30/12/2023
ဘဝတန်ဖိုး
_________1️⃣ နွယ်ပင် မဖြစ်စေနဲ့။
သူများကို အားကိုးတယ်ဆိုတာ ခဏပဲ ကောင်းတယ်။ ဒါကြောင့် အမြဲတမ်း မှီဖို့ မကြိုးစားနဲ့။ မှီလွန်းအားကြီးရင် ကိုယ့်ဘဝဟာ နွယ်ပင် ဖြစ်သွားတယ်။
နွယ်ပင်ဆိုတာ အမှီရှိမှ အထက် တက်တယ်။ အမှီမရှိရင် မတက်နိုင်ဘူး။ အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်း အမှီလဲတာနဲ့ ပြုတ်ကျတော့တာပဲ။
ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်ပြီး ကိုယ့်အိမ် ကိုယ်ဆောက်ပါ၊ အဲဒါ ကိုယ့်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။
2️⃣ ထမင်းပူကို မစားနဲ့။
သူများကို ဒုက္ခပေးပြီးမှ ကိုယ်မှာ တစ်ခုခု ရတယ်ဆိုရင် အဲဒါ ထမင်းပူပဲ။ ဒါကြောင့် မတရားတဲ့အလုပ်ကို နည်းနည်းမှ မလုပ်ကြနဲ့။
မတရားသဖြင့် ရလာတဲ့ စည်းစိမ်တွေကို ခံစားနေရင် ထမင်းပူစားတာနဲ့ အတူတူပါ။ ထမင်းပူစားရင် လျှာ အပူလောင်သလို မတရားသဖြင့် ရလာတဲ့ စည်စိမ်တွေကို ခံစားနေရင် ဘဝ အပူလောင်လိမ့်မယ်။
3️⃣ ရောက်တဲ့ နေရာ ခြေရာချပါ။
ဖြစ်တည်မှု နောက်မှာ ပျောက်ကွယ်မှု လာမှာပါ။ ဒီတော့ ကိုယ်လည်း တနေ့ကျရင် လောကကြီးကနေ ထွက်ခွာရဦးမှာဆိုတာကို ဘယ်တော့မှ မမေ့ကြနဲ့။
ဒါကြောင့် လူ့လောကကြီးကနေ မထွက်ခွါခင် အချိန်လေးမှာ ကိုယ်ရောက်တဲ့ နေရာလေးမှာ မှတ်တိုင် တစ်ခုခုတော့ ထားခဲ့ရမယ်။ အဲဒါကို ခြေရာချတယ်လို့ ခေါ်တယ်။ လှပတဲ့ ခြေရာလေးပေါ့။
နောက်ဆုံး သစ်ပင်လေး တစ်ပင် စိုက်ဦးတော့ ကိုယ့်ခြေရာ ကျန်ရစ်တယ်။ ဒါကြောင့် ဘယ်နေရာ ရောက်ရောက် ကောင်းမှုတစ်ခုခု ပြုလုပ်ရမယ်။ ကောင်းမှုတစ်ခုခု ပြုလုပ်ခြင်းဟာ လှပတဲ့ ခြေရာလေး ချလိုက်ခြင်းပဲ ဖြစ်ပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ