04/09/2026
#ဘဏ်ချေးငွေ_ဘယ်လိုယူမလဲ?
ဘဏ်ချေးငွေလိုချင်ရင် လွယ်ပါတယ်။ ခဲခဲယဉ်းယဉ်းမရှိပါဘူး။ ဒါကြောင့် ပွဲစားနဲ့လုပ်စရာလုံးဝမလိုပါဘူး။ ချေးငွေယူဖို့ လိုအပ်ချက်တွေနဲ့ ချေးပုံချေးနည်း ကို ရှင်းပြပေးပါမယ်။
ချေးငွေမယူခင်မှာ အောက်ပါလိုအပ်ချက်နှစ်ခု ရှိမရှိ စမ်းစစ်ရပါမယ်။
(1) #အပေါင်ပေးဖို့အတွက်_ပိုင်ဆိုင်မှု တစ်ခုခုရှိရပါမယ်
အိမ်ဆိုရင် ဂရမ်ရှိရပါမယ်။ ကွန်ဒိုလဲ လက်ခံပါတယ်။ AYA/YOMA တို့ဆိုရင် ကွန်ဒိုအတွက် BCC၊ အဆက်အစပ်စာချုပ်များ၊ မြေရှင်နဲ့ ကန်ထရိုက်တာ ချုပ်ထားတဲ့စာချုပ် သုံးခုသာလိုပါမယ်။ A Bank ဆိုရင်တော့ owner book ပါရှိမှ လက်ခံပါတယ်။
မြေရှင်လက်မှတ်ထိုးစရာမလိုပါ။ မြေရှင်ကို အသိပေးဖို့တောင်မလိုပါဘူး။
(2) #ပုံမှန်ဝင်ငွေရှိတဲ့_လုပ်ငန်းတစ်ခု ရှိရပါမယ်
စည်ပင်လိုင်စင်နဲ့ ဖွင့်တဲ့ လုပ်ငန်းရော ကုမ္ပဏီပါ လက်ခံပါတယ်။ ဘဏ်ပေါ်မူတည်ပြီး (၃) လကနေ (၆) လစာ ငွေအဝင် ပြပေးရပါတယ်။
ဒါကြောင့်မို့ ကိုယ့်ဖောက်သည်တွေကို ဘဏ်ကနေသွင်းခိုင်းတာ ပိုကောင်းပါတယ်။ Bank Statement တင်ပေးတဲ့အခါ လွယ်ပါတယ်။
bank နဲ့ဝင်တဲ့လုပ်ငန်းမဟုတ်ရင် receipt ပြရင်လည်းရပါတယ်..သို့သော် bank statement လောက်မကောင်းပါ။
လုပ်ငန်းအတွက်အခွန် ဆောင်ထားတာ တစ်နှစ်/နှစ်နှစ် (ဘဏ်ပေါ်မူတည်) ပြနိုင်ရပါမယ်။ ဘဏ်က ကြည့်ဖို့အတွက် စာရင်းစစ်လက်မှတ်ထိုးထားတဲ့ နှစ်ချုပ်စာရင်းတင်ပြနိုင်ရပါမယ်။
အထက်ပါနှစ်ခု မရှိဘူးဆိုရင်တော့ ဘဏ်ကနေချေးလို့မရပါဘူး။ ဒီနှစ်ခုကတော့ ချေးငွေယူဖို့ အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။
အထက်ပါ (၂) ချက်နဲ့ပြည့်စုံတယ်ဆိုရင်တော့ ဆက်လက်လုပ်ဆောင်ပုံကို ပြောပြပေးပါမယ်။
Q1 #ဘယ်ဘဏ်ကချေးမလဲ?
ပထမဆုံးဘယ်ဘဏ်ကနေ ချေးမလဲဆိုတာကို ဆုံးဖြတ်ရပါမယ်။ စာရွက်စာတန်းလိုအပ်ချက်၊ ယူတဲ့ အတိုးနှုန်းကတော့ ဘဏ်တစ်ခုနဲ့ တစ်ခု သိပ်မကွာပါဘူး။ ယူတဲ့ အတိုးနှုန်းနဲ့ အတိုးတွက်ပုံတွေလဲ သိပ်မကွာပါဘူး။
ကွာမှာကတော့ အတိုးကိုပြန်ဆပ်ရမယ့်ပုံစံ ဖြစ်ပါတယ်။ YOMA ကတစ်လတစ်ကြိမ် ဆပ်တဲ့ပုံစံနဲ့သွားပါတယ်။ AYA ဆိုရင်သုံးလတစ်ကြိမ်ပြန်ဆပ်တဲ့ ပုံစံကိုသုံးပါတယ်။
ပြန်ဆပ်တဲ့ ပုံစံကလဲ အမြဲပုံသေမူမထားဘဲ ပြောင်းတတ်ပါတယ်။ များသောအားဖြင့် အထက်ပါပုံစံနှစ်ခု ထဲက တစ်ခုခုကို သုံးပါတယ်။
ဘဏ်တွေကို လိုက်မေးပြီး ကိုယ်ကြိုက်တဲ့ ဘဏ်ကို ရွေးချယ်နိုင်ပါတယ်။
Q2 #အတိုးနှုန်းဘယ်လောက်လဲ?
ပြန်ဆပ်တဲ့ အခါတိုးရင်းပေါင်း ဆပ်ရပါတယ်။ အတိုးနှုန်းကလည်း အသေမဟုတ်ပါဘူး။ ချေးထားတဲ့ကာလအတွင်းမှာ ဘဏ်ဘက်က အတိုးနှုန်းပြောင်းလဲ သတ်မှတ် ခွင့်ရှိပါတယ်။
2024 June လအထိ ၁၀% သာယူပေမဲ့ အဲဒီနောက်ပိုင်းမှာ ၁၂% အဖြစ်တိုးတောင်းပါတယ်။
တိုးတောင်းတယ်ဆိုတာ ဖောက်သည်အသစ်တွေကို သာတိုးယူတာမဟုတ်ဘဲ လက်ရှိ ၁၀% နဲ့ယူထားတဲ့သူတွေကို လည်းတိုးယူပါတယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်ဆိုတာကို နားလည်ထားရပါမယ်။
ချေးချင်ပါတယ်လို့ ပြောလိုက်တာနဲ့ ဘဏ်ဘက်က စာရွက်စာတန်းတွေပြခိုင်းပါလိမ့်မယ်။
စာရွက်စာတန်းတွေအဆင်ပြေတယ်ဆိုရင် ရာဖြတ်ကို လွှတ်ပြီး အိမ်တန်ဖိုးကို တွက်ပါမယ်။ တွက်ပြီးတဲ့ အခါမှာ အပေါင်ပေးမယ့် အိမ်တန်ဖိုးပေါ်မူတည်ပြီး ဘယ်လောက်အများဆုံးချေးပေးနိုင်တယ်ဆိုတာ ကို ဘဏ်ဘက်က ပြန်ပြောပါလိမ့်မယ်။
ချေးမယ့်သူက ဘဏ်ဘက်က ပြောတဲ့အစီအစဉ် (အတိုးနှုန်းနဲ့ ပြန်ဆပ်ရမယ့် ပုံစံ) ကို ကြိုက်ရင်အလုပ်လုပ်လို့ရပြီး မကြိုက်ရင် ဆက်မလုပ်ဘဲ နေလို့ရပါတယ်။
ဒီအထိ ဘဏ်ဘက်ကိုပေးရမယ့် fee က (၂) သိန်းအောက်ပဲ ရှိပါတယ်။
Q3 #ဘယ်လောက်ချေးပေးလဲ?
ဘယ်လောက်ချေးပေးလဲဆိုတာကတော့ အပေါင်ပစ္စည်းတန်ဖိုးနဲ့ မိမိရဲ့ ဝင်ငွေနှစ်ခုပေါ်မှာ မူတည်ပြီး ဘဏ်ဘက်က ဆုံးဖြတ်ပါတယ်။
ပိုင်ဆိုင်မှုရဲ့ တန်ဖိုးကို ဈေးကွက်ပေါက်ဈေးအတိုင်း မသတ်မှတ်ပါဘူး။ ရာဖြတ်က သတ်မှတ်တဲ့ နှုန်းကိုသာ အတည်ယူပါတယ်။ ရာဖြတ်ကလည်း ဘဏ်က ခန့်ထားသူတွေဖြစ်လို့ ဘဏ်ဘက်ကို မျက်နှာနည်းနည်းလိုက်ပါတယ် (ကိုယ်တွေ့ကိုပြောတာပါ)။
မျက်နှာလိုက်တယ်ဆိုတာကတော့ ဖြစ်သင့်တာထက်နည်းနည်းလျော့ပြီး သတ်မှတ်ပေးတာ ပြောတာပါ။
ချေးငွေပြန်မဆပ်နိုင်လို့ ရောင်းရတဲ့အခါ ဘဏ်ဘက်က ဆုံးရှုံးမှုနည်းအောင်လို့ပါ။
ဒီအချက်ကိုနားလည်ဖို့ဆို ဘဏ်ရဲ့အလုပ်လုပ်ပုံကို အသေးစိတ် ရှင်းပြပေးမှရမှာမို့ ချန်ခဲ့လိုက်ပါမယ်။
ရာဖြတ်တန်ဖိုးရဲ့ ၅၀% အောက်ကို သာထုတ်ချေးတာများပါတယ်။ ရာဖြတ်တန်ဖိုး (၃၀၀၀) ဆိုဘဏ်က ချေးငွေ (၁၅၀၀) အထိသာ အများဆုံး ထုတ်ချေးပါမယ်။ တချို့ဘဏ်တွေဆိုရင်တော့ စွန့်စားပြီး ၆၀% အထိ ထုတ်ချေးပေးပါတယ်။
ချေးယူသူပေါ်မှာလဲ မူတည်ပါတယ်။ ချေးသူက ပြောတတ်ဆိုတတ်ရင် တိုးပေးပါတယ်။ ကျတော့် တုန်းကဆို ၆၀% ပေးခဲ့ပါတယ်။
အိမ်တန်ဖိုးဘယ်လောက်ပဲ မြင့်မြင့် လုပ်ငန်းရဲ့ ဝင်ငွေအရ ချေးသူပြန်ဆပ်နိုင်တဲ့ ပမာဏ ထက်ပိုမချေးပါဘူး။
အထက်မှာ ပြောသလို ၁၅၀၀ ထုတ်ချေးလို့ တစ်လကို တိုးရင်းပေါင်း သိန်း (၃၀) ဆပ်ရမယ်ဆိုပါစို့။ လုပ်ငန်းကဝင်တဲ့ ဝင်ငွေက သိန်းသုံးဆယ်ရဲ့ နှစ်ဆလောက်
အနည်းဆုံး ရှိရပါမယ်။ တစ်နည်း တစ်လကို ဝင်ငွေ သိန်း (၆၀) ရှိရပါမယ်။
Q4 #နောက်ဆက်တွဲစရိတ်များ
လက်ခံလိုက်ပြီ ဆိုတာနဲ့ တံဆိပ်ခေါင်းခွန်ဆောင်တာ၊ ကျမ်းကျိန်တာတွေ ဆက်လုပ်ဆောင်ရုံပါပဲ။ အဲ့ဒီစရိတ်တွေ အတွက်ကုန်ကျစရိတ်ကိုတော့ ချေးသူဘက်က ကျခံပေးရပါတယ်။
နောက်ထပ်မဖြစ်မနေကုန်ကျမယ့် စရိတ်တစ်ခု ရှိပါတယ်။ ဒါကတော့ မီးအာမခံပါ။ မိမိ အပေါင်ပေးမယ့် အိမ်အတွက် မီးအာမခံယူရပါတယ်။ သိန်း (၃၀၀၀) တန်အိမ်ဆို မီးအာမခံ တစ်နှစ်စာ (၇) သိန်းလောက်ကုန်ပါမယ်။
အာမခံကိုလည်း ဘဏ်ကပိုင်တဲ့ အာမခံကုမ္ပဏီမှာပဲ ထားပေးရပါတယ်။ add-on service ရောင်းတာလဲ ဖြစ်သလို ဘဏ်ဘက်ကကာကွယ်မှု ယူတဲ့သဘောလည်းဖြစ်ပါတယ်။
စတင်ချေးယူတဲ့အချိန်မှာ (၁၀) သိန်းလောက်ကုန်မှာ ဖြစ်ပြီး မီးအာမခံ အနေနဲ့ နှစ်စဉ်ကုန်ကျစရိတ် (အိမ်တန်ဖိုးပေါ်မူတည်) ရှိပါမယ်။
Q5 #ဘဏ်ဝန်ထမ်းကိုမေးသင့်လား?
ရာထူးကြီးသည် ဖြစ်စေ ငယ်သည် ဖြစ်စေ ဘဏ်ဝန်ထမ်းတိုင်း မသိပါဘူး။ ချေးငွေပေးတာကို တာဝန်ယူရတဲ့ ဝန်ထမ်းမဟုတ်ရင် မသိနိုင်ပါ။ ချေးငွေပေးတာကို လုပ်ရတဲ့ ဝန်ထမ်းဖြစ်ရင်တောင် သူ့ဘဏ်အကြောင်းကိုသာ သူသိမှာပါ။
ဘာကိုပြောချင်တာလဲ ဆိုတော့ ကိုယ့်မိတ်ဆွေထဲမှာ ဘဏ်ဝန်ထမ်း ရှိခဲ့ရင်မေးလို့ ရတယ်.. သို့သော်
သူပြောတာကို 100% ယုံလို့ မရပါဘူး။ ဘဏ်ဝန်ထမ်းပြောတာဆိုပြီး လာပြောတဲ့သူတွေ ကြုံရတတ်လို့ပါ။
ကိုယ်တိုင်သွားပြီးမေးပါ .. ကိုယ်တိုင်ဆုံးဖြတ်ပါ။ စွန့်ဦးတီထွင်သူများဟာ ဒီလိုပဲ လုပ်ကြပါတယ်။
Q6 #ချေးငွေယူသင့်လား?
ဘဏ်ချေးငွေဆိုတာ အတိုးနည်းလို့ အလုပ်လုပ်တဲ့အခါ သုံးကို သုံးသင့်တဲ့ အရာဖြစ်လို့ အခွင့်အရေးကို လက် လွှတ်မခံသင့်ဘူးလို့ ပြောချင်ပါတယ်။
မဆပ်နိုင်ရင် အိမ်သိမ်းခံရနိုင်တာ မို့လို့ သေချာတွက် ချက်ပြီး ယူသင့်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြုံရင် အသေးစိတ်ရေးပေးပါဦးမယ်။
Soe Win Khine
GRTD Consulting
🔽🔽🔽