30/12/2024
နတ်ပြည်က နတ်သား နတ်သမီးတွေမှာ ရတနာသုံးပါး
မကြည်ညိုသူ ဘာသာခြားများ ရှိနိုင်ပါသလား။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တာဝတိ ံသာ
နတ်ပြည်မှာ အဘိဓမ္မာတရားတော်ကို ဟောကြားတော်
မူစဉ်က ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်ကို
နာကြားကြဖို့ စင်္ကြာဝဠာ တိုက်တစ်သောင်းက နတ်ဗြဟ္မာ
တွေ စုရုံးရောက်လာကြတယ်။
အဲဒီ အထဲမှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သား
ဟာ မြတ်စွာဘုရားရဲ့ ရှေ့နားမှာ ထိုင်နေတယ်။ ဘုရားရှင်
ရဲ့ လက်ယာဘက်မှာ ဣန္ဒကနတ်သားက ထိုင်နေတယ်။
အကုင်္ရနတ်သားက လက်ဝဲဘက်မှာ ထိုင်နေတယ်။
အကုင်္ရနတ်သားဟာ မြတ်စွာဘုရား အနီးမှာ ထိုင်နေတယ်
ဆိုတော့ ဘုရားရှင်နဲ့ နှစ်တောင့်ထွာ အကွာလောက်မှာ
ဖြစ်မှာပါဘဲ။ နောက်တော့ တစတစနဲ့ သူ့ထက် တန်ခိုးကြီး
တဲ့ နတ်တွေ ရောက်လာကြတယ်။ဒီတော့ အကုင်္ရနတ်သား
ခမျာ နောက်ဆုတ်ပြီးတော့ ဖယ်ပေးရရှာတယ်။ ဘယ်လောက်ထိအောင် ဆုတ်ပေးလိုက်ရသလဲ ဆိုရင် ၁၂ယူဇနာလောက်တောင် ဝေးကွာသွားတဲ့ အထိပဲတဲ့။
အဲဒီလောက် ရောက်တော့မှပဲ သူနဲ့ အဆင့်အတန်းချင်း တူ
တဲ့ နတ်တွေနဲ့ တွေ့ရတယ်လို့ ဆိုတယ်။
ဣန္ဒကနတ်သားမှာတော့ မူလထိုင်နေရင်း နေရာမှ မရွှေ့ရ
ဘူးတဲ့။ ဘာပြုလို့လဲဆိုတော့ နောက် နောက်ရောက်လာ
တဲ့ နတ်တွေက သူ့ထက် တန်ခိုးကြီးတဲ့ နတ်ရယ်လို့ မပါဘဲ
သူနဲ့ တန်းတူနတ်တွေသာလျင် ဖြစ်နေကြလို့ပါဘဲ။
အကုင်္ရနတ်သားဟာ အတိတ်ဘဝတုန်းက သာသနာပ ကာလ လူတို့အသက် နှစ်သောင်းတန်းရှိစဉ် လူ့ဘဝမှာ ဖြစ်ခဲ့တယ်။ သူဟာ နှစ်ယူဇနာ နှစ်ယူဇနာလောက် ရှိတဲ့ အရပ်တွေမှာ မီးဖိုကြီးတွေဖို ထမင်းတွေ ချက်ပြီးတော့ လာလာသမျှ လူတွေကို ကျွေးမွေးခဲ့တယ်။ ဒီလောက် ကြီးကျယ်တဲ့ အလှူကြီးကို ပေးခဲ့တဲ့ ကောင်းမှု ကုသိုလ်
ကြောင့် နတ်ပြည်မှာ အကုင်္ရနတ်သားရယ်လို့ လာပြီး ဖြစ်နေတာ...တဲ့။
ဣန္ဒကနတ်သားကတော့ အတိတ်ဘဝတုန်းက ရာဇဂြိုဟ်
ပြည်မှာ လူဖြစ်ခဲ့ဖူးစဉ် အရှင်အနုရုဒ္ဓါ ဆွမ်းခံကြွလာတာနဲ့
ဆွမ်းတစ်ဇွန်း လောင်းလှူခဲ့ဖူးတယ်။ လှူဖွယ်ပစ္စည်း အနေနဲ့ ကြည့်မယ်ဆိုရင် ဆွမ်းကလေး တစ်ဇွန်းလောက်
ဆိုတာ အင်မတန် သေးငယ်ပါတယ်။ ဒါပေမယ့် အလှူခံ ပုဂ္ဂိုလ်က ဒိဗ္ဗစက္ခုအဘိညာဉ်အရာမှာ ဧတဒဂ်ဘွဲ့ရတဲ့
အရှင်အနုရုဒ္ဓါ ရဟန္တာ အရှင်မြတ်ကြီး ဖြစ်နေတယ်။
ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာအညစ်အကြေးတွေ
မရှိတော့ဘူး။ အင်မတန် စင်ကြယ်နေတယ်။ ဒါကြောင့် နည်းနည်းလေးပဲ လှူတာ ဖြစ်ပေမယ့် အကျိုးပေးရာမှာ
တော့ ကြီးမား ဖွံ့ဖြိုးပါတယ်တဲ့။
နောက်တော့ ဣန္ဒက နတ်သား အလောင်းဟာ သူ့သက်တမ်းအလျောက် စုတေ သေလွန်ပြီး
တာဝတိ ံသာ နတ်ပြည်မှာ ဣန္ဒကနတ်သား ဖြစ်လာတယ်။
အဲဒီ နတ်သားနှစ်ဦးကို အကြောင်းပြုပြီး ဒါနနဲ့ အစွမ်း
အာနိသင်ထင်ရှားအောင် မြတ်စွာဘုရားက အကုင်္ရနတ်သားကို ဒီလို မေးတော်မူတယ်။
" အကုင်္ရ...သင့်မှာ နှစ်ပေါင်း သောင်းချီပြီးတော့ အင်မတန်
ကြီးကျယ်တဲ့ အလှူကြီးကို ပေးလှူခဲ့တာပဲ။ အခု ငါဘုရား
ရဲ့ အနီးမှာ ဘာဖြစ်လို့ မနေနိုင်ရတာလဲ " လို့ မေးတော်
မူတယ်။
ဒီတော့ကာ အကုင်္ရနတ်သားက " တပည့်တော် အလှူပေး
စဉ် အခါက ဘုရားသာသနာပ ကာလဖြစ်လို့ အလှူခံ
ပုဂ္ဂိုလ်တွေဟာ ငါးပါးသီလ ပင် မလုံခြုံသူ၊ ကိလေသာ အညစ်အကြေးတွေ မစင်ကြယ်သူတွေမို့ ညံ့ဖျင်းပါတယ်
ဘုရား။ ဣန္ဒကမှာတော့ အလှူဝတ္ထု နည်းပင် နည်းပါသော်
လည်း အလှူခံပုဂ္ဂိုလ်က မြင့်မြတ်လှပါတယ် ဘုရား။ ဒါကြောင့် ဣန္ဒကမှာ တန်ခိုးကြီးပြီး တပည့်တော်မှာတော့ တန်ခိုးနည်းတဲ့ အတွက် မြတ်စွာဘုရားရဲ့ အနီးနားမှာ မနေနိုင်ခြင်း နေခွင့်မရခြင်း ဖြစ်ပါတယ် ဘုရား " လို့ ပြန်လျှောက်ပါသတဲ့။
ဒီနေရာမှာ ထင်ရှားစွာ သိရတာက သာသနာပ ကာလ၌
ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့ ပြုကျင့်တဲ့ ဒါနစတဲ့ ကုသိုလ်
ကောင်းမှုတွေဟာ နတ်ပြည်ကို ရောက်စေ နိုင်တယ်။
ရတနာသုံးပါး မကြည်ညို မဆည်းကပ်သူတွေဟာလည်း
အလှူဒါန ကုသိုလ်ကြောင့် (တန်ခိုးနှိမ့်ပါးတဲ့ အားနည်း
ချက် ရှိပင် ရှိငြားသော်လည်း) နတ်သား နတ်သမီး ဖြစ်နိုင်
တယ် ဆိုတဲ့ အချက်ဟာ ထင်ရှားပါတယ်။
မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားရဲ့ မယ်တော် သီရိမဟာ မာယာဒေဝီ မိဖုရားကြီးဟာ သီလ
စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုကျင့်ခဲ့လို့ စုတေ
သေလွန်ပြီးနောက်မှာ သန္တုဿိတနတ်သား ဖြစ်လာခဲ့
ကြောင်း ထင်ရှားပါတယ်။ ဘုရားအလောင်းတော်
သိဒ္ဓတ္ထမင်းသား ဖွားတော်မူစဉ်ကာလဟာ ဘုရားမပွင့်
သေးမီ ရတနာသုံးပါး မရှိသေးတဲ့ ကာလကြီးမှာ
မဟုတ်ပါလား။
ရှေးအခါက သာသနာပ ကာလမှာ မဂဓတိုင်း 'မစလ' ရွာ
က မဃ အမှူးပြုသော ၃၃ယောက်သော ရွာသားတွေ
ဟာ ဒါန သီလ စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုကျင့်
ခဲ့လို့ သေလွန်ပြီး နောက်မှာ တာဝတိ ံသာနတ်ပြည်မှာ နတ်သားတွေ ဖြစ်လာကြတယ်။ မောင်မဃ ဆိုတာ ယခု
အခါ သိကြားမင်းကြီး ဖြစ်လာခဲ့ကြောင်း ဓမ္မပဒ ၁၊၁၆၇။
ဒီဃနိကာယ မဟာဝဂ္ဂ အဋ္ဌကထာ - သက္ကပဥှသုတ် အဖွင့်
နှင့် ၎င်းဋီကာ တို့မှာ ပါရှိပါတယ်။
အထက်ပါ အကြောင်းအရာများကို ထောက်ရှုခြင်း အားဖြင့် သာသနာပကာလမှာ ဘာသာခြားများသည်လဲ
ဒါန သီလ စသည်ကို ပြုကျင့်ပြီး ( တန်ခိုးနှိမ့်ပါးသည့် အားနည်းချက် ရှိပင် ရှိငြားသော်လည်း) နတ်ပြည်တွင်
နတ်သား နတ်သမီးများ ဖြစ်နိုင်ကြောင်း ထင်ရှားစွာ
သိမြင်နိုင်ပါတယ်။
ယခုဘဝမှာ ရတနာသုံးပါးကြည်ညို ဆည်းကပ်သူ ဗုဒ္ဓ
ဘာသာဝင် အမျိုးကောင်းသားတို့ အနေဖြင့် စုတေ သေလွန်ပြီး နတ်ပြည်သို့ရောက်သည့်အခါတွင်လည်း သရဏဂုံတည်သော ရတနာသုံးပါး ကြည်ညိုသူ နတ်သား နတ်သမီးများ ဖြစ်လိုပါက ယခုဘဝမှာ ဒါန သီလစသည့် ကုသိုလ်ကောင်းမှု များ ပြုလုပ်တိုင်း ကံ ကံ၏ အကျိုးကို ကောင်းစွာ ယုံကြည်မှု ( ကမ္မဿကတာဉာဏ်) ဖြင့် ယှဉ်တွဲပြီး သမ္မာဒိဋ္ဌိအမြင်ဖြင့် ပြုလုပ်ကြရပေမည်။
အကောင်းဆုံး နည်းလမ်းကို ဆိုရပါလျင်...
ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ အဆုံးအမ
ဓမ္မ နဲ့ အညီ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာမှု တို့ကို
ကောင်းစွာ ပြုကျင့်ပြီး အနည်းဆုံး သောတာပတ္တိမဂ်ဖြင့်
တစ်မဂ် တစ်ဖိုလ် ရသည့်တိုင် ကြိုးစားကြရပေလိမ့်မည်။
ဤနည်းလမ်းသည်ကား နောင်ဘဝ တစ်ခုသာမက သံသရာ တစ်ခုလုံး အတွက် စိတ်အေး ချမ်းသာ နေနိုင်
မည့် နည်းလမ်းပင် ဖြစ်ပေတော့၏။......
ကျမ်းကိုး - ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရား
ကြီး၏ အဘိဓမ္မာတရားတော်ကြီး
- ဓမ္မာစရိယဦးဋ္ဌေးလှိုင်၏ မေတ္တာဝါဒ
(ဗြဟ္မဝိဟာရ အဖွင့် )