19/08/2026
အစ္စလာမ်သာသနာတွင်အစားအသောက်နှင့်ပက်သက်၍မိန့်ကြားထားသော "ဟလာလ်နှင့် သွိုင်ယိဗ်" (Halal & Tayyib)
အစ္စလာမ်သာသနာတွင် စားသောက်ဖွယ်ရာများနှင့် ပတ်သက်၍ "ဟလာလ်" (ခွင့်ပြုထားခြင်း) ဖြစ်ရုံသာမက "သွိုင်ယိဗ်" (သန့်ရှင်းစင်ကြယ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းခြင်း) ဖြစ်ရမည်ဟု အထူးတလည် ပြဋ္ဌာန်းထားပါသည်။
မသန့်ရှင်းသောရေနှင့် ရောဂါပိုးမွှားများ ကပ်ငြိနေသည့် အစားအစာများကို ပေါ့ဆစွာ စားသုံးခြင်းသည် လူ့ခန္ဓာကိုယ်အား ကြီးမားစွာ ထိခိုက်နစ်နာစေနိုင်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သောကြောင့် သွိုင်ယိဗ် (သန့်ရှင်းစင်ကြယ်ရျ် ဘေးကင်းသော) အစားအသောက်များကိုသာ စားသုံးခြင်းသည် ပြည့်ဝသောအစ္စလာမ့်စားသောက်မှုစနစ်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ကျန်းမာရေးနှင့်ပက်သက်၍ အရေးပေါ်အခြေအနေတွင် သန့်ရှင်းသောရေကိုသောက်သုံးခြင်း၊ ရေကို ကျိုချက်၍သောက်သုံးခြင်း၊ ယင်နားစာနှင့် မသန့်ရှင်းသော အစားအစာများကို ရှောင်ရှားခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို တိကျစွာ စောင့်ထိန်းခြင်းတို့သည် မိမိကိုယ်မိမိ နှင့် မိသားစုဝင်များကိုပါ ရောဂါဘေးမှ ကာကွယ်စောင့်ရှောက်ဖြစ်ခြင်းသည်သာမက အစ္စလာမ်သာသနာတော်မှလမ်းညွှန်ထားသည့် "ဟလာလ် နှင့် သွိုင်ယိဗ်" စံနှုန်းကို လက်တွေ့ဘဝတွင် အပြည့်အဝ ကျင့်ဆောင်ခြင်းဖြစ်သည်။
ယခုအခါ
🚨 ရန်ကုန်မြို့တွင်းနှင့် အခြားသောမြို့များကိုပါကူးစက်လာနေသော ဝမ်းပျက်ဝမ်းလျှောရောဂါ အရေးပေါ်သတိပေးချက်နှင့် ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာခြင်းမှာ ကုရ်အာန် (၂:၁၉၅)၏ လမ်းညွှန်ချက်
َلَا تُلْقُوا بِأَيْدِيكُمْ إِلَى التَّهْلُكَة
အဓိပ္ပါယ်။ ။ မိမိတို့ကိုယ်ကို မိမိတို့၏လက်ဖြင့် ပျက်စီးခြင်း/အန္တရာယ်ထဲသို့ မပစ်ချကြနှင့်။
ဆိုသည့် မိန့်ကြားချက်အပေါ် အပြည့်အဝလိုက်နာရာရောက်ပေသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လူဦးရေထူထပ်သောမြို့နယ်များဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း သိသာစွာ မြင့်တက်လာနေပါသည်။ စာရင်းဇယားများအရ သြဂုတ် ၉ ရက်မှ ၁၂ ရက်အတွင်း ဆေးရုံတက်ရောက် ကုသမှုခံယူရသူ လူနာ ၁၈၀ ကျော်အထိ ရှိလာခဲ့ပြီး၊ ယင်းတို့အနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိသူ ၅၄ ဦးနှင့် သက်ကြီးပိုင်း သေဆုံးသူ တစ်ဦးအထိ ပါဝင်လာပြီဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဂရု အထူးသတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခများက အလေးအနက် တိုက်တွန်းထားပါသည်။ ဤကဲ့သို့ အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာနိုင်သည့် ကူးစက်ရောဂါအခြေအနေကို အပေါ်ယံမဆန်ဘဲ အလေးအနက်ထား ကာကွယ်နိုင်ရန် အောက်ပါအချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
👉 သောက်သုံးရေသန့်စင်ခြင်း - သောက်သုံးရေများကို ကျိုချက်သောက်သုံးကြရန်နှင့် မသန့်ရှင်းသောရေများကို သောက်သုံးခြင်းအား ရှောင်ကြဉ်ရန်။
👉 ဆင်ခြင်စားသောက်ခြင်း -
ယင်နားစာများ၊ သန့်ရှင်းမှုမရှိသော လမ်းဘေးစာများနှင့် အလွယ်တကူဝယ်ယူရရှိသည့် ပြင်ပအစားအစာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်။
👉 တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အစားအသောက် ဘေးကင်းရေး - အစားအသောက်များကို ပူပူနွေးနွေး စားသုံးကြရန်၊
အိမ်သာထွက်ပြီးသည်နှင့် အစာမစားမီ လက်ကို ဆပ်ပြာ၊ သန့်ရှင်းသောရေတို့ဖြင့် စင်ကြယ်စွာ စနစ်တကျ ဆေးကြောရန်။
👉 စောစီးစွာ ကုသမှုခံယူရေး - ရောဂါလက္ခဏာများ စတင်ခံစားရသည်နှင့် စိုးရိမ်ပူပန်မှု လွန်ကဲမနေဘဲ နီးစပ်ရာ ပြည်သူ့ဆေးရုံများသို့ အမြန်ဆုံး သွားရောက်၍ အချိန်မီ ဆေးကုသမှုခံယူကြရန်။
လူတစ်ဦးစီ သတိတရားနှင့် သန့်ရှင်းစင်ကြယ်မှုကို တိကျစွာလိုက်နာမှုသည်သာလျှင် ဤကူးစက်ရောဂါအန္တရာယ်ကို အကောင်းဆုံး ကာကွယ်နိုင်မည့် တံတိုင်းကြီးဖြစ်ပါကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။
စိတ်ချယုံကြည် ဟလာလ်လူမှုဘဝဆီ
Towards Reliable Halal Society ⏩️⏩️⏩️