09/10/2022
#မြတ်ဗုဒ္ဓကို_ကြိုဆို_ပူဇော်ခြင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၆၀၀ ကာလက မြတ်စွာဘုရားရှင် သခင်ကိုယ်တော်မြတ်ဟာ ဘုရားအဖြစ်သို့ ရောက်ပြီး ၇-ဝါ မြှောက်တဲ့အချိန် တာဝတိံသာနတ်ပြည်တက်ပြီး တရားဓမ္မကို ဟောပြောခဲ့ပါတယ်။ အဘိဓမ္မာတရားကို ဟောကြားခဲ့တာ ဖြစ်တယ်။
အဘိဓမ္မာတရား ဟောကြားပြီးတော့ ယနေ့အချိန်အခါနဲ့ ပြောမယ်ဆိုရင် သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားဟာ လူ့ပြည်သို့ ပြန်လည် ကြွချီလာမှာ ဖြစ်ပါတယ်။
ဒီကနေ့ ဗုဒ္ဓကို ကြည်ညိုလေးစားကြတဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ ကမ္ဘာအရပ်ရပ် အနှံ့အပြားမှာ ရှိကြတာ ဖြစ်တယ်။
မိမိတို့ Tradition(ဓလေ့ရိုးရာ) အနေနဲ့ ခြားနားကြသော်လည်း မဟာယာနဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ်၊ ထေရဝါဒဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရားကို ကြည်ညိုကိုးကွယ်ပြီး လေးစားကြတာဖြစ်လို့ ရှေးဖြစ်ဟောင်းကို အမှတ်တရအနေအားဖြင့် နက်ဖြန်ခါ ဖြစ်ပေါ်လာမည့် အမှတ်တရအချိန်အခါကို ဒီကနေ့ည ကြိုတင် သိရှိတဲ့အခါမှာ မြတ်စွာဘုရား ကြွလာတာကို ကြိုဆို ပူဇော်ဂါရဝပြုကြတဲ့ အနေနဲ့ ဆီမီးအလှထွန်းပြီး ဘုရားကို ပူဇော်ကြမည့်၊ ကြိုဆိုကြမည့် သီတင်းကျွတ်ကာလ အခါသမယ ဖြစ်တယ်။
အဲဒီ အခါသမယမှာ အထူးအားဖြင့် မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုမိအောင် အာရုံယူကြဖို့ လိုတယ်။
အများကြီး အာရုံ မပြုနိုင်ရင် " ဒို့ဟာ ဘုရားရဲ့ကျေးဇူးကြောင့် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိတယ်။ ကုသိုလ်, အကုသိုလ်ကို ခွဲခြားသိတယ်။ ဒီ အသိဉာဏ်ရတာဟာ မြတ်စွာဘုရားရဲ့ အဆုံးအမကြောင့်ဖြစ်လို့ ဒို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသိဉာဏ်တွေ ရနိုင်တယ် " လို့ အဲဒီလို ကျေးဇူးတင်တဲ့ အနေအထားအားဖြင့် မြတ်စွာဘုရားကို ပူဇော် ဂါရဝပြုမယ်။
နက်ဖြန်ခါ အဘိဓမ္မာတရားဟောပြီးလို့ ပြီးဆုံးတဲ့အခါမှာ တာဝတိံသာနတ်ပြည်က လူ့ပြည်ကို ပြန်ကြွလာမှာ ဖြစ်တယ်။ အဲ့ဒီ ကြွလာတာကို လူ့ပြည် လူ့လောက, က လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၆၀၀ ကျော် ကာလက ကြိုဆိုခဲ့ကြတာ ဖြစ်တယ်။
အဲဒီ ကြိုဆိုတာတွေကို အမှတ်တရလုပ်ပြီး ဒီကနေ့ခေတ် ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာလည်း သီတင်းကျွတ်ကာလ (မူလကတော့ ကြတ္တီကာ + ကတ္တီကာနက္ခတ် ဆိုတဲ့ ပူဇော်ပွဲတွေက ပြောင်းလဲပြီးတော့ ဗုဒ္ဓကို ပူဇော်တဲ့) ပူဇော်ပွဲ ဖြစ်တယ်။
အိန္ဒိယလူမျိုးတွေ၊ ဟိန္ဒူလူမျိုးတွေ ယနေ့ထိအောင် ဆင်နွှဲနေကြတဲ့ #ဒီပါဝလိ ဆိုတဲ့ ဆီမီးနဲ့ ပူဇော်ကြတာကို ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက မြတ်စွာဘုရားကို အာရုံပြောင်းပြီးတော့ ပူဇော်လာကြလို့ သီတင်းကျွတ်မီးထွန်းပွဲ အနေနဲ့ မြတ်စွာဘုရားရှင် တာဝတိံသာက ပြန်ကြွလာတာကို ကြိုဆိုပူဇော်ပွဲအဖြစ် ပြောင်းလဲစီရင် ကျင်းပကြတာ ဖြစ်တယ်။
ဗုဒ္ဓကို ပူဇော်လိုက်ရတဲ့ကုသိုလ်။ ရင်ထဲနှလုံးထဲ ဖြစ်ပေါ်လာတဲ့ စေတနာရဲ့ တန်ဖိုးဟာ စိန်တစ်လုံးမက တန်ပါတယ်။
ဘာကြောင့်လဲ ဆိုရင် တန်ဖိုးကြီးမားတဲ့ စိန်ဟာ ဒီဘဝအတွက်သာ အသုံးချလို့ ရတာ ဖြစ်တယ်။ မြတ်ဗုဒ္ဓကို ကြည်ညိုလို့ ပူဇော်လိုက်ရတဲ့ စိတ်ထဲမှာ တဒင်္ဂတစ်ခဏလေး ပူဇော် ကြည်ညိုလိုတဲ့စိတ်ကလေး ဖြစ်လိုက်တဲ့ ကုသိုလ်ကောင်းမှုရဲ့ တန်ဖိုးဟာတော့ စိန်ပေါင်းများစွာ တန်ကြေးထက် ပိုပြီးတော့ ကြီးမားတယ်။
ဘာကြောင့် ကြီးမားသလဲလို့ ပြောရလဲ ဆိုရင် စဉ်းစားကြည့်ပေါ့။ လူတစ်ဦးတစ်ယောက်ဟာ မည်မျှပင် ချမ်းသာ, ချမ်းသာ ဘဝတစ်ခု အဆုံးသတ်သွားရင် ချမ်းသာသမျှ အကုန် ထားခဲ့ကြရတာ ဖြစ်တယ်။
ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကျတော့ ဒီ တစ်ဘဝသာမက ဘဝပေါင်းများစွာ မိမိအတွက် (ဒီဘဝမှာလည်း) ချမ်းသာသုခ ရအောင်၊ စည်းစိမ်ဥစ္စာတွေ ပေါများအောင် ကုသိုလ်က စောင့်ရှောက်တယ်။ ကျန်းမာအောင် ကုသိုလ်က ကိုယ့်ကို အခွင့်အရေးတွေ ပေးတယ်။
နောင်ဘဝမှာလည်း အခုလိုပဲ အဆင်ပြေပြီးတော့ ချမ်းသာကာ ပစ္စည်းဥစ္စာ ပေါများတယ် ဆိုတဲ့ ဘဝမျိုးကို ပို့ဆောင်ပေးတယ်။ အလွန့်အလွန် အကျိုးအားဖြင့် ကြီးမားတယ် လို့ ဆိုရမှာဖြစ်တယ်။
တစ်ဘဝ တစ်ခဏမျှသာ အကျိုးပေးတာ မဟုတ်ဘဲနဲ့ ဘဝပေါင်းများစွာ အကျိုးပေးနိုင်တဲ့ ကုသိုလ်စေတနာဟာ ရင်ထဲမှာ ဖြစ်တာ အလွန်တန်ဖိုး ကြီးမားတယ်။
စာပေကျမ်းဂန်မှာ ဆိုရင် ဘယ်လောက်ထိ ဆိုထားတုန်း ဆိုရင် " မြတ်စွာဘုရားကို ပူဇော်လိုက်ရတဲ့ ကုသိုလ်ကောင်းမှုဟာ ဘယ်ရွေ့ဘယ်မျှ အကျိုးကျေးဇူးကို ရမယ် လို့ အကျိုးတရားကို ကန့်သတ်ပြီးတော့ ပြောလို့မရဘူး။ အတိုင်းအတာ အကန့်အသတ်မရှိ အကျိုးကျေးဇူးတွေကို ရတယ် " လို့ ဒီလို ဟောထားတာ ဖြစ်တယ်။
ဒါကြောင့် မြတ်စွာဘုရားကို ဂါဝရပြု ကြည်ညိုကြိုဆို ပူဇော်သောအားဖြင့် ဒီကနေ့ည ဓမ္မသဘင်ကို စီရင်ကျင်းပလို့ နက်ဖြန်ခါကျတော့ မိမိတို့ ဆီမီးအလှ ထွန်းပြီးတော့ နတ်ပြည်က ပြန်ကြွလာမည့် မြတ်စွာဘုရားကို ဂါရဝ ပြုကြမယ် ဆိုတဲ့ ကုသိုလ်စိတ်နဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
🙏 #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏
(၂၃၊ ၁၀၊ ၂၀၁၈ ခုနှစ်တွင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော " မြတ်ဗုဒ္ဓကို ကြိုဆိုပူဇော်ခြင်း တရားတော် " မှ ရေးသားပူဇော်ခြင်း ဖြစ်ပါတယ်။)
မြတ်ဗုဒ္ဓကို ကြိုဆိုပူဇော်ခြင်း တရားတော် နာယူမှတ်သားလိုလျှင်
https://www.facebook.com/100000501576943/posts/5201263219900346/
🙏 🙏
🙏 🙏