30/04/2022
https://m.facebook.com/story.php?story_fbid=1439142896503895&id=100012245942024
စီးပွားရေး လုပ်ငန်းတစ်ခု စမယ်ဆိုရင်….
စီးပွားရေး လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုတဲ့ သူတွေကို ကျွန်တော်က မေးခွန်းတစ်ခု အရင် မေးလေ့ ရှိပါတယ်။ ဒါကတော့ ဘာကို ဘယ်သူ့ကိုရောင်းမှာလဲ၊ ဒါမှမဟုတ် ဘယ်သူ့ကို ဘာရောင်း မှာလဲ ဆိုတာ ပဲ ဖြစ်ပါတယ်။ မြန်မာပြည်အနှံက စီးပွားရေး လုပ်ငန်း ကြီးတွေ ကို အကြံပြုရတဲ့ အခါမှာလည်း ဒီ စဉ်းစားပုံပေါ်မူတည်ပြီး တော့ပဲ နောက်ဆက်တွဲ လုပ်ဆောင်ရမှာတွေကို အကြံပြုပေးရတာပါပဲ။
ဘာ ကို ဘယ်သူ့ကို ရောင်းမှာလဲ…
ဒီ စီးပွားရေး လုပ်တဲ့ ပုံစံ ကတော့ Product or Service ကို အရင် ဖန်တီး မယ် ပြီးတော့မှ ဒါကို ဘယ် Customer Segment ကိုရောင်းချ ရင် အရောင်းရဆုံးဖြစ်မလဲ လို့ ပြန်လည်ရှာဖွေ ရတာဖြစ်ပါတယ်။ ဒီနည်းဟာ အားသာချက် အားနည်းချက် တွေ ရှိပါတယ်။ ကိုယ့်မှာက Limited resources တွေ ဖြစ်နေတယ် အချိန်မျိုးမှာ အလုပ်ကလဲ ဖြစ်ဖို့ အတွက် ရနိုင်သလောက် လေးနဲ့ Product or Service တစ်ခု အရင်ဖန်တီးကာ ဒါနဲ့ ကိုက်ညီမယ့် Customer ကိုအရင်ရှာ၊ အမြတ် လေးနည်းနည်းရအောင်လုပ်၊ပြီးတော့မှ Product ကို Upgrade လုပ်ကာ ပိုပြီး Profit များများ ရနိုင်မယ့် Customer Segment ကိုပြောင်းတဲ့ Strategy ပါပဲ။ ဒါကလဲ အလုပ်ဖြစ်တာပါပဲ။
နောက် တစ်နည်းကတော့ စျေးကွက်မှာ ဦးဆောင်နေပြီး နေရာရနေတဲ့ Brand ကောင်းကောင်း တည်ဆောက် ထားနိုင်တဲ့ Company ကြီးတွေက Product or Service အသစ် တစ်ခုကို အရင်ထုတ်ပြီး မှ ဒါကို လူတွေ လိုက်သုံးလာအောင် လုပ်ဆောင် တာပါပဲ။ ဒါကလဲ အလုပ်ဖြစ်ပါတယ်။
ဘယ်သူ့ကို ဘာရောင်းမှာလဲ…
ဒီစီးပွားရေး ပုံစံက ပိုလွယ်တယ်လို့ ပြောလို့ရတယ်။ ပိုပြီးစျေးကွက်မှာပေါက်နိုင်တဲ့ အခြေအနေ ဖြစ် ပါတယ်။ စျေးကွက် က လိုနေတဲ့၊ ကိုယ်ရည်ရွယ်တဲ့ Customer Segment ကလိုနေတဲ့ အရာကို ကိုယ်က ဖန်တီး ပြီး ရောင်းချ ပေးတာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ ရဲ့ ရာခိုင်နှုန်း အများစုဟာ ဒီ concept နဲ့ လုပ်ဆောင်နေ ကြတာဖြစ်ပါတယ်။ လူတွေ ကြိုက်လောက်မယ့် ပစ္စည်းတွေ တင်မယ်၊ customer တွေ ပိုသဘောကျမယ့် Pain Points တွေကို ပျောက်စေမယ့်. Value Added တွေ လုပ်မယ် စသဖြင့်ပါပဲ။
ဒီ စီးပွားရေး ပုံစံ အောင်မြင် စေဖို့ အတွက် အဓိက ကျတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒါကတော့ ဘယ်သူ့ကို ဆိုတဲ့ စကားအတိုင်း ကိုယ်ရည်ရွယ်တဲ့ Customer Segment ရဲ့ အကြောင်းကို သေချာ နားလည် သဘောပေါက် ဖို့ပါပဲ။
တစ်နည်းအားဖြင့်တော့ ကိုယ်ရည်ရွယ်တဲ့ Customer Segment ဟာ ဘယ်လို အပြုအမူ Behavior မျိုး ရှိသလဲ၊ Buying Decision တွေကို ဘယ်လို စဉ်းစားပြီး ချမှတ်ကြသလဲ၊ ထူးခြားတဲ့ အယူအစွဲ တွေ ကဘာတွေ ရှိမလဲ စတာတွေကို နားလည်သဘောပေါက်ဖို့ ပါပဲ။
တစ်ခါက ငါး မွေးမြူ တဲ့ လုပ်ငန်းရှင်တစ်ဦးနဲ့ စကားပြောဖြစ်ကြတဲ့ အခါ… ကျွန်တော်တို့က ခြောက်လ တစ်ခါလောက် ငါးကန်ဖော် ရပါတယ်ဆရာတဲ့… မွေးစက နေ အစာ ကျွေးလာပြီး ခြောက်လ အကြာ ဖော်တဲ့အခါမှာ ငါး တွေက တစ်ပိဿ ဝန်းကျင်လောက် ဖြစ်နေ လေ့ရှိပါတယ်ဆရာ.. ဒါဆိုရင် ထည့်ထားတဲ့ အကောင် အရေအတွက်၊ ပျက်စီးနိုင်သေဆုံးနိုင်တဲ့ အကောင်အရေအတွက် ကို ခန့်မှန်းတွက်ချက်ပြီး ငါးတစ်ပိဿ စျေးနဲ့ ယှဉ်ကာ တစ်ကြိမ်ဖော် ရင် ဘယ်လောက် ရမယ်လို့ တွက် လို့ရပါတယ်ဆရာ.. လို့ပြောပါတယ်။
ဒါနဲ့ ကျွန်တော်က မေးမိတာက..ဘာလို့ ခြောက်လနဲ့ ဖော် တာလဲဗျာ. ..ဥပမာ တစ်နှစ်လောက် ဆက် ထားလိုက်ရင် ပိုပြီးငါး အကောင်ကြီးလာမယ် ပိဿ ပိုကြီးလာမယ်ဆိုရင် ပိုမရောင်းရ နိုင်ဘူးလား ပိုမကောင်း ဘူးလား ဗျ လို့ ပါပဲ။
ဒီတော့ လုပ်ငန်းရှင်က ရှင်းပြပါတယ်။ ဒီဖက်က ကျွန်တော်တို့ ရောင်းတဲ့ customer တွေ က တစ်မျိုး ဆရာရဲ့… သူတို့က ငါး တအားအကောင်ကြီး သွားရင် နတ်ငါးလိုလို ဘုရားနှစ်ချို့ငါးလိုလို သားကြီးငါးကြီး ဆိုပြီး မစားရဲကြတော့ဘူး ဆရာ ဒါကအဓိကအ ချက်ပါပဲ။ နောက်တစ်ချက်ကတော့ ပထမ ခြောက်လ က လူလိုဆို ဆယ်ကျော်သက် တအား အကောင်ထွားတဲ့ အချိန်ပေါ့ဆရာ ကျွေးရတဲ့ အစာဖိုးနဲ့ တိုးလာတဲ့ ပိဿချိန်က ကိုက်တယ်ဗျ ဒါပေမယ့် အကောင်ကြီး ပြီးခြောက်လ ကျော်သွားရင် တော့ အစာဖိုးသာ ပိုကုန်တယ် အရင်လောက် အသားမတိုးတော့ လို့ သိပ်မကိုက်တော့ဘူး ဆရာ ဒါကလဲ တစ်ချက်ပါပဲတဲ့။
ဒီ ဖြေရှင်းဟာ အတော်လေး အကြောင်းအကျိုးသင့်သလို လုပ်ငန်းရှင်ဟာလည်း သူ့ရဲ့ Customer segment ရဲ့ အပြုအမူ behavior ကို ကောင်းကောင်းနားလည် တယ်ဆိုတာတွေ့ရတာပါပဲ။ ငါးအကောင်ကြီး သွားရင် မစားရဲတော့ဘူးဆိုတာ ဟာ အဲဒီ Customer Segment ရဲ့ ထူးခြားတဲ့ Behavior ပါပဲ။
ကျွန်တော် အမြဲ ပြောဖူးတဲ့ ရုံးခွဲ မန်နေဂျာ ဘဝ အင်ဂျင်ဝိုင် ဖြန့်တုန်းက ကြုံရတာလေး လဲ ရှိပါသေးတယ်။ အဲဒီနယ်က customer တွေက အင်ဂျင်ဝိုင်ဆိုရင် သံဘူး နဲ့ လာတဲ့ အင်ဂျင်ဝိုင်ကမှ အရည်အသွေးကောင်းတယ်ဆိုတဲ့ ယူဆ ချက် ရှိနေတာပါပဲ။ ဒီအခါမှာ ကော်ဘူးနဲ ့တင်သွင်း လာတဲ့ ကိုယ့်အင်ဂျင်ဝိုင်ပေါက် ဖို့အတွက် ဒီ Customer segment ရဲ့ ထူးခြားတဲ့အယူအဆ ကို ဘယ်လို ပျောက် အောင် ဖျောက် ရမလဲဆိုတာ အရင်ဆုံး စဉ်းစား ရပါတော့တယ်။
တစ်ခါ က နယ်မြို့လေး တစ်မြို့ အတွက် မုန့် ထုတ် လုပ်ဖြန့်ချီ ဖို့ စျေးကွက် လေ့လာတော့လဲ အဲဒီနယ် ရဲ့ ထူးခြားချက် ကိုတွေ့ရှိရဖူးပါတယ်။ ဒါကတော့ ဘယ်လိုမုန့်ဖြစ်ဖြစ် စားကြတယ် ဒါပေမယ့် ဖြန့်တဲ့ မုန့်ဟာ အရသာ ပြင်း မှ ပေါက်တယ်ဆိုတာပါပဲ။ ဥပမာ ချိုရင်လဲ ပိုချိုလိုက်မှ၊ ချောကလက် အရသာ ဆိုလဲ ပီပီပြင်ပြင်ဖြစ်မှ ၊ နို့အရသာ ဆိုလဲ ပြင်းမှ စသဖြင့်ပါပဲတဲ့။
ရွှေဆိုင် တစ်ဆိုင်ကလဲ စျေးကွက် တိုးချဲ့တဲ့ အနေနဲ့ အထည်ချုပ်စက်ရုံတွေ အများအပြား နား မှာ ဆိုင် အသစ် တစ်ဆိုင် ဖွင့်လိုက်ပါတယ်။ အဲဒီ နယ်မြေမှာတော့ အထည်ချုပ်စက်ရုံ ဝန်ထမ်းတွေကို အဓိက ထား ရောင်းချရမှာဆိုတော့ customer segment ရဲ့ Behavior တွေကို လေ့လာရပါတော့တယ်။ ဒီအခါမှာ အဲဒီ အထည်ချုပ်ဝန်ထမ်းတွေ ဟာ လစာ ထုတ်တာနဲ့ နိုင်သလောက် ငွေ နဲ့ ရွှေဝယ်စုကြတယ် ငွေပမာဏကလဲ ငါးသောင်း ဝန်းကျင်လောက်ဖြစ်တယ်။အထည်ဆိုရင် အလျော့တွက် လက်ခ နဲ့ ဘာညာ ဆိုတော့ သိပ်မကြိုက်ကြဘူးဆိုတာ သွားတွေ့ရပါတယ်။ ဒီအခါမှာ အခေါက်ရွှေ ကိုပဲ အတုံးသေးသေး ရွှေးစ လေးတွေ ကနေ စပြီး သုံးလေးသောင်း ဖိုး နဲ့ ဝယ်လို့ ရအောင် လုပ်ပေးလိုက်တဲ့အခါမှာ အားလုံး ၀ိုင်းဝယ်ကြတော့တာပါပဲ။
ကိုယ်ရည်ရွယ်တဲ့ Customer Segment ရဲ့ Behavior ကိုမသိလို့ Product or Service က Quality သိပ်ကောင်း ပေမယ့် ရှုံးနိမ့်သွားရတာတွေ အများအပြား ရှိပါတယ်။ တစ်ခါက နယ်မြို့တစ်မြို့ မှာ ဘဲကင် ဆိုင် အသစ် တစ်ဆိုင်လာဖွင့်ပါတယ်။ ဆိုင် ကဘဲကင်ဟာ အရသာလဲ ကောင်းမွန် ပြီး အတော်လေး စားလို့ ကောင်းပါတယ်တဲ့။ ဒါပေမယ့် အဲဒီမြို့ က customer တွေဟာ ဘဲ သား ကို စားလေ့မရှိ တဲ့အတွက် ဆိုင်ဟာ မရောင်းရတော့ပဲ အခြားမြို့ကိုပြောင်းရွှေ့သွားရပါတော့တယ်။ ။
ထူးခြားတဲ့ Behavior တွေကို လုပ်ငန်းတွေ အနေနဲ့ကပြုပြင်ယူလို့တော့ရပါတယ်။ ဒါပေမယ့် Marketing စရိတ်တွေ များများ ကုန်ကျတတ်ပါတယ်။ ရှိနေပြီးသား Behavior ကို လုပ်ငန်းအတွက် အသုံးချ နိုင်မယ် ဆိုရင်တော့ အလွယ်တကူ စျေးကွက် မှာပေါက်သွားပြီး အမြတ်အစွန်းတွေ ပိုမိုရရှိနိုင်မှာ ဖြစ်တာကြောင့် စီးပွားရေး လုပ်ငန်းလုပ်မယ်ဆိုရင် ၊ နောက်တစ်ခါ ဘယ်သူ့ကို ဘာရောင်းမှာလဲ လို့ စဉ်းစားမယ်ဆိုရင် ဘယ်သူဆိုတဲ့ Targeted Customer Segment ရဲ့ Behaviors တွေကို သေချာ နားလည် အောင် လုပ်ကာ အသုံးချနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း။
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ် စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant