12/06/2024
❗️ဝိုင်းမော်မြို့ငယ်လေးနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ မြို့ရွာနေထိုင်သူများ သိစေရန်❗️
💥လက်နက်ကြီးကျည်ကို ဖောဖောသီသီသုံးနိုင်တဲ့ ဘယ်အဖွဲ့မဆို ပစ်မှတ်တစ်ခုကို ပစ်ဖို့ဆိုလျှင် အကဲကြည့် အရင်ပစ်တယ်။ အဲလိုပစ်ရင်းနဲ့ ပစ်မှတ်တွေကိုလည်း မှတ်ပုံတင်ထားတယ်။
ဥပမာ- အဖွဲ့တစ်ဖွဲ့က ခံစစ်ပြင်ထားတဲ့ ကုန်း၊ စာသင်ကျောင်း၊ ရဲစခန်း စတဲ့ နေရာတွေကို အခြားတစ်ဖွဲ့က လက်နက်ကြီးနဲ့ လှမ်းပစ်ပြီဆိုပါတော့။
အဲသည်ခံစစ်တည်နေရာကို တည့်တည့်ထိနိုင်ဖို့ကို အကွာအဝေးချိန်ပြီး ပစ်ကြည့်တယ်။ ဘယ်လောက်မြှင့်ပစ်လျှင် ခံစစ်ရဲ့ ကိုက်ဘယ်လောက်နားအထိ ရောက်မယ်၊ ဘယ်အထိ ထပ်မြှင့်ပစ်လျှင် ခံစစ်ကို တက်မလုံးနိုင်အောင် ထောင်ထားတဲ့ မိုင်းကွင်းကို ဖြိုနိုင်မယ်၊ ဘယ်လောက်ထပ်မြှင့်ပစ်လျှင် ခံစစ်စည်းရိုးဖြိုနိုင်မယ် စသဖြင့် ပစ်ရင်းနဲ့ မှတ်သွားတယ်လို အကြမ်းဖျင်း သိထားမှ ဖြစ်မယ်။
ခံစစ်ပြင်ထားတဲ့ အဖွဲ့ဘက်ကတော့ လက်နက်ကြီးပစ်ကူပေးတဲ့ အဖွဲ့သပ်သပ်ရှိလျှင် အဲသည်ပစ်ကူပေးမယ့်အဖွဲ့ကလည်း အကဲကြည့်ဖို့ ပစ်တာပဲ။ ရန်သူအဖွဲ့က ခံစစ်ရဲ့ ကိုက်၅၀၀၊ ကိုက်၃၀၀၊ ကိုက်၁၀၀ စတာတွေကနေ လာပစ်လျှင်(သို့မဟုတ်) ဝင်လုံးဖို့ ကြိုးစားလာလျှင် ဆိုတဲ့အတွေးနဲ့ အဲသည်နေရာတွေကို ကြိုမှတ်ထားနိုင်ဖို့ ပစ်ကြည့်လေ့ ရှိပါတယ်။
အရပ်သားတွေခမျာမှာတော့ လူနေရပ်ကွက်၊ စာသင်ကျောင်း၊ ရဲစခန်း၊ ဘုန်းကြီးကျောင်း၊ စေတီကုန်း စတဲ့နေရာတွေမှာ လက်နက်ကြီးတွေ ကျလာပြီဆိုလျှင် ရမ်းသမ်းပစ်လို့ မှန်ချင်ရာ လာမှန်တယ်ဆိုပြီး ခပ်ရိုးရိုး တွေးလေ့ရှိပါတယ်။
အချို့အရပ်သားများကျတော့လည်း လက်နက်ကြီးကျသတဲ့၊ လူထိခိုက်သတဲ့ ဆိုတာနဲ့တင် ကိုယ်အားသန်ရာဘက် ဖြည့်တွေးပြီး ငါအားပေးတဲ့အဖွဲ့ဘက်ကတော့ အဲလို ရက်ရက်စက်စက် ပစ်မှာမဟုတ်ဘူး ဘာဘူးလောက်သာ တွေးတတ်ကြပါတယ်။
တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ခံစစ်ပြင်ထားတဲ့ နေရာရှိ/မရှိကို အရင်လေ့လာပါ။ စစ်ပွဲကြားက လက်နက်ဆိုတာ မကောင်းသူထိပ် ကောင်းသူထိပ် လာမှန်တတ်တဲ့ သဘောကို နားလည်ပါ။
စစ်ဦးဘီလူး ဆိုတဲ့စကား အတိုင်းပဲ ရန်သူအဖွဲ့က ပစ်ပစ် ကိုယ်အားပေးတဲ့အဖွဲ့ကပဲ ပစ်ပစ် ကိုယ့်အနားပတ်ဝန်းကျင်က ခံစစ်နေရာကို လက်နက်ကြီး ပစ်ပြီဟေ့ ဆိုတာနဲ့ မှန်တဲ့အထဲ ကိုယ်လည်း ပါသွားတတ်တယ်ဆိုတာကို သိမြင်ပါ။
ဘယ်အဖွဲ့အစည်းမဆို ပစ်နေခတ်နေချိန်မှာ လူထုထက် ပစ်မိန့်ကိုပဲ ပိုအာရုံစိုက်ကြပါတယ်။ လူထုကို ထိပြီဆိုလည်း ငါတို့ပစ်တာမဟုတ်ဘူးဆိုပြီး ခေါင်းရှောင်နိုင်သမျှ ရှောင်ပါတယ်။ မရှောင်နိုင်တော့မှသာ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်လောက် ထုတ်ပြန်ကြလေ့ရှိပါတယ်။ သည်အကွက်တွေကိုလည်း မြင်တတ်ရမှာ ဖြစ်ပါတယ်။
လူဆိုတာမျိုးက ဇာတိ၊ ရပ်ရွာ၊ နေအိမ်ဥစ္စာ စတာတွေအပေါ် စိတ်မချတတ်ကြတာ သဘာဝမို့ စစ်ပွဲတွင်းကနေ ရှောင်ပါတိမ်းပါပြောလျှင် နားထောင်ဖို့ ခဲယဉ်းပါတယ်။ မလွှဲမရှောင်သာမှ ရှောင်ဖို့ပြင်ကြလေ့ ရှိပါတယ်။ မလွှဲမရှောင်သာဆိုတဲ့ စကားအတိုင်းပဲ မလွှဲသာမှတော့ မရှောင်သာတော့ဘဲ စစ်ပွဲကြားထဲမှာ ပိတ်မိပြီး ဒုက္ခရောက်သွားလေ့ ရှိကြပါတယ် ဆိုတာကိုလည်း သင်္ခန်းစာယူကြပါလို့ တင်ပြရင်း....။ ။
- အားလုံး သက်ရှည် ကျန်းမာ ဘေးရန်ကွာကြပါစေ -
crd SKVP