08/04/2023
"ဒုလ္လဘဟူသည်"
~~~~~~~~~~~~~~~~~~
ဒုလ္လဘဟုဆိုလျှင် အချို့က ခဏဝတ်သော ရဟန်း၊ သာမဏေများကိုသာ ဆိုသည်ဟု အထင်ရောက်တတ်ကြ၏။
အမှန်အားဖြင့် ဒုလ္လဘဟူသည် ရခဲခြင်း၊ ခက်ခက်ခဲခဲ ရရှိခြင်းဟု အဓိပ္ပာယ်ရ၏။ ခဲခဲယဉ်းယဉ်း ခက်ခက်ခဲခဲ ရရှိသည့် ဘဝဖြစ်သဖြင့် ရဟန်းဘဝရောက်ရှိလာကြသည့်သူများကို ဒုလ္လဘဟု ဆိုကြခြင်းဖြစ်၏။
ယခုနောက်ပိုင်းတွင် ထိုသို့ခက်ခဲစွာရရှိလာသည့် ရဟန်းဘဝ အနှစ်သာရပျောက်ကာ အချို့သော ခဏဝတ် ရဟန်းသာမဏေများသည် သာသနာ့ဘောင်တွင် သင်္ကန်းဝတ်၍ လုပ်ချင်သလို လုပ်နေသည့်သဘော ဖြစ်နေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရ၏။ မနက်ပိုင်း သိမ်ဝင်၊ ညနေပိုင်း လဘက်ရည်ဆိုင်ထိုင်၊ ညစာစား၊ ဝိနည်းသိက္ခာကို ထင်သလို ကစားနေကြသလို ဖြစ်နေကြ၏။ အချို့သော ဒုလ္လဘများသည် ရဟန်းဝတ်သည်မှာ ၇ ရက်ခန့်သာရှိ၏။ ပြန်ထွက်သွားသည့်အခါ အာပတ်များကား မရေမတွက်နိုင်အောင် ယူသွားသလို ဖြစ်နေကြ၏။
အချို့ကျောင်းများကလည်း ခဏနေတာပဲဟုဆိုကာ သိပ်ပြီးတင်းတင်းကျပ်ကျပ် ပြောဆိုဆုံးမခြင်း မရှိကြသဖြင့်လည်း ခဏဝတ် ဒုလ္လဘရဟန်း၊ သာမဏေအချို့သည် သာသနာတော်အပေါ် အလွယ်ရ၊ အလွယ်ထား၊ အဓိပ္ပာယ်လေးနက်မှု ရှားသွားကြ၏။ အလိုလိုက်မှု၏ နောက်ကွယ်တွင် လွယ်လွယ်ဝတ်၊ လွယ်လွယ်နေ၊ လွယ်လွယ်ထွက်သွားသူများကပင် ထိုကျောင်းနှင့် ကျောင်းတိုက်ဆရာတော်၊ သံဃာတော်များအပေါ် အပြင်လောကတွင် အပြစ်များပင် ပြန်ဖော်လေ့ရှိတတ်ကြ၏။ နေချင်သလို နေခွင့်ပေးလိုက်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် သာသနာတော်၏တန်ဘိုးကို မထားတတ်သူများ၊ သာသနာတော်ကို အထင်သေးသူများ ပိုမိုများပြားလာခြင်းပင် ဖြစ်၏။
ဤကိစ္စသည် လက်ခံဝတ်ပေးသည့် ကျောင်းတိုက်ဆရာတော်နှင့် ဥပဇ္စျာယ်ဆရာတော်များ၏ သွန်သင်ဆုံးမမှုအပေါ် မူတည်နေသည်ဟု ထင်မြင်မိ၏။ မည်မျှပင် မျက်နှာကြီးမျိုး၊ ဂုဏ်ရှိသူမျိုး၊ ငွေရှိသူမျိုးပင် ဖြစ်ပါစေ သာသနာ့ဘောင် ဝင်လာသည့်အခိုက်တွင် လွတ်လွတ်လပ်လပ် နေစေမည့်အစား ကျင့်သင့်ကျင့်ထိုက်သည်များ၊ ပွားသင့်ပွားထိုက်သည်များကို စနစ်တကျ သင်ပေးသင့်လှ၏။ မလိုက်နာနိုင်၊ မကျင့်နိုင်ခြင်းသည် ထိုဒုလ္လဘ၏ သဒ္ဓါ၊ ဝိရီယပေါ်မှာသာ မူတည်၏။ သာသနာတွင် အလွယ်နေလို့မရ၊ သာသနာတွင်း ရဟန်းဘဝသည် ခက်ခဲလှသည့် သဘောသဘာဝကို ခဏဝတ်ရဟန်းသာမဏေများ သိရှိသွားမှသာ သာသနာတော်၏တန်ဘိုး၊ ရဟန်းဘဝ၏တန်ဘိုး၊ ကျောင်းတိုက်၏တန်ဘိုး၊ ဆရာတော် သံဃာတော်များ၏ တန်ဘိုးလည်း ရှိနေမည်ဖြစ်၏။ အားနာလို့ လွတ်လပ်စွာ နေခွင့်ပေးလိုက်ခြင်းသည် ခဏအခိုက်အတန့် ကျေနပ်သွားဖွယ်ရှိသော်လည်း အိမ်ပြန်ရောက်သည့်အခါ အပြစ်များသာ ပြောဆိုကြဖွယ် ရှိနေပေ၏။ တန်ဘိုးသိမှ တန်ဘိုးရှိဟုဆိုသကဲ့သို့ ဒုလ္လဘတန်ဘိုးကိုသိ၍ ထိုတန်ဘိုးကို ရရှိအောင် အသုံးချနိုင်မှသာလျှင် အမှန်စင်စစ် ဒုလ္လဘဖြစ်သည်ကို သိရှိစေရန် လိုအပ်လှပေ၏။
မည်သို့ပင်ဆိုစေ တဒင်္ဂဝတ်ကြသည့် ရဟန်းသာမဏေများအနေဖြင့် မိမိတို့၏ ရခဲလှသည့်ရဟန်းဘဝ နေရသည့်အခိုက်အတန့်တွင် ဝိနည်းကျင့်ဝတ်ကိုအလေးထား၊ ကုသိုလ်တရား တိုးပွားအောင် ကြိုးစားရင်း “ယောင်တစ်လုံးအဆုံးခံပြီး ရင်းစားပင် ပြန်မရသည့် ဒုလ္လဘမျိုး” မဖြစ်ရအောင် မိမိကိုယ်မိမိ အသိ၊ သတိဖြင့် အဓိပ္ပာယ်အနှစ်သာရရှိသည့် ဒုလ္လဘမျိုးဖြစ်အောင်သာ ကြိုးစားနေထိုင်ကြရမည်သာ ဖြစ်ပါပေ၏။
မနာပဒါယီ အရှင်ဝိစိတ္တ
အရှင်ပညာစာရ (ကလော)