LeadershipTalk

  • Home
  • LeadershipTalk

LeadershipTalk လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု

Lifestyle Finance (74/90): Investment - ငွေကြေးလွတ်လပ်မှုကို ရရှိစေနိုင်မယ့် ခိုင်မာတဲ့ ဗျူဟာ တချို့ အပိုင်း ၁ငွေကြေးလွတ...
03/09/2025

Lifestyle Finance (74/90): Investment - ငွေကြေးလွတ်လပ်မှုကို ရရှိစေနိုင်မယ့် ခိုင်မာတဲ့ ဗျူဟာ တချို့

အပိုင်း ၁

ငွေကြေးလွတ်လပ်မှုဆိုတာ လူတိုင်းလိုချင်တဲ့ အိမ်မက်တစ်ခုပဲဖြစ်ပါတယ်။ ငွေကြေးလွတ်လပ်မှု ရသွားသူတစ်ယောက်ဟာ လကုန်မှရမယ့် လုပ်ခလစာကို မျှော်ကိုးနေစရာမလိုတော့သလို တစ်ဦးတစ်ယောက်ရဲ့ မျက်နှာကိုကြည့်ပြီးလည်း မလိုတော့ပါဘူး။ သားသမီးတွေရဲ့ ပညာရေး စာရိတ်အတွက် စိုးရိမ်စရာမလို တော့သလို အသက်ကြီးလို့ ပင်စင်ယူချင်ချိန် သုံးရမယ့်ပိုက်ဆံ အတွက်လည်း ပူစရာမရှိတော့ပါဘူး။ ငွေကြေးလွတ်လပ်မှုရရှိသူတစ်ယောက်ဟာ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ပုံစံနဲ့ သက်တောက်သက်သာ လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်တဲ့ ဘဝကို ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီလို Financial freedomကို ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုနည်းလမ်းတွေကို ဆက်လေ့လာကြည့်ကြရ အောင်။

၁။ ရင်းနှီးမြုပ်နှံမှု၏ အခြေခံစည်းမျဥ်းများ

ရင်းနှီးမြုပ်နှံမှုဟာ ကစားပွဲတစ်ခုနဲ့နှိင်းယှဥ်ကြည့်မယ်ဆိုရင် ဒီကစားပွဲမှာ အနိုင်ရဖို့အတွက် ကစားပွဲရဲ့ စည်းကမ်းချက်တွေကို အရင်နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ငွေကစားပွဲကို ကြောက်လို့ဆိုပြီး ဘေးထွက်ထိုင်ရင်တော့ သေချာပေါက် ရှုံးပါလိမ့်မယ်။ လူအများစု စတော့ရှယ်ယာဈေးကွက်ထဲကို မဝင်ရဲကြတာလည်း ပိုက်ဆံဆုံးရှုံးမှာကို ကြောက်ကြလို့ပဲဖြစ်ပါတယ်။ တချို့ကျပြန်တော့လဲ ဈေးနည်းနည်းလေးကျလာတာနဲ့ ထိတ်ထိတ်ပြာပြာဖြစ်ပြီး ဈေးကွက်ထဲကနေ ပြန်ထွက်သွားကြ တတ်ပါတယ်။

ဥပမာ -

ဦးကံကောင်း၊ ဦးကံဆိုး နှင့် ဦးရပ်ကြည့်
ဒေါ်ကံကောင်းနှင့် ဦးကံဆိုးတို့တွေဟာ ရင်းနှီးမြုပ်နှံသူတွေဖြစ်ကြပြီး ဦးရပ်ကြည့်ကတော့ သူ့နာမည်အတိုင်း ဈေးကွက်ထဲ ဝင်မကစားဘဲ ရပ်ကြည့်နေသူဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူ ၂ ယောက်စလုံးဟာ ၁၉၉၃ကနေစပြီး တစ်နှစ်ကို $၂၀၀၀နှုန်းနဲ့ နှစ်ပေါင်း ၂၀တိတိ ရင်းနှီးမြုပ်နှံမှုလုပ်ခဲ့ကြပါတယ်။ သူတို့ တစ်ယောက်ချင်းစီရဲ့ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုငွေက $၄၀၀၀၀စီဖြစ်ပါတယ်။

(၁) ဦးကံကောင်းဟာ ဈေးကျတဲ့အချိန်တွေမှာပဲ ဈေးသက်သက်သာသာနဲ့ စတော့ရှယ်ယာတွေကို ဝယ်ယူဖြစ်ခဲ့ပြီး နှစ် ၂၀ပြည့်ချိန်မှာ သူရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၈၇၀၀၄ အထိတက်လာခဲ့ပါတယ်။

(၂) ဦးကံဆိုးကတော့ နှစ် ၂၀လုံးလုံး တက်ဈေးတွေချည်းနဲ့ပဲ ဝယ်မိခဲ့တာကြောင့် နှစ် ၂၀ပြည့်တဲ့အချိန်မှာ သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၇၂၄၈၇အထိသာ တက်လာခဲ့ပါတယ်။

အဆိုးဆုံးကတော့

(၃) ဦးရပ်ကြည့်ဟာ စတော့ရှယ်ယာတွေကို ကြောက်လို့ဆိုပြီး နှစ် ၂၀ လုံးလုံး သူ့ပိုက်ဆံ $၄၀၀၀၀ကို ဘဏ်ထဲမှာပဲ သိမ်းထားခဲ့မိပါတယ်။ နှစ် ၂၀ ကြာပြီးတဲ့ နောက်မှာတော့ ဦးရပ် ကြည့်ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၅၁၂၉၁အထိသာ တက်လာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီဥပမာ ၃ခုကို ကြည့်လိုက်မယ်ဆိုရင် နှစ် ၂၀ လုံးလုံး တက်ဈေးမိခဲ့တဲ့ ဦးကံဆိုးတောင်မှ ဘေးကရပ် ကြည့်နေတဲ့ ဦးရပ်ကြည့်ရဲ့ ပိုင်ဆိုင်မှုထက် ပိုများနေတာ တွေ့ရမှာဖြစ်ပါတယ်။ စတော့ဈေးကွက်ဟာ ဈေးနှုန်းအတက်အကျရှိတယ်ဆိုပေမယ့် ရေရှည်မှာတော့ အတက်ဘက်ကိုပဲ ဦးတည်လေ့ရှိပါတယ်။ ဒါကြောင့် စတော့ဈေးကွက်မှာ အဓိကကျတဲ့အချက်တစ်ခုက ဈေးကွက်ထဲမှာကြာကြာနေနိုင်ဖို့ဖြစ်ပါ တယ်။ ဈေးနည်းနည်းကျတာနဲ့ လက်ထဲရှိသမျှအကုန်ရောင်းပြီး ဈေးကွက်ထဲက ထွက်ပြေးမယ်ဆိုရင် တော့ အမြတ်အစွန်းရရှိနိုင်မှာ မဟုတ်ပါဘူး။

ဈေးကျနေတဲ့ Bear market ကာလမှာ ကြောက်လန့်ပြီး ကိုယ့်ရှယ်ယာတွေကို အောက်ဈေးနဲ့ ထုတ် ရောင်းခဲ့မယ်ဆိုရင် ဈေးပြန်တက်တဲ့ Bull marketအချိန်နဲ့ လွဲသွားပါလိမ့်မယ်။ ဈေးပြန်ကောင်းတဲ့ အချိန်မှာ အမြတ်များများရနိုင်မယ့် ရောင်းစရာတွေ ကိုယ့်မှာဘာမှ ကျန်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာ financial freedomလိုချင်တယ်ဆိုရင်တော့ ရင်းနှီးမြုပ်နှံမှုဆိုတဲ့ ကစားပွဲကို ဘေးကနေ ရပ်မကြည့်ဖို့နဲ့ အချိန်မတိုင်ခင် ထွက်မပြေးမိဖို့ အရေးကြီးတယ်လို့ Tony Robbinsက ဆိုထားပါတယ်။

အားလုံး ဘေးကင်း အောင်မြင်ကြပါစေ။
မေတ္တာဖြင့်
ထန်းအွမ်
၃ ၊ ၉ ၊ ၂၀၂၅

“Fear when everybody is greedy, Be greedy when everybody is fearful” Warren Buffet

Ref: The Unshakable by Tony Robbins

30/08/2025

Lifestyle Finance (73/90): Investment - အန္တရာယ်များတဲ့ ငွေကြေး ကစားပွဲ

အပိုင်း ၄

၄။ ရင်းနှီးမြှုပ်နှံမှုများကို ခွဲဝေနေရာချထားခြင်း။
ရင်းနှီးမြုပ်နှံမှုမှာ ဥအားလုံးကို ခြင်းတစ်လုံးထဲမှာ စုပုံပြီးမထည့်နဲ့လို့ ပြောစမှတ်ရှိကြပါတယ်။

ဥပမာ
မိတ်ဆွေအနေနဲ့ မမျှော်လင့်ဘဲ ဒေါ်လာ ၁ သိန်းလောက် အမွေရမယ်ဆိုရင် အဲဒီပိုက်ဆံတွေကို တစ်နရာတည်းမှာ အကုန်ပုံပြီး ရင်းနှီးမြုပ်နှံမှုလုပ်မလား။ မတူညီတဲ့ နေရာအသီးသီးမှာ ခွဲဝေပြီးရင်းနှီး မြုပ်နှံမလား။ ကိုယ့်ကိုယ့်ကိုယ် ပြန်မေးကြည့်ပါ။ သေချာစဥ်းစားကြည့်ပါ။
ရင်းနှီးမြုပ်နှံမှုမှာ အရေးအကြီးဆုံးက ကိုယ့်မှာ ရှိသမျှ အကုန်ပြောင်မသွားဖို့ဖြစ်တယ်လို့ Tony Robbinsက ဆိုထားပါတယ်။ အောင်မြင်တဲ့ ရင်းနှီးမြုပ်နှံသူတွေဟာ တစ်နေရာတည်းမှာ အကုန်ပုံ အောပြီး ရင်းနှီးမြုပ်နှံမှုမျိုးမလုပ်ဘဲ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နေရာစုံမှာ ဖြန့်ကျက်ထားလေ့ရှိကြ ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် တစ်နေရာရာမှာ အရှုံးပေါ်ခဲ့ရင်တောင် ကျန်နေရာတွေကပြန်ရတဲ့ အမြတ်နဲ့ အရှုံးကိုကာမိမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

ဥပမာ - စတော့ရှယ်ယာဈေးတွေကျနေချိန်မှာ ရွှေဈေးတက်လေ့ရှိ တာမျိုး ပေါ့။

Tony Robbins အကြံပြုထားတဲ့ ရင်းနှီးမြုပ်နှံမှု ပုံစံ
Tony Robbins ကတော့ ကိုယ့်ရဲ့ ရင်းနှီးမြုပ်နှံမှုကို ခြင်း ၃ခြင်းထဲမှာ ခွဲထည့်တဲ့စနစ်နဲ့ လုပ်သင့်တယ် လို့ ဆိုထားပါတယ်။

(၁) Security Bucketဆိုတာ အမြတ်နည်းပေမယ့် စိတ်ချရတဲ့ ရင်းနှီးမြုပ်နှံမှု ပုံစံမျိုးဖြစ်ပါတယ်။ ဥပမာ - အစိုးရငွေတိုက်စာချုပ်၊ ပင်စင်စုငွေ၊ Annuityလို့ခေါ်တဲ့ အာမခံစုငွေတို့ ပါဝင်ပါတယ်။

(၂) Growth Bucketဆိုတာ စွန့်စားမှုနည်းနည်းလုပ်ရပြီး အမြတ်လည်းများနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုး တွေဖြစ်ပါတယ်။ ဥပမာ - စတော့ရှယ်ယာတွေ၊ အိမ်ခြံမြေတွေ၊ ရွှေ၊ ငွေ စတဲ့ ကုန်ပစ္စည်းသိုလှောင် မှုတွေ၊ နိုင်ငံခြားငွေ ဝယ်ယူစုဆောင်းမှုတွေ စသည်တို့ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီပုံးထဲမှာ ထည့်ထားတဲ့ ရင်းနှီးမြုပ်နှံမှုတွေကတော့ အဆုံးခံနိုင်တဲ့ ပမာဏဖြစ်ဖို့တော့ လိုတယ်လို့ဆိုထားပါတယ်။

(၃) နောက်ဆုံးပုံးကတော့ Dream Bucketဖြစ်ပါတယ်။ ဒီထဲမှာတော့ ရှေ့နှစ်ပုံးက ရလာတဲ့ အကျိုး အမြတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို ပေါင်းထည့်ပြီး ကိုယ်သုံးချင်တဲ့နေရာတွေမှာ အသုံးပြုဖို့ဖြစ်ပါ တယ်။ ဒီပုံးဟာ ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖေါ်မယ့် အသုံးစားရိတ်ပုံးလို့လည်းခေါ်ပါ တယ်။

ဒီပုံး ၃ ခုထဲမှာ တစ်ပုံးကို ငွေပမာဏ ဘယ်လောက်ထည့်မလဲဆိုတာကတော့ ကိုယ်ရောက်နေတဲ့ အသက်အရွယ် အပိုင်းအခြားအပေါ်မှာ မူတည်ပါတယ်။ ပညာရှင်တွေကတော့ Security ပုံးထဲမှာ ကိုယ့်အသက်နဲ့ တူညီတဲ့ ရင်းနှီးမြုပ်နှံမှု ရာခိုင်နှုန်းကို ထည့်သွင်းဖို့ အကြံပေးထားကြပါတယ်။ ဥပမာ - ကိုယ့်အသက်က ၄၀ဆိုရင် ကိုယ့်ရင်းနှီးမြုပ်နှံမှုအားလုံးရဲ့ ၄၀%ကို Security ပုံးထဲကို ထည့်ဖို့၊ အသက် ၆၀ဆိုရင်တော့ ၆၀%ကို ထည့်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်ငယ်တုန်းမှာဆို ဆုံးရှုံးသွားရင်တောင် ဆုံးရှုံးသွားတဲ့ငွေကို ပြန်ရှာဖို့ အချိန်ရနိုင်သေးလို့ဖြစ်ပါတယ်။ အသက်ကြီးလာရင်တော့ ဆုံးရှုံး နိုင်ချေနည်းပြီး စိတ်ချရတဲ့ လမ်းကြောင်းကို ရွေးချယ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ရင်းနှီးမြုပ်နှံမှု သူဌေးကြီး ၂ ယောက်ရဲ့ ဖြန့်ကျက်ရင်းနှီးမြုပ်နှံမှု ပုံစံ

(၁) Warren Buffet

ရင်းနှီးမြုပ်နှံမှုလောကရဲ့ နတ်ဘုရားလို့တောင် တင်စားခံရတဲ့ Warren Buffetက ကိုယ့် ရင်းနှီးမြုပ်နှံမှုရဲ့ ၁၀%ကို အစိုးရရဲ့ Short term bond (ရေတိုငွေချေးစာချုပ်) တွေမှာ ရင်းနှီးမြုပ်နှံသင့်ပြီး ကျန် ၉၀%ကိုတော့ ဈေးသက်သာတဲ့ ကုမ္ပဏီတွေဆီ ကနေ S&P 500 index fund တွေ ဝယ်ယူသင့်တယ် လို့ အကြံပြုထားပါတယ်။
စဥ် ရင်းနှီးမြုပ်နှံမှုအမျိုးအစား အချိုးအစား
၁ - ရေတို ငွေချေးစာချုပ် (short term bond) ၁၀%
၂ - S&P 500 index fund (stock) ၉၀%

(၂) Ray Dalio

Ray Dalioကတော့ ရင်းနှီးမြုပ်နှံမှုတိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ ရာသီတွေရှိကြတယ်လို့ ဆိုပါတယ်။ တချို့ရင်းနှီးမြုပ်နှံမှုတွေ တန်ဖိုးကျသွားတဲ့အချိန်မှာ ကျန်ရင်းနှီးမြုပ်နှံမှုတွေ ဈေးတက်လေ့ရှိတယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လိုအချိန်အခါ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရင်းနှီး မြုပ်နှံမှုကနေ တစ်နှစ်ပတ်လုံး အမြတ်ရနေအောင် ချိန်ညှိတတ်ဖို့ အရေးကြီးတယ်လို့ ဆိုထားပါတယ်။ ရာသီတိုင်းမှာ အမြတ်ရနိုင်မယ့် သူ့ရင်းနှီးမြုပ်နှံမှု နည်းဗျူဟာကို All Seasons Strategyလို့ ခေါ်ဝေါ် သုံးနှုန်းထားပါတယ်။

All seasons strategyကို အသုံးပြုတဲ့ Ray Dalioရဲ့ ရင်းနှီးမြုပ်နှံမှု ပုံစံမှာ အပိုင်း ၅ ပိုင်းပါဝင်ပါတယ်။
စဥ် ပိုင်ဆိုင်မှု အမျိုးအစားများ အချိုးအစား
၁ - အမေရိကန်အစိုးရရဲ့ long term bond (20-25yrs) ၄၀%
၂ - စတော့ ရှယ်ယာ ၃၀%
၃ - အမေရိကန်အစိုးရရဲ့ intermediate term bond (7-10 yrs) ၁၅%
၄ - ရွှေ ၁၅%
၅ - အခြားကုန်ပစ္စည်းသိုလှောင်မှု ၁၅%

ဒီလိုဖြန့်ကျက်ရင်းနှီးရတဲ့ အဓိကအကြောင်းရင်းကတော့ တကယ်လို့ ဒီရင်းနှီးမြုပ်နှံမှုတွေထဲက တစ်ခုခု ဈေးအရမ်းကောင်းနေတယ်ဆိုရင် အဲဒီပိုင်ဆိုင်မှုရဲ့ တစ်ချို့တစ်ဝက်ကို ပြန်ရောင်းချပြီး ဈေးပြန်ငြိမ် သွားတဲ့အချိန်ကျရင် နဂိုပမာဏ (အချိုးအစား)အတိုင်းဖြစ်အောင် ပြန်ဝယ်ရမယ်လို့ ဆိုထားပါတယ်။ ဒါမျိုးကို တစ်နှစ် တစ်ကြိမ်လောက်တော့ အနည်းဆုံးလုပ်သင့်တယ်လို Ray Dalio က အကြံပြုထား ပါတယ်။

ဒီလိုရင်းနှီးမြုပ်နှံမှုဗျူဟာကို အသုံးပြုရင် ဘယ်ရာသီမှာမဆို ရင်းနှီးမြုပ်နှံမှုတွေရဲ့ အစိတ်အပိုင်း တစ်ခုခုကနေ အကျိုးအမြတ်ရနေမှာဖြစ်ပြီး လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်တယ်လို့ စာရေးသူ Tony Robbinsက ထောက်ပြထားပါတယ်။

မေတ္တာဖြင့်
ထန်းအွမ်
၃၀၊ ၈ ၊ ၂၀၂၅

“Rule No 1 – Do not lose Money, Rule No 2 – Never break Rule No 1.”

Ref: Money master the game by Tony Robbins

21/06/2025

Lifestyle Finance (72/90): Investment - အန္တရာယ်များတဲ့ ငွေကြေး ကစားပွဲ

အပိုင်း ၃

၃။ မိမိ စိတ်ကူး အိမ်မက်တွေကို ရွေးချယ်ပါ။

နောင်တစ်ချိန်မှာ ကိုယ်နေချင်တဲ့ လူနေမှုအဆင့်တစ်ခုအတွက် ငွေ ဘယ်လောက်လိုမလဲဆိုတာကို သေချာစဥ်းစားကြည့်ပါ။ မိတ်ဆွေအနေနဲ့ လက်ထဲမှာ ငွေဘယ်လောက်လောက်ရှိရင် တစ်ဘဝလုံး မပူမပန် နေလို့ရမယ်လို့ ထင်ပါသလဲ။ ဒေါ်လာ ၁ သန်းလား၊ ၅ သန်းလား၊ သန်း ၁၀၀လား။ ကိုယ် သတ်မှတ်ထားတဲ့ ပမာဏကို ကိုယ့်မသိစိတ်ထဲမှာပါ စွဲမြဲသွားအောင် ရိုက်သွင်းလိုက်ပါ။ ဒီနေရာမှာ ကိုယ့်အတွက် တကယ်မလိုအပ်မယ့် ကိန်းဂဏန်းအကြီးကြီးတွေကို မသတ်မှတ်မိဖို့ သတိထားရပါ မယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို $36000လောက် သုံးစွဲတယ် လို့ သိရပါတယ်။ ဒါဆို နှစ် ၃၀လောက် ထိုင်စားနိုင်ဖို့အတွက် ဒေါ်လာ ၁ သန်း (One million)လောက် ဆို လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဘဝကို နည်းနည်းလေးပိုပြီး သက်တောင့်သက် သာဖြတ်သန်းချင်တယ်ဆိုရင်တော့ ၁သန်းထက် ပိုတဲ့ ပမာဏကို သတ်မှတ်နိုင်ပါတယ်။

မြန်မာ သာမန်လူလတ်တန်းစားအတွက်ဆိုရင်ကော ဘယ်လောက်လောက်ဆို လုံလောက်မယ်လို့ ထင်ပါသလဲ။ လူတစ်ယောက်ချင်းစီရဲ့ လူနေမှုပုံစံ (Lifestyle)နဲ့ အများပိုဆိုင်ပါလိမ့်မယ်။

Tony Robbins ကတော့ ငွေကြေးအတွက် ပူပန်စရာမလိုတဲ့ financial freedom အတွက် စိတ်ကူး အိမ်မက် အဆင့် ၅ဆင့်ကို မိတ်ဆက်ပေးထားပါတယ်။

(၁) Financial security

Financial securityဆိုတာ ငွေကြေးလုံခြုံမှုလို့ခေါ်တဲ့ အခြေခံစားဝတ်နေရေးအတွက် ပြည့်စုံတဲ့အဆင့် ဖြစ်ပါတယ်။ အိမ်ငှားခ၊ အိမ်မှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ၊ လစဥ်မီးဖိုချောင်အသုံးစားရိတ်၊ ခရီးစားရိတ်၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အာမခံကြေးတို့အတွက် သုံးရမယ့် ငွေကြေးပမာဏကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအရာတွေအားလုံးအတွက် နှစ်စဥ်ပေးရမယ့် ငွေပမာဏ financial security ရဖို့ တစ်နှစ်ကို ငွေဘယ်လောက် လိုမယ်လို ထင်ပါသလဲ။ ဒီအဆင့်မှာ စတင်မယ့်သူတွေအနေနဲ့ ဒါကို အလေးအနက် စဥ်းစားကြည့်ဖို့လိုပါတယ်။ ပြီးရင် ပမာဏ သတ်မှတ်ပါ။

(၂) Financial vitalityဆိုတာ လူတန်းစေ့နေနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။ Financial security မှာဆွေး နွေးခဲ့တဲ့ အခြေခံလိုအပ်ချက်တွေအပြင် နောက်တစ်ဆင့်တက်ပြီး Internet, TV၊ ဝတ်ကောင်းစားလှ တွေ၊ အားကစား နှင့် အပြင်ထွက်ပြီး လည်ပတ်စားသောက်ဖို့အတွက် လိုအပ်တဲ့ အသုံးစားရိတ်တွေကို ဆိုလိုတာဖြစ်ပါ တယ်။

(၃) Financial independenceဆိုတာ အလုပ်မလုပ်တော့ပေမယ့် အလုပ်လုပ်တုန်းကလို အဆင့် အတန်းမျိုးနဲ့ နေနိုင်ခြင်းမျိုးဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင် ကိုယ်ဟာ ငွေရဲ့ ကျေးကျွန် မဟုတ်တော့ဘဲ ငွေကို ခိုင်းစေသူဖြစ်သွားပါပြီ။ အလုပ်မလုပ်ဘဲ ခရီးပဲသွားသွား အိမ်မှာပဲ အိပ်နေနေ အလုပ်လုပ်နေ တုန်းကလိုပဲ ပုံမှန်စားနိုင်သုံးနိုင်တဲ့အဆင့်ဖြစ်ပါတယ်။

(၄) Financial freedomဆိုတာ ငွေကြေးကိစ္စအတွက် ပူပန်နေစရာမလိုတော့ဘဲ လူချမ်းသာတစ် ယောက်လို နေနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ ကိုယ့်စိတ်ကူးထဲမှာ တွေးမိသမျှ အရာတွေအတွက်ထည့် တွက်ပါ။ အိမ်ကြီးအိမ်ကောင်းတွေ၊ ကားအကောင်းစားတွေ၊ အလှူအဒါန်းတွေ၊ ကိုယ်ပိုင်စက်လှေ၊ ငါးဖမ်းသင်္ဘောစတာတွေထည့်တွက်လိုက်ရင် financial freedom ရဖို့ ပိုက်ဆံ ဘယ်လောက်လောက် လိုမလဲဆိုတာ မှန်းနိုင်လာပါလိမ့်မယ်။

(၅) Absolute financial freedomဆိုတာ ကမ္ဘာပေါ်မှာ ကိုယ်လုပ်ချင်သမျှကို လုပ်နိုင်တဲ့အဆင့် ဖြစ်ပါ တယ်။ ကိုယ်ပိုင်လေယာဥ်နဲ့ ကမ္ဘာပတ်တာတို့၊ ဒေါ်လာသန်းချီပြီး အလှူငွေထည့်နိုင်တာတွေပါလာ ပါတယ်။ ဒီအဆင့်ကိုတော့ သာမန်လူတွေအနေနဲ့ မှန်းဆနိုင်ဖို့တောင် သိပ်လွယ်မှာ မဟုတ်ပါဘူး။

အထက်မှာ ဖေါ်ပြခဲ့တဲ့ Lifestyle (Living standard) အဆင့်တွေထဲက ကိုယ်နဲ့ကိုက်ညီမယ့် ၃ခု လောက်ကို ရွေးချယ်ပါလို့ Tony Robbinsက အကြံပြုထားပါတယ်။ ဒီအိမ် မက်တွေကို တကယ်လိုချင်တဲ့ ပြင်းပြတဲ့ ဆန္ဒတော့ရှိရပါမယ်။ အဲဒီဆန္ဒအတိုင်း ငွေကြေးရင်းနှီးမြှုပ်နှံ မှုတွေကို တစ်စိုက်မတ်မတ်လုပ်သွားရပါမယ်။ ဝင်ငွေများများရပြီး များများစုနိုင်မယ့် ကိုယ့်ရဲ့ ကျွမ်း ကျင်မှုတွေကို အမြဲမပြတ်မြှင့်တင်သွားရပါမယ်။ မလိုအပ်တဲ့ အပိုသုံးဖြုန်းမှုတွေ မလုပ်မိအောင်လည်း ကိုယ့်ကိုယ်ကို ထိန်းနိုင်ရပါမယ်။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို တစ်နေ့ လှမ်းကိုင်နိုင်ပါလိမ့် မယ်လို့ Tony Robbinsက ဆိုထားပါတယ်။

မေတ္တာဖြင့်
ထန်းအွမ်
၂၁ ၊ ၆ ၊ ၂၀၂၅
“Rule No 1 – Do not lose Money, Rule No 2 – Never break Nule No 1.”
Ref: Money master the game by Tony Robbins

20/06/2025

Lifestyle Finance (71/90): Investment - အန္တရာယ်များတဲ့ ငွေကြေး ကစားပွဲ

အပိုင်း ၂

၂။ စည်းကမ်းချက်တွေကို နားလည်အောင်လုပ်ပါ။

ရင်းနှီးမြုပ်နှံမှုတွေ စောစောစီးစီးစတင်လုပ်ဆောင်သင့်ပေမယ့် မျက်လုံစုံမှိတ်ပြီး ရမ်းတော့ လုပ်သင့် တဲ့အရာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ ရင်းနှီးမြုပ်နှံမှုဈေးကွက်ဆိုတာ ခုမှစရောက်တဲ့ လူသစ်တွေ အတွက်တော့ အန္တရာယ် သိပ်များတဲ့ တောနက်ကြီးတစ်ခုနဲ့တူပါတယ်။ ငွေကြေးလောကရဲ့ စည်းကမ်း ချက်တွေကို အရင်မလေ့လာဘဲ ကစားပွဲထဲကို ဘယ်တော့မှ ဝင်မကစားပါနဲ့လို့ Tony Robbinsက အလေးအနက် သတိပေးထားပါတယ်။

ငွေကြေးကစားပွဲရဲ့ ထောင်ချောက်တချို့

(၁) Professional တွေကို သတိထားပါ။

ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လာရင် ကျွမ်းကျင်သူတွေကို စီမံခန့်ခွဲခိုင်းရင် အမြတ်ပိုရနိုင်တယ်ဆိုတာ ယုံတမ်းစကားတွေသာဖြစ်ပါတယ်။ Professionalတွေဟာ Mutual fund လို့ခေါ်တဲ့ စုပေါင်းရံပုံငွေ တွေကို စီမံပေးတဲ့ ကုမ္ပဏီကို ဦးစီးတဲ့သူတွေဖြစ်ကြပါတယ်။ ကိုယ့်ပိုက်ဆံတွေကို သူတို့ကြိုက်တဲ့ နေရာမှာ သူတို့ကြိုက်တဲ့ နည်းဗျူဟာတွေနဲ့ ရင်းနှီးမြုပ်နှံကြဖို့ အလုံးစုံပုံအပ်ရတဲ့ စနစ်ဖြစ်ပါတယ်။

တခြားတစ်ဘက်မှာတော့ Index fundဆိုတာရှိပါတယ်။

Index fundဆိုတာ Professionalတွေရဲ့ စီမံခန့်ခွဲမှုမပါဘဲ စတော့ရှယ်ယာဈေးကွက်ရဲ့ အညွှန်းကိန်း (Index)ကို သာအခြေခံပြီး အရောင်းအဝယ်ပြုလုပ်တဲ့ စနစ်ဖြစ်ပါတယ်။ Index fund မှာ S&P 500 index, Rusesell 2000 index, Dow Jone’s index စသည့်အညွှန်းကိန်းတွေ ပါဝင်ပါတယ်။ Mutual fund တွေမှာရင်းနှီးမြုပ်နှံရင် ကိုယ်ရမယ့်အမြတ်ငွေထဲကနေ Professional တွေကို (ဝန်ဆောင်ခ အဖြစ်) ခွဲပေးရတဲ့ ကုန်ကျစားရိတ်တွေ များတဲ့အတွက် ရင်းနှီးမြုပ်နှံသူအတွက် အသားတင် အမြတ် ငွေနည်းသွားတာဖြစ်ပါတယ်။

ဥပမာ

Mutual Fund မှာ ရင်းနှီးမြုပ်နှံရင် တစ်နှစ်ကို ကုန်ကျစားရိတ် ၃.၁၇%လောက် ပေးရပြီး Index fundတွေမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် တစ်နှစ်ကို ၀.၁၄%လောက်သာ ကုန်ကျမှာဖြစ်ပါတယ်။ ဒါ့အပြင် Mutual fundတွေထဲက ၉၆%လောက်ဟာလဲ သာမန်စွမ်းဆောင်ရည်အောက် နိမ့်ကျနေတတပါတယ်။ အခွန်ပေးရတဲ့ နှုန်းထားကလည်း ပိုများနေတတ်ပါတယ်။ Professionalတွေက အမြတ်ငွေ ဘယ် လောက်ပင်များအောင် ရှာပေးနိုင်ကြပါစေ အထွေထွေကုန်ကျစားရိတ်တွေ အားလုံးထည့်ပေါင်းလိုက် တဲ့ အချိန်မှာတော့ ရင်းနှီးမြုပ်နှံသူတွေအတွက် အသားတင်အမြတ်ငွေက ဘယ်လောက်မှ ကျန်နေမှာ မဟုတ်ပါဘူး။

S&P 500 index ဆိုတာ Apple, Google, Amazon အစရှိတဲ့ အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီ ၅၀၀ရဲ့ စတော့ရှယ်ယာတွေရဲ့ အညွှန်းကိန်းဖြစ်ပြီး ကုမ္ပဏီတစ်ခုချင်းစီရဲ့ ရှယ်ယာတွေကို လိုက်ဝယ်နေစရာ မလိုဘဲ ကုမ္ပဏီ ၅၀၀လုံးမှာ တစ်ပြိုင်နက်တည်း ရင်းနှီးမြုပ်နှံနိုင်တဲ့ ရှယ်ယာမျိုးဖြစ်ပါတယ်။ S&P 500 index fund တစ်ခုကို ပိုင်ဆိုင်လိုက်ပြီဆိုရင်ပဲ ကိုယ်ဟာ အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံနိုင်တဲ့ သူတစ်ယောက်ဖြစ်သွားပါပြီ။

(၂) Stock Broker တွေကို အယုံမလွယ်ပါနဲ့။

ပွဲစားတွေဆိုတာ ကိုယ်ဝယ်တဲ့ ငွေပမာဏအပေါ် မူတည်ပြီး ကော်မရှင် ရကြတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အကျိုးစီးပွားထက် သူတို့ ပွဲခများများရဖို့ပဲ ဦးစားပေးလုပ်ဆောင်တတ်ကြပါတယ်။ ဒါကြောင့် ပွဲစားတွေကို အသုံးပြုမယ့်အစား တရားဝင်လိုင်စင်ကိုင်ထားတဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကြံပေးနှင့် စီမံခန့်ခွဲသူ (fiduciaries)တွေကိုသာ အသုံးပြုသင့်တယ်လို့ စာရေးသူက အကြံပြုထားပါတယ်။

(၃) 401 (k)လို့ခေါ်တဲ့ ပင်စင်စုငွေကိုချည်းပဲ အားမကိုးပါနဲ့။

လစဥ်ဝင်ငွေရဲ့ ၃%လောက်သာ စုထားတဲ့ ပင်စင်စုငွေဟာ နှစ် ၃၀လောက် ထိုင်စားနိုင်မယ့် Money machine တစ်ခုကို တည်ဆောက်ဖို့ မလုံလောက်တဲ့အပြင် financial freedom လို့ခေါ်တဲ့ ငွေကြေးလွတ်လပ်မှုကိုလဲ ရရှိစေနိုင်မှာ မဟုတ်ပါဘူးလို့ Tony Robbins သတိပေးထားပါတယ်။

(၄) Annuity လို့ခေါ်တဲ့ အာမခံစုငွေတွေကို အထင်မသေးပါနဲ့။

Annuity ဆိုတာ အလုပ်လုပ်နိုင်တဲ့အချိန်မှာ အာမခံကုမ္ပဏီကို ပုံမှန်ပေးသွင်းထားပြီး အလုပ်မလုပ်နိုင် တော့တဲ့အချိန်မှာ ကိုယ့်နဂိုလစာအတိုင်း ရာသက်ပန် ထောက်ပံ့ကြေးရမယ့် အာမခံစနစ် တစ်မျိုးဖြစ် ပါတယ်။ Annuity အတွက် သွင်းရမယ့် ပိုက်ဆံပမာဏနဲ့ အချိန်ကာလကတော့ ကိုယ်ယူထားတဲ့ Plan အပေါ်မှာ မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

(၅) များများစွန့်စားမှ များများရမယ်ဆိုတဲ့ အယူအဆကို မယုံပါနဲ့

တစ်နည်းပြောရရင် လောဘကြီးပြီး ဖြတ်လမ်းမလိုက်ပါနဲ့။ အောင်မြင်တဲ့ ရင်းနှီးမြုပ်နှံသူတွေမှာ စည်းကမ်းချက် နှစ်ခုရှိပါတယ်။

(၁) ပထမ စည်းမျဥ်းက ငွေမဆုံးရှုံးဖို့နဲ့

(၂) ဒုတိယ စည်းကမ်းချက်က ပထမစည်းမျဥ်းကို မချိုးဖေါက်ဖို့ပဲ ဖြစ်ပါတယ်။

ဥပမာ
ကမ္ဘာ့ထိပ်တန်း ရင်းနှီး မြုပ်နှံသူတွေဖြစ်ကြတဲ့ Ray Dalio နဲ့ Paul Tudor Jonesတို့လို ဘီလျံနာတွေကလည်း စွန့်စားရမှုနည်းပြီး အမြတ်များများရမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုသာ ရွေးချယ် လုပ်ကိုင်လေ့ရှိ ကြတာကို တွေ့ရပါတယ်။

အားလုံး ဘေးကင်း အောင်မြင်ကြပါစေ။

မေတ္တာဖြင့်
ထန်းအွမ်
၂၀ ၊ ၆ ၊ ၂၀၂၅

“Rule No 1 – Do not lose Money, Rule No 2 – Never break Nule No 1.”

Ref: Money master the game by Tony Robbins

19/06/2025

Lifestyle Finance (70/90): Investment - ငွေကြေး ကစားပွဲ
အပိုင်း ၁

တချို့လူတွေက ငွေဆိုတဲ့ အသုံးအနှုန်းကို ရိုင်းစိုင်းတဲ့ စကားလုံးလို့ ယူဆတတ်ကြပေမယ့် စာရေးသူ Tony Robinns ကတော့ ငွေဆိုတာ ကစားပွဲ (Game) တစ်ခုနဲ့ တူတယ်လို့ ဆိုထားပါတယ်။ ဘဝမှာ ငွေဆိုတာ အရေးအကြီးဆုံးလို့ ပြောလို့မရပေမယ့် ကောင်းမွန်တဲ့ ဘဝတစ်ခုဖြတ်သန်းနိုင်ဖို့အတွက် တော့ ငွေမရှိ လို့ မဖြစ်ပါဘူး။ ငွေဆိုတာ လူ့လောကရဲ့ တန်ခိုးစွမ်းအားလို့တောင် ခေါ်နိုင်ပါတယ်။ တချို့လူတွေက ငွေဆိုတဲ့ ကစားပွဲကို နိုင်အောင် ကစားနိုင်ကြပြီး တချို့ကျတော့ ရှုံးနိမ့်သွားတာတတ် ကြပါတယ်။

ဒါဆိုရင် ငွေဆိုတဲ့ ကစားပွဲကို နိုင်အောင် ဘယ်လိုကစားကြမလဲ။

၁။ စောစောစီးစီး ရင်းနှီးမြုပ်နှံပါ။

Money Game မှာ အနိုင်ရချင်တယ်ဆိုရင် ကိုယ့်မှာရှိတဲ့ငွေကြေးတွေကို အလုပ်လုပ်ခိုင်းတတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ကိုယ့်ငွေက ကိုယ့်ထက်အလုပ်ကြိုးစားရမှာဖြစ်ပြီး ကိုယ်အိပ်နေတဲ့အချိန် မှာလည်း ငွေက အလုပ်လုပ်နေရမှာဖြစ်ပါတယ်။ တကယ်အလုပ်လုပ်တဲ့ငွေဟာ ပမာဏနည်းရင် တောင် အချိန်ကြာလာရင် အဆပေါင်းများစွာတိုးပွားနိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ ငွေကြေးရဲ့ စစ်မှန် တဲ့ စွမ်းအားကို ဖွင့်ထုတ်နိုင်တဲ့ နည်းလမ်းကတော့ ကိုယ့်ကိုယ်ကိုယ် စားသုံးသူအဆင့်ကနေ ရင်းနှီးမြုပ် နှံသူ ဖြစ်လာအောင် လေ့လာသင်ယူခြင်းပဲဖြစ်ပါတယ်။ Investor အဆင့်ရောက်ပြီဆိုရင်တော့ ငွေထုတ် စက်တစ်ခုကို တည်ဆောက်နိုင်တဲ့ အဆင့်ကိုရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ အချိန်ကုန်ခံပြီးအလုပ်လုပ်မှ ပိုက်ဆံရမယ်ဆိုတဲ့ အလုပ်မျိုးဟာ ကိုယ့်အချိန်ကို ငွေနဲ့ လဲယူနေခြင်းသာ ဖြစ်ပါတယ်။ ဒီလို လဲလှယ်မှုဟာ ဘဝမှာ အဆိုးရွားဆုံး လဲလှယ်မှုဖြစ်တယ်လို့ Tony Robbins ဆိုပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေဆိုတာ ထပ်ရှာလို့ ရနိုင်ပေမယ့် အချိန်ဆိုတာ ထပ်ရှာမရတဲ့ အရာဖြစ် နေလို့ပါပဲ။ ငွေကို အချိန်နဲ့ လဲယူနေသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ပါတယ်။

စစ်တမ်းတွေအရ တိုးတက်ပြီးနိုင်ငံတွေမှာ လူတစ်ယောက်ဟာ အသက် ၉၂နှစ်ထိ နေရနိုင်ချေ ၅၀% ရှိပြီး ၉၇နှစ်အထိ နေရနိုင်ချေက ၂၅%အထိရှိတယ်လို့ သိရပါတယ်။ ဆိုလိုတာက အသက် ၆၅နှစ်မှာ ပိုက်ဆံရတဲ့ အလုပ်ကအနားယူမယ်ဆိုရင် နောက်ထပ် နှစ် ၃၀လောက် ထိုင်စားလို့ရမယ့် စုငွေရှိဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။

ဒါကြောင့် အလုပ်ကအနားယူပြီးတဲ့အချိန်မှာ ကိုယ့်ဘဝ လက်ကျန်အချိန်အတွက် တာဝန်ယူပေးနိုင်မယ့် ငွေထုတ်စက်တစ်ခုကို ကိုယ်အလုပ်လုပ်နိုင်တဲ့အချိန်မှာ ဖန်တီးထားဖို့ သိပ်ကိုအရေးကြီးလာပါတယ်။ ဒီလိုငွေထုတ်စက်ကို ရင်းနှီးမြုပ်နှံမှုက တစ်ဆင့်သာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ငွေထုတ် စက်ကိုလည်း စောစောတည်ဆောက်နိုင်မှသာ compound interest (ဆပွားအတိုးနှုန်း)ရဲ့ စွမ်းအား ကြောင့် အကျိုး အမြတ်ပိုရနိုင်မှာ ဖြစ်ပါတယ်။ အချိန်ကာလကြာရှည်စွာ ရင်းနှီးမြုပ်နှံသူ ရရှိနိုင်တဲ့ တိုးရင်းပေါင်းအကျိုးအမြတ်ကို ဥပမာ တချို့နဲ့ ရှင်းပြပေး ချင်ပါတယ်။

ဆပွားအတိုးနှုန်းဆိုတာ တစ်နှစ်ချင်းစီ အတိုးရော အရင်းပါ ထပ်ထပ်ပေါင်းပြီး ဆတိုးနဲ့တက်နေတာ ဖြစ်တဲ့အတွက် စောစောစီးစီးစတင်ရင်းနှီးနိုင်လေ စွမ်းအားကြီးမာလေဖြစ်ပါတယ်။ ရူပဗေဒ ပညာရှင် အိုင်းစတိုင်းကလဲ Compound Interestဆိုတာ လူ့သမိုင်းမှာ အရေးအကြီးဆုံး တီထွင်မှုတစ်ခု ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဥပမာ

Willim နဲ့ Jamesလို့ ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။

၁။ အစ်ကိုဖြစ်သူ Williamဟာ အသက် ၂၀ကနေ ၄၀ အထိ အနှစ် ၂၀ လုံးလုံး Compound Interest နည်းစနစ်နဲ့ တစ်နစ်ကို $၄၀၀၀ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ အသက် ၄၀ပြည့်တဲ့အချိန်မှာတော့ ပိုက်ဆံထပ် မထည့်တော့ဘဲ အနှစ်၂၀အတွင်း စုစုပေါင်းစုဆောင်း ငွေ ၈၀၀၀၀ ကိုသာ သူ့အသက် ၆၅ပြည့်တဲ့အထိ နောက်ထပ် ၂၅နှစ် ဘဏ်ထဲမှာ ဆက်ထားခဲ့ပါတယ်။

၂။ ညီဖြစ်သူ James ကကျတော့ သူ့အသက် ၄၀ရောက်မှ Williamလုပ်ခဲ့တဲ့ နည်းစနစ်အတိုင်း တစ်နှစ်ကို $၄၀၀၀စီနဲ့ သူ့အသက် ၆၅ပြည့်တဲ့အထိ ၂၅နှစ်တိုင်တိုင်စုခဲ့ပါတယ်။ သူ့ရဲ့ စုစုပေါင်းစုငွေဟာ $၁၀၀၀၀၀ ရှိခဲ့ပါတယ်။ Jamesရဲ့ စုဆောင်းငွေက Williamထက် $၂၀၀၀၀ပို များပါတယ်။

သူတို့ ၂ ယော်လုံးရတဲ့ နှစ်စဥ်အတိုးနှုန်းက ၁၀%စီဖြစ်ပါတယ်။

သူတို့ ၂ ယောက် ၆၅နှစ်စီပြည့်သွားကြတဲ့အချိန်မှာ ဘယ်သူ့စုဆောင်းငွေက ပိုများမယ်လို့ ထင်ပါသလဲ။ အဖြေက အံ့သြစရာကောင်းလှပါတယ်။
အသက်ငယ်ရွယ်စဥ်ကတည်းက စောစောစီးစီး ပိုက်ဆံစစုဆောင်းခဲ့တဲ့ Williamဟာ သူ့အသက် ၆၅နှစ်ပြည့်တဲ့အချိန်မှာ $၂.၅သန်းအထိရရှိသွားပါတယ်။ ဒါပေမယ့် အသက် ၄၀လောက်မှ စစုတဲ့ James ကတော့ William ထက် ၅နှစ် ပိုပြီးစုပိုစုပြီး $၁၀၀၀၀၀ အထိ စုခဲ့ပေမယ့် သူ့အသက် ၆၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ရဲ့ စုစုပေါင်း (တိုးရင်းပေါင်း) ပိုက်ဆံက $၄၀၀၀၀၀သိန်းနီးပါးသာ ရှိတာကို တွေ့ရပါတယ်။

Williamထက် $၂၀၀၀၀ တောင် ပိုစုခဲ့တဲ့ James ပြန်ရတဲ့ ပိုက်ဆံက ဘာကြောင့် ဒီလောက်နည်း သွားရ တာလဲ။ သူ့အစ်ကိုပြန်ရတဲ့ ပိုက်ဆံနဲ့ ဘာဖြစ်ကြောင့် ဒီလောက်တောင် ကွာသွားတာလဲ။

ဒီနေရာမှာ အဓိက ထူးခြားချက်၊ ခြားနားချက်ကတော့ အချိန်ကာလကို အခြေခံပြီး ဆပွားပြောင်းလဲတဲ့ Compound interestရဲ့ စွမ်းအားကြောင့်ပဲဖြစ်ပါတယ်။ Williamစုဆောင်းခဲ့တဲ့ အချိန်ကာက James ထက် အနှစ် ၂၅နှစ်လောက် ပိုများနေခဲ့လို့ဖြစ်ပါတယ်။

ဒီဥပမာ ၂ ခုကို နားလည်ရင် ရင်းနှီးမြုပ်နှံမှုမှာ အချိန်ကာလရဲ့ အရေးပါမှုနဲ့ အသက်ငယ်ငယ်မှာ စတင်နိုင်တဲ့သူက အကျိုးအမြတ်ပိုရနိုင်တယ်ဆိုတာကို နားလည် သဘောပေါက်နိုင်မှာဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း Benjamin Franklinရဲ့ ဆပွားအတိုးနှုန်းအပေါ် ရင်းနှီးမြုပ်နှံမှု

အမေရိကန်နိုင်ငံရဲ့ ဖခင်ကြီး Benjamin Franklinဟာ သူမကွယ်လွန်မှီ ၁၇၉၀ခုနှစ်မှာ Bostonနဲ့ Philadelphiaတို့အတွက် ရင်းနှီးမြုပ်နှံမှုလုပ်ပေးဖို့ဆိုပြီး $၁၀၀၀စီချန်ထားခဲ့ပါတယ်။ ပြီးတော့ နှစ်တစ်ရာပြည့်တိုင်းမှာ မြို့နေလူထုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေအတွက် $၅၀၀၀၀၀ အထိ ထုတ်ယူ အသုံးပြုကြဖို့ မှာကြားခဲ့ပါတယ်။ ပြီးတော့ ကျန်တဲ့ ပိုက်ဆံကို နောက်ထပ် နှစ်၁၀၀ ဆက်ပြီးရင်းနှီး မြုပ်နှံပေးဖို့ မှာထားခဲ့ပါတယ်။ Franklin သေဆုံးပြီးလို့ နှစ် ၂၀၀ ကြာတဲ့အချိန်မှာတော့ သူပေးခဲ့တဲ့ $၁၀၀၀ဟာ $၆.၅သန်းအထိ တိုးပွားလာခဲ့တာကို တွေ့ရပါတယ်။ တစ်ကြိမ်ပဲ ထည့်ပြီး နောက်ထပ် ဘာမှ ထပ်မထည့်တဲ့ စုဆောင်းငွေတောင် ဒီလောက်တိုးပွားသွားတယ်ဆိုရင် နှစ်စဥ်၊ လစဥ် ပုံမှန် ထပ်ထပ်ထည့်တဲ့ စုဆောင်းငွေဆိုရင် ဘယ်လောက်တောင် တိုးပွားသွားမလဲဆိုတာကို တွေးကြည့် လို့ရနိုင်ပါတယ်။

ဒါကြောင့် လူတိုင်းဟာ အလုပ်လုပ်မှ ပိုက်ဆံ ရတဲ့ ဘဝမျိုးမှာ သာယာယစ်မူးမနေဘဲ အနာဂတ်အတွက် ငွေကြေးရင်းနှီးမြုပ်နှံမှုတွေကို တတ်နိုင်သမျှ စောစောစီးစီး လုပ်ဆောင်သင့်တယ်လို့ Tony Robbings က အကြံပြုထားတာဖြစ်ပါတယ်။

မေတ္တာဖြင့်
ထန်းအွမ်
၁၉ ၊ ၆ ၊ ၂၀၂၅

“Rule No 1: Do not lose Money, Rule No 2: Never break Rule No 1.”

Ref: Money master the game by Tony Robbins

18/06/2025

Lifestyle Finance (69/90): Investment - ကိုယ့်လောက် ဝင်ငွေမကောင်းပေမယ့် ကိုယ့်ထက် ပိုချမ်းသာနေတဲ့ ဘေးအိမ်က လူတစ်ယောက်

အပိုင်း ၃

၃။ သာမန်လူတွေ ချမ်းသာအောင် ဘယ်လိုလုပ်မလဲ။

သာမန်လူတစ်ယောက် ဘဝကနေ ချမ်းသာသူတစ်ယောက်ဖြစ်လာစေဖို့အတွက် စာရေးဆရာက အကြံပြုချက် ၃ ခု ပေးထားပါတယ်။

၁။ ယုံကြည်မှုရှိပါ။
၂။ အလုပ်ကြိုးစားပါ။
၃။ ချမ်းသာသူတွေရဲ့ အမူအကျင့်တွေကို အတုယူပါ တို့ဖြစ်ပါတယ်။

၁။ ယုံကြည်ချက်ရှိဖို့ - ချမ်းသာတဲ့ မိသားစုမှာမွေးပြီး အမွေအများကြီးရမှ မီလျံနာဖြစ်နိုင်တာမဟုတ် ဘူးလို့ ဆိုပါတယ်။ အမေရိကန်မှာရှိတဲ့ မီလျံနာတွေရဲ့ ၈၀% ဟာ ကိုယ့်အားကိုယ်ကိုးပြီး ချမ်းသာလာ ကြသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် မိဘတွေဆီက အမွေမရလို့၊ အရင်းအနှီးမရှိလို့ ဒီတစ်သက် မချမ်းသာနိုင်ဘူးလို့ မျှော်လင့်ချက်မမဲ့ပါနဲ့။ ကိုယ့်ဝင်ငွေထက် အသုံးစားရိတ်က ပိုနည်းအောင်ခြိုးခြံ ချွေတာပြီး ကာလရှည်ကြာ စုဆောင်းသွားမယ်ဆိုရင် မီလျံနာဖြစ်ဖို့ လုံလောက်ပါပြီလို့ ဆိုပါတယ်။

၂။ အလုပ်ကြိုးစားဖို့ - ဘယ်လို လုပ်ငန်းနယ်ပယ်မျိုးကမဆို မီလျံနာတွေမွေးထုတ်ပေးနိုင်ပါတယ်။ ကိုယ်နဲ့သင့်တော်မယ့် နယ်ပယ်ကို ရွေးချယ်ပြီး ဖြည်းဖြည်းနဲ့မှန်မှန် ကြိုးစားသွားပါ။ ခေတ်စားပြီး hot ဖြစ်နေတဲ့နေရာတွေဟာ အပြိုင်အဆိုင်များလွန်းပြီး ကြွယ်ဝချမ်းသာနိုင်ဖို့မလွယ်ကူပါဘူး။ ဒီနယ်ပယ် တွေဟာ ကြာရှည်လည်း မခံတတ်ပါဘူး။ ဒါကြောင့် ပေါ်ပင်ကို မလိုက်ဘဲ အလားအလာကောင်းပြီး လူသိနည်း (သို့) လုပ်ချင်သူနည်းတဲ့ နယ်ပယ်ကို ရွေးချယ်ပါ။ တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Warren Buffet ဟာ ဒီသဘောတရားကို ကောင်းကောင်း နားလည်သူဖြစ်သည့်အလျောက် သမရိုး ကျလုပ်ငန်းတွေဖြစ်တဲ့ အဖျော်ယမကာ လုပ်ငန်းတွေမှာ အဓိက ရင်းနှီးမြုပ်နှံခဲ့သူဖြစ်ပါတယ်။

တကယ်တော့ ချမ်းသာသူ အများစုဟာ ပျင်းစရာကောင်းတဲ့ သမားရိုးကျလုပ်ငန်းတွေမှာ တိတ်တဆိတ်ရင်း နှီးမြုပ်နှံတတ်သူတွေဖြစ်ကြပါတယ်။ အများလုပ်တိုင်းလိုက်လုပ်မနေဘဲ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ် တစ်ခုခုကို ဇောက်ချပြီး လုပ်သင့်ပါတယ်။

ပြီးတော့ ဆရာဝန်အလုပ်၊ မန်နေဂျာအလုပ်နဲ့ ရှေ့နေအလုပ်တို့လို လစာကောင်းပြီး အဆင့်မြင့်တဲ့အလုပ်တွေဟာလည်း အကြွေးလည်ပင်နစ်နေတဲ့ အသုံးဖြုန်းကြီးသူတွေ အများကြီး ထုတ်ပေးတဲ့နေရာတွေဖြစ်နေတတ်တယ်ဆိုတာကို သတိယပါ။ အဆင့်မြင့် ရာထူးတွေမှာ လုပ်ကိုင်နေသူတွေဟာ သူတို့ရဲ့ ရာထူးအဆင့်အတန်းနဲ့လိုက်လျောညီ ထွေဖြစ်မယ့် အဝတ်အစား၊ မော်တော်ယာဥ်တွေကိုဝယ်ယူ အသုံးပြုသင့်တယ်လို့ ယုံကြည်တတ်ကြ သူတွေ ဖြစ်ကြ ပါတယ်။ ဒီအချက်ဟာ သူတို့ကို အတောမသတ် နိုင်တဲ့ ဝယ်ယူသုံးစွဲမှု ထောင်ချောက်ထဲ ဆွဲသွင်းမိစေတဲ့ အဓိကအချက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

၃။ ချမ်းသာသူတွေရဲ့ အမူအကျင့်တွေကို အတုယူပါ - ချမ်းသာသူတွေမှာ တူညီတဲ့ အမူအကျင့် ၇ မျိုးရှိတယ်လို့ ဆိုပါတယ်။

(၁) သူတို့တတ်နိုင်တာထက် လျှော့သုံးတတ်ခြင်း။
(၂) သူတို့ရဲ့ အချိန်နဲ့ခွန်အားကို ထိထိရောက်ရောက်အသုံးပြုတတ်ခြင်း။
(၃) ငွေကြေးနဲ့ပတ်သက်ပြီး သူတစ်ပါးကို အားကိုးစရာမလိုအောင် စီမံနိုင်ခြင်း။
(၄) မိဘဆီက လက်ဖြန့်မတောင်းတတ်ခြင်း။
(၅) သားသမီးကို ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင် လေ့ကျင့်ပေးတတ်ခြင်း။
(၆) စီးပွားရေး အခွင့်အလမ်းများကို မိမိရရ အသုံးချနိုင်ခြင်း။
(၇) မှန်ကန်တဲ့ အလုပ်အကိုင်နယ်ပယ်ကို ရွေးချယ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

ဘယ်သူ့ဆီမှာ ပိုက်ဆံရှိသလဲ။ လူချမ်းသာတွေဆီမှာ ရှိပါတယ်။

ချမ်းသာသူတွေဆီက ပိုက်ဆံရနိုင်အောင် ဘာတွေလုပ်သင့်သလဲ။

၄။ လူချမ်းသာတွေဆီက ပိုက်ဆံရနိုင်မယ့် နည်းလမ်းတချို့။

ချမ်းသာချင်သူတစ်ယောက်ဟာ တခြား ချမ်းသာသူတွေဆီက ပိုက်ဆံရအောင် ယူလို့ရတဲ့ နည်းလမ်း တွေကို စဥ်းစားတတ်ရမယ်လို့ ဆိုပါတယ်။ ချမ်းသာသူတွေ ပိုက်ဆံများများသုံးချင်တဲ့ နေရာတစ်ချို့ လည်း သီးသန့်ရှိတယ်လို့လည်း စာရေးသူကဆိုပါတယ်။

ချမ်းသာသူတွေဟာ ကျန်းမာရေး၊ ပညာရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ အလှူအဒါန်းတွေမှာ ရက်ရက်ရောရော ပိုက်ဆံပိုသုံးချင်ကြသူတွေဖြစ်တယ်လို့ အပေါ်မှာလည်း ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ အချိန်နဲ့ ခွန်အား တွေကိုလည်း အကျိုးရှိရှိအသုံးပြုချင်သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ကို ကိုယ်က အဲဒီလို ကိစ္စတွေမှာ ကူညီပေးနိုင်မယ်ဆိုရင် သူတို့ဆီက ပိုက်ဆံရနိုင်မှာဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာလုပ်ငန်း၊ သွားဘက်ဆိုင်ရာ၊ အထူးရှေ့နေလုပ်ငန်း၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အိမ်ရာလုပ်ငန်း၊ အကြံပေးလုပ်ငန်းစတဲ့ လုပ်ငန်းမျိုးတွေဟာ လူချမ်းသာတွေဆီက ပိုက်ဆံရနိုင်မယ့် လုပ်ငန်းတွေဖြစ်ပါတယ်။
အရေးကြီးတာက လူချမ်းသာတွေရဲ့ အမူအကျင့်တွေကို ကိုယ့်ဘက်က အရင်ဆုံး နားလည်ထားဖို့လို ပါတယ်။ သူတို့ရဲ့ စိတ်ဓါတ်နဲ့ အမူအကျင့်တွေကို နားလည်ထားမယ်ဆိုရင် သူတို့ဆီကနေ ပိုက်ဆံရနိုင်မယ့် လုပ်ငန်းနယ်ပယ်တွေကို အလိုလိုသဘောပေါက် လာပါလိမ့်မယ်။

အတိုချုံးပြောရမယ်ဆိုရင် လစာကောင်းပြီး popular ဖြစ်တဲ့ အလုပ်တွေနောက်ကို လိုက်မနေဘဲ ကိုယ့်အားသာချက်တွေကို အသုံးပြုပြီး လူချမ်းသာတွေဆီက ပိုက်ဆံရနိုင်မယ့် လုပ်ငန်းတွေကို တစ်စိုက်မတ်မတ်လုပ်ဆောင်သင့်တယ်လို့ စာရေးသူတွေက အကြံပြုထားပါတယ်။
ရလာတဲ့ ပိုက်ဆံတွေကိုလည်း ကိုယ်သုံးနိုင်တာထက် လျှော့သုံးပြီး အပိုထွက်လာတဲ့ ပိုက်ဆံတွေကို တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေအဖြစ် ပြောင်းလဲနိုင်ရင် ချမ်းသာကြွယ်ဝမှုရှိတဲ့ ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်လို့ စာရေးဆရာ Thomas J. Stanley and William D. Dankoတို့က အကြံပြု တိုက်တွန်း ထားပါတယ် ခင်ဗျာ။

မေတ္တာဖြင့်
ထန်းအွမ်
၁၈ ၊ ၆ ၊ ၂၀၂၅

“Part of all you earn is yours to keep”

Ref: The millionaire next door by Thomas J. Stanley and William D. Danko

17/06/2025

Lifestyle Finance (68/90): Investment - ကိုယ့်လောက် ဝင်ငွေမကောင်းပေမယ့် ကိုယ့်ထက် ပိုချမ်းသာနေတဲ့ ဘေးအိမ်က လူတစ်ယောက်

အပိုင်း ၂

၂။ လူချမ်းသာတွေရဲ့ အမူအကျင့် (ဘေးအိမ်က လူချမ်းသာတစ်ယောက်ရဲ့ အမူအကျင့်)

လူချမ်းသာအများစုဟာ ဆင်းရဲခဲ့ဖူးသူတွေဖြစ်ပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုဆိုင်ရာလျှို့ဝှက်ချက် ၁ က ချိုးခြံချွေတာခြင်းဖြစ်ပါတယ်။ လျှို့ဝှက်ချက် ၂ကလည်း ချိုးခြံချွေတာခြင်းဖြစ်ပြီး လျှို့ဝှက်ချက် ၃ကလည်း ချိုးခြံခြွေတာခြင်းပဲဖြစ်ပါတယ်။

စာရေးသူက ဒေါ်လာ ဆယ်သန်းအထက်လောက် ချမ်းသာတဲ့သူတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာ အင်တာဗျူးတစ်ခုလုပ်ဖို့ စီစဥ်ခဲ့ပါတယ်။ အင်တာဗျူးမစမီမှာ စားသောက်ဖို့ အကောင်းစားအသား ငါးတွေနဲ့ နှစ်ချို့ဝိုင်အရက်တွေကို စီမံထားခဲ့ပါတယ်။

ဒါပေမယ့် ၂ နာရီလောက်ကြာတဲ့ အင်တာဗျူးအချိန်အတွင်းမှာ ဘယ်မီလျံနာကမှ အဲဒီအစားအသောက် နဲ့ ဝိုင်တွေကို မတို့မထိကြတာကိုတွေ့ရှိရပါတယ်။ အစားအသောက်တွေမကာင်းလို့၊ ဝိုင်အရည်အသွေး မမှီလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ ချိုးခြံချွေတာတတ်တဲ့ အကျင့်ကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ထဲက အလွန် ချမ်းသာတဲ့ ဘီလျံနာတစ်ယောက်က သူဟာ စကော့ဝီစကီနဲ့ ဘီယာကိုသာ အမြဲသောက်သုံးပြီး ဈေးကြီးတဲ့ ဝိုင်တွေကို သောက်သုံးလေ့မရှိဘူးလို့ ဖြေသွားပါတယ်။ ဒါဟာ မီလျံနာတွေ ဒီလောက် သွားရည်ကျစရာကောင်းတဲ့ အစားအသောက်တွေကို မတို့မထကြခြင်းရဲ့ အကြောင်းရင်းပဲ ဖြစ်ပါ တယ်။

လူချမ်းသာတွေဟာ ချိုးခြံချွေတာခြင်းက ကြွယ်ဝချမ်းသာမှုရဲ့ အခြေခံအုတ်မြစ်ပဲဆိုတာကို ကောင်းကောင်း နားလည်ကြသူတွေဖြစ်ကြပါတယ်။ ပိုက်ဆံ ဘယ်လောက်ပဲ ရှာနိုင်ရှာနိုင် အဲဒီရှာ ထားတဲ့ ပိုက်ဆံတွေကို ပိုင်ဆိုင်မှုအဖြစ် မပြောင်းလဲနိုင်ရင် တစ်ချိန်မှာပြန်ကုန်သွားမှာပဲ ဖြစ်ပါတယ်။ မီလျံနာတွေမှာ အကြွေးမရှိကြသလို အရစ်ကျနဲ့ပေးစရာမလိုတဲ့ ကိုယ်ပိုင်အိမ်မှာနေနိုင်အောင် ကြိုးစားသူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝရဲ့ နေရေးထိုင်ရေး၊ ပညာရေးနဲ့ အိုစာမင်းစာအတွက် ကြိုတင်ပြင်ဆင်ထားသူတွေဖြစ်ပြီး ဝယ်ချင်စရာပေါများလှတဲ့ ဒီနေ့လိုခေတ်ကြီးရဲ့ ဆွဲဆောင်မှုတွေကို ရှောင်ရှားနိုင်သူတွေဖြစ်ပါတယ်။

မီလျံနာတစ်ယောက်က Roll Royceကား စီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ရခဲ့ပါတယ်။ ဒါပေမယ့် သူက Rolls Royceကားစီးရုံနဲ့ ကျုပ်ဘဝမှာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးလို့ ဖြေခဲ့ဖူးပါတယ်တဲ့။ အမှန်တကယ် ချမ်းသာတဲ့သူတွေဟာ သူတို့ဘဝရဲ့ ရိုးရှင်းပြီး သဘာဝကျတဲ့ လူနေမှုစနစ်ကို အလွယ် တကူပြောင်းလဲလေ့မရှိကြပါဘူး။ သူတို့ဟာ ကျန်းမာရေး၊ သက်သာချောင်ချိရေး၊ အကြွေးကင်းစင် ရေး၊ မိသားစုကို အချိန်ပေးရေးနဲ့ သူတစ်ပါးကို ကူညီပေးနိုင်ရေးတို့ကိုသာ အာရုံစိုက်တတ်သူတွေဖြစ် ကြပါတယ်။ ဒီလို အဓိပ္ပါယ်ရှိတဲ့အလုပ်တွေ လုပ်နိုင်မှသာ အမှန်တကယ် ကြီးကျယ်မြင့်မြတ်သူ တွေဖြစ်တယ်လို့ ခံယူတဲ့သူတွေဖြစ်ကြပါတယ်။
အမေရိကန်မှာရှိတဲ့ လူချမ်းသာတွေဟာ သာမန်လူလတ်တန်းစားတွေနေထိုင်တဲ့ ရပ်ကွက်တွေမှာပဲ သိုသိုသိပ်သိပ်နေထိုင်လေ့ရှိကြပါတယ်။ လူကုံထံရပ်ကွက်မှာ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတွေနဲ့ နေလိုက်ရင် မလိုလားအပ်တဲ့ အပိုကုန်ကျစရိတ်တွေ ရှိလာနိုင်တယ်ဆိုတာ နားလည်ထားသူတွေဖြစ် ကြပါတယ်။

အကောင်းစားကားတွေဝယ်စီးမယ့်အစား ဈေးသက်သာတဲ့ တစ်ပတ်ရစ်ကားမျိုးကိုသာ ဝယ်စီးတတ် ကြပါတယ်။
ချမ်းသာကြွယ်ဝသူတွေဟာ ပိုက်ဆံကို ချွေတာတတ်ရုံသာမကဘဲ ဘဝပန်းတိုင်တွေကို စနစ်တကျ ချမှတ်တတ်ပြီး သူတို့ရဲ့ အချိန်၊ ခွန်အားနဲ့ ပိုက်ဆံတွေကို အဓိပ္ပါယ်ရှိရှိ သုံးစွဲတတ်သူတွေဖြစ်ကြ ပါတယ်။ တိကျတဲ့ နေ့စဥ်၊ အပတ်စဥ်၊ လစဥ်၊ နှစ်စဥ် ဘဝ ပန်းတိုင်တွေသတ်မှတ်ကြပါတယ်။ ကုန်ကုန်ပြောရ ရင် ဘယ်အချိန်မှာ ရေချိုးမယ်ဆိုတာကိုတောင် ပန်းတိုင်တစ်ခုအနေနဲ့ ချမှတ်တတ်ကြ သူတွေဖြစ်ပါတယ်။

မီလျံနာတွေဟာ ဇိမ်ခံပစ္စည်းတွေ၊ ဖက်ရှင်ပစ္စည်းတွေနဲ့ ဟိတ်ကြီးဟန်ကြီးတွေနဲ့ ပါတီပွဲကြီးတွေ အတွက် အချိန်နှင့်ငွေ အကုန်မခံကြလို့ သူတို့ဟာ ကပ်စေးနဲ ကော်တရာလို့တော့ သတ်မှတ်လို့ မရပါဘူး။ သူတို့ သုံးသင့်တယ်လို့ထင်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ တကယ်လိုအပ်တဲ့ သူတွေအတွက် လှူဒါန်းရမယ့် နေရာမျိုးတွေမှာဆို ရက်ရက်ရောရော ပိုက်ဆံအများကြီးသုံးတတ်ကြ သူတွေဖြစ်ကြပါတယ်။

ဒါတွေဟာ ဘေးအိမ်က ကိုယ့်ထက်ချမ်းသာတဲ့ (လူချမ်းသာ)သူတွေရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့် တွေပဲ ဖြစ်ပါတယ်။
The millionaire next door ဆိုတဲ့အတိုင်း ကိုယ့်ဘေးအိမ်က ကားအစုတ်လေးနဲ့ သိုသိုသိပ်သိပ်နဲ့ နေထိုင်တဲ့သူတချို့ဟာလည်း မီလျံနာတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေတ္တာဖြင့်
ထန်းအွမ်
၁၇ ၊ ၆ ၊ ၂၀၂၅ (ည ၉ နာရီ)

“Part of all you earn is yours to keep”

Ref: The millionaire next door by Thomas J. Stanley and William D. Danko

17/06/2025

အပုဒ်ပေါင်း ၁၀၀ အထိရေးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့ (Personal Finance)အကြောင်းကို ၆၆ ပုဒ်အထိရေးပြီး အကြောင်းအမျိုးမျိုးကြောင့် ခဏရပ်ထားတာ တစ်လတောင် နည်းနည်းကျော်သွားပါတယ်။ ဒီနေ့ကစပြီး ကျန်တဲ့ ၃၆ပုဒ်ကို ပုံမှန်လေးပြန်တင်ပေးပါ တော့မယ်။
Lifestyle Finance (67/90): Investment - ကိုယ့်လောက် ဝင်ငွေမကောင်းပေမယ့် ကိုယ့်ထက် ပိုချမ်းသာနေတဲ့ ဘေးအိမ်က လူတစ်ယောက်
အပိုင်း ၁
ဒီဆောင်းပါးဟာ သာမန်လူတန်းစားဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာကြတဲ့ အမေရိကန်နိုင်ငံ သားတွေရဲ့ အကြောင်းကို အခြေခံပြီး ရေးထားတဲ့ စာဖြစ်ပါတယ်။
အသုံးအဖြုန်းကြီးပြီး တန်ဖိုးကြီးပစ္စည်းတွေဝယ်သုံးလေ့ရှိသူတွေဟာ သူတို့ကို သူတို့ချမ်းသာတယ် လို့ထင်တတ်ကြပေမယ့် လက်တွေ့ဘဝမှာတော့ အကြွးပတ်လည်ဝိုင်းနေကြ သူတွေသာဖြစ်နေတတ်ကြပါတယ်။ အပြင်ပန်းမှာ ချမ်းသာတယ်လို့ ထင်ရတဲ့သူတွေဟာ တကယ့်လက်တွေ့ဘဝမှာ စုမိဆောင်းမိမရှိကြသူတွေ ဖြစ်နေတတ်ပါတယ်။ တကယ်တော့ သန်းကြွေသူဌေးအစစ်တွေဟာ ခြွေတာစုဆောင်းတတ်ကြသူ တွေဖြစ်ပါတယ်။ မီလျံနာအများစုဟာ လူချမ်းသာရပ်ကွက်တွေမှာ နန်းတော်ကြီးတွေနဲ့ မနေကြဘဲ သာမန်လူလတ်တန်းစားရပ်ကွက်မှာ နေထိုင်ကြတဲ့အပြင် ဈေးသင့်ပစ္စည်းတွေကိုသုံးပြီး ရိုးရှင်းတဲ့ အဝတ်အစားတွေနဲ့ လူနေမှုပုံစံတွေကို ရွေးချယ်နေထိုင်တတ်သူတွေဖြစ်ကြပါတယ်။
၁။ ချမ်းသာခြင်းဆိုတာ ဘာလဲ။
လူတစ်ယောက်ရဲ့ ကြွယ်ဝချမ်းသာခြင်းဆိုတာ သူရဲ့ ဝင်ငွေနဲ့မတိုင်းတာဘဲ လက်ထဲမှာရှိတဲ့ အသား တင်ပိုင်ဆိုင်မှု (Net worth)နဲ့သာ တိုင်းတာရမယ်လို့ ဆိုပါတယ်။ အသားတင်ပိုင်ဆိုင်မှုဆိုတာ အသုံးစားရိတ်တွေအားလုံးနုတ်ပြီး လက်ထဲမှာ စုဆောင်းမိတဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်။ လက်ထဲမှာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ တစ်သန်း (1million)ရှိရင် သန်းကြွေသူဌေး (Millionaire)လို့ ခေါ်လို့ရပါတယ်။
အသက်အရွယ်အပေါ်မူတည်ပြီး လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပျှမ်းမျှပိုင်ဆိုင်မှု (Supposed net worth) ကိုလည်း တွက်ပြပေးထားပါတယ်။
ကိုယ့်ရဲ့ နှစ်စဥ်ပုံမှန်ဝင်ငွေကို ကိုယ့်အသက်နဲ့မြှောက်ပြီး တစ်ဆယ်နဲ့ စားတဲ့ စနစ်ဖြစ်ပါတယ်။
ဥပမာ
အသက် ၄၁နှစ်ရှိတဲ့ သူတစ်ယောက်က တစ်နှစ်ကို ဒေါ်လာ ၁၅၀၀၀၀ (တစ်သိန်းခွဲ)ရတယ်ဆိုပါစို့။
၁၅၀၀၀၀ကို ၄၁နဲ့မြှောက်ပြီး ၁၀နဲ့ စားရင် သူမှာ ရှိနေသင့်တဲ့ ပိုင်ဆိုင်မှုပမာဏ ၆၁၅၀၀၀ (ခြောက်သိန်းတစ်သောင်းငါးထောင်)ရပါလိမ့်မယ်။ အဲဒီပမာဏဟာ သူ့လက်ထဲမှာ ရှိနေသင့်တဲ့ သူ့ရဲ့ ပျမ်းမျှပိုင်ဆိုင်မှုဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ပုံမှန်ရှိသင့်တဲ့ Supposed net worth ထက် ၂ ဆလောက် ပိုများအောင် စုထား နိုင်တယ်ဆိုရင် အလွန်တော်တဲ့ ချွေတာစုဆောင်းတတ်သူလို့ ခေါ်ပြီး ရှိသင့်တဲ့ ပမာဏအောက်မှာပဲ ရှိနေတဲ့သူကိုတော့ အသုံးအဖြုန်းကြီးသူလို့ ခေါ်ပါတယ်။ ဒီစနစ်အရဆိုရင် ဝင်ငွေကောင်းပေမယ့် ရှိသင့်တဲ့ ပိုင်းဆိုင်မှု မရှိတဲ့သူ တွေကို (Pseudo rich) အတုအယောင် လူချမ်းသာတွေလို့ ခေါ်ပါတယ်။
ကိုယ်ဟာ ဘယ်အုပ်စုထဲမှာ ပါမလဲလို့ ပြန်ဆန်းစစ် ကြည့်ပါ။
တကယ်တော့ ဒီစနစ်နဲ့ တွက်ကြည့်ရင် ပတ်ဝန်းကျင်မှာ သန်းကြွယ်သူဌေးဖြစ်သင့်တဲ့သူတွေ အများကြီးတွေ့ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ အသုံးအစွဲကြီးပြီး လစာရလိုက် အကြွေးပေးလိုက်နဲ့ သံသရာလည်နေရင်း လက်ထဲမှာ ပိုင်ဆိုင်မှုအခိုင် အမာ မရှိတာကို တွေ့ရတတ်ပါတယ်။
တကယ့် မီလျံနာအစစ်တွေဟာ မလိုအပ်ဘဲ ပိုက်ဆံမသုံးတတ်ကြပါဘူး။ ဝင်ငွေ (Income)နဲ့ (Consumption) သုံးစွဲမှုကြားက ကွာခြားချက်ကို ကြီးသထက်ကြီးလာအောင် လုပ်နိုင်ကြသူတွေဖြစ်ကြပါတယ်။
လူတစ်ယောက်ရဲ့ ကြွယ်ဝချမ်းသာမှူကို ရေလှောင်ကန်တစ်ခုနဲ့ ဥပမာ ပေးထားပါတယ်။ ရေလှောင်ကန် တစ်ခုမှာ ရေဝင်ပေါက်နဲ့ ရေထွက်ပေါက်ရှိရပါတယ်။ ရေဝင်ပေါက်နဲ့ ရေထွက်ပေါက်တူ နေခဲ့ရင် အဲဒီရေ ကန် ဘယ်တော့မှ ရေပြည့်လာမှာ မဟုတ်ပါဘူး။ လူတွေမှာလဲ ဝင်ငွေနဲ့ထွက်ငွေက မျှနေရင် ဘယ်တော့မှ မီလျံနာဖြစ်လာမှာ မဟုတ်ပါဘူး။ ဝင်ငွေကောင်းပေမယ့် ပိုင်ဆိုင်မှုမရှိတဲ့ သူဌေးတု တွေရဲ့ ပြဿနာက ရေထွက်ပေါက်ကြီးလွန်းနေခြင်းဖြစ်ပြီး ဆင်းရဲမွဲတေနေတဲ့သူတွေရဲ့ ပြဿနာက တော့ ရေဝင်ပေါက်အလွန်သေးနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ တကယ် ကြွယ်ဝချမ်းသာချင်တယ်ဆိုရင် တော့ ရေဝင် ပေါက်ကို ကြီးကြီးချဲ့ပေးပြီး ရေထွက်ပေါက်ကို သေးနိုင်သမျှသေးအောင် ချုံ့ပစ်ရမှာဖြစ်ပါတယ်။ ဒီလို လုပ်မှသာ ချမ်းသာခြင်းဆိုတဲ့ ရေလှောင်ကန်ကြီးဟာ အချိန်တိုအတွင်း ရေပြည့်လာမှာဖြစ်ပါတယ်။

မေတ္တာဖြင့်
ထန်းအွမ်
၁၇၊ ၆၊ ၂၀၂၅

“Part of all you earn is yours to keep”

Ref: The millionaire next door by Thomas J. Stanley and William D. Danko

Address


Alerts

Be the first to know and let us send you an email when LeadershipTalk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LeadershipTalk:

  • Want your business to be the top-listed Business?

Share