04/05/2022
ကျွန်မက အတော်ကို
အတွေးများတဲ့သူထဲမှာပါပါတယ်..
စိုးရိမ်တတ်တဲ့သူမျိုးထဲလည်း ပါပါတယ်
ချစ်တဲ့သူတွေရဲ့ ကျန်းမာရေး အတွက်ဆို ပိုပြီး စိုးရိမ်မိတတ်တယ်..
ဥပမာ တစ်ခု ပြောရရင်
တစ်ခါတုန်းက အိမ်ကခွေးကလေးပါပီရဲ့ ရင်ဘတ်မှာ..အလုံးတစ်လုံး စမ်းမိပါလေရော..
အဲဒီမှာ.. ခွေးရင်ဘတ်ကအလုံး
ဆိုပြီး Google မှာ ဂူဂူဂယ်ဂယ်တွေလုပ်ပြီး ရှာလိုက်တာ..
မကောင်းတာတွေချည်းပဲ ထွက်လာပါလေရော..
ကျွန်မမှာ အဲဒါတွေ အကုန်လိုက်ဖတ်ပြီး မျက်ရည်အသွယ်သွယ်ဖြစ်နေပါပြီ..
ဆရာဝန်နဲ့ မတွေ့ရသေးခင် နာရီပိုင်းအတွင်းမှာ..ကျွန်မစိတ်ထဲ ပါပီကို မြေကြီးထဲတောင် မြှုပ်ပြီးနေလို့..အဲဒီမြေပုံပေါ်မှာ စိုက်ထားတဲ့ အပင်ကတောင် အတော်ကြီးပြီး အပွင့်တွေဝေနေပါပြီ..
သြော်..ငါ့နှယ်..ဖြစ်ရလေလို့ပဲတွေးမိပါတော့တယ်
အဲလို ကျွန်မစိတ်မှာ ဖြစ်နေတဲ့အချိန် ပါပီကတော့ လျှောက်ပြေးကစားနေတုန်းပါပဲ..
ကျွန်မကတော့ သူ့ကိုကြည့်ပြီး ဘာမှ မလုပ်နိုင်တော့ပြီ..တုန်ယင်လှိုက်မောနေမိပြီ..
ဟော. ဆရာနဲ့ ပြောဆိုပြီး..နောက်နေ့မနက် ဘာအလုံးမှ မရှိတော့ပါဘူး
ကမြင်းကြောထလွန်းလို့ ခိုက်မိတာပါတဲ့..ကဲ..
အတွေးတွေများလွန်းတော့ တစ်ခုခုဆို ကျွန်မက အဆုံးထိရောက်အောင် တွေးလိုက်ပါပြီ..
အခုနောက်ပိုင်းတော့ တရားအကူအညီလေးရလာခဲ့ပါတယ်
အဲလိုတွေ ဖြစ်လာပြီဆို ကျွန်မ ငြိမ်ငြိမ်လေးတစ်နေရာမှာ သွားထိုင်ပြီး တရားမှတ်နေလိုက်ပါတော့တယ်..
fearful thoughts ကြောက်စရာ ကောင်းတဲ့ အတွေးတွေနောက်ကို လိုက်နေမဲ့အစား.. ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေ..ခံစားချက်တွေကို..
ရင်ဆိုင်ပြီး ကိုယ့်စိတ်ကို Sooth ဖြစ်အောင် မေတ္တာလေး ပေးလိုက်ပါတယ်..
ချစ်ရသူတွေအတွက် စိုးရိမ်မိတယ်ဆိုတာလည်း သဘာဝကျပါတယ်
ဒါပေမဲ့ ကိုယ်လည်း ဘာမှ မတတ်နိုင်တဲ့ အခြေအနေတွေမှာ ကိုယ့်စိုးရိမ်ပူပန်မှုကိုသာ လျော့အောင်လုပ်ဖို့ ကြိုးစားရတော့မှာပါ..
ပြင်ဆင် ရတော့မှာပါ..
ကျွန်မအမျိုးသားဆို အမျိုးမျိုးသော ကျန်းမာရေး ကိစ္စတွေနဲ့ ဆေးရုံဆေးခန်း မပြတ်ရသူဆိုတော့ သူ့နောက်လိုက်ရင်း..
(လိုက်ပြီးစိတ်ပူနေရတာလေ..)
ကိုယ့်ကိုကိုယ် စိတ်အေးအောင် ဖြေတတ်တဲ့ ပုံသေနည်းတွေ ထုတ်တာတောင် အတော် တိုးတက်လာပါတယ်..
ရုပ်တွေရော နာမ်တွေရော..
မြင်သမျှ အဆင်း..
ပညတ်တွေကဘယ်လို..
စွဲလမ်းမှုကိလေသာကြောင့် ဒုက္ခ သစ္စာ ဖြစ်တယ်.
ဒါမျိုး ပုံသေနည်းတွေ ကျွန်မ အလွတ်ကို မှတ်ထားတာ..
တစ်ခုခု ကြားရမြင်ရရင် မခံစားနိုင်ဘူးလေ..
စိုးရိမ်မှုတွေနဲ့ပြည့်သွားတဲ့အခါ စိတ်ဟာပစ္စုပ္ပန်မှာနေဖို့..
ကိုယ့်ကိုကိုယ် မေတ္တာပေးဖို့..
အဖြစ်အပျက်ဆိုတဲ့ ဓမ္မ သဘောတရားတွေကို မြင်နိုင်ဖို့.. နေရာ Space မရှိတော့ပါဘူး..
ဒါ့ကြောင့်
Live NOW
ယခု ပစ္စုပ္ပန်မှာ နေထိုင်ပါ လို့ ဗုဒ္ဓကဟောခဲ့ပါတယ်..
Life happens NOW.
ဘဝဆိုတာ ပစ္စုပ္ပန်မှာပဲရှိနေပါသတဲ့..
ပစ္စုပ္ပန်မှာပဲ ဖြစ်ပျက်နေပါတယ်
အလုပ်တွေလုပ်တယ်
စာအုပ်တစ်အုပ်ဖတ်တယ်
လမ်းလျှောက်ထွက်တယ်
ခွေးကလေးတွေနဲ့ ကစားတယ်
ဒါတွေ အားလုံးဟာ အခုလက်ရှိအချိန်မှာပဲ ဖြစ်ပျက်နေကြပါတယ်..
ဖြစ်ပြီးရင်တော့ပျက်သွားမှာ သဘာဝပါပဲ
အခု ဖြစ်နေတာကို အာရုံမစိုက် Focus မလုပ်ဘဲ ဘာဖြစ်မယ်မှန်းမသေချာတဲ့ အတွေးတွေထဲမှာ ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေရတဲ့အဖြစ်ဟာ ကျွန်မတို့ကို မကူညီနိုင်ပါဘူး
You’re not helping yourself by being lost in your thoughts.
လက်ရှိ ပစ္စုပါန်အချိန်တွေမှာပဲ နေတတ်အောင် ကိုယ့်ကိုကိုယ် စည်းကမ်းထားတဲ့ အကျင့်ကို လုပ်ရပါမယ်
You only help yourself by being disciplined about living in the present.
ကျွန်မလည်း ကိုယ့်ကိုကိုယ် အမြဲသတိပေးနေပါတယ်
အခုလောလောဆယ် ဝိပသနာ Meditation နဲ့ပတ်သက်တဲ့ စာအုပ်နှစ်အုပ်ကို တပြိုင်တည်း ဖတ်နေမိပါတယ်..
ဝိပသနာ တရားအားထုတ်မှုကို ကိုယ်တိုင် ကျင့်ကြံပြီး..သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ကြတဲ့ လူတွေ အကြောင်းကို တွေ့ရတော့..အင်မတန်မှပဲ အံသြမိတာက...အသက် ၄၈..၅၅..၆၅..စသည်ဖြင့်
(ဘဝမှာ နေလို့ရသေး..နေလို့ကောင်းတုန်း အရွယ်တွေမှာ..)
သေဆုံးကြသူတွေရဲ့၈၀ ရာခိုင်နှုန်းဟာ ကျွန်မသိပ်ကြောက်တဲ့ရောဂါကြောင့် ဖြစ်နေတာကို တွေ့ရပါတယ်..
ကျွန်မသိပ်ကြောက်ပါတယ်
ကိုယ်ဖြစ်မှာလည်း ကြောက်သလို သူများဖြစ်မှာလည်း သိပ်ကြောက်ပါတယ်..
ဘာဖြစ်လို့ လည်းဆိုရင် ဒါကြီးဖြစ်လာပြီဆိုတာနဲ့
ကာယကံရှင်ရော..သူနဲ့ပတ်သက်ဆက်နွယ်သော မိသားစုတွေပါ စိတ်ရော ကိုယ်ပါ တမြေ့မြေ့ ထိခိုက်နာကျင်နေရတော့မှာကိုး..
ဝမ်းနည်းကြေကွဲရတော့မှာကိုး..
ဒါကြောင့် ဒီပုဂိုလ်တွေဟာ..မိသားစုလိုက်ပါ တရားပတ်တွေဝင်ကြတယ် ဆိုတာတွေ့ရတော့..သြော်..ကိုယ်မှာ နာပေမဲ့ စိတ်မှာ မနာရအောင်လို့ဆိုတာ..ပစ္စုပန်မှာ နေလိုက်တဲ့ အခိုက်အတန့် ကသာ ကူညီပေးနိုင်တာပါလားလို့ သိလိုက်ပါတယ်..
ရှေ့ကိုတွေးနေရင် သိပ်စိတ်ချမ်းသာစရာရှိမှာမှ မဟုတ်တာလေ..
ပစ္စုပါန်မှာ နေထိုင်နိုင်တယ်ဆိုတာ
အရည်အသွေးတစ်မျိုးဆိုတာ သင်သိပါရဲ့လား
စိတ်မှာ ပေါ်နေသမျှ အာရုံတွေကို သိနေလိုက်ရုံမျှနဲ့ သင်ဟာ ဒီ အရည်အသွေးကို လက်ဝယ်ပိုင်ဆိုင်သွားပါပြီ..
The Art of Following တဲ့..
နောက်ကလိုက်သိနေခြင်း အနုပညာ..
ပေါ်သမျှအာရုံတွေကို သိအောင် လိုက်ကြည့်နေပါ
ဒါမှ ဖြတ်ချနိုင်မှာပါ..
ပစ္စုပန်တည့်တည့်မှာပဲနေပါ...
မွန်ဟော်စီ
၂၀၂၀ မေလ
credit
Photo
Free Humanity