02/11/2023
“အပျက်ဘက်ကချည်း တွေးလွန်းတဲ့အခါ”
🔳 လူရဲ့ ဦးနှောက်မှာ Negativity bias ရှိတယ် ဆိုတဲ့အကြောင်း တစ်ခါရေးဖူးပါတယ်။ အဲဒါက အကြောင်းမဲ့ ဖြစ်နေတာတော့ မဟုတ်ဘူး။ လူတွေ ဆင့်ကဲပြောင်းလဲ တိုးတက်လာတဲ့ ဖြစ်စဉ်မှာ သိပ်အရေးကြီးလို့ပါပဲ။
သားရဲတိရစ္ဆာန်တွေ၊ သဘာဝဘေးတွေ၊ ကြောက်မက်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေပြီး ခုခေတ်လို ဘာသိပ္ပံပညာမှ မထွန်းကားသေးတဲ့ ခေတ်ကာလမှာ အဆိုးမြင်နိုင်ကာမှ ရှင်သန်နိုင်မှာပေါ့။ အချိန်မရွေး သေသွားနိုင်တယ် ဆိုတဲ့ သတိကို အမြဲကပ်ထားရတယ်။ လက်ထဲမှာ လက်နက်တစ်ခုခု ကိုင်ထားရတယ်။
🔳 အခုကာလနဲ့လည်း ချိန်ထိုးစဉ်းစားကြည့်လို့ ရတယ်။ တချို့ဒေသတွေမှာ အခြေအနေ မငြိမ်သက်တဲ့အတွက် အထုပ်အပိုးကို အဆင်သင့် ပြင်ထားကြရတယ်။ အသံတစ်ခုခု ကြားတာနဲ့ အဲဒါပြေးဆွဲပြီး ဘေးလွတ်ရာပြေး။ ဗုံးခိုကျင်းထဲ ဝင်။ မဖြစ်လောက်ပါဘူး ဆိုတာထက် ဖြစ်များဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးကို ခေါင်းထဲ အမြဲထည့်ထားရတယ်။
ဒီအချိန် စီးပွားရေးလုပ်ရင်တောင် ဒေါ်လာဈေးများ ပြောင်းသွားခဲ့ရင်၊ ကားလမ်းတွေ ပိတ်ပြီး ကုန်အဝင် နောက်ကျခဲ့ရင် ဆိုတာမျိုး တွေးထားကြရတာ မဟုတ်လား။
ဒီလောက်ဆို လူ့ဦးနှောက်ဟာ ဘာကြောင့် အဆိုးဘက်ကို အရင်ဦးစားပေး စဉ်းစားလေ့ ရှိတာလဲ ဆိုတာ နားလည်မယ် ထင်ပါတယ်။
🔳 သို့သော်လည်း အချိန်ပြည့် အဲဒီလိုချည်းပဲ တွေးနေတဲ့အခါ သိပ်ပင်ပန်းလာတယ်။ Survival (ရှင်သန်ရေး) အတွက် အသုံးတည့်ပေမဲ့ ကိုယ့်အခြေအနေက အဲဒီလို ဟုတ်မနေဘူးဆို၊ တခြားအစိတ်အပိုင်းတွေမှာပါ အဲဒီလို လိုက်တွေးနေမယ်ဆို ကြာလာတဲ့အခါ စိတ်ကျန်းမာရေး ထိခိုက်လာနိုင်တယ်။
ဆိုပါတော့၊ မိဘနေမကောင်းဘူး ကြားတာနဲ့ ဆုံးသွားရင် ဘယ်လိုလုပ်မလဲ၊ နောက်ဆုံးအချိန် သူ့နား ငါ မရှိပေးနိုင်ဘူး စသဖြင့် တစ်ဆုံး တွေးပစ်လိုက်ပြီ။ တကယ်က ရိုးရိုးဖျားတာလောက် ဖြစ်နေတာ။ ဒီလောက်ကြီး ကြီးကြီးမားမား မဟုတ်ဘူး။ ကိုယ်ကတော့ ဒီကာလအတွင်း သူများမိဘတွေ ဆုံးသွားတာနဲ့ ချိန်ထိုးပြီး အဆိုးဘက်ကို တွေးမိနေပြီ။
ဒီအခါ ဘာမဟုတ်တာလေးနဲ့လည်း ကိုယ့်မှာ စိုးရိမ်နေရလိမ့်မယ်။ ပူလောင်နေရလိမ့်မယ်။
🔳 အလုပ်မှာ ပြဿနာတစ်ခုခု ဖြစ်လိုက်ရင်လည်း ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ ကိစ္စကြီးအဖြစ် မြင်ပစ်လိုက်ပြီ။ အဆင်မပြေတာ ကြုံရင် ကမ္ဘာကြီး ပျက်သွားတော့မလိုတွေ တွေးနေလိုက်ပြီ။
Relationship မှာဆိုလည်း လူတိုင်းကို ယုံနေတာ မကောင်းသလို၊ ဘယ်သူ့ကိုမှ မယုံကြည်နိုင်တာကလည်း မကောင်းဘူး။ နောက်ကျောလုံစေတဲ့ လူအနည်းငယ်လောက်တော့ ကိုယ့်ဘဝမှာ ရှိရတယ်။ လူတိုင်းက သစ္စာဖောက်သွားနိုင်တယ် ဆိုပြီး သံသယ အမြဲဖြစ်နေရင် ကိုယ်ပျော်ရွှင်ရမှာ မဟုတ်ဘူး။
ဒါကြောင့် သူ့အလိုလိုကိုက အဆိုးဘက် တွေးတတ်တဲ့ ဦးနှောက်ကို အကောင်းဘက် တွေးတတ်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ပြောမယ်ဆို အဆိုးမြင်တတ်ဖို့က တကူးတက အားထုတ်စရာ မလိုဘူး။ အကောင်းဘက် တွေးတတ်ဖို့သာ အားထုတ်ရမှာ ဖြစ်ပါတယ်။
🔳 ဒါဖြင့် အရာရာကို အကောင်းမြင်ပြီး စိတ်ပျော်စရာတွေပဲ တွေးနေရမှာလား။ ဒီလိုဆို ကိုယ့်ကိုယ်ကိုယ် ညာရာ၊ ပြဿနာတွေကနေ ရှောင်ပုန်းရာရော မရောက်ဘူးလား မေးစရာ ရှိလာပြန်တယ်။
ကိုယ့်မှာ အရည်အချင်း အားနည်းလို့ အလုပ်ပြုတ်သွားတာကို This too shall pass လုပ်နေရုံနဲ့တော့ အလုပ်သစ်က ရမလာဘူးလေ။ ကြပ်တည်းနေတဲ့ စီးပွားရေးက ပြေလည်မလာဘူးလေ။
Reality ဆိုတဲ့ အရှိတရားကိုတော့ ဘယ်တော့မှ လျစ်လျူရှုလို့ မရဘူး။
🔳 သို့သော် အပျက်ဘက် ရောက်နေတဲ့ အတွေးတွေကို Balance လုပ်ဖို့အတွက်တော့ အကောင်းတွေကို တွေးတောဖို့၊ မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။
- ငါ အသုံးမကျဘူး၊ အလုပ်လည်း မရှိဘူး၊ ဝင်ငွေလည်း မရှာနိုင်ဘူး တွေးမဲ့အစား ငါ့ယုံကြည်ချက်အတိုင်း ခိုင်ခိုင်မာမာ နေနိုင်တာ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းသလဲ တွေးတာမျိုး၊
- နေမကောင်းဖြစ်နေတဲ့ မိဘများ ဆုံးသွားခဲ့ရင်လို့ ပူပန်နေမဲ့အစား သူ့ကို အဝေးကနေ ကိုယ်ဘယ်လို စောင့်ရှောက်မှု ပေးမလဲ စဉ်းစားကြည့်တာမျိုး၊
- ဘဝကြီးက စုတ်ပြတ်သတ်နေတာပဲလို့ မြင်နေမဲ့အစား ကိုယ့်မှာ ရှိနေသေးတဲ့ အရာတွေအတွက် ကျေးဇူးတင်တာမျိုး အစရှိသဖြင့် လုပ်ဆောင်ပြီး ဟန်ချက်ကို ပြန်ထိန်းပေးဖို့ လိုပါလိမ့်မယ်။
🔳 ဘဝမှာ လှေနံဓါးထစ် အဖြေမျိုး မရှိပါဘူး။ အဆိုးမြင်ဖို့ လိုတဲ့အခါ မြင်ရတယ်။ အကောင်းမြင်စိတ် မွေးပြီး မျှော်လင့်ချက်တွေ ရှိနေအောင်၊ ခွန်အားရှိနေအောင် ကြိုးစားသင့်တဲ့အခါလည်း ကြိုးစားရတယ်။
အဓိကက ကိုယ်ရှင်သန်နေရတဲ့ အခြေအနေနဲ့ ကိုယ့်စိတ်ကျန်းမာရေးပေါ် မူတည်ပြီး အသုံးချနိုင်ဖို့ပဲ။
🔳 ကျွန်တော့်စာတွေထဲ မကြာခဏ ထည့်ရေးနေကျ "သ" နှစ်လုံးကတော့ မဖြစ်မနေ လိုအပ်မယ်။
သတိနဲ့၊ သဘာဝတရားတွေကို အမြဲဆင်ခြင်နေဖို့ ဖြစ်ပါတယ်။
🔳 Mindfulness အားနည်းရင် အဆိုးတွေချည်း အမြဲတွေးမိနေတတ်တယ်။ ဒါကို ဆင်ခြင်နိုင်ဖို့က သတိလိုတယ်။ Survival အတွက်၊ ကိုယ့်ရဲ့ Business အတွက် အဆိုးဆုံးကို အမြဲတွေးထားဖို့ လိုတယ်ဆိုရင်တောင် အဲဒါက ပူပန်စိတ် မွေးခိုင်းတာ မဟုတ်ဘူး ဆိုတာတော့ ကွဲပြားစေချင်တယ်။
လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု ဘာတွေလုပ်ရမလဲ။ လုပ်မယ်။ မဖြစ်နိုင်လောက်ဘူး ဆိုပြီးလည်း ပေ့ါမနေဘူး၊ ကျိန်းသေပေါက် ဖြစ်လာမှာပဲ ဆိုပြီးလည်း ပူပန်မနေဘူး။။ မဇ္ဈိမ ပဋိပဒါ ဆိုတာ အဲဒါပြောတာ။ ငါ့ဘက်က လုပ်သင့်တာ အကုန်လုပ်ပြီးပြီ၊ ကျန်တာတော့ ဖြစ်လာမှ ရင်ဆိုင်တာပေါ့၊ ဒီလိုတွေးလိုက်ရင် ပူပန်တာ နည်းနည်းလေး သက်သာသွားတယ်။
မနက်ဖြန် ပွဲတစ်ခုရှိတယ်။ မီးပြတ်သွားရင် ဘယ်လိုလုပ်မလဲ တွေးကို တွေးထားရမယ်။ အဲဒီအတွက် ကြိုပြင်ဆင်ရမယ်။ သို့သော်လည်း မနက်ဖြန် မီးပြတ်ရင်တော့ ဒုက္ခပဲ ဆိုပြီး ညလုံးပေါက် အိပ်မပျော်နိုင်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့။
🔳 နောက်တစ်ချက်က သဘာဝတရားတွေကို အမြဲဆင်ခြင်နေဖို့ပါ။
မိဘက အခုတစ်ခေါက် ဖျားတာသာ ရိုးရိုးဖျားတာ ဖြစ်ပေမဲ့ နောက်တစ်ခါကျ ကြီးကြီးမားမား ဖြစ်ရင်ဖြစ်သွားနိုင်တယ်။ ညနေကမှ အကောင်းကြီး၊ ဖုန်းတောင် ပြောနေသေးတာ၊ ညလည်းကျရော ရုတ်တရက် နှလုံးသွေးကြောပိတ်ပြီး ဆုံးသွားတာတွေတောင် ရှိတယ်။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဆိုသလိုပေါ့။
ဒါကြောင့် တစ်ချိန်ကျ ပြန်ဆုံကြမယ် ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ထား။ လူတွေ ဆုံစည်းခြင်းရဲ့ အဆုံးသတ်ကိုက ခွဲခွာခြင်းဖြစ်တယ် ဆိုတာလည်း မေ့လျော့မထားနဲ့။
ဒီလိုဆို မပြောကောင်း မဆိုကောင်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရပြီ ဆိုတဲ့အခါ အနည်းငယ် သက်သာရာ ရလိမ့်မယ်။
🔳 ဗုဒ္ဓအဆုံးအမ၊ ဗုဒ္ဓဝါဒကို လိုတိုရှင်း ပြောပါဆို “ဘဝရဲ့ ဆင်းရဲဒုက္ခ မှန်သမျှဟာ တွယ်ငြိခြင်းကြောင့် ဖြစ်ရတယ်” ဆိုတာပဲ။ ပုထုဇဉ်တွေမို့ တွယ်ငြိခြင်းတွေ ဘာမှ မရှိတော့ဖို့ကတော့ မလွယ်ဘူး။ သို့သော် တွယ်ငြိမှု များလေလေ၊ ပူလောင်မှု များလေလေပဲ ဆိုတာကို အမြဲနှလုံးသွင်းထားရမယ်။ စွဲလမ်းမှုတွေကို တတ်နိုင်သမျှ လျှော့ချရမယ်။ အဲဒီအတွက် သဘာဝတရားတွေကို ဆင်ခြင်နေဖို့ လိုပါတယ်။
ဒါကျ အဆိုးဘက်က တွေးတာ မဟုတ်တော့ဘဲ Reality ကို မေ့လျော့မသွားအောင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သတိပေးနေခြင်းမျိုးပါပဲ။
🔳 ပထမ သ - သတိက Concentration ဆိုရင် ဒုတိယ သ - သဘာဝတရားတွေကို ဆင်ခြင်ခြင်းကိုတော့ Contemplation လို့ ခေါ်တယ်။ ဒီနှစ်ခုကို အလျဉ်းသင့်သလို အားထုတ်မယ်ဆို ဘဝမှာ ကြုံနေရတဲ့ အခက်အခဲတွေကို အရင်ထက် ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်လာပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၃၁.၁၀.၂၀၂၃
Photo credit - Pixabay