14/04/2025
ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်
ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးပါ။ ကြက်သွန်နီမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ လျော့ချပေးနိုင်တယ်
ကြက်သွန်နီ အစိမ်းမှာပါတဲ့ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းက သွေးတိုးကျစေသလို အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးခဲတာ သွေးကြောထဲမှာ အဆီစုပုံတာတွေလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ပေးပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
ကြက်သွန်နီ အစိမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ရော အစာမကြေတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာမျိုး ကင်းစေပြီး အူမကြီးကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေနိုင်တယ်
ကြက်သွန်နီမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကို သက်သာစေနိုင်သလို အခြားသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။