04/10/2022
ရှမ်းမြောက်နှင့် ရှမ်းရှေ့ ခရီးသွားမှတ်တမ်း (မေလ ၂၀၁၃)
×××××××××××××××××××××××
အပိုင်း(၆) ဇာတ်သိမ်း
မိုင်းပေါက်-မိုင်းဖျင်-မိုင်းလား (မေ ၁၈-၁၉-၂၀)
ရာသီဥတုကတော့ ဖြတ်သန်းခဲ့သမျှ မြို့တွေထဲမှာ အအေးဆုံးပါဘဲ… နေ့ခင်းအပူချိန် ဒီပြင်မြို့တွေ (၃၀) စင်တီဂရိတ်ကျော်နေပေမဲ့ မိုင်းပေါက်မြို့မှာ (၂၅) စင်တီဂရိတ်၀န်းကျင်နဲ့ တော်တော်လေးအေးပါတယ်… ညပိုင်း အပူချိန် (၁၆) စင်တီဂရိတ်၀န်းကျင်သာ ရှိပြီး စောင်ခြုံအိပ်ယူရပါတယ်… မိုင်းပေါက်မှာ နေခဲ့တဲ့ နှစ်ရက်မှာ ရာသီဥတုအေးတာကို ရေ နေ့တိုင်း ချိုးလွန်းလို့ မက်ကလောင်ခြစ်ပြီး ဆေးသောက်ရတဲ့ အထိပါဘဲ… ညောင်းကိုက်ပြီး ဖျားချင်ချင်ပါဘဲ…
၁၈ရက်နေ့ မနက် (၇)နာရီ မိနစ်နှစ်ဆယ်မှာ မိန်းပေါက်မြို့(မိုင်းပေါက်)နဲ့ မိနစ်နှစ်ဆယ်ခန့်သာ ဝေးတဲ့ ရွာလေးတစ်ရွာကို သွားလည်ဖြစ်ပါသေးတယ်… ဒေသခံတရုတ်လူမျိုးတွေနဲ့ ၀ လူမျိုးစုတွေနေထိုင်တဲ့ရွာလေးပါ… ရွာလေးက တော်တော်သာယာလှပလိုက်တာ… ရွာနာမည်တွေက ဒီဘက်ပိုင်းတွေမှာ ရေးမထားတတ်တော့ ရွာနာမည် မသိလိုက်ရဘူးဗျာ…
ရွာလေးက ပြန်တော့ မလျှော်ရတာ ကြာပြီဖြစ်တဲ့ အ၀တ်အစားတွေထိုင်လျှော်ပြီးမှပဲ မနက်ခင်းစာ ခေါက်ဆွဲသွားစားဖြစ်တယ်… လူက ပင်ပန်းသွားတော့ နှုံးချိနေတာပဲ… နေ့ခင်း (၁)နာရီလောက်မှာ ထမင်းစားပါတယ်… နေ့ခင်းတော့ အခန်းထဲမှာ တီဗီကြည့် DVB news ကြည့် နဲ့ အနားယူဇိမ်ကျပစ်လိုက်တယ်…
ညနေခင်းပိုင်းလောက်မှ အဆောက်အဦးတွေ ဆောက်နေတဲ့ဘက်ကို လမ်းထွက်လျှောက်… မိုင်းပေါက်မြို့လေးက မြို့လေးက သိပ်သာ မစည်တာ အဆောက်အဦးအသစ်တွေ အသစ်တွေ နေရာတိုင်းမှာလိုလို ဆောက်နေတာလည်းတွေ့ရတယ်ဗျ… အံ့တော့ အံ့သြစရာပဲ မြို့လေးကသာ ရှင်းလင်းနေတာ အဆောက်အဦးအသစ်တွေ ဆောက်လက်စ အဆောက်အဦးတွေနဲ့ ချည်းပဲ… ဆောက်လုပ်ရေး လုပ်သားမြန်မာတစ်ချို့တွေကိုလည်း တွေ့ရပါတယ်…
လူငယ်တွေ ဘက်စကတ်ဘောကွင်းမှာ ဘက်စကတ်ဘောကစားနေတာတွေ့တော့ ခဏတော့ ရပ်ကြည့်ဖြစ်လိုက်ပါသေးတယ်… ညပိုင်းတော့ စောစောစီးစီးပဲ အနားယူလိုက်ပါတယ်…
၁၉ ရက်နေ့ မနက်ကျ စောစောထပြီး မိုင်းပေါက်မြို့မစျေးထဲသွား တရုတ်တွေရောင်းတဲ့ ကြက်ဥပလာတာစား… လက်ဖက်ရည်သောက်နဲ့ မနက်စာ ဖြည့်ပစ်လိုက်တယ်… လက်ဖက်ရည်က သောက်မကောင်းဘူး… တော်တော်လေး ချိုတယ် နို့ဆီတော်တော်လေးထည့်ထားပုံရတယ်… စျေးထဲမှာလည်း တရုတ်ပြည်မက တရုတ်တွေ စျေးဆိုင်အများအပြားလာဖွင့်တာတွေ့ရတယ်… အော်ကျွန်တော်လည်း စဉ်းစားမိတယ်… တရုတ်ကုန်ပစ္စည်းတွေ တော်တော်များများ ဒီဘက်မှာ ရောင်းချကြတယ်… မြန်မာကုန်ပစ္စည်းတွေ ဘာလို့ မဖြန့်နိုင်တာလည်းပေါ့… ရေဆိုလည်း တရုတ်ပြည်ထုတ် ရေသန့်ပဲသောက်ရတယ်… မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ဒီဘက်စျေးကွက်တွေကိုချဲ့ပြီး တရုတ် ကုန်ပစ္စည်းတွေနဲ့ယှဉ်ရောင်းနိုင်ရင် ကောင်းမှာပဲလို့…
ဒီဘက်နယ်ပိုင်းမှာ လက်နက် ကိုတရား၀င်ကိုင်ဆောင်ခွင့်ရှိတယ်… အုပ်ချုပ်ရေးမှူး အသိအမှတ်ပြုထားရင် ခွင့်ပြုပါတယ်… ယခင်ကျွန်တော် ၁၅နှစ်သားခန့်က ၀ စစ်သားတစ်ယောက် ပစ္စတိုတစ်လက်ကို ယွမ်ငွေ (၂၀၀၀)ဖြစ်လာရောင်းဘူးပါတယ်… ကျွန်တော်မ၀ယ်ပါ… ယခုတော့ ပစ္စတို အကောင်းတစ်လက်ကို မေးကြည့်ပါတယ်… ယွမ်ငွေ (၃၀၀၀၀) ဆိုလို့ မျက်လုံးတောင်တော်တော်ကျယ်သွားတယ်… မြန်မာငွေ (၄၅)သိန်း ၀န်းကျင်ခန့်ပင်ရှိနေတယ်ဗျ… ဝဒေသတွင်းမှ တခြား အထူးဒေသတွေကိုသွားလည်း လက်နက် သယ်သွားခွင့်မရှိပါဘူး… သွားခဲ့လို့ရှိရင်လည်း ဂိတ်တွေကို ယာယီအနေနဲ့ သိမ်းပါတယ်…
နေ့ခင်း တစ်နာရီခွဲလောက်မှ NDAA (National Democratic Alliance Army) မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေ အထူးဒေသ (၄) မိုင်းလားကို ထွက်လာပါတယ်… လမ်းတစ်လျှောက်နေပူ ရေဆာ၊ လမ်းကကြမ်း ကားကခုန်နဲ့ အတော်လေးကို သည်းခံလိုက်ရပါတယ်… လမ်းမှာ တရုတ်အခေါ် ဟောသောက်ဆိုတဲ့ မြို့လေးကိုဖြတ်ပြီးမှ နေ့ခင်း (၂)နာရီခွဲလောက်မှ မိုင်းဖျင် (မိန်းဖြန်) မြို့ကို ရောက်ပါတယ်… လမ်းမှာတော့ ရာဘာပင်တွေပဲ ပေါပါတယ်…
မိုင်းဖျင်မြို့လည်းပဲ ရာသီဥတုပူပါတယ်… ရှမ်းလူမျိုးတွေ တော်တော်များများတော့ တွေ့ရသား… ယခင်ကတော့ ရှမ်းတွေနဲ့ လားဟူ အတော်များများနေထိုင်တယ်လို့တော့ ပြောတာပါဘဲ... ယခုတော့ ၀ လူမျိုး အများစု နေထိုင်ပါတယ်... လားဟူတွေတော့ မတွေ့ခဲ့ရပါဘူး... မိုင်းလားနဲ့ ဆက်ဆံရာမှာ မိုင်းဖျဉ်က အသက်သွေးကြောလမ်းဖြစ်တယ်... ဝတွေအနေနဲ့ အစိုးရဆီကို ဒီနယ်မြေကို လက်လွှတ်လိမ့်မှာတော့မဟုတ်လောက်ဘူး... လမ်းဘေးခေါက်ဆွဲဆိုင်လေးတွေမှာ ရှမ်းတွေ ရောင်းတဲ့ ဆိုင်တွေများသဗျ… ရှမ်းများဒေသဆိုသိသာပါတယ်… စေတီပုထိုးတွေကိုမြင်ရပြီ… မိုင်းဖျင်တောင်ကုန်းပေါ်မှာလည်း စေတီတွေတွေ့ရတာကိုး… ရှမ်းမကြီးရောင်းတဲ့ ခေါက်ဆွဲဆိုင်မှာ ကြက်ဆီထမင်းစားပါတယ်… ကြက်ဆီထမင်းက ငန်တော့ မနည်းကျိတ်မှိတ်စားရပါတယ်… ငန်တော့ ရေပိုဆာလာတယ်… ရေတွေပဲ လှိမ့်သောက်ပစ်လိုက်တယ်… စားသောက်ပြီးတော့ မိုင်းဖျင်စျေးထဲပတ်လိုက်သေးတယ်… စျေးဆိုင်ဘုတ်ကိုတော့ တရုတ်ဘာသာနဲ့ ၀ဘာသာ နှစ်ဘာသာရေးထိုးထားတာကို တွေ့ရတယ်… မိုင်းဖျင်က အဆောက်အဦးတွေနဲ့ လမ်းတွေလည်း တော်တော်လေးကောင်းတယ်… စျေးထဲထွက်လာမှ ခရီးဆက်ကြတယ်… မိုင်းဖျင်ကျော်လာတော့ သိသာလာတယ်… ရှမ်းရွာတွေ များလာတယ်… ရွာကြီးကြီး တစ်ရွာတွေ့လိုက်ရတယ်… ရွာဦးဘုန်းကြီးကျောင်းနဲ့ စေတီတွေနဲ့ အဲရွာကို မိန်းယန်းလို့ ခေါ်သတဲ့… အဲဒါနဲ့ မှတ်ထားလိုက်တယ်… တောင်ယာလုပ်နေတဲ့ ရှမ်းတွေနဲ့ ရေအိုင်ငယ်လှလှလေးတွေလည်း တွေ့ရတယ်…
မိုင်းယန်း ( မိန်းယန်း)ကို ကျော်လာခဲ့ပြီဆိုတာနဲ့ အထူးဒေသ(၄) ထိန်းချုပ်နယ်မြေထဲ စ၀င်လာပါပြီ… ညနေလေးနာရီခွဲမှာ အထူးဒေသ(၄) စစ်ဆေးရေးဂိတ်ရောက်ပါတယ်… စစ်ဆေးရေးဂိတ်မှာ တော်တော်လေး ကြည်နူးဖွယ်မြင်ကွင်းလေးတွေတွေ့ရတယ်… NDAA ရှမ်းစစ်သားလေးတွေ ၁၅နှစ်၀န်းကျင်ခန့်လေးတွေ ကားကို စစ်တပ်ပုံစံကဲ့သို့ ဘယ်လှည့် ညာလှည့် အလေးပြုပြီးမှ ခရီးသည်တွေကို ရိုရိုသေသေကားပေါ်ကဆင်းခိုင်းပါတယ်… ပြီးတော့မှ စစ်ဆေးပါတယ်… ဖြတ်သန်းခဲ့သမျှ မြန်မာစစ်တပ် ၀ စစ်တပ်တွေနဲ့ တော်တော်လေး ခြားနားပါတယ်…
စစ်ဆေးရေးဂိတ်က ဖြတ်လာပြီးတော့ နာရီ၀က်လောက်အကြာရောက်တော့ ကတ္တရာလမ်းကို စတွေ့ရပါပြီ… လမ်းတစ်လျှောက် တောတောင်စိမ်းစိမ်းတွေ စမ်းချောင်းတွေနဲ့ ရူခင်းလှလှလေးတွေ ပြည့်နေတော့တာပဲ… ညနေငါးနာရီ ဆယ်မိနစ် လောက်ရောက်တော့ အထူးဒေသ(၄) နမ့်လိလို့ခေါ်တဲ့ ဂိတ်မှာ ထပ်ပြီးစစ်ဆေးပြန်ရော… ဒီဂိတ်မှာကျ ကားတစ်စီး ဖြတ်သန်းက တရုတ်ယွမ်ငွေ (၄၀) ပေးရတယ်ဗျ… လမ်းက ကတ္တရာလမ်းကောင်းကောင်းနဲ့ ညနေ (၆)နာရီကျော်မှ မိုင်းလားမြို့ထဲကို ရောက်ပါတယ်…
အထူးဒေသ(၄)က ကားနံပါတ်တွေက SR-4 နံပါတ်တွေနဲ့ဗျ… အထူးဒေသ (၂)က ကားနံပါတ်တွေက WA, WB, WD, WH နံပါတ်တွေနဲ့ WA, WB ကတော့ ၀ အရာရှိတွေ စီးတယ်လို့ ပြောတာပါဘဲ…
Orient Hotel မှာတည်းလိုက်ပါတယ်… နှစ်ယောက်ခန်းတစ်ခန်းကို တရုတ်ယွမ်ငွေ (၂၈၀)တောင် ပေးရတယ်… ရှမ်းပြည် အောက်ရှမ်းက ရှမ်းမတွေ ဟိုတယ်မှာ ၀န်ထမ်းလာလုပ်ကြတာလည်းတွေ့ရတယ်… လစာဘယ်လောက်ရလည်း မေးကြည့်တယ်… တရုတ်ယွမ်ငွေ (၁၈၀၀) ရပါသတဲ့…မြန်မာငွေကျပ် (၂၇၀၀၀၀)ခန့်ပင်… မဆိုးပါဘူး… ဒီဘက်ပိုင်းမှာ အလုပ်လုပ်ကြတဲ့ လူတွေက သူဟာနဲ့ သူ၀င်ငွေကောင်းကြပါတယ်… လမ်းတစ်လျှောက် ဖုန်တွေနဲ့ စီးလာရတာ နဲ့ ရေကို တစ်ဝြကီးချိုးပစ်လိုက်တယ်… ရေကလည်း ချိုးလို့ကောင်း…
ရေချိုးပြီးတော့ လောင်းကစားဝုိင်းတွေဆီ သွားကြည့်ကြည့်တယ်… ဟိုတယ်ရှေ့မှာက ဂလုံးဂလုံးဝိုင်းတွေနဲ့ ဘိလိယက်ခုံတွေရှိတယ်… ကျွန်တော်လည်း လောင်းကစားဝိုင်းတွေဆိုတာ ဓာတ်ပုံရိုက်လို့မရဘူးဆိုတာသိတယ်… သိသိရက်နဲ့ ခိုးရိုက်တာ လက်ကို ကွယ်ပြီးရိုက်တာ Camera ကို Flash Light ပိတ်ထားတာကို ညပိုင်းဆိုတော့ မီးက ဖြတ်ကနဲ လင်းပါလေရော… လောင်းကစားဝိုင်း အလုပ်သမလေးက အော်ပါလေရော… ကံကောင်းလို့ ဒေသရဲ မရှိလို့ပေါ့ဗျာ… ရှိရင် ကျွန်တော်အဖမ်းခံရနိုင်တယ်… စိတ်ထဲလည်း တစ်မျိုး ဖြစ်သွားတာနဲ့ ဓာတ်ပုံတွေ လိုက်မရိုက်တော့ဘူး… ရှေ့မှာတော့ ၃၆ကောင်ထိုးတဲ့ လူတွေနဲ့ ပြည့်နေတယ်… မိုင်းလားမြို့က ပန်ဆန်းမြို့ထက် လောင်းကစားဝုိင်း ပိုများသဗျ… မြို့လည်း ပိုလှတယ်… စေတီဘုရားတွေလည်းတွေ့ရတယ်… အနှိပ်ခန်းတွေလည်း ပေါလိုက်တဲ့ ဖြစ်ခြင်း… ညဉ့်ငှက်မလေးတွေ ပေါတာတော့ မပြောနဲ့တော့… လမ်းလျှောက်လို့ (၁၀) လှမ်းသွားတိုင်း တစ်ယောက်တွေ့ရတဲ့ အထိကို ပေါနေသလိုဘဲ… တရုတ် မာကျန်း ရိုက်တဲ့ ဝိုင်းတွေက တော်တော်လေးမိုက်လာတယ်… ဟိုတုန်းကလို မဟုတ်တော့ဘူး… မာကျန်းရိုက်တဲ့ စက်နဲ့ ခုံနဲ့ဗျ… မာကျန်းတုံးတွေကို နှစ်စုံလုပ်ပေးတယ်… တစ်ပွဲပြီးရင် အလယ်မှာ ရှိတဲ့ စက်ကို နှိပ်လိုက်ရင် နောက်တစ်စုံစီပြီးသားက သူ့ဘာသာအလိုအလျှောက်စီပြီးသား တော်တော်လေးမိုက်တယ်… မာကျန်းရိုက်တဲ့ ဝိုင်းတွေဆို မျက်လုံးပြူးတယ်… ငါးမိနစ်စာ တစ်ပွဲကိုပင် တရုတ်ငွေ ထောင်ချီရိုက်နေကြတာ… မြန်မာငွေဆို တစ်ပွဲ လေးငါးသိန်းပင်… ၀န်ထမ်းလုပ်တုန်းက လစာပင် ထိုလောက်မများ… အော် တော်တော်လေး ဖြုန်းနိုင် သုံးနိုင်တဲ့ လူတွေပါလားလို့… ဘာထီမှန်းတော့မသိ ထိုးနေတဲ့ ထိုးသားတွေနဲ့ ထီဒိုင်တွေလည်းတွေ့ရသေးတယ်…
ညပိုင်း (၉)နာရီလောက်ကျတော့ အကင်နဲ့ မာလာဟင်းတွေ ရောင်းတဲ့ စျေးဘက်တန်းထဲကို ထွက်လာခဲ့တယ်… စျေးတန်းဘက်တွေမှာ စားသောက်ဆိုင်တန်းတွေနဲ့ ပြည့်နေတယ်… တော်တော်လေးသပ်ရပ်မှုတော့ရှိတယ်… စားပြီးသောက်ပြီးရင်လည်း ပန်းကန်ဆေးစရာမလို… အစားအသောက်အကင်တွေချပြီဆို ပန်းကန်ကို ပလတ်စတစ်အိပ်နဲ့ စွပ်ပြီး ရောင်းတာဆိုတော့ ပန်းကန်ဆေးစရာမလို… ပန်းကန်ဆေးစရာမလို ရောင်းချတဲ့ ယဉ်ကျေးမှုကို ဒီဘက်ပိုင်းမှာပဲတွေ့ဘူးတော့တယ်… ဆိုင်တိုင်းလိုလိုပါဘဲ… မိုင်းလားရှမ်းတွေကျတော့ ကျွန်တော်တို့ တောင်အောက်ရှမ်း (တိုင်းတဲ့)တွေ တောင်ပေါ်ရှမ်း (တိုင်းနေ)တွေနဲ့ စကားကွဲပြန်ရော… မိုင်းလားရှမ်းတွေက ယိုးဒယားနဲ့ နီးစပ်ပါတယ်… သူတို့ စကားဆယ်ခွန်းပြောမှ ငါးခွန်းလောက်သာ နားလည်ပါတယ်… ရှမ်းစာလည်း ကိုယ်ပန်ဟန်အရေးအသားအဖြစ်ပြီး ပါဠိပုံစံဖြစ်နေပါတယ်… ၀တ်စားဆင်ယဉ်မှုက ပိုသပ်ရပ်လှပမှုရှိတယ်လို့ ထင်တယ်… မိုင်းလားရှမ်းမတွေက အတော်ပင် ရုပ်ရည် ချောမောကြတယ်… အသားအရည်လေး တော်တော်လှတဲ့ အမျိုးပါလားလို့ တောင်အောက်ရှမ်းတွေနဲ့ ယှဉ်ကြည့်ကြည့်တယ်… မိုင်းလားရှမ်းသီချင်းတွေလည်း တော်တော်လေး နားထောင်လို့ကောင်းတယ်… နားတော့ သိပ်မလည်ချင်… စကားပြောလည်း နားထောင်လို့အတော်ကောင်းသဗျ… အကင်ဆိုင်တွေ ရဲ့ရှေ့လမ်းတစ်ဖက်ခြမ်းမှာတော့ ကာရာအိုကေ ဆိုင်တွေ အနှိပ်ခန်းတွေနဲ့ ပြည့်နေတာပဲ…
၂၀ရက်နေ့ ကျတော့ ရေချိုးပြီးမှ စောစော ယိုးဒယားပစ္စည်းတွေ ပေါတယ်ဆိုတာနဲ့ စျေးပတ်၀ယ်ပါတယ်… မထူးပါဘူး မန်းလေးတို့ ရန်ကုန်တို့ထက်ပင်စျေးကြီးမယ်ထင်တယ်… စျေးတွေပဲ တမင်တင်ထားသလားမသိ… ဖိနပ် အင်္ကျီ တရုတ်ယွမ်ငွေ (၄၀၀) အထက်ပင်… မြန်မာငွေ (၆၀၀၀၀)ကျပ် ကျော်တွေချည်းပဲ… ရိုက်စားတွေများတယ်… ငွေပေါတဲ့ ဒေသတွေဆိုတော့လည်း ဒီလိုပါဘဲ… မိုင်းမောလို ဒေသတွင် ခေါက်ဆွဲ တစ်ပွဲ (၅)ယွမ်သာပေးရပါတယ်… မိုင်းလားမှာတော့ (၁၅)ယွမ်… သရက်သီးအစိမ်းတစ်လုံးကို (၅)ယွမ် မြန်မာငွေ (၈၀၀)ကျပ်၀န်းကျင်… စျေးကြီးကြီးတွေပါဘဲလား… မိုင်းလားက ပန်ဆန်းထက်စာလျှင် အစိုးရနှင့် ဆက်ဆံရေး ပျော့ပြောင်းဟန်ပိုရှိမည်ထင်၏…
မိုင်းလား ဘောလုံးကွင်းမှာ ဘောလုံးကစားတဲ့ လူငယ်တွေ ခြင်းခတ်တဲ့ သူတွေလည်း တွေ့ရတယ်… ၀ ဒေသတစ်ခွင်မှာတော့ ဘောလုံးကန်တတ်သူပင် မရှိ… အစိုးရ အထက်တန်းကျောင်းလည်း ရှိပါတယ်… မိုင်းလားရဲ တပ်ဖွဲ့စခန်းကိုလည်းတွေ့ရတယ်… ၀ အထူးဒေသ(၂) ဆက်ဆံရေးရုံးကို လည်းတွေ့ခဲ့ရပါတယ်… ရှမ်းလက်ရာ ယဉ်ကျေးမှု အဆောက်အဦးတွေတော့ မိုင်းလားမှာ တော်တော်တွေ့ခဲ့ရတယ်…
နေ့ခင်းနှစ်နာရီလောက်ကျတော့မှ မိုင်းလားမှ မိုင်းပေါက်ကို ပြန်ခဲ့ပါတယ်… တာချီလိတ်သို့ ဆက်သွားမည့် Plan ကို ဖျက်ပြီး အပြန်ခရီးကို မိုင်းလားမှပဲ လှည့်ပြန်ခဲ့ပါတော့တယ်… အပြန်ခရီးတော့ မိုင်းလား-မိုင်းပေါက်-မိုင်းမော-နမ့်တစ်-ဟိုပန်လမ်းကပဲ ပြန်ခဲ့ပါတယ်…
နမ့်တစ်မြို့ကလည်း ၀ အထူးဒေသ(၂)ပါဘဲ… နမ်တိန်ချောင်းကို အစွဲပြုပြီး နမ်တိန်မြို့လို့လည်း ခေါ်ပါတယ်… အထူးဒေသ(၂) မြို့တွေထဲမှာတော့ နမ့်တစ်မြို့သည် အလှပဆုံးနဲ့ အသပ်ရပ်ဆုံး၊ အသန့်ရှင်းဆုံးမြို့ပါဘဲ… တိတ်ဆိတ်တဲ့ ၀န်းကျင်နဲ့ နေလို့ ထိုင်လို့ အတော်လေးသာယာမဲ့ပုံပါဘဲ… ဒီဘက်ပိုင်းမြို့တွေထဲမှာ ကျွန်တော်နေချင်တဲ့ မြို့လေးကတော့ နမ့်တစ်မြို့လေးပဲ ဖြစ်ပါလိမ့်မယ်… တော်တော်ကို လှပါတယ်…
အပြန်ခရီးကိုတော့ သိပ်ရှည်ရှည်မရေးတော့ဘဲ… ဒီမှာပဲ နိဂုံးချုပ်လိုက်ပါမယ်………. လျှို့ဝှက်ချက်များစွာကို ချန်ထားရင်း………………..
Sai Phone Kyaw
May 21, 2013