12/08/2026
တကယ်လို့ ကိုယ်တိုင်ကရော AI မပါရင် ဘာမှ စဉ်းစားလို့မရတော့ဘူးလို့ ခံစားနေရရင် စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ မှန်ကန်တဲ့ လေ့ကျင့်မှုတွေ လုပ်ပေးရင် မူလစွမ်းရည်ကို သေချာပေါက် ပြန်လည်ရရှိနိုင်ပါတယ်။
သာမန်လူတိုင်း နေ့စဉ်ဘဝမှာ အလွယ်တကူ ကျင့်သုံးနိုင်မယ့် စိတ်ပညာ အခြေခံ ကုစားနည်း (၄) ချက် ရှိပါတယ်။
၁။ 'Cognitive Friction' (စဉ်းစားတွေးခေါ်ရန် အတားအဆီး) တမင်ဖန်တီးခြင်း
အရာရာကို လွယ်လွယ်ကူကူ ရနေရင် ဦးနှောက်က ပျင်းရိသွားတတ်ပါတယ်။ AI က ချက်ချင်း အဖြေပေးတဲ့အတွက် Dopamine (ပျော်ရွှင်မှုဟော်မုန်း) ကို အလွယ်တကူ ရနေတာပါ။
ပြဿနာတစ်ခုကြုံရင် AI ကို ချက်ချင်းမဖွင့်ပါနဲ့။ ကိုယ့်ဘာသာ (၁၅) မိနစ်လောက် အရင် ကြိတ်စဉ်းစားမယ် ဆိုတဲ့ စည်းကမ်းမျိုး သတ်မှတ်လိုက်ပါ။ ဒီ ၁၅ မိနစ်က သင့်ဦးနှောက်ကို ပြန်လည် နိုးကြားလာစေပါလိမ့်မယ်။
၂။ 'Neuroplasticity' (ဦးနှောက်၏ ပြန်လည်ပုံဖော်နိုင်စွမ်း) ကို အသုံးချခြင်း
လူ့ဦးနှောက်မှာ ကိုယ်အသုံးချရင် ချသလို အာရုံကြောကွန်ရက် (Neural pathways) တွေ အသစ်ပြန်ဖြစ်ပေါ်နိုင်တဲ့ Neuroplasticity ဆိုတဲ့ ဂုဏ်သတ္တိရှိပါတယ်။
ဖုန်းချည်းပဲ ကြည့်နေမယ့်အစား စာရွက်လွတ်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းယူပြီး ကိုယ့်အိုင်ဒီယာတွေကို ချရေးပါ။ ပုံဆွဲပါ။ (Mind mapping လုပ်ပါ)။ ဒီလို "Productive Struggle လေးတွေက သင့်ဦးနှောက်ကြွက်သားတွေကို ပြန်လည် သန်စွမ်းလာစေပါတယ်။
၃။ 'Metacognition' (မိမိတွေးခေါ်မှုကို ပြန်လည်စောင့်ကြည့်ခြင်း) လေ့ကျင့်ပါ
အလိုအလျောက် AI ကို ဖွင့်သုံးတော့မယ့်အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်စောင့်ကြည့် မေးခွန်းထုတ်တဲ့ အလေ့အကျင့်ကို လုပ်ပါ။
စာမရိုက်ခင် ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။ "ငါ ဒါကို တကယ်မသိလို့ AI ကို မေးတာလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် စဉ်းစားရမှာ ပျင်းနေလို့ လွှဲချချင်တာလား?" ဒီလို သတိကပ်လိုက်ခြင်းက AI အပေါ် မျက်ကန်း အားကိုးမိနေတဲ့ အကျင့်ဆိုးကို ချက်ချင်း ရပ်တန့်သွားစေပါတယ်။
၄။ 'Grounding Technique' ဖြင့် လက်တွေ့ကမ္ဘာသို့ ပြန်လည်ချိတ်ဆက်ခြင်း
ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ အရမ်းနစ်မွန်းနေတဲ့ ဦးနှောက်ကို လက်တွေ့ကမ္ဘာဆီ ပြန်ဆွဲခေါ်ဖို့ စိတ်ပညာကုထုံးတစ်ခုဖြစ်တဲ့ Grounding ကို သုံးဖို့ လိုပါတယ်။
Screens တွေကနေ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက် ခွာပါ။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတွေနဲ့ အချိန်ဖြုန်းပါ။ စာအုပ်အစစ် ဖတ်တာ၊ သဘာဝတရားထဲ လမ်းလျှောက်တာ၊ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောတာတွေက AI အပေါ် စိတ်ပိုင်းဆိုင်ရာ မှီခိုနေရမှုကို သိသိသာသာ လျော့ကျစေပါတယ်။