30/06/2025
🌹လိုင်စင်မဲ့ (Without) ကား/ဆိုင်ကယ် ကိစ္စနှင့် ပို့ကုန်သွင်းကုန်ဥပဒေ -
🌹မေးခွန်း (၁) - ကျွန်တော့်လက်ထဲမှာ လိုင်စင်မဲ့ (Without) ယာဉ်တစ်စီး တွေ့ရှိရုံနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ ကျွန်တော့်ကို 'နိုင်ငံခြားကနေ ခိုးသွင်းလာသူ' လို့ ကောက်ချက်ချပြီး အရေးယူလို့ ရပါသလား။ ကျွန်တော်က ခိုးမသွင်းကြောင်း သက်သေပြရမှာလား။
အဖြေ - ကောက်ချက်ချ၍ အရေးယူလို့ မရပါ။ သင်က ခိုးမသွင်းကြောင်း သက်သေပြရန် တာဝန်မရှိပါ။ တရားစွဲဆိုသည့်ဘက် (တရားလို) ကသာ သင်သည် ထိုယာဉ်ကို နိုင်ငံတော်အတွင်းသို့ "တင်သွင်းခဲ့သူ" ဖြစ်ကြောင်း သက်သေအပြည့်အစုံဖြင့် ပြနိုင်ရန် တာဝန်ရှိပါသည်။
💐အကြောင်းပြချက်နှင့် စီရင်ထုံးများ
ရာဇဝတ်မှုတိုင်းတွင် "တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း သံသယကင်းရှင်းသည်အထိ သက်သေပြရန်တာဝန်မှာ တရားလိုအပေါ်တွင်သာ ကျရောက်သည်" ဆိုသည့် အခြေခံမူကို အောက်ပါစီရင်ထုံးများက အခိုင်အမာ လမ်းညွှန်ထားပါသည်။
💐 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မျိုးရန်နိုင် (ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရာဇဝတ်အထွေထွေလျှောက်လွှာ(အထူး) အမှတ် ၂၄၂/၂၀၁၅ ၏ (၃၀-၈-၂၀၁၆) ရက်စွဲပါအမိန့်) တွင် "သက်သေပြရန်တာဝန်မှာ လက်ဝယ်ထားရှိသူအပေါ်တွင် ကျရောက်သည်ဟု ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို မတွေ့ရပေ" ဟု တိတိလင်းလင်း ဆုံးဖြတ်ခဲ့သည်။ ဤသည်မှာ အခိုင်မာဆုံးသော လမ်းညွှန်ချက်ဖြစ်သည်။
💐ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် ဖိုးနီ ပါ ၅ (၁၉၉၆၊ မတစ၊ စာ-၁၂၄) တွင် "တရားလိုဘက်မှ စွပ်စွဲပြီးလျှင် တာဝန်ကျေပွန်ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာဝန်ကိုပခုံးပြောင်း၍ မရပေ" ဟု လမ်းညွှန်ခဲ့သည်။
💐မောင်ကြီးမောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (အထူးရာဇဝတ်ရုံးအယူခံအဖွဲ့)၊ စာ-၅၂) တွင်လည်း တရားလိုဘက်က ပြည့်စုံစွာ သက်သေမထူနိုင်ပါက "မသမာသူတို့က လွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပရခြင်းဖြင့် ပင်ပန်းဆင်းရဲကြလိမ့်မည်" ဟု ညွှန်ပြခဲ့သည်။
🌹မေးခွန်း (၂) - အရင်တုန်းကတော့ လိုင်စင်မဲ့ပစ္စည်းတွေ့ရင် တရားခံက သက်သေပြရတယ်လို့ ကြားဖူးပါတယ်။ အခု ဘာလို့ပြောင်းသွားတာလဲ။ ဥပဒေဟောင်းနဲ့ ဥပဒေသစ် ဘာကွာသွားလို့လဲ။
💐အဖြေ - မှန်ပါသည်။ ဥပဒေဟောင်းနှင့် ဥပဒေသစ်တို့၏ အဓိကကွာခြားချက်ကြောင့် ဖြစ်ပါသည်။
- ဥပဒေဟောင်း (The Control of Imports and Exports (Temporary) Act, 1947) အရ အရေးယူလျှင် တရားခံက သက်သေပြရန်တာဝန်ရှိခဲ့ပါသည်။ အကြောင်းမှာ ထိုဥပဒေသည် The Sea Customs Act (ပင်လယ်အကောက်ခွန်အက်ဥပဒေ) နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး၊ ယင်းဥပဒေ၏ ပုဒ်မ ၁၆၇-က တွင် သက်သေပြရန်တာဝန်ကို တရားခံအပေါ် အတိအလင်း ပုံချထားသောကြောင့် ဖြစ်သည်။ (ဥပမာ- ရွှေသန်း ပါ-၅ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၉၄၊ မတစ၊ စာ -၁၆၁) အမှု)
- ဥပဒေသစ် (ပို့ကုန်သွင်းကုန်ဥပဒေ၊ ၂၀၁၂) တွင်မူ အထက်ပါ The Sea Customs Act နှင့် ချိတ်ဆက်ထားသည့် ပြဋ္ဌာန်းချက် လုံးဝ မပါတော့ပါ။ ထို့ကြောင့် သက်သေပြရန်တာဝန်ကို တရားခံအပေါ် ပုံချသည့် အထူးပြဋ္ဌာန်းချက် မရှိတော့ဘဲ၊ ရာဇဝတ်မှုဆိုင်ရာ အခြေခံမူအတိုင်း တရားလိုကသာ သက်သေပြရန် တာဝန်ရှိသွားခြင်း ဖြစ်ပါသည်။
🌹မေးခွန်း (၃) - ကားမှာ လိုင်စင်မရှိတာ၊ မှတ်ပုံတင်မထားတာက ကျွန်တော်နိုင်ငံခြားကနေ တင်သွင်းခဲ့တယ်လို့ ယူဆဖို့ လုံလောက်တဲ့ သက်သေအထောက်အထား မဟုတ်ဘူးလား။
💐အဖြေ - လုံးဝ မဟုတ်ပါ။ ဥပဒေအရ ခိုင်လုံသော ကောက်ယူချက် (Legally Sufficient Inference) မဟုတ်ပါ။
အကြောင်းပြချက်နှင့် စီရင်ထုံးများ
- ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးမောင်မောင် (၁၉၆၇၊ မတစ၊ စာ-၄၈၀) အမှုသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ ယိုးဒယားစာပါ ရွှေဆွဲကြိုး လက်ဝယ်တွေ့ရှိမှုတွင် တရားရုံးချုပ်က "ဤရွှေဆွဲကြိုးများသည် နိုင်ငံခြားလုပ်ဖြစ်စေကာမူ အယူခံတရားခံအိမ်မှ ရရှိရုံနှင့် နိုင်ငံခြားမှ ခိုးသွင်းယူလာသည်ဟု မည်သို့မျှ မဆိုနိုင်ပေ။ ဤသို့သာ ယူဆရမည်ဆိုလျှင် ယခုအခါ ပါတိတ်လုံခြည်များကို ဝတ်ဆင်သော အမျိုးသမီးအားလုံးတို့ကိုပင် ဖမ်းချုပ် တရားစွဲဆိုပြီး ထောင်ချရမည်သာ ရှိပေသည်။ ဤကား ဥပဒေ မဟုတ်" ဟု အလွန်ရှင်းလင်းစွာ လမ်းညွှန်ခဲ့သည်။
-ယာဉ်တစ်စီး မှတ်ပုံတင်မရှိခြင်း၏ အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ ပြည်တွင်းမှာပင် တစ်ဦးထံမှတစ်ဦး ဝယ်ယူခြင်း၊ ခိုးရာပါပစ္စည်းဖြစ်ခြင်း စသည်ဖြင့် ဖြစ်နိုင်ခြေများစွာရှိရာ၊ "နိုင်ငံခြားမှ တင်သွင်းခဲ့သည်" ဆိုသည့် ကောက်ချက်တစ်ခုတည်းကိုသာ စွပ်ဆွဲခြင်းသည်ဥပဒေနှင့် မညီပါ။ ၎င်းသည် မောင်မြင့်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (ရွေးချယ်ထားသော စီရင်ချက်များ (၁၈၇၂-၁၈၉၂) အောက်မြန်မာပြည်၊ စာ-၁၃၄) အမှုတွင် လမ်းညွှန်ခဲ့သည့် "တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ကောက်ယူချက် (the only reasonable inference possible)" မဟုတ်ဘဲ၊ (a probable inference) သာ ဖြစ်ပါသည်။
အနှစ်ချုပ်
- ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် စွဲဆိုခံရသော တရားခံအတွက် ခုခံချေပရာတွင် တရားလိုဘက်မှ တရားခံသည် "တင်သွင်းသူ" ဖြစ်ကြောင်း တိုက်ရိုက်သက်သေ (Positive Evidence) ပြသနိုင်ခြင်း ရှိ၊ မရှိကို အဓိကထား ချေပရမည်။ လက်ဝယ်တွေ့ရှိရုံဟူသော အချက်တစ်ခုတည်းအပေါ် အခြေခံ၍ စွဲဆိုထားပါက အထက်ဖော်ပြပါ စီရင်ထုံးများကို ကိုးကားလျက် ဥပဒေအရ သက်သေပြရန်တာဝန် မကျေပွန်ကြောင်း အခိုင်အမာ ထုချေနိုင်မည် ဖြစ်ပါသည်။ The Sun