09/12/2020
https://www.facebook.com/1593922374193412/posts/2693544300897875/
“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ရေးခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်ဖြစ်တော့ အဲဒီထဲမှာ အားနွဲ့တဲ့မိန်းမသား ဆိုတဲ့ စကားလုံးကို ကြိမ်ဖန်များစွာ အသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဘုရင်မအဖြစ်ပါဝင်တဲ့ ဇာတ်ဆောင်ကိုလည်း ဦးမဆောင်နိုင်သူ၊ မိုက်မဲသူ၊ ဘဝင်မြင့်သူအဖြစ် ပုံဖော်ထားတယ်။
အားနွဲ့တယ်ဆိုတာက ကိုယ်ခန္ဓာသန်မာမှုကို ပြောတာပေ့ါလေ။ ဒါကလည်း သဘာဝပဲကိုး၊ ယောကျာ်းလေးတစ်ယောက်မှာ ဖိုဟော်မုန်းထွက်လာရင် ကြွက်သားထု ဖြစ်လာပေမဲ့ မဟော်မုန်းဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်ကို နူးညံ့စေတာမျိုးလေ။ ဒါတောင် ခုနောက်ပိုင်း ကြွက်သားတွေ အမြှောင်းမြှောင်းနဲ့ အမျိုးသမီးတွေလည်း ရှိလာပြီ။ စစ်မက် ဖြစ်ပွားတဲ့အချိန်၊ သဘာဝဘေးသင့်တဲ့အချိန်၊ ဒီလို တည်ငြိမ်မှု ပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အနေအထားမျိုးတွေမှာ အမျိုးသမီးတွေဟာ ခွန်အားနည်းတာကြောင့် အနိုင်ကျင့်စော်ကားမှုတွေ ခံကြရတယ်။ အထိခိုက်လွယ်ဆုံး လူအုပ်စု ဖြစ်လာတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေဆို အမျိုးသမီးတွေကို ပိုပြီး အကာအကွယ် ပေးကြရတယ်။
ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ရှိနေတဲ့ အနေအထားမျိုးမှာကျ အားနွဲ့တယ်ဆိုတာက ပြောရခက်သွားပြီ။ ဘာလို့ဆိုတော့ ဒီခေတ်မှာ ခွန်အားကြီးလို့ အလုပ်ဖြစ်တဲ့နေရာ သိပ်မကျန်တော့ဘူး။ အားလုံးက ပညာနဲ့လုပ်ကြ၊ ယှဉ်ကြတဲ့ခေတ် ဖြစ်နေပြီ။ ဒါကြောင့် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာဟာ ပညာမတတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီတော့ အားနွဲ့သူက မိန်းမလည်း ဖြစ်နိုင်တယ်၊ ယောကျာ်းလည်း ဖြစ်နိုင်တယ်။
ခေါင်းဆောင်မှုကို တစ်ခွန်းတည်းပြောပါ ဆိုရင် အဲဒါ လွှမ်းမိုးနိုင်စွမ်း (Influence) ပါပဲ။ အဲဒီလို လွှမ်းမိုးဖို့ဆိုရင် ခေါင်းဆောင်မှာ ပါဝါရှိရတယ်။ အဓိကအားဖြင့်တော့ ပါဝါ ၂ မျိုးပေါ့၊ Positional Power နဲ့ Personal Power ။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ပြောခွင့်၊ ဆိုခွင့်၊ လုပ်ခိုင်းခွင့် ရှိနေတာက Positional power ဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ စွမ်းဆောင်ရည် စတာတွေကြောင့် ရလာတဲ့ ပါဝါကိုတော့ Personal power လို့ခေါ်ပါတယ်။
တကယ်ဆို အဲဒီ Personal power ထဲမှာ ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာ မပါပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်က ယောကျာ်းဖြစ်နေခဲ့ရင် (ခေတ်စကားနဲ့ပြောရရင်တော့) လူပိုရှိန်ပြီး၊ မိန်းမဖြစ်နေခဲ့ရင်တော့ အထင်သေးတယ်၊ တခုခုဆို ကလန်ကဆန် လုပ်ချင်တယ်ပေါ့။ ရာထူးကြောင့် မတတ်သာလို့သာ နေရမယ်၊ မိန်းမတွေက ခေါင်းဆောင်နိုင်စွမ်း မရှိပါဘူး၊ တွေဝေတယ်၊ မပြတ်သားဘူး၊ မဆုံးဖြတ်နိုင်ဘူး ဒါမျိုးတွေ ထင်တတ်ကြတယ်။ ကျားမခွဲခြားဆက်ဆံမှု များတဲ့နေရာမှာဆို အဲဒီပုံစံမျိုး ပိုတွေ့ရတတ်တယ်။ မိန်းကလေးတစ်ယောက် ခေါင်းဆောင်နိုင်စွမ်း မရှိခဲ့ရင် မိန်းမမို့လို့ လို့ ပြောတတ်ကြပေမယ့် ယောကျာ်းလေးတစ်ယောက် ခေါင်းမဆောင်နိုင်ဘူးဆိုရင်တော့ ယောကျာ်းမို့လို့ ဆိုတာမျိုး မပြောတတ်ကြဘူး။
ဘာဖြစ်လို့ အဲဒီလို သတ်မှတ်နေကြတာလဲ။ တွေးကြည့်ရင် တရားသေသတ်မှတ်ချက် (Stereotype) ဆိုတာတွေဟာ အကြောင်းမဲ့ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဥပမာ ဆိုပါတော့၊ တောသူတောင်သားတွေဟာ ရိုးသားကြတယ် ဆိုတဲ့ သတ်မှတ်မှု။ ဘာလို့ဖြစ်လာလဲ။ တောသူတောင်သားတွေဟာ ရိုးသားကြတယ်၊ ပွင့်လင်းကြတယ်၊ လှည့်တာပတ်တာ ရှားတယ်၊ အဲဒါကြောင့် ဒီလိုသတ်မှတ်လိုက်ကြတယ်။ ဒါပေမယ့် တောသူတောင်သားတိုင်း ရိုးသားနေသလား ဆိုတော့ မဟုတ်ဘူး။ ဒါကြောင့် တောသူတောင်သားမှန်ရင် အားလုံးရိုးသားတယ်လို့ တထစ်ချ သတ်မှတ်လိုက်လို့ မရဘူး။ ဒါကို သတိပေးရမယ်။ နောက်ပြီး လှည့်တတ်ပတ်တတ်တဲ့ တောသူတောင်သားတွေ များလာခဲ့မယ်ဆိုရင် အဲဒီသတ်မှတ်ချက်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။
အခု အမျိုးသမီးတွေ ဦးဆောင်နိုင်စွမ်း မရှိဘူး ဆိုတဲ့ သတ်မှတ်ချက်ဟာလည်း ဒီသဘောပဲ။ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။ မိန်းကလေးတွေဟာ တခုခုဆို မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ။ အစည်းအဝေးတွေမှာ ဟောဟောဒိုင်းဒိုင်း ပြောနေပြီဆို ကြည့်လိုက်၊ ယောကျာ်းလေး ဖြစ်နေတာများတယ်။ ကိုယ့်အမြင် ကိုယ့်အတွေးကို ရဲရဲတင်းတင်း မထုတ်ဖော်ရဲကြဘူး။ ဒီမှာတင်လားဆိုတော့ မဟုတ်ဘူး၊ ဖေ့စ်ဘွတ်ရဲ့ Chief Operation Officer ဖြစ်တဲ့ Sheryl Sandberg ကိုယ်တိုင်လည်း သူ့စာအုပ်ထဲမှာ အဲဒီလိုရေးဖူးတယ်။ အစည်းအဝေးတွေမှာ မဲခွဲလို့ လက်ထောင်ကြရင်တောင် ရဲရဲတင်းတင်း မထောင်ရဲကြဘူး တဲ့။ ဒါတွေကြောင့်ပဲ မိန်းကလေးဆိုတာ ဦးဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ပေါ်လာရတာ။
ဒါကြောင့် အဲဒီသတ်မှတ်ချက်တွေ ပျောက်သွားချင်ရင် တစ်ဖက်ကလည်း မိန်းကလေးဆိုတိုင်း ခေါင်းဆောင် မဖြစ်နိုင်ဘူးလို့ တရားသေ မသတ်မှတ်ကြဖို့လိုသလို၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတွေ ခပ်များများ ပေါ်လာဖို့လည်း လိုတယ်။ အဲဒါက ဒီသတ်မှတ်ချက်တွေကို ဖျက်ဆီးနိုင်တဲ့ အကောင်းဆုံးလက်နက်ပဲ။
နေရာမပေးချင်တာ နဲ့ ယူနိုင်စွမ်းမရှိတာ နှစ်ခုပေါ့။ ဒီတော့ မပေးချင်တဲ့နေရာကို ယူနိုင်စွမ်းရှိကြောင်း သက်သေပြခြင်းနဲ့ပဲ အရယူပြကြရလိမ့်မယ်။
တကယ်တော့ မိန်းကလေးတွေ ဘာလို့ အဲလိုဖြစ်ရလဲဆိုတာက သားနဲ့သမီးကို မိဘက၊ ဆရာက၊ အသိုင်းအဝိုင်းက ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲဆိုတာနဲ့ အဓိကသက်ဆိုင်တယ်။ သားကိုတော့ လွတ်လွတ်လပ်လပ် နေစေတယ်၊ ရဲရဲတင်းတင်း ဖြစ်အောင် လေ့ကျင့်ပေးတယ်၊ သမီးကိုတော့ ယဉ်ကျေးမှုတို့၊ အစဉ်အလာတို့ ခေါင်းစဉ်တပ်ပြီး မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်၊ အိမ်မှုကိစ္စ နိုင်နင်းရတယ်၊ တခုခုဆို အနစ်နာခံရတယ်၊ ဒါမျိုးတွေ ပုံသွင်းခဲ့တယ်။ အဲဒီအခါမှာ မိန်းကလေးတွေရဲ့ သတ္တိ၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြတ်သားမှု၊ ဒါတွေက အသားသေကုန်တယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာဖို့ဆိုရင် မိန်းကလေးတွေကို ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြောင်းဖို့လိုတယ်။ မဟုတ်ရင် အဲဒီထဲကနေ ဖောက်ထွက်နိုင်ဖို့ အတော်ကြိုးစားရမှာကိုး။
EQ ဆိုတာကို စမိတ်ဆက်ခဲ့တဲ့ Daniel Goleman ကတော့ သူ့ဘလော့ဂ်တစ်ခုမှာ ရေးထားတယ်။ အဖွဲ့အစည်းအသီးသီးက အမျိုးသား အမျိုးသမီး ၅၅,၀၀၀ ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Soft skill ပိုင်းမှာ ပိုပြီးသာလွန်တာကို တွေ့ရတယ် တဲ့။ Soft skill ဆိုတာ ရော့ ဒါက ဒီလို ဆိုပြီး သင်ပေးလိုက်လို့ မရတဲ့ ပြဿနာဖြေရှင်းခြင်း (Problem solving)၊ ပဋိပက္ခကိုင်တွယ်ခြင်း (Conflict management)၊ ကိုယ်ချင်းစာစိတ် (Empathy) နည်းပြခြင်းနဲ့ လမ်းညွှန်ပေးခြင်း (Coaching &mentoring) ရည်မှန်းချက်ပြည့်မြောက်အောင် အာရုံစူးစိုက်ခြင်း (Focus on achieving goals) ဒါတွေပါတယ်။ အရှင်းဆုံးပြောရရင် EQ ပဲပေါ့။
ဒါကို ကြည့်ပြီး ခေါင်းဆောင်နေရာဆို မိန်းကလေးပဲရွေး လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ခေါင်းဆောင်မှု အရည်အသွေးဟာ ယောကျာ်းရယ် မိန်းမရယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ဆိုင်တယ်၊ ဘယ်သူမဆို လေ့ကျင့်ပျိုးထောင်လို့ ရနိုင်တယ်ဆိုတာကို သိစေချင်တာပါ။
ခေတ်က ပြောင်းနေပြီ။ ကမ္ဘာမှာရော ကျွန်တော်တို့ဆီမှာပါ အမျိုးသမီးခေါင်းဆောင်တွေ နယ်ပယ်အသီးသီးမှာ ရှိနေပြီ။ ဒါကြောင့် မိန်းမအုပ်ချုပ်ရင် တိုင်းပြည်ဘာဖြစ်မယ်၊ မိန်းကလေးဆိုတာ ခေါင်းဆောင်နေရာနဲ့ မသင့်တော်ဘူး ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေ ထားခဲ့မှ ရတော့မယ်။
အဲဒီလို ရှေးရိုးစွဲအမြင်တွေ၊ တရားသေအမြင်တွေ ဆုပ်ကိုင်ထားတဲ့သူဟာ အကယ်၍များ ယောကျာ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် အိမ်ထောင်ရေးအဆင်ပြေဖို့ မလွယ်ဘူး၊ လိုအပ်ချက်တွေ များလာတဲ့ ခေတ်ကြီးထဲမှာ မိသားစုတာဝန်ကို ကိုယ်တစ်ယောက်တည်း ထမ်းနေရလိမ့်မယ်၊ ကိုယ့်သားသမီးတွေအတွက် မိခင်ကောင်းတစ်ယောက်ကို လက်လွတ်သွားရလိမ့်မယ်။
အကယ်၍များ ဝန်ထမ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့လက်အောက်မှာ မလုပ်ချင်ဘူး ဆိုပြီး အလုပ်မှာ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။
အကယ်၍များ မိခင်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်သမီးလေးရဲ့ အစွမ်းအစတွေဟာ အစဉ်အလာ သတ်မှတ်ချက်တွေအောက်မှာ ပျောက်ဆုံးသွားရလိမ့်မယ်။ ရွယ်တူမိန်းကလေးချင်းမှာကို တစ်တန်း နိမ့်နေလိမ့်မယ်။ ကိုယ့်သား ယူလာမယ့် ထက်ထက်မြက်မြက် ချွေးမနဲ့လည်း အဆင်ပြေမယ်မဟုတ်ဘူး။
အကယ်၍များ ပြည်သူအများစု ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်အတွက် တကယ်သင့်တော်တဲ့ ခေါင်းဆောင်ကောင်းရဖို့ အခွင့်အလမ်း ၅၀%ကို ငြင်းပယ်လိုက်တာနဲ့ တူနေပါလိမ့်မယ်။
ဒါကြောင့် ပြန်ပြောရရင် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာ ပညာမတတ်တာကို ခေါ်တာဖြစ်တယ်၊ ဒီတော့ အားနွဲ့သူက ယောကျာ်းလည်း ဖြစ်နိုင်တယ်၊ မိန်းမလည်း ဖြစ်နိုင်တယ်၊ အမျိုးသမီးခေါင်းဆောင်တွေ ပိုများလာဖို့အတွက်ဆိုရင် ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြင်ဖို့လိုတယ်၊ ခေါင်းဆောင်နေရာအတွက် စဉ်းစားတဲ့အခါ ယောကျာ်းရယ် မိန်းမရယ် မကြည့်ဘဲ အရည်အချင်းရှိတဲ့သူကို နေရာပေးနိုင်ဖို့ လိုတယ်၊ လေးစားတတ်ဖို့ လိုတယ်။ ဒါပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၁၄.၉.၂၀၁၆
Photo credit