21/07/2026
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးလုပ်ငန်းများပံ့ပိုးခြင်း၊ နယ်စပ်စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် မဟာဗျူဟာမြောက် အခွင့်အလမ်းများကိုအခြေခံကာ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဝန်ဆောင်မှုအင်အားစုကို ပိုမိုဖြည့်တင်းရန်၊ ရေရှည်တည်ငြိမ်ပြီး ထိရောက်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက်ဆောင်ရွက်ရေး ယန္တရားတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး နှင့် OBCG တို့အကြား လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၆ ဇူလိုင်လ ၃ ရက်နေ့ မန္တလေးမြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံး ညွန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌများ နှင့် အတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီးလုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံလုပ်ငန်းရှင်များ တို့တက်ရောက်ခဲ့ကြသည်။
ပူးပေါင်းဝန်ဆောင်မှုများတွင် နှစ်နိုင်ငံ နှစ်ဘက် စီမံကိန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ချိတ်ဆက်ပေးခြင်း၊ နယ်စပ်ဖြတ်ကျော် သွင်းကုန်ထုတ်ကုန် လိုက်နာဆောင်ရွက်မှု လမ်းညွှန်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒ လိုက်နာရန်အကြံပေးခြင်း၊ နယ်စပ်ဖြတ်ကျော် တရားဝင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးစီးဆင်းမှု လမ်းညွှန်ပေးခြင်း၊ စီမံကိန်းပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ အကြံပေးခြင်း၊ တရားဝင်စီမံကိန်းလုပ်ငန်းခွင့်ပြုချက်များလမ်းညွန်ပေးခြင်း၊ ဘဏ္ဍာရေးစာရင်းစစ်ဝန်ဆောင်မှုပေးခြင်း၊ အလုပ်သမားစေလွှတ်ခြင်းနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း စသည့် သီးသန့်ဝန်ဆောင်မှုများ ပါဝင်ပြီး၊ နှစ်နိုင်ငံနှစ်ဘက်လုပ်ငန်းများ နယ်စပ်ဖြတ်ကျော် လည်ပတ်လုပ်ကိုင်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲအမျိုးမျိုးကို ထိရောက်စွာ ပူးပေါင်းဖြေရှင်းပေးသွားမည် ဖြစ်သည်။
Myanmar Investment Service Center