24/01/2025
ရေသန့်ကို ကျိုချက်ပြီးသောက်လို့ရပါသလား…….???
ဒီပြဿနာ လိုင်းပေါ်မှာ ဂယက်ထနေတာ ကြာပေါ့….. ကျုပ်တို့လူမျိုးတွေကလည်းအခက်သား အကျိုးရှိတဲ့စကားတို့….စာတို့….ဆိုရင် ဒီဖက်နားကဝင် ဟိုဖက်နားကထွက်ပေါ့
ဒါမျိုး အခြေအမြစ်မရှိတာဆို မျက်စိစုံလုံးကန်းယုံတတ်ကြသကိုး ထားပါတော့…….
အခြေခံအားဖြင့် ရေအကြောင်းကို အခြေခံပညာတန်းတွေရဲ့ သိပ္ပံဘာသာရပ်မှာ သင်ခဲ့ကြပြီး ၉တန်းနဲ့ ၁၀ တန်း Chemistry ဓါတုဗေဒဘာသာမှာပါ သင်ခဲ့ဖူးကြမယ်
ရေကို ဟိုဒ်ဒရိုဂျင် Hydrogen Atom ၂ လုံးနဲ့ အောက်စီဂျင် Oxygen Atom ၁ လုံး ပေါင်းစပ်ထားတဲ့ H2O လို့ သိခဲ့ကြမယ်
သူ့ရဲ့ ဂုဏ်သတ္တိအရ ပြိုကွဲလွယ်တယ် အခြားဓါတ်ပစ္စည်းများနဲ့ ပေါင်းစပ်လွယ်တယ် ဒါကြောင့်ရေကို အကောင်းဆုံးသော ဖျော်ရည် (Solvent) ဖြစ်တယ်လို့ ဆိုကြသေးတယ်
ပြောချင်တာကတော့ ရေဟာအလွယ်တကူနဲ့ အခြားသောပစ္စည်းမျိုးစုံနဲ့ပေါင်းစပ်နိုင်တဲ့ ဂုဏ်သတ္တိရှိနေပါတယ်
သန့်စင်တဲ့ရေမှာ အရောင်မရှိ အဆင်းမရှိ အနံ့မရှိ အရသာမရှိလို့ ဆိုပါတယ် ပြောရရင် သူ့မှာ အခြားသော ညစ်ပတ်စေနိုင်တဲ့အရာတွေ အကုန်ဖယ်ထုတ်လိုက်နိုင်မယ်ဆိုရင် ရေမှာ ဘာဆိုဘာမှ မရှိတဲ့ ဂုဏ်သတ္တိနဲ့ ရှိနေရမှာပါ
ဒါပေမယ့် ရေမှာ အခြားသော အရာဝတ္ထုတွေများပေါင်းစပ်ပါဝင်လာပြီဆိုရင်တော့ ရေရဲ့ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေ (Physical Properties) ဟာ ပြောင်းလဲလာရပါတယ် ဥပမာ အရောင်၊ အနံ့၊ အရသာပေါ့
အဲ့လိုပဲ ရေထဲကို အခြားသောဓါတုဗေဒပစ္စည်းတွေများပါဝင်လာရင်လည်း ရေရဲ့ ဓါတုဗေဒဂုဏ်သတ္တိ (Chemical Properties) တွေဟာလည်း ပြောင်းလဲလာရပါတယ် ဒါကို ဥပမာတစ်ခုနဲ့ ရှင်းရမယ်ဆိုရင် PH value နဲ့ပြောလို့ရပါတယ် ရေရဲ့အကောင်းဆုံး PH value ကို 6.5 t0 8.5 လို့ ပြောထားပါတယ် တကယ်လို့ ရေမှာ တခြားသော ဒြပ်ပေါင်းတွေနဲ့ ပေါင်းလိုက်မိပြီဆိုရင် သူရဲ့ မူလ PH တန်ဖိုး ပြောင်းလဲသွားရပါတယ် ဥပမာ ဘလက်ကော်ဖီ တစ်ခွက်ဆိုရင် PH value က အရမ်းနိမ့်သွားပါတယ် အဲ့လိုပဲ သံပုရာရည်တစ်ခွက်မှာလည်း သံပုရာသီးနဲ့ပေါင်းစပ်ပြီး အက်ဆစ်ဂုဏ်သတ္တိများသွားလို့ PH value က နိမ့်သွားရပါတယ် ပုံ (၃) မှာ မြင်သာအောင် ပြထားပါတယ်
အဲ့လိုပဲ အက်ဆစ် (Acid) ရဲ့ပြောင်းပြန် အယ်လ်ကာလီ (Alkali) ဂုဏ်သတ္တိရှိတဲ့အခြားပစ္စည်းတွေနဲ့ပေါင်းမိရင် PH value က တက်သွားပြန်ပါတယ် ဥပမာ အမိုးနီးယားအရည် ဆော်ဒါအရည်တို့မှာပေါ့
အဲ့လို PH တန်ဖိုး ပြောင်းလဲသွားတဲ့ ရေတွေကို ရေသန့်စင်တဲ့နည်းတွေသုံးပြီး အတတ်နိုင်ဆုံး အက်ဆစ်နဲ့ အယ်လ်ကာလီဂုဏ်သတ္တိတွေလျော့သွားပြီး Neutrality လို့ခေါ်တဲ့ ဓါတ်တူညီမှု မျှခြေအနေအထားကို ပြန်ရောက်အောင်လုပ်ရတာပါပဲ
ပြောရရင် မူလရေရဲ့ ဂုဏ်သတ္တိကို ထိပါးနိုင်တဲ့ ပါဝင်ပစ္စည်းတွေကိုပဲ ဖယ်ထုတ်တာပါ မူလရေရဲ့ H2O အနေအထားက ဘာမှ ပြောင်းလဲမသွားပါဘူး
နောက်ပြီး ငယ်ငယ်ကသိပ္ပံမှာ သင်ခဲ့ဖူးတာ မှတ်မိမှာပါ ရေသံသရာလည်ပုံပေါ့ ရေဟာ ပူလာရင် အငွေ့ပျံခြင်းဖြစ်စဉ် (Evaporation) နဲ့ အငွေ့ပျံတယ် မူလအရည်ဂုဏ်သတ္တိကနေ အငွေ့ဂုဏ်သတ္တိကို ကူးပြောင်းတယ် ပြီးရင် ကောင်းကင်မှာ မိုးတိမ်ဖြစ်သွားတယ် အဲ့နောက် အငွေ့ဂုဏ်သတ္တိကနေ ငွေ့ရည်ဖွဲ့ခြင်းဖြစ်စဉ် (Condensation) နဲ့ မိုးရည်အဖြစ်ပြောင်းလဲပြီး အရည်ဂုဏ်သတ္တိကို ပြန်ရောက်လာရတယ်
ဒီအခြေခံသဘောတရားလေး သဘောပေါက်ရင်ကို ရေသန့်ကို ကျိုချက်သောက်သင့်မသောက်သင့်ဆိုတဲ့ပြဿနာက ဖြေရှင်းဖို့လွယ်သွားပြီလို့ထင်တယ် ဘာလို့လဲဆိုတော့ ရေကို အပူပေး အငွေ့ပျံစေပြီး ပေါင်းခံလိုက်ရင် ရေပဲ ပြန်ရတာပါ အခြားဘာပစ္စည်းမှ ပိုပါမလာသလို ရေထဲမှာ ပါတဲ့ ဓါတုပစ္စည်းအချိုးအစားကလည်း ပြောင်းလဲမသွားပါဘူး (မိမိအပူပေးမယ့် မူလရေရဲ့ quality ပေါ်မှာတော့ မူတည်တာပေါ့)
တစ်ခုထူးခြားတာကတော့ အပူပေးလိုက်တဲ့အတွက် မူလရေထဲမှာပါနိုင်တဲ့ အဏုဇီဝပိုးမွှားများကတော့ အပူချိန်ကြောင့်သေဆုံးသွားနိုင်ပြီး ပိုးကင်းစင်တဲ့ ရေအခြေအနေကိုရောက်သွားနိုင်တာပါပေါ့
ဒါကြောင့် ဒီဖြစ်စဉ်နဲ့အလားတူတဲ့ အငွေ့ပျံခြင်း၊ မိုးရွာခြင်းဖြစ်စဉ်ကနေရလာတဲ့ မိုးရေဟာ သန့်စင်တဲ့ရေလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ် ယျေဘူယျအားဖြင့်ဆိုရင်တော့ မိုးရေဟာ မြစ်ရေ၊ ချောင်းရေ၊ မြေအောက်အဝီစိရေတွေထက်စာရင် သန့်စင်တယ်လို့ ဆိုရပါ့မယ်
အခု ပြည်သူအများသောက်နေတဲ့ရေသန့်တွေကိုရော ဘယ်လိုသန့်စင်ပါသလဲ မြန်မာပြည်က သောက်ရေသန့်လုပ်ငန်းတွေအားလုံးနီးပါးက မြေအောက်အဝီစိရေကိုပဲ ရေအရင်းအမြစ်အနေနဲ့ သုံးကြပါတယ် ဒါကြောင့် ရေထဲမှာ calcium, sodium, magnesium, potassium, chloride, bicarbonate and sulfate စတဲ့ဒြပ်ပေါင်းတွေပါဝင်တာများပါတယ် ရေဟာသွက်မနေဘူး
“ရေကလည်းစေးလိုက်တာ လက်ဆေးတာ ပြောင်ကိုမပြောင်ဘူး”လို့ မှတ်ချက်ပြုတတ်ကြပါတယ်
တစ်နေရာနဲ့တစ်နေရာ ရေစေးပုံခြင်းမတူရတာဟာ မြေအောက်ရေမှာပါဝင်တဲ့ ဒြပ်ပေါင်းအချိုးအစားတွေမတူလို့ပဲ ဖြစ်ပါတယ် ဒါ့အပြင် မြေအောက်ရေထဲမှာ အခြားသော အော်ဂင်းနစ်ဒြပ်ပေါင်းတွေ၊ ရေမှာပျော်ဝင်နိုင်တဲ့ ဓါတ်ငွေ့တွေ (ဥပမာ CO2, H2S, CH4) Trace Elements လို့ခေါ်တဲ့ Arsenic, Lead and Cadmium တွေနဲ့ အခြားသော Minor Constituents တွေဖြစ်တဲ့ Iron, nitrites and nitrates စတဲ့ဒြပ်ပေါင်းတွေလည်း ပါဝင်နိုင်ပါသေးတယ် ပုံ (၂)
ဒီလိုရေစေးတွေကို ရေသန့်ဖြစ်အောင်လုပ်ရတော့မယ်ဆိုရင် Ion Exchanger လို့ခေါ်တဲ့ ရေသန့်စင်နည်းကို သုံးရပါတယ် ရေထဲမှာ လိုအပ်တာထက်ပိုပါနေတဲ့ အဖိုဓါတ် အမဓါတ်မတူတဲ့ ဒီဒြပ်ပေါင်းတွေကို (calcium, sodium, magnesium, potassium, chloride, bicarbonate and sulfate) အလဲအလှယ်လုပ်ပေးရတာပါ
ပြီးရင် ရေကို Reverse Osmosis တစ်ဖက်စိမ့်အလွှာကို ဖိအားဖြင့်ပြောင်းပြန်စိမ့်ဝင်စေခြင်းနည်းဖြင့် သန့်စင်ခြင်းနဲ့ သန့်စင်ကြတာများပါတယ် ဒီနည်းဟာ မြေအောက်ရေကို အသုံးပြုတဲ့ ရေသန့်စက်ရုံတွေအတွက် အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ် ဒါပေမယ့်လည်း ဒီလိုနည်းနဲ့သန့်စင်ရုံနဲ့ ရေမှာပါတဲ့ ဘက်တီးရီးယားလို အော်ဂန်းနစ်ပစ္စည်းတွေနဲ့ အချို့သော ဓါတုပစ္စည်းတွေကို မသန့်စင်ပေးနိုင်သေးပါဘူး
ဒါကြောင့် ရေသန့်စင်တဲ့နည်းတွေမှာ Ultra Violet Radiation ခရမ်းလွန်ရောင်ခြည်သုံးနည်းစနစ်နဲ့ ရေသန့်စင်နည်းကို မဖြစ်မနေထည့်ကြရပါတယ် ဒါမှ ကျန်းမာရေးနဲ့ညီညွတ်သော စိတ်ချရတဲ့ရေကောင်းရေသန့်တစ်ခု ရရှိမှာဖြစ်ပါတယ်
တချို့သော စက်ရုံတွေမှာတော့ Ozone Gas ကို အသုံးပြုပြီး ပိုးသန့်စင်တဲ့ နည်းကို ထပ်ထည့်အသုံးပြုတာလည်း ရှိပါတယ် ပိုစိတ်ချစေချင်လို့ပါ
ကဲ ဒီတော့ အထက်ကပြောသွားတဲ့သန့်စင်နည်းတွေနဲ့ သန့်စင်ထားတဲ့ရေအရည်အသွေးကို ဘာတွေစစ်ကြသလဲ
ရေမှာ အရည်အသွေးအားဖြင့် (၃) ပိုင်းရှိပါ့မယ်
၁။ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး (Physical Quality)
၂။ ဓါတုပစ္စည်းဆိုင်ရာ အရည်အသွေး (Chemical Quality)
၃။ အဏုဇီဝပိုးမွှားဆိုင်ရာ အရည်အသွေး (Microbiological Quality)
ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ရေမှာ အရောင်အဆင်း အနံ့ အရသာ ဒါတွေ ကင်းစင်နေဖို့လိုပါ့မယ် PH ကလည်း သတ်မှတ်ပမာဏ 6.5-8.5 အကြားမှာ ရှိရပါ့မယ်
ဓါတုပစ္စည်းပိုင်းမှာတော့ သတ်မှတ်ထားတဲ့ ဓါတုပစ္စည်းမျိုးစုံကို သတ်မှတ်ပမာဏအတွင်း ရှိမရှိ စစ်ဆေးပေးပါတယ် အထူးသဖြင့် လူကို ထိခိုက်စေနိုင်တဲ့ Lead ခဲဓါတ်လို Mercury ပြဒါးဓါတ်လိုမျိုးတွေကို စစ်ဆေးပေးပါတယ်
တချို့ရေသန့်စက်ရုံတွေက ပိုးစစ်ဆေးမှု ကျမှာစိုးလို့ ရေသန့်ဘူးတွေကို ကလိုရင်းဆေးရည်နဲ့ ဆေးပြီး နမူနာလာပို့ကြပါတယ်
ရေသန့်တွေထဲမှာ ကလိုရင်းဒြပ်ပေါင်းဟာ zero ပဲဖြစ်ရပါ့မယ် နည်းနည်းလေးတောင် ထည့်လို့ ပါလို့ မရပါဘူး ဒါကြောင့်ကလိုရင်းဒြပ်ပေါင်းလို ပစ္စည်းမျိုးကိုလည်း အထူးကြပ်မတ်ပြီးစစ်ဆေးပေးရပါတယ်
ဒါဟာ မြို့ရေပေးရေးမှာ သုံးရေအဖြစ် ပေးဝေတဲ့ ရေအရည်အသွေးနဲ့ ရေသန့်ရဲ့ quality လုံးဝ ကွာခြားတဲ့အချက်ပါပဲ
သုံးရေအဆင့်ရေတွေမှာတော့ ကလိုရင်းဆေးကို အသုံးပြုပိုးသတ်ထားလို့ ရေထဲမှာ chlorine ပါနေနိုင်ပါတယ်
တတိယအချက်အနေနဲ့ အဏုဇီဝပိုးမွှားများ ဥပမာ Bacteria, Virus and Parasites တွေ ကင်းစင်မစင်ကို စစ်ဆေးပေးရပါတယ် ရေသန့်လုပ်ငန်းအတော်များများ ရေနမူနာကျတယ်ဆိုတာ ဒီအပိုင်းမှာပါ သန့်စင်ထားတဲ့ရေကသန့်ချင်သန့်မယ် ဒါပေမယ့်လို့ ရေဘူးတွေထဲကို ရေထည့်တဲ့အခါမှာဖြစ်စေ ၂၀လီတာဘူးတွေလို ပြန်ဆေးပြန်သုံးရတဲ့အခါ ဘူးခွံအတွင်း သန့်စင်မှုအားနည်းသွားတဲ့အခါမှာဖြစ်စေ စက်ရုံလုပ်သားတွေရဲ့ Hygienic Practice တွေ အားနည်းတဲ့အခါမှာဖြစ်စေ ရေနမူနာအဖြေဟာ ကျတတ်ကြလို့ပါပဲ
ရေသန့်တွေမှာ Standard Plate Count နဲ့ Coliform count စစ်ဆေးပေးပြီး သတ်မှတ်ပမာဏရှိမှ ရေအောင်ပါတယ်
တမျိုးအဖြေကျရင်ကို ရေစစ်ဆေးမှု မအောင်ပါဘူး
ကဲ....... ဒါဆို အကြမ်းဖျင်းအားဖြင့် ရေသန့်တစ်ခု ထုတ်လုပ်ဖြန့်ဖြူးတော့မယ်ဆိုရင် ဘယ်လိုရေသန့်တဲ့ စနစ်တွေသုံးပြီး သန့်စင်ရသလဲဆိုတာလောက်တော့ သိကြပြီလို့ ထင်ပါတယ်
Purified Water ရေသန့်လို့ ပြောရရင် ရေဟာ
၁။ သတ်မှတ် PH value အထဲမှာရှိနေရမယ် (အက်ဆစ်ဖက်သိပ်များလို့ မရသလို အယ်လ်ကာလီဖက်လည်း မရောက်ရပါဘူး)
၂။ မူလရေထဲမှာ မပါဝင်သင့်တဲ့ ညစ်ညမ်းစေတဲ့ အရသာနဲ့ အနံ့ကို ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ကင်းစင်ရမယ်
၃။ ရေထဲမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ဓါတုဒြပ်ပေါင်းတွေ ကင်းစင်ရပါ့မယ်
၄။ အဏုဇီဝပိုးမွှားတွေ ကင်းစင်ရပါ့မယ်
ကဲ နောက်ဆုံးအနေနဲ့ အဆုံးသတ်ရမယ်ဆိုရင်တော့ ဒီလောက်သန့်စင်တဲ့နည်းတွေ စိတ်ချရမယ့်နည်းတွေသုံးပြီး သန့်စင်ထားတဲ့ရေကို ကျိုချက်တော့ရော ဘာဖြစ်မလဲ
အဖြေကရှင်းရှင်းလေးပါပဲ
“ဘာမှ မဖြစ်ပါဘူး”
တကယ်တော့ ထပ်ကျိုစရာမလိုလောက်အောင် ရေက သန့်စင်နေပြီးသားမို့ ကျိုချက်ပြီးသောက်စရာမလိုပါဘူး
ဒါပေသိ ထမင်းကို Rice Cooker နဲ့ ချက်မယ် ဟင်းချက်တဲ့အခါမှာ ရေလိုက်ဖို့လိုမယ် ရေနွေးအိုးတည်တဲ့အခါမှာ ရေနွေးအိုး ဂျိုးမကပ်ချင်ဘူး စတဲ့အကြောင်းပြချက်တွေနဲ့ ရေသန့်စစ်စစ်ကို သုံးမယ်ဆိုရင် ဘာအန္တရာယ်မှ မဖြစ်နိုင်သလို ရေသန့်ထဲမှာ ကလိုရင်းဓါတ်ကလည်း zero ဖြစ်ရမယ်ဆိုတဲ့ အချက်နဲ့ ထိန်းထားပြီးဖြစ်လို့ ကလိုရင်းဓါတ်ပါသောရေကို ကျိုချက်ပြီးသောက်ရင် ကင်ဆာဖြစ်မယ်ဆိုပြီး ပြောနေတဲ့အချက်ကိုလည်း ရှင်းလင်းပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်
ရေသန့်တွေမှာ FDA က သတ်မှတ်ထားတဲ့ မဖြစ်မနေလိုက်နာရမယ့်စည်းကမ်းတွေအတိုင်း လိုက်နာထုတ်လုပ်နေသ၍တော့ ရေသန့်ကို
သွန်လိုက သွန်
မှောက်လိုက မှောက်
ကျိုလိုက ကျို
ချက်လိုက ချက်
ရေသံသရာသဘောတရားအရ မူလဘူတရေသဘောသဘာဝ မပျက်စီးစေကြောင်းအာမခံ ပြောကြားပေးပါရစေဗျ.....
ချစ်ခင်စွာဖြင့်
Dr. ထွန်းလင်းအောင် (အစားအသောက်ဝါသနာရှင်)