သူကဲ့သို့လည်းကောင်း၊
အနာရောဂါပျောက်ငြိမ်းပြီးသော သူကဲ့သို့လည်းကောင်း၊
အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သူကဲ့သို့လည်းကောင်း၊
ကျေးကျွန်အဖြစ်မှ လွတ်သောသူကဲ့သို့လည်းကောင်း၊
သစ်ကျား သားရဲထူသော ကန္တာရခရီးကြမ်းကို
ကျော်ဖြတ်လွန်မြောက်ပြီးသော သူကဲ့သို့လည်းကောင်း၊
အလွန်လျှင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်း အတိသုခကို
ရရှိပါပြီ။ အတိုင်းအတာမရှိ ပကတိငြိမ်းချမ်းတဲ့
ဒီချမ်းသာခြင်းတွေဟာ သန္ဒိဋ္ဌိက သာမညဖလ ဖြစ်ပါသည်။

ကြည်လင်သော မျက်စိအမြင်ရှိသော သူတစ်ယောက်သည်
ကြည်လင်ငြိမ်သက်သော ရေပြင်၏ အောက်၌ ကျောက်ခဲ
အိုးခြမ်းကွဲစသည်တို့ ရပ်နေကြသည်ကိုလည်း မြင်၊
ငါး လိပ် မကရ်းတို့ သွားနေကြသည်ကိုလည်း မြင်သည်မှာ
ပီပြင်ကြည်လင်လှလေဘိသကဲ့သို့ ဆိုခဲ့ပြီးသောအတိုင်း
သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံသောသူသည်
ဒုစရိုက် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး၊ နီဝရဏ (၅) ပါး၊
အနုသယ (၇)ပါးတို့မှ လုံးလုံးကြီးကင်း
သန့်ရှင်းခဲ့ပြီးဖြစ်သောကြောင့် ပရမတ္ထတရား၊ သစ္စာတရား၊
သန္တိတရားတို့ကို ယထာဘူတ ရှင်းလင်းပီပြင်
ကြည်လင်စွာမြင်ရ၊ သိရ၊ လက်ဆုပ်လက်ကိုင်ရရှိခြင်းသည်
နိယျာနိက ဓမ္မဝိနယသာသနာမှာ ဝင်ရောက်ကြသော
အမျိုးကောင်းသား အမျိုးကောင်းသမီး မည်သူမဆို
မျက်မှောက်ထင်ထင် ရရှိသော သန္ဒိဋ္ဌိက သာမညဖလပင်
ဖြစ်ပါကြောင်း၊ ဥပါဒါန် (၄) ပါး၊ အာသဝေါ (၄) ပါးမှ
လွတ်မြောက်သည့် ဝိမုတ္တိသုခသည် အထွတ်အထိပ်
သာမညဖလပင် ဖြစ်ပါကြောင်း၊ ကောင်းမြတ်သောကရုဏာဖြင့်
အင်္ဂနှင့်မဂဓတိုင်းတို့၏ မင်းမြတ် အဇာတသတ်ဘုရင်အား
မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသတည်း။
ထိုအခါ တိုင်းကြီးနှစ်ခုတို့၏ မင်းမြတ် အဇာတသတ်သည်
ဝေဠုဝန်ကျောင်းဒကာ သောတာပန်အရိယာ သူ၏ဖခင်
ဘုရင်ဗိမ္ဗိသာရအား သတ်ခဲ့မိသည့် အပြစ်အတွက်
မြတ်စွာဘုရားကို တောင်းပန်ဝန်ချ ကန်တော့ပါသည်။
မိတ်ဆွေယုတ်သည် သူ၏ အပေါင်းအသင်းကို ဒုက္ခ၊
ဒေါမနဿနှင့် အကျိုးယုတ်မှုများစွာကို ဖြစ်စေခဲ့ပြီး
စောင့်ရှောက်ကယ်တင်မှု မပြုနိုင်ခဲ့ပေ။
လက်တကမ်းမှာ ရောက်နေခဲ့သော သောတာပတ္တိမဂ်၊
ဖိုလ် အကျိုးကျေးဇူးကား ဆုံးခဲ့ပါပြီ။

✿အဘသတ်မှုသာ မပြုမိခဲ့သော် ဘုရင်အဇာတသတ်သည်
သာမညဖလသုတ်တော်ကို နာကြားပြီးသည့်အဆုံးမှာ
သောတာပန်အရိယာဖြစ်မည်မှာ ဧကန်ပင်။
ယခုလည်း သာမညဖလသုတ်တော်၏ ကျေးဇူး၊
သူ၏ ရတနာသုံးပါးအပေါ် မမှိတ်မသုံ ယုံကြည်သော
အဝေစ္စပသာဒ၏ ကျေးဇူးတို့ကြောင့် အဝီစိငရဲဘေးမှ
လွတ်ခဲ့ပြီး၊ လောဟကုမ္ဘီငရဲမှာသာ
အနှစ်ခြောက်သောင်းခံစားပြီး ၊
လွတ်မြောက်သောအခါ “ဝိဇိတာဝီ” အမည်ဖြင့်
ပစ္စေကဗုဒ္ဓါတစ်ဆူ ဖြစ်တော်မူလိမ့်မည် ဖြစ်ပါသည်။
ပုထုဇဉ်တို့တွင် သဒ္ဓါဖြင့် သာသနာကိုကြည်ညိုရာ၌
အဇာတသတ်မင်းမြတ်သည် “အသာဆုံး အလွန်ကဲဆုံး”
ဖြစ်ပါသည်။

မိုး,လေးလပြည့်၊ လ,လည်းပြည့်သည့် လပြည့်ခေါ်ထုံး
တန်ဆောင်မုန်း၏ ကြည်လင်ဝင်းပ လပြည့်ညကား
ကြာဖြူလည်းပွင့် ၊ရွှေခဝဲလည်းပွင့်သည်မို့ စန်းပွင့်သီတဂူ
နိဗ္ဗူတိဓာတ် တရားမြတ်ကို ကြားလတ်သော်လျှင်
ဘုရင်ဥက္ကဋ္ဌ် ဇာတသတ်၏ ကြပ်ကြပ်လောင်ညီး
သောကမီးမှာ ငြိမ်းကြီးငြိမ်းကာ ငြိမ်းချမ်းသာသည်
ကိန်းခဏ်းအလာ ရာဇဝင်ကစ သာသနာဝင်အလှပြ
ဓမ္မာဝင်ကျန သာမညဖလ ဒေသနာကို
ဟောကြားတော်မူသည့် အခါတော်နေ့တည်း။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
【သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ 】
(အဓိပတိဆရာတော် - သီတဂူဗုဒ္ဓတက္ကသိုလ်)
Posted by
www.facebook.com/youngbuddhistassociation.mm

“ဆုံရကြုံရ ကောင်းဆိုးနှစ်တန် လောကဓံ ဘယ်ဟာမှ အမြဲမဟုတ်ဘူး။အချိန်တန် အားလုံးတစ်မျိုးတစ်ဖုံ ပြောင်းသွားကြမယ်။ဒီတော့ အရာရာဟာ...
11/11/2016

“ဆုံရကြုံရ ကောင်းဆိုးနှစ်တန် လောကဓံ
ဘယ်ဟာမှ အမြဲမဟုတ်ဘူး။
အချိန်တန် အားလုံးတစ်မျိုးတစ်ဖုံ
ပြောင်းသွားကြမယ်။
ဒီတော့ အရာရာဟာ တဒင်္ဂတစ်ခဏပါ။”

“အနားမှာပဲ ရှိနေတာပါ”
11/11/2016

“အနားမှာပဲ ရှိနေတာပါ”

အဆုံးသတ်ကောင်းပါစေ ...copy
09/11/2016

အဆုံးသတ်ကောင်းပါစေ ...

copy

“မေတ္တာစိတ်ရှိဖို့က အဓိက”
09/11/2016

“မေတ္တာစိတ်ရှိဖို့က အဓိက”

“အေးအေးချမ်းချမ်းနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားဖို့….”▬▬▬▬▬▬▬▬▬▬“သမ္မတ ကတော်”▬▬▬▬▬▬▬▬▬▬ဘုန်းကြီးတို့ ဂျာမဏီမှအပြန် လေယာဥ...
08/11/2016

“အေးအေးချမ်းချမ်းနဲ့ သေခြင်းတရားကို
ရင်ဆိုင်သွားဖို့….”
▬▬▬▬▬▬▬▬▬▬
“သမ္မတ ကတော်”
▬▬▬▬▬▬▬▬▬▬
ဘုန်းကြီးတို့ ဂျာမဏီမှအပြန် လေယာဉ်ပေါ်မှာ
Readers' Digest မဂ္ဂဇင်းတစ်စောင် တွေ့တာနဲ့
ဖတ်ကြည့်တယ်။ အရင်တုန်းက အမေရိကန်သမ္မတ
လုပ်သွားတဲ့ သမ္မတ ကနေဒီရဲ့ဇနီး ဂျက်ကလင်း
ကနေဒီရဲ့ နောက်ဆုံးနေ့အကြောင်း ရေးထားတာ။
သူက နယူးယောက်မှာနေတယ်။
ဂျက်ကလင်းကနေဒီဆိုတဲ့ သမ္မတကတော် အသက်
(၆ဝ)လောက် ရှိတဲ့အခါမှာ ရောဂါရတယ်။
ဆေးရုံတက်ပြီး ဆေးကုတဲ့အခါ ဆရာဝန်တွေက
Diagnosis မှာ ကင်ဆာရောဂါလို့ ဖော်ပြလိုက်တယ်။

ကင်ဆာရောဂါဆိုတာ incurable(ကုလို့မရဘူး)ပေါ့။
ကင်ဆာဆဲလ်လေးတွေက ပျံ့နှံ့နေသည့်အတွက်
ကုလို့မရတော့ဘူး။incurable ကုမရတဲ့ရောဂါ
ဖြစ်နေပြီဆိုတာ သူသိတယ်။သိတဲ့အခါ သူက
ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် သူ့မှာ စိတ်ဓာတ်
မကျရအောင်ထိန်းတဲ့ နည်းလမ်းတော့ရှိမယ်။
သူ့မှာ အားကိုးရှိမယ်။သူက ခရစ်ယာန်ဆိုတော့
ခရစ်ယာန်ဘုရား God အားကိုးမှာပေါ့။
သူရဲ့ စိတ်တည်ငြိမ်မှုလေးကို ပြောပြတာပါ။

သူအိမ်ပြန်လာခဲ့တယ်။အိမ်ပြန်လာပြီး သပ်သပ်ရပ်ရပ်
သန့်သန့်ရှင်းရှင်း အဝတ်အစားအသစ်တွေလဲ။
ဖြီးလိမ်းပေါ့နော်။အိပ်ရာခင်းတွေ ကျကျနနပြင်ဆင်။
သူ့အိမ်ကို သန့်သန့်ရှင်းရှင်းလုပ်၊ သူ့ပစ္စည်းတွေကို
ခွဲပေးရမယ့်သူတွေ ခွဲပေး၊ ဒါန လုပ်သင့်တာလုပ်။
ကျန်တဲ့လုပ်သင့်တာတွေ လုပ်တယ်။

အဲဒီလိုလုပ်ပြီးတော့ သူကစိတ်ချမ်းသာ
ကိုယ်ချမ်းသာနဲ့ အိမ်ပြန်ပြီး အေးအေးဆေးဆေး
အနားယူတဲ့ သဘောမျိုးနဲ့ နေတယ်။သူသေသွားရင်
ဘာလုပ်ရမယ်ဆိုတဲ့ ဆန္ဒတွေ ဖော်ပြပြီး ဒီလိုနေတယ်။
တစ်ပတ်လောက်နေတော့ အိပ်ရာပေါ်မှာပဲ
သူဆုံးသွားတယ်။ကဲ-သူ့အနေအထားလေးက
ဘယ်လောက်ကောင်းသလဲ။သေခြင်းတရားကို
ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားတယ်လို့ ပြောရမယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“စိတ်ကောင်းက ကောင်းတဲ့ဘဝ ပို့ပေးလိမ့်မည်။”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒီနေရာမှာ စဉ်းစားဖို့ အရေးကြီးတာက ဂျက်ကလင်း
ကနေဒီ အားကိုးတဲ့ God က တကယ် အားကိုးရာ
ရောက်ရဲ့လား။ဒီတစ်ချက်ပဲ စဉ်းစားစရာ ရှိတယ်။
တစ်ခါတလေ ကိုယ်ကတော့ အားကိုးပေမယ့်
အားကိုးရာ ဖြစ်ချင်မှဖြစ်တာ။

လူတွေ ကြည့်လေ-သားကို အားကိုးရမလား
ဆိုပြီး ဂရုစိုက်တာ။အသက်ကြီးတော့ ကိုယ့်ကို
ထော်လော်ကန့်လန့်လုပ်တဲ့သား ဖြစ်နေတာ
မရှိဘူးလား။သမီးကို အားကိုးရမယ်ထင်ပြီး
သမီးလေးကို ဂရုစိုက် မွေးထားတယ်။
အသက်ကြီးတော့ ကိုယ့်ရန်သူဖြစ်နေတာ
မရှိဘူးလား၊ ရှိတယ်နော်။တကယ်အားကိုးရမယ်
လို့ ထင်ပေမယ်လို့ အားကိုးရာဖြစ်ချင်မှဖြစ်မယ်။
ဒီလိုတော့ ရှိနိုင်တယ်။

တခြားဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့
စာပေကျမ်းဂန်ကို သူတို့ရဲ့ ဘာသာတရားအရ
သူတို့ရဲ့ဘုရားကို အားကိုးရမယ်လို့ သူတို့
ယုံကောင်း ယုံကြလိမ့်မယ်။

သို့သော် စိတ်ကောင်း နှလုံးကောင်းထားမယ်။
ကိုယ်ကျင့်တရား ကောင်းမယ်ဆိုရင်
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းရာသုဂတိ
ရောက်ဖို့ မခဲယဉ်းဘူး။

-ကံကံ၏အကျိုးကို လက်ခံယုံကြည်ပြီး ကောင်းတာ
လုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတဲ့ အသိတရား၊
-အများကို ကူညီချင်တဲ့စိတ်၊
-အများရဲ့ အကျိုးကို လိုလားတဲ့ မေတ္တာစိတ်မျိုးရှိရင်
ဘယ်ပုဂ္ဂိုလ်မျိုးမှာပဲရှိရှိ ဘယ်ဘာသာဝင်မှာပဲ
ရှိရှိ ဘာသာနှင့် မဆိုင်ဘဲ၊စိတ်ကောင်းနှလုံးကောင်း
ရှိတဲ့ ပုဂ္ဂိုလ်ကို ထို စိတ်ကောင်းနှလုံးကောင်းက
ကောင်းတဲ့ဘဝကို ပို့ပေးတာ။
God က ကယ်တင်တာတော့ မဟုတ်ဘူး။

ဗုဒ္ဓဘာသာဝင်လည်း စိတ်ကောင်းနှလုံးကောင်း
ရှိမယ်ဆိုရင် ထို စိတ်ကောင်းနှလုံးကောင်းလေးက
ကယ်တင်မှာပဲ။ဘုရားက ကယ်တင်တာ မဟုတ်ဘူး။
သို့သော် ဘုရားက ဒီလိုစိတ်ထားရမယ်လို့
သင်ကြားပေးတယ်။ဆုံးမဩဝါဒပေးတယ်။

အဲဒီ သမ္မတကတော်ဟာ ကြောက်ကြောက်လန့်လန့်
မဖြစ်ဘဲ အေးအေးချမ်းချမ်းနဲ့ သေခြင်းတရားကို
ရင်ဆိုင်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး အဲဒီမှာ
ရေးသားထားတာကို ဖတ်ရတော့ ဒါလည်း
အတုယူစရာပဲလို့ အောက်မေ့မိတယ်။

မြန်မာပြည်အထက်ပိုင်း မော်လိုက်မှာ တရား
အားထုတ်နေတဲ့ ဒကာမကြီးတစ်ယောက်လည်း
ဒီလိုရောဂါ(ကင်ဆာ) ဖြစ်တယ်။သူက သူ့ရောဂါကို
ရှုမှတ်ပြီးတော့ ရောဂါဒဏ်ကို ကြိတ်မှတ်ပြီးခံတယ်။
တစ်ကိုယ်လုံးလည်း ဖောယောင်ရာက ပေါက်ကွဲပြီး
အရည်တွေတောင် ထွက်ပြီးနေတယ်။
ဒါပေမယ့် သူက သူ့ကိုယ်သူပဲ တရားရှုမှတ်နေတယ်။
ဆရာဝန်တွေခေါ်ပြီး ဆေးကုပေးတော့ သူ့ဆန္ဒကို
ပြောတယ်။
“သူ့ဖာသာသူ အေးအေးဆေးဆေးနေပါရစေ။
ဆေးမကုပါနဲ့”လို့ ဆိုပြီး တရားရှုမှတ်ရင်းနဲ့
သေခြင်းတရားကို ရင်ဆိုင်သွားတယ်။

ဒီအကြောင်းကို အဲဒီဒကာမကြီးကို ကုပေးတဲ့
ဆရာဝန်တစ်ယောက်က ပြောဖူးတယ်။
စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မညည်းမညူဘဲနဲ့
ရောဂါဒဏ်ကို ခံပြီးတော့ နောက်ဆုံးနေ့ကို
ရင်ဆိုင်သွားတယ်ပေါ့နော်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အားပေးစကား ပြောရမယ်”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူတွေဟာ အနေတတ်ဖို့လိုသလို၊
အသေတတ်ဖို့လည်း လိုသေးတယ်။
ဒါကြောင့် မြတ်စွာဘုရားက ဒီသုတ္တန်မှာ
ဘာဟောထားသလဲဆိုတော့

“နေမကောင်း ထိုင်မသာ ဖြစ်ပြီးတော့
ရောဂါဝေဒနာဖြစ်နေတဲ့ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို
ပညာရှိတဲ့ မိတ်ဆွေတစ်ယောက်က အားပေးစကား
ပြောသင့်တယ်။” လို့ ဟောထားတယ်။
ဒါ အကျိုးရှိလို့ပြောတာ။အားပေးစကား ပြောရမယ်။

တချို့ကျတော့ ဘုန်းကြီးတွေပင့်ပြီး ပရိတ်
ရွတ်တာတောင်မှ-
“ငါ့ကို သေမှာထင်လို့ ပရိတ်ရွတ်တာလား။”
ဆိုပြီးတော့ မကြိုက်ဘူး။
ဒါက ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ မဟုတ်ဘူးလား။
အဲဒီလို လိမ်တယ်ဆိုတာ သူများကိုလိမ်တာ
မကောင်းသလို မကောင်းဘူးနော်။
လူတွေက အမျိုးစုံ လုပ်လေ့ရှိကြတယ်။
မြတ်စွာဘုရားကတော့ အားပေးစကား ပြောရမယ်တဲ့။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အားပေးစကား မဟုတ်ဘူး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြန်မာပြည်မှာတော့ တချို့က သေငယ်ဇောနဲ့
မျောနေတဲ့သူကို အားပေးစကားမပြောဘဲနဲ့
“ဘဏ်စာအုပ် ဘယ်နားထားခဲ့တုန်း။
လက်ကောက်တို့၊ စိန်နားကပ်တို့ ဘယ်နားထားတုန်း”လို့
မေးတဲ့သူက မေးတယ်။
အဲဒီလိုမေးရင် သေတဲ့သူ ဖြောင့်ပါ့မလား။
ဘုန်းကြီးတွေကိုလည်း ပျံလွန်တော်မူခါနီးဆိုရင်
“ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်း”ဆိုပြီး
မေးတဲ့သူက မေးသေးတယ်။
အဲဒါ အားပေးစကား ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
တွန်းလွှတ်တာနဲ့ တူနေတယ်၊
အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့၊
တကယ်က အားပေးစကားပဲ ပြောရမယ်တဲ့။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】ဆက်ရန်►
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်
share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
(✦“ရိုးသားမှုသည် တခါတရံ၌ ရှုံးနိမ့်စေတတ်၏။
သို့သော် တစ်သက်လုံးကား
လိပ်ပြာလုံစေတော့၏။။”✦)

“အားပေးစကား-အပိုင်း(၁)”-►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1356993160977359/?type=3&theater

“အားပေးစကား-အပိုင်း(၂)”-►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1362540077089334/?type=3&theater

Copy

Address

လမ်3း0 ၊ 75လမ်း ၊
Mandalay
123456780

Alerts

Be the first to know and let us send you an email when စာပန်းအိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share