21/02/2020
သင် ငွေတွေ ကြိုးစားရှာပေမဲ့ ချမ်းသာမလာသေးဘူးလား? ဒါဆိုရင် သင် နည်းလမ်းတွေ မသိသေးလို့ပါ။
Robert Kiyosaki ရဲ့ Rich Dad, Poor Dad စာအုပ်ကနေ လေ့လာရမဲ့ ချမ်းသာဖို့ အချက် (၁၅) ချက်
လူတွေ တော်တော်များများဟာ သူတို့ဘဝမှာ အလုပ်တွေ အတော်ကြိုးကြိုးစားစားလုပ်ကြတယ်။ သူတို့ တစ်ရက်ကို ၁၀ နာရီထက်ပိုပြီး အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ များများ မစုဆောင်းနိုင်ကြဘဲ ဘယ်တော့မှလဲ ချမ်းသာမလာဘူး။ ဒီလို ဘဝကနေ ရုံးထွက်ဖို့ နည်းလမ်းတွေကို Robert Kiyosaki က သူ့ရဲ့ Rich Dad Poor Dad စာအုပ်မှာ ဖော်ပြထားပါတယ်။
လူတွေတော်တော်များများ assets နဲ့ liabilities ကို ကွဲကွဲပြားပြားမသိကြပါဘူး။ assets ဆိုတာကတော့ ကိုယ့်ရဲ့ အိတ်ထဲကို ငွေတွေ ဝင်စေတဲ့အရာမှန်သမျှကို ခေါ်ပြီး ကိုယ့်အိတ်ထဲက ငွေထွက်စေတဲ့အရာမှန်သမျှကိုတော့ liabilities လို့ ခေါ်ပါတယ်။ ဒီစာအုပ်မှာ Kiyosaki အဓိက ပြောချင်တဲ့အရာကတော့ ငွေကြေးလွတ်မြောက်မှု financially independent ဖြစ်ဖို့အတွက် တစ်ခုထဲသောအကြောင်းကတော့ ကိုယ့်ရဲ့သုံးငွေတွေကို ပေးနိုင်မဲ့ ဝင်ငွေရစေတဲ့ assets တွေ စုဆောင်းဖို့ပါ။ ကိုယ့်အတွက် အသုံးမလိုတဲ့အရာတွေကို မဝယ်ဘဲ ကိုယ်ရတဲ့ ဝင်ငွေတွေကို နောက်ထပ် ဝင်ငွေတွေ တိုးပွားဖို့ ရင်းနှီးမြှုပ်နှံရပါမယ်။
ဒီ Rich Dad Poor Dad စာအုပ်ထဲကနေပြီးတော့ အရေးကြီးဆုံး ရယူရမဲ့ သင်ခန်းစာတွေကတော့
၁။ လူအများစုအတွက် သူတို့ အလုပ်အကိုင်တွေက သူတို့ရဲ့ ဝင်ငွေဖြစ်ပြီး သူတို့ အသက်ရှင်နေထိုင်ဖို့ အဲ့ဒီ အလုပ်ကိုပဲ အားကိုးပြီး နေထိုင်ကြတယ်။
ချမ်းသာတဲ့သူတွေကတော့ သူတို့ဆီမှာ ရှိတဲ့ assets တွေ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့ရဲ့ ဝင်ငွေတွေဖြစ်ပါတယ်။
၂။ တကယ်လို့ တစ်ခုခုကို ဝယ်ချင်ပြီဆိုရင်တော့ အဲ့ဒီအသုံးစရိတ်ကို ကာမိဖို့ အရင်ဆုံး ဝင်ငွေအရင်ရှာပါ။ ကိုယ့်ငွေကို ဇိမ်ခံပစ္စည်းတွေအတွက် အရင်မသုံးပါနဲ့။
၃။ ကိုယ့်မှာ ရှိနေတဲ့ asset တွေကနေ ရရှိလာတဲ့ အပိုဝင်ငွေတွေဟာ နောက်ထပ် တခြား asset တွေထဲမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံရမယ်။
၄။ ဝင်ငွေတွေ ပိုရဖို့တင် မမျှော်မှန်းပါနဲ့။ ပိုပြီးတန်ဖိုးရှိတဲ့ asset တွေ ရဖို့ ကြိုးစားပါ။ အဲ့ဒီ asset တွေကနေ နောက်ထပ်ဝင်ငွေတွေ ရဖို့ လုပ်ပါ။ ဒီလိုနဲ့ စက်ဝိုင်းလို လည်ပတ်နေပါ။
၅။ သုံးငွေတွေ လျော့ပါ။ အကြွေးတွေ ပေးစရာရှိတာတွေ လျော့ချပါ။
၆။ အရာတိုင်းလိုလိုကို နည်းနည်းစီ သိအောင်လုပ်ထားပါ။ စာရင်းအင်းပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာအကြောင်းတွေ
စျေးကွက်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဥပဒေအကြောင်း စျေးရောင်းခြင်း စျေးကွက်ဖြန့်ဖြူးခြင်း Marketing အကြောင်း ခေါင်းဆောင်မှုအကြောင်း စာရေးတာ စကားပြောတာကအစ လူမှုဆက်ဆံရေးအဆုံး စတာတွေကို သိအောင်လုပ်ထားပါ။ ငွေရှာတဲ့နေရာမှာ အသုံးချပါ။
၇။ လေ့လာဖို့ အလုပ်လုပ်ပါ။ ငွေရှာဖို့ အလုပ်မလုပ်ပါနဲ့။ ကိုယ်က လေ့လာလို့ရမဲ့ ကိုယ့်အတွက် အကျိုးရှိမဲ့ အတွေ့အကြုံရမဲ့ အလုပ်ကို ရှာဖွေလုပ်ကိုင်ပါ။
၈။ သင်လေ့လာတဲ့အရာတွေက သင်ဘယ်သူလဲဆိုတာကို တည်ဆောက်ပေးမှာပါ။ ဒါကြောင့် ဘာလေ့လာမလဲဆိုတာ သေချာရွေးချယ်ရပါမယ်။ စာများများဖတ်ရမယ်။
၉။ ချမ်းသာတဲ့သူတိုင်းလိုလို တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ် ဘဝမှာ ငွေတွေ ဆုံးရှုံးဖူးကြပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့သူတွေ ငွေတွေ မဆုံးရှုံးဖူးကြဘူး။ ဒီငွေကစားပွဲမှာ ငွေမဆုံးရှုံးအောင်ပဲ ကြိုးစားကစားနေတဲ့သူက ဘယ်တော့မှ ငွေတွေ အများကြီး မရနိုင်ပါဘူး။
၁၀။ ရှုံးနိမ့်မှာ မကြောက်ပါနဲ့။ ဘယ်သူမှ perfect ဖြစ်တယ်ဆိုတာ မရှိပါဘူး။ လူတိုင်း မှားတတ်ကြပါတယ်။ ရှုံးနိမ့်မှုတွေ ကြုံရတတ်တယ်။အမှားတွေ အရှုံးတွေကနေ သင်ခန်းစာယူပါ။
၁၁။ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပါစေ။ အကြောက်တရားတွေက ခြိမ်းခြောက်တာမခံပါနဲ့။ တစ်ခြားသူတွေရဲ့ စကားတွေနဲ့ လမ်းဆုံးမနေပါနဲ့။
၁၂။ ကိုယ့်ထက် တော်တဲ့သူတွေ အရည်အချင်းရှိတဲ့သူတွေနဲ့ ပေါင်းသင်းပါ။ သူတို့ဆီက လေ့လာသင်ယူပါ။
၁၃။ ငါ ဒါကို မတတ်နိုင်ဘူး။ မဝယ်နိုင်ဘူး။ မသုံးနိုင်ဘူး။ စသဖြင့် ပြောနေတာတွေဟာ သင့်ဦးနှောက်ကို ရပ်တန့်လိုက်တာပါ။ အဲ့ဒီအစား ငါ ဘယ်လိုလုပ်ရင် ဒါကို တတ်နိုင်မလဲ။ ဒါမျိုး စဉ်းစားပြီး ဦးနှောက် ဖွင့်ပေးပါ။
၁၄။ နားထောင်တတ်တဲ့ အလေ့အကျင့် ပြုစုပျိုးထောင်ပါ။ နားထောင်တယ်ဆိုတာ ပြောတာထက် ပိုအရေးကြီးပါတယ်။ မေးခွန်းမေးပါ။ သူများတွေဆီက အသိပညာ ဗဟုသုတတွေ
ရနိုင်သမျှ ရယူပါ။
၁၅။ စျေးကွက်ထဲမှာ အလုပ်လုပ်တဲ့အခါ သူများတွေနောက် လိုက်မလုပ်ပါနဲ့။
Dream Lab
Online Education for Entrepreneurs
Online Business Group of Myanmar