B to B

B to B Consultant

30/07/2020

ကုမ္ပဏီထောင်လျှင် သိရမယ့် ရှယ်ယာ အမျိုးအစားများ...........................................
အခုနောက်ပိုင်း မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေဟာ စီးပွားရေးတစ်ခုလုပ်တဲ့အခါ ယခင်လိုလုပ်ငန်းလိုင်စင်သက်သက်နဲ့လုပ်ကိုင်တာမျိုးမဟုတ်တော့ပဲ တရားဝင်ကုမ္ပဏီတွေထောင်ပြီးလုပ်ကိုင်လာကြတာတွေ့ရပါတယ်။ ကုမ္ပဏီထောင်ပြီးလုပ်ကိုင်တာဟာ ကိုယ့်အတွက်အခွင့်အရေးတွေလည်းပိုတိုးလာသလို၊ အခွန်ကိစ္စစာရွက်စာတမ်းကိစ္စတွေကြောင့်လည်း ကယိကထများပါတယ်။ ကုမ္ပဏီအဖြစ်လုပ်ကိုင်ကြတဲ့အခါ တစ်ဦးတည်းပိုင်လုပ်ငန်း တွေအပြင် စပ်တူရှယ်ယာ လုပ်ငန်းတွေကိုပါ လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ ရှယ်ယာ ရောင်းချချင်တာဘဲ ဖြစ်ဖြစ်၊ ဝယ်ချင်တာဘဲ ဖြစ်ဖြစ် ဘာမှမလုပ်ခင်မှာ ရှယ်ယာအမျိုးအစား တွေနဲ့ တစ်ခုချင်းရဲ့ Rules and Regulation တွေကို နားလည်ထားမှ အဆင်ပြေနိုင်မှာပါ။ အခုပြောပေးမှာကတော့ Online ကနေ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ကို လျှောက်လွှာတင်တဲ့အခါ MyCo Website မှာရွေးချယ်ရတဲ့ ရှယ်ယာအမျိုးအစား (Share Class) တွေအကြောင်းပါ။
-
Share ဆိုတာ ဘာလဲ?
-
Share ဆိုတာ Company တစ်ခုရဲ့ ရင်းနှီး မြုပ်နှံမှု (သို့) ငွေအရင်းအနှီးကို အချိုးအစားအလိုက် ပိုင်ဆိုင်မှု ယူနစ်တစ်ခု ဖြစ်ပါတယ်။ အစုအစပ်ပါဝင်သူတွေ (ရှယ်ယာရှင် )တွေက Company ရဲ့ အမြတ်အစွန်းတွေကို တောင်းဆိုခံစားခွင့် ရှိယုံတင်မက Companyရဲ့ အကြွေးတွေနဲ့ အရှုံးတွေကို လည်းတာဝန်ခံရပါမယ်။ Share တွေကိုတော့ Company တွေ၊ ရှယ်ယာရှင်တွေ အပေါ်လိုက်ပြီး အမျိုးမျိုး ခွဲခြားထားပါတယ်။
-
Ordinary Share (ORD)
-
Ordinary Share ဆိုတာက တော်တော် များများ အသုံးပြုကျလေ့ရှိတဲ့ Share ပုံစံ ပါပဲ။ သူတို့မှာ Company ရဲ့ လုပ်ငန်းဆောင်တာတွေ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ရင် မဲပေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ကိုသူတို့ရထားတဲ့ Share ရာခိုင်နှုန်း အလိုက် အခွင့်အရေးရကြပါတယ်။
Ordinary Share မှာ
(၁) Class A Share
(၂) Class B Share
(၃) Class C Share ဆိုပြီးပြန်ခွဲတတ်ပါတယ်။
-
Class A Share (A)
-
Class A Share ကတော့ လုပ်ငန်း ရဲ့ CEO, Chairman တွေ၊ ထိပ်သီးအရာရှိကြီး တွေကိုပေးထားတဲ့ Share ပါ။ သူ့မှာ အခြား Class Share တွေထက် Voting Right (မဲပေးပိုင်ခွင့်) တွေအများကြီး ရှိပါတယ်။ ပုံမှန်ဆိုရင် Class A Share တွေအပြင်ကို ထုတ်မရောင်းပါဘူး၊ ပြီးတော့ ရှယ်ယာရှင် အချင်းချင်းလည်း လွှဲပြောင်း ရောင်းချလို့လည်းမရပါဘူး။ အမြတ်ဝေစု ခွဲဝေရင် ဖြစ်ဖြစ် လုပ်ငန်းကို ရောင်းချပြီး ရှယ်ယာခွဲ ရင်ဘဲဖြစ်ဖြစ် Class A Share တွေကို အရင်ဆုံးပေးရပါတယ်။
-
ဥပမာ - Company တစ်ခုကအကြွေးတင်နေလို့ Share တွေထုတ်ရောင်းတာဘဲဖြစ်ဖြစ်၊ Company တစ်ခုလုံးကို ရောင်းချတာဘဲ ဖြစ်ဖြစ်လုပ်ခဲ့ရင် အကြွေးရှင်တွေကို အရင်ဆုံး အပြည့် အဝပေးချေရပါတယ်။ ပြီးရင် Class A Share ပိုင်ဆိုင်သူတွေကို ခွဲဝေပေးရပါတယ်။
-
Class B Share (B)
-
Class B Share ဆိုတာက Class A Share ထက် Voting Right နည်းပါတယ်။ အမြတ်ခွဲဝေမှုမှာလည်း Class A နဲ့ နောက်မှသာ Class B ကို ခွဲဝေပေးပါတယ်။ Class B Share တွေကိုတော့ Class A လိုမဟုတ်ဘဲ လွှဲပြောင်းလို့၊ ရောင်းချလို့ရပါတယ်။ Class B Share ပမာဏနဲ့ ဝယ်ယူထားတဲ့ အချိန်ကာလ တစ်ခုကြာလာပြီဆိုရင် Class A Share အဖြစ်သို့ ပြောင်းလဲလို့ရတတ်ပါတယ်။ (နောက်ဆုံးတစ်ချက်ကတော့ ကုမ္ပဏီ ဖွဲ့စည်းပုံစည်းမျဉ်းပေါ်မူတည်ပါတယ်)
-
Class C Share (C)
-
Class C Share ကတော့ Share တွေကို ၁နှစ်၊ ၂နှစ်လောက်ဝယ်ထားပြီး ပြန်ရောင်းချင်တဲ့ Investors တွေအတွက် ပိုအဆင်ပြေပါတယ်။ Class C Share မှာတော့ Voting Right မရှိပါဘူး ။ Class B လိုမျိုး သူရဲ့ Share တွေလို့လည်း လွှဲပြောင်း ရောင်းချလို့ရပါတယ်။
-
Preference Share (PRF)
-
Preference Share ပိုင်ဆိုင်သူများသည် ပုံမှန် အားဖြင့် Ordinary Share ပိုင်ဆိုင်သူများလို Voting Right မရှိကြပါဘူး။ Preference Share ပိုင်သူများကို Ordinary Share ပိုင်ဆိုင်သူများနဲ့အတူ လိုတဲ့ အမြတ်ကို ခွဲဝေပေးလေ့ ရှိပါတယ်။ Company ဒေဝါလီခံရရင် Company ရဲ့ ပိုင်ဆိုင်မှု (Assets ) ထဲကနေပြီး Preference ရှယ်ယာရှင်များကို ခွဲဝေပေးအပ်ရပါတယ်။အများအားဖြင့် Preference Share တွေရဲ့ အမြတ်က ပုံသေသတ်မှတ်ထားလေ့ ရှိပါတယ်။
ဥပမာ။ ။ တစ်လကို ၅သိန်းဆိုရင် လုပ်ငန်းမြတ်မြတ်ရှုံးရှုံး ၊ ၅သိန်းပေးချေပေးရပါတယ်။
-
Redeemable Share (RED)
-
Redeemable Share ဆိုတာက တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ Share တွေကို အချိန်တစ်ခု (သို့) အခြေအနေ တစ်ခုရောက်ရင် ငွေသား(သို့) ပိုင်ဆိုင်မှုတစ်ခုအဖြစ် ပြန်လည်ရွေးနှုတ်လို့ရတဲ့ Share အမျိုးအစားတစ်ခုပါ။ Company ကလည်း ပြန်လည် ဝယ်ယူလို့ရပါတယ်။ ပုံမှန်အားဖြင့် Share မဝယ်ခင်ကတည်းက ပြန်လည်ရွေးနှုတ်လို့ ရတဲ့ အချိန်အပိုင်းအခြား (သို့) အခြေအနေတွေကို ထည့်သွင်းရေးဆွဲလေ့ရှိပါတယ်။
Redeemable Share တွေကတော့ လုပ်ငန်းအခြေအနေနဲ့ ဝယ်ယူသူတွေပေါ်မှာ မူတည်ပြီး စည်းကမ်းတွေကိုတော့နှစ်ဦး နှစ်ဖက် ညှိုနှိုင်းပြီး သတ်မှတ်ကျပါတယ်။
-
Redeemable Preference Share (REDP)
-
Redeemable Preference Share ဆိုတာကတော့ ရှင်းပါတယ်။ Redeemable Share နဲ့ Preference Share (၂)ခုရဲ့ ဝိသေသတွေပေါင်းစပ်ထားတာဘဲ ဖြစ်ပါတယ်။ Shareholder ကတော့ Preference Share လိုဘဲ လစဉ်(သို့) နှစ်စဉ် ၊ ပုံသေငွေ ပမာဏ တစ်ခုရနေ သလို အချိန်တစ်ခုရောက် ရင် Redeemable Share လိုဘဲ ပြန်လည်ရောင်းချလို့(သို့) Company ကပြန်လည်ဝယ်ယူလို့ ရပါတယ်။
-
Management Share (MGM) နဲ့ Employee Share (EMP)
-
Management Share နဲ့ Employee Share ကတော့ လုပ်ငန်းထဲမှာလုပ်ကိုင်နေရတဲ့ဝန်ထမ်းတွေကို လုပ်သက်အချိန်တစ်ခုကြာတဲ့အခါမှာ ထုတ်ပေး (သို့မဟုတ်) ထုတ်ရောင်း တဲ့ ရှယ်ယာအမျိုးအစားပါ။ ရည်ရွယ်ချက်ကတော့ သစ္စာရှိဝန်ထမ်း တွေကို ပိုကြိုးစားအောင်/ အလုပ်မှာတည်မြဲအောင်၊ အခြားရှယ်ယာရှင်တွေရဲ့ လုပ်ငန်းအပေါ် မျှော်လင့်ချက်တွေကို နားလည်ပြီး ပူးပေါင်းဖော်ဆောင်ဖို့ မက်လုံးအနေနဲ့ ထုတ်ပေးတဲ့ရှယ်ယာအမျိုးအစားပါ။ သူလည်းပဲ အပြင်ကို ထုတ်ရောင်းခွင့်မရှိပါဘူး။
Management Share ကတော့ ကုမ္ပဏီရဲ့ မန်နေဂျာတွေ၊ ဒါရိုက်တာတွေကို ထုတ်ပေးထားတဲ့ ရှယ်ယာအမျိုးအစားဖြစ်ပြီး Employee Share ကတော့ကျန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ရှယ်ယာအမျိုးအစားပါ။ ဒီ Management Share နဲ့ Employee Share ရှယ်ယာရှင်အနေနဲ့ကတော့ ကျန်တဲ့ရှယ်ယာအမျိုးအစားတွေကို အမြတ်ခွဲဝေပြီးမှ ကျန်တဲ့ အမြတ်ကို ခွဲဝေယူရတာပါ။ (Management Share နဲ့ Employee Share ကတော့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်းပဲသွားတတ်ပါတယ်)
-
Company အများစုကတော့ စတင်တဲ့အချိန်မှာ Voting Right အရင်းအနှီးနဲ့ ခွဲဝေမှု တွေတန်းတူ ဖြစ်စေဖို့ အတွက်တော့ Ordinary Share နဲ့ စတင်ကြတာဖြစ်ပါတယ်။ Share အသစ်တွေထုတ်ပေးတာကတော့ ပြောင်းလွယ်ပြင်လွယ်ပြီး မတူညီတဲ့ အခွင့်အရေးတွေလိုအပ် လာတဲ့အခါကျရင် အထက်ပါ Ordinary Share တွေကို ပြန်လည်ခွဲဝေရောင်းချ သတ်မှတ်ခြင်းဖြစ်သည်။ Company တစ်ခုက Share Class အမျိုးမျိုးခွဲခြား ထုတ်ပေးလို့ရသည့် အပြင် Shareholder တွေအနေနဲ့ လည်း Share Class တစ်ခုထက်ပိုပြီး ပိုင်ဆိုင်လိုရပါတယ်။ ဒီလိုပိုင်ဆိုင်ခြင်းအားဖြင့် မတူညီသော အခွင့်အရေးတွေ (ဥပမာ- မဲပေးခွင့် (သို့) အမြတ်များရပိုင်ခွင့် ) တွေမှာ အကျိုးအမြတ်များရရှိနိုင်ပါတယ်။

credit : 𝗕𝗮𝗹𝗮𝗻𝗰𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲

19/06/2020

တော်ရုံတန်ရုံ ရူးသွပ်မှုနဲ့ဆို လုပ်ငန်းတစ်ခုခုကို စတင်တည်ထောင်လို့မရဘူး …

၁။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ် နေနိုင်ရမယ်။
၂။ ဟိုလူပြောချင် ဒီလူပြောချင်လည်း ခံနိုင်ရမယ်။
၃။ လိုချင်တာ တစ်ခုခုကြောင့် ပတ်သက်နေခဲ့တဲ့ မိတ်ဆွေအတုအယောင်တွေ စွန့်ခွာတာကိုလည်း ခံနိုင်ရမယ်။
၄။ အနီးကပ်ဆုံးသူတွေ ငြိုငြင်တာကို ခံနိုင်ရမယ်။
၅။ အပ်ကျတာကအစ ဘယ်သူမှ စိတ်မပူတဲ့ကိစ္စတွေမှာ ကိုယ်တစ်ယောက်တည်း စိတ်အပူခံပြီး လိုက်တွေးပြီး လုပ်နိုင်ရမယ်။
၆။ ဟိုလူဆရာလုပ်၊ ဒီလူဆရာလုပ်တာတွေလည်း ကောင်းတာလေးတွေကို နာယူပြီး ကျန်တာကို သည်းခံနိုင်ရမယ်။
၇။ ရေတို၊ ရေလတ်၊ ရေရှည် ရည်မှန်းချက်တွေ ရူးသွပ်မှုတွေအကုန်လုံး ခေါင်းထဲ စုပြုံထည့်ပြီး ရှေ့ကိုတစ်လှမ်းချင်း တိုးနေရမယ်။
၈။ အရင်တုန်းက မလုပ်ဖူးတာတွေ လုပ်ရမယ်။
၉။ အရင်တုန်းက မခံစားဖူးတာတွေ ခံစားတတ်ရမယ်။
၁၀။ အရင်တုန်းက မစဉ်းစားဖူးတာတွေ စဉ်းစားရမယ်။
၁၁။ အရင်တုန်းက မသွားဖူးတဲ့နေရာတွေ သွားရမယ်။
၁၂။ အရင်တုန်းက မတွေ့ဖူးတဲ့သူတွေနဲ့ တွေ့ရမယ်။
၁၃။ လေ့လာသင်ယူမှုကို ရပ်လို့မရဘူး။
၁၄။ လူမှုရေးတွေ ဘာတွေ အချိန်မပေးနိုင်ဘူး ဖြစ်လာမယ်။
၁၅။ အခက်အခဲတစ်ခုကျော်ပြီးတိုင်း ယုံကြည်မှုတွေပိုရှိလာလိမ့်မယ်။
၁၆။ အောင်မြင်မှုဆိုတာကို အချိန်ကာလတစ်ခုမှာ ရလာတဲ့ ရလာဒ်နဲ့ပဲ သက်သေပြနိုင်တယ်။

Credit - Naing Win Aung
Executive Coach
19.4.2017

Cash Flow Management👍 လုပ်ငန်းတစ်ခုလည်ပါတ်နေဖို့အတွက် အရေးအကြီးဆုံး စီမံခန့်ခွဲနိုင်ဖို့က Cashflow Management ပါ။👍 ဘယ်လေ...
14/06/2020

Cash Flow Management

👍 လုပ်ငန်းတစ်ခုလည်ပါတ်နေဖို့အတွက် အရေးအကြီးဆုံး စီမံခန့်ခွဲနိုင်ဖို့က Cashflow Management ပါ။
👍 ဘယ်လောက်ချမ်းသာတဲ့ ကုမ္ပဏီဖြစ်စေ ငွေကြေးစီမံခန့်ခွဲမှု မလုပ်နိုင်ရင် အရှုံးနှင့် ရင်ဆိုင်ရပါတယ်။
👍 ငွေကြေးစီမံမှုဆိုရာမှာ ရရန်ရှိငွေနှင့် ပေးရန်ှရိငွေကို ရရှိမည့်အချိန်နှင့်ပေးမည့်အချိန်ကြား စီမံခန့်ခွဲနိုင်ဖို့လိုပါတယ်။
👍 လွယ်လွယ်ပြောရရင် ရစရာရှိတာကို မြန်မြန်တောင်းပြီး ပေးစရာရှိတာကို အချိန်ဆွဲခြင်းပါပဲ။
👍 အဲ့လိုလုပ်ဖို့က ပြောတာသာလွယ်ပြီး အမှန်တကယ်လုပ်ရာမှာ ခက်ပါတယ်။ ခက်ပေမယ့် အဲ့ဒီ အခြေခံသဘောတရားကို ပိုင်နိုင်မှ အောင်မြင်တဲ့ ကုမ္ပဏီ ဖြစ်မှာပါ။
👍 လိုအပ်တဲ့ငွေကြေးကိုတော့ လိုအပ်သလောက်ကိုသာ ဘဏ်က ချေးငွေရယူရပါတယ်။
👍 အဲ့လို ချေးငွေရယူဖို့အတွက် မိမိရဲ့ Accountant (သို့မဟုတ်) ကိုယ်တိုင် Cashflow ‌ခန့်မှန်း ‌‌ရေးဆွဲရပါတယ်။ ပြန်လည်ပေးဆပ်ရမည့်ကာလနှင့် လစဥ််အတိုးငွေကိုပါ ချင့်ချိန်ရပါတယ်။
👍 အဲ့ဒီလို ချေးငွေရယူရာမှာလည်း Bank Process တွေက ကြာတဲ့အတွက် လိုအပ်ချိန် မတိုင်မီ အနည်းဆုံး (၂) လခန့် ကြိုတင် ညှိုနှိုင်း ရယူသင့်ပါတယ်။

28/03/2020

COVID-19 ကာလမှာ တည်ဆောက်ရေးလုပ်ငန်းတွေ ဘယ်လို လုပ်မလဲ

# ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အများစုက ပွင့်လင်းရာသီမှာ လုပ်ကြရပါတယ်။

# ဒါ့အပြင် တည်ဆောက်ရေးလုပ်ငန်းအများစုက သတ်မှတ် ပြီးစီးရမည့်ကာလဆိုတာ ရှိပါတယ်။

# ဒီလို Corona Virus ဖြစ်တဲ့အချိန် ဖြစ်တဲ့ဒေသမှာ မဟုတ်ရင် တည်ဆောက်ရေးတွေ ရပ်နားခြင်း မပြုကြပါဘူး။

# ရပ်လို့မရတဲ့ အကြောင်းကလည်း အများကြီးပါ။

# စာချုပ်ချုပ်ထားတဲ့ ဝန်ကြီးဌာန (သို့မဟုတ်) အလုပ်ရှင်က ရပ်မပေးရင် နားမရပါ။

# တည်ဆောက်ရေးအများစုက progress payment or milestones payment နဲ့ သွားကြတဲ့အတွက် အဲ့ဒီ အနေအထားမရောက်ပဲ ရပ်ရင် ငွေကြေးဆုံးရှုံးနိုင်ပါတယ်။

# တည်ဆောက်ရေးတွေရပ်ရင် ဝင်ငွေမရရင် ဝန်ထမ်းတွေ လစာမပေးနိုင်မှာစိုးလို့ ရပ်မရပါ။

# တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ Labour တွေကို ငဲ့လို့လည်း နားမရပါ။

# ဒီလိုကာလမှာ ဝန်ထမ်းတွေအနေနဲ့ စိုးရိမ်စိတ်တွေရှိတာမှန်ပေမယ့် အများအတွက် စဉ်းစားရပါမယ်။

# ကုမ္ပဏီဘက်ကလည်း သူတို့ရဲ့ စားဝတ်နေရေးကို တာဝန်ယူရပါမယ်။

# ဝန်ထမ်းတွေရဲ့ လစာကို တာဝန်ခံရပါမယ်။

# အလုပ်ဆက်လုပ်နိုင်ဖို့ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ရပါမယ်။

# COVID-19 အတွက် အကာအကွယ်ရှိတဲ့ သင့်တော်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးရပါမယ်။

# ကျန်းမာရေးစစ်ဆေးမှု ပုံမှန် လုပ်ပေးရပါမယ်။

# ကုမ္ပဏီနဲ့ ဝန်ထမ်းတွေဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်လို့ အပြန်အလှန် ကူညီရပါမယ်

# လုပ်ငန်းခွင်မှာပဲ ရွာလေးတစ်ရွာလို နေထိုင်သူတွေ ဖြစ်ပါက separate ဖြစ်လို့ Safe Zone ဖြစ်စေပါတယ်။

# လုပ်ငန်းရှင်များ ဝန်ထမ်းများနဲ့ တည်ဆောက်ရေးလုပ်သားများ အဆင်ပြေ ကျန်းမာ ချမ်းသာကြပါစေ။

11/03/2020

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး

လွန်ခဲ့တဲ့ ရက်အနည်းငယ်က Channel K နဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment) နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တံခါးဖွင့်လှစ် ဖိတ်ခေါ်နေချိန်မှာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု (Responsible Investment) နဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းကျင့်ထုံး (Responsible Business Conduct) တွေကို စီးပွားရေးလုပ်ငန်းရှင်များသာမက အစိုးရဌာနနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံသားတွေလည်း သိမြင်ဘို့ လိုအပ်တယ်လို့ စဉ်းစားမိပါတယ်။ ၂၁ ရာစုမှာ ကမ္ဘာ့နိုင်ငံအတော်များများက စီးပွားရေးနယ်ပယ်တွေမှာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းကျင့်ထုံးတွေကို ရှေ့တန်းတင် အားပေးဆောင်ရွက်လာတာ တွေ့ရပါတယ်။

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment)

တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာကို ၂၀ ရာစုနှောင်းပိုင်းလောက်မှာ နိုင်ငံအသီးသီးက သွင်ပြင်လက္ခဏာမျိုးစုံနဲ့ အစပျိုးခဲ့ကြပေမယ့် Responsible Investment ဆိုတဲ့ စကားလုံးကို တရားဝင်စတင် သုံးစွဲလာခဲ့ကြတာကတော့ ၂၀၀၆ ခုနှစ်မှာ ကုလသမဂ္ဂက Principles for Responsible Investment ကို ချမှတ်ဆောင်ရွက်ချိန်က စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကလည်း Responsible Investment ဆိုတာ ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆိုတာ အခြေခံအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (Environmental) ၊ လူမှုရေးဆိုင်ရာ (Social) နဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ (Governance) အချက် အလက်တွေကို မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံခန့်ခွဲရာမှာ အကျုံးဝင်အောင် ထည့်သွင်း ဆောင်ရွက်ကြတဲ့ ချဉ်းကပ်မှုနည်းလမ်းဘဲ ဖြစ်ပါတယ်။ ဒီလိုချဉ်းကပ်ဆောင်ရွက်ရာမှာ စွန့်စားရ မှုကို ကောင်းစွာစီမံခန့်ခွဲပြီး အကျိုးအမြတ် ပိုမိုရရှိစေအောင်၊ တစ်နည်းအားဖြင့် မိမိတို့ရဲ့ ရင်းနှီး မြှုပ်နှံမှု ဗျူဟာတွေထဲမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးခံစားခွင့်တန်ဖိုးကို ပိုမိုတိုးတက်ထင်ဟပ် စေအောင် ဆောင်ရွက်ခြင်းဘဲ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအကြောင်းအရာတွေထဲ မှာ ထည့်သွင်းစဉ်းစားရမယ့် အဓိကအချက်တွေက မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ သက်ရောက်စေနိုင်မယ့် လုပ်ဆောင်မှုတွေ/သဘာဝအရင်းအမြစ်တွေကို လျော့ပါးစေနိုင်တာတွေ ရှောင်ရှားခြင်း၊ အညစ်အကြေးစွန့်ပစ်မှုကို စနစ်တကျဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မပေါ်ပေါက်စေခြင်းတို့အပြင် သဘာဝသစ်တောတွေ ပြုန်းတီးမှုမရှိ အောင်ဆောင်ရွက်ခြင်းတွေလည်း အကျုံးဝင်ပါတယ်။ လူမှုရေးဆိုင်ရာ အခြေခံအကြောင်းအရာ တွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု၊ ခေတ်သစ်ကျွန်ပြုမှု၊ ကလေးလုပ်သား သုံးစွဲမှုစတာတွေမရှိစေရေး၊ လုပ်ငန်းခွင် သာယာရေးနဲ့ လုပ်သားများနဲ့ဆက်ဆံရေး အခြေအနေ ကောင်းမွန်ရေး ထည့်သွင်းဆောင်ရွက်လေ့ရှိပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအကြောင်းအရာ တွေထဲမှာတော့ လာဘ်ပေးလာဘ်ယူမှုနဲ့ အာဂတိလိုက်စားမှုရှောင်ရှားရေး၊ စီမံခန့်ခွဲသူတွေရဲ့ လစာနှုန်းထား၊ ဒါရိုက်တာအဖွဲ့မှာ ကျား/မ၊ လူမျိုး/ဘာသာစသည်ဖြင့် မတူကွဲပြားမှုရှိခြင်းကို လက်ခံဖွဲ့စည်းခြင်း၊ နိုင်ငံရေးမဲဆွယ်မှုတွေနဲ့ လှူဒါန်းမှုတွေ ရောထွေးမှုမရှိစေခြင်းနဲ့ အခွန်စနစ် တကျပေးဆောင်မှုအတွက် လုပ်နည်းချမှတ်ထားတာတွေ ပါဝင်လေ့ရှိပါတယ်။

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ အထက်က ဖော်ပြခဲ့တဲ့ အခြေခံအကြောင်းတရားတွေကို ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းကို ဆန်းစစ်ခြင်းနဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်း ဆောင်ရွက်တဲ့အခါ လိုက်နာဆောင်ရွက်ဘို့ အခြေခံလိုအပ်ချက်အဖြစ် အသိအမှတ်ပြု ဆောင်ရွက်လာကြပါတယ်။ ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက အကျိုးအမြတ်ရရှိမည့်သူတွေ၊ ဖောက်သည်တွေကလည်း သူတို့နဲ့ ဆက်စပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကို ပိုမိုလိုလား တောင်းဆိုလာမှုတွေကလည်း တွန်းအားတစ်ရပ် ဖြစ်စေပါတယ်။ နိုင်ငံအချို့မှာတော့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ ကို စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်း ကျင့်သုံးလာကြပါတယ်။ တစ်ကယ်တော့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်ရင်း ရင်းနှီး မြှုပ်နှံသူ၊ နိုင်ငံသား၊ နိုင်ငံတော်အားလုံးအတွက် အကျိုးရှိစေမယ့် အခြေခံအကြောင်း တရားတွေ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး (Responsible Business Conduct)

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံးတွေနဲ့ ပတ်သက်လာရင် ကမ္ဘာ့နိုင်ငံ အတော်များများက Organization for Economic Cooperation and Development – OECD က ၂၀၁၁ ခုနှစ် မေလ ၂၅ ရက်နေ့က အတည်ပြု ချမှတ်လိုက်တဲ့ “နိုင်ငံတကာဖြန့်ကျက် လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းများအတွက် OECD ၏ လမ်းညွှန်ချက် (OECD Guidelines for Multinational Enterprises)” ကို ကျင့်သုံးလိုက်နာဆောင်ရွက်ကြပါတယ်။ OECD လမ်းညွှန် ချက်တွေကို OECD အဖွဲ့ဝင်နိုင်ငံတွေသာမက အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း လမ်းညွှန် အဖြစ်လိုက်နာ ကျင့်သုံးကြပါတယ်။ OECD လမ်းညွှန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေး လုပ်ငန်းများအနေနဲ့ စီးပွားရေးဆိုင်ရာ (Economic)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (Environmental) နဲ့ လူမှုရေးဆိုင်ရာ (Social) ဖွံ့ဖြိုးတိုးတက်မှုတွေကို ကမ္ဘာအနှံ့ပြန့်ပွားစေဘို့ ဖြစ်ပါတယ်။ OECD လမ်းညွှန်ချက်ရဲ့ အခြေခံသဘောတရားမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိရင်းနှီးမြှုပ်နှံရာ နိုင်ငံကဥပဒေတွေကို လေးစားလိုက်နာဘို့ဟာ ပထမဆုံး ကျင့်သုံးရမယ့် အချက်ဖြစ်တယ်လို့ ဖော်ညွှန်းထားပါတယ်။ လမ်းညွှန်ချက်တွကို လိုက်နာကျင့်သုံးရာမှာ မိမိတို့၏ စီးပွားရေးလုပ်ဆောင်ရာ နိုင်ငံတွေရဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ကျော်လွန်ခြင်းမပြုရဘူး လို့လည်း ကန့်သတ်ထားပါတယ်။ လမ်းညွှန်ချက်မှာ “နိုင်ငံတကာဖြန့်ကျက်လုပ်ဆောင်သော စီးပွားရေး လုပ်ငန်း” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မည်သည့်စီးပွားရေးလုပ်ငန်းဖြစ်စေ နိုင်ငံတစ်ခု ထက်ပိုမိုလုပ်ဆောင်လျင်အကျုံးဝင်တယ်လို့ဖော်ပြထားပါတယ်။ ထိုနည်းတူ အစိုးရတွေကိုလည်း မိမိနိုင်ငံရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်မှုအတွက် OECD ရဲ့ လမ်းညွှန်ချက်ကို အလွဲအသုံးပြု ဆောင်ရွက်တာတွေ မလုပ်ကြဘို့လည်း တိုက်တွန်းထားပါတယ်။ OECD ရဲ့ လမ်းညွှန်ချက်တွေကို အောက်ပါအတိုင်း အကျဉ်းဖော်ပြလိုက်ပါတယ် -

(၁) ထုတ်ဖော်ဖွင့်ဟခြင်း (Disclosure) ကတော့ ပထမဆုံးလမ်းညွှန်ချက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ မိမိတို့ရဲ့ လုပ်ဆောင်မှုတွေ၊ ဖွဲ့စည်းမှုတွေ၊ ဘဏ္ဍာရေး အခြေအနေတွေ၊ အကောင်အထည်ဖော်နိုင်မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေ ကို အချိန်ကိုက် တိကျစွာ ထုတ်ဖော်ဖွင့်ဟပေးရမယ်လို့ ဆိုပါတယ်။ ဒီလိုထုတ်ဖော် ရာမှာ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေနဲ့ရလဒ်တွေ၊ မိမိတို့ရဲ့ရည်ရွယ်ချက်တွေ၊ အဓိက ရှယ်ယာပိုင်ဆိုင်သူတွေ၊ မဲပေးပိုင်ခွင့်ရှိသူတွေ၊ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ အရေးကြီးတဲ့ အမှုဆောင်အရာရှိတွေရဲ့ ဉာဏ်ပူဇော်ခ/လစာနှုန်းထားတွေ၊ ကုမ္ပဏီ အတွင်း ဆက်စပ်မှုရှိသူတွေရဲ့ ပစ္စည်းများလွှဲပြောင်းမှုတွေ၊ အလုပ်သမား ဆိုင်ရာ ကိစ္စတွေ စတာတွေကိုလည်း အကန့်အသတ်မရှိ ထုတ်ဖော်ဖွင့်ဟပေးဘို့ လမ်းညွှန် ထားပါတယ်။

(၂) လူ့အခွင့်အရေး (Human Right) ကို လေးစားလိုက်နာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စေမယ့် ကိစ္စရပ်များအားလုံးကို ရှောင်ရှားဘို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အကြောင်းကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် ချက်ချင်း ဖြေရှင်းဘို့၊ လူ့အခွင့်အရေး ထိခိုက်စေမယ့် သက်ရောက်မှုတွေကို တားဆီးဘို့ (သို့မဟုတ်) လျော့ပါးစေဘို့ နည်းလမ်းတွေရှာဖွေဘို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မူဝါဒဆိုင်ရာ စဉ်းစားဆောင်ရွက်မှုတွေ ပါဝင်စေ ဘို့၊ လူ့အခွင့်အရေးဆိုင်ရာဆန်းစစ်မှုတွေကိုလည်း ကျင့်သုံးဆောင်ရွက် သွားကြဘို့ စတဲ့ လမ်းညွှန်ချက်တွေပါရှိပါတယ်။

(၃) အလုပ်ခန့်ထားခြင်းနှင့် လုပ်ငန်းခွင်ဆက်ဆံရေး (Employment and Industrial Relations) နဲ့ပတ်သက်ပြီး အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့် (သို့မဟုတ်) အလုပ်သမားများ ကိုယ်တိုင်ရွေးချယ် ဝင်ရောက်ခွင့်ကို လေးစားလိုက်နာဘို့၊ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ စုပေါင်းတောင်းဆိုမှုတွေကို အသိအမှတ်ပြုဘို့၊ အပြုသဘောဆောင် စေ့စပ်ဆွေးနွေးဘို့၊ ကလေးလုပ်သား အသုံးပြုတာတွေ ပပျောက်စေဘို့၊ အတင်းအကြပ်၊ အဓမ္မခိုင်းစေမှုတွေမျိုးစုံ ပပျောက်စေဘို့၊ အလုပ်သမားများကြားမှာ ခွဲခြားဆက်ဆံမှုတွေ မရှိစေဘို့၊ အလုပ်သမားကိုယ်စား လှယ်များနဲ့ စေ့စပ်ညှိနှိုင်းရာမှာ လိုအပ်တာကူညီပေးဘို့၊ သတင်း ပြည့်စုံစွာပေးဘို့၊ အလုပ်သမားများနဲ့ တိုင်ပင်ဆွေးနွေးဘို့စတဲ့ အခြေခံအကြောင်းအရာတွေ ပါရှိပါတယ်။

(၄) သဘာဝပတ်ဝန်းကျင် (Environment) ဆိုင်ရာ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံကချမှတ်ထားတဲ့ မူဘောင်များနဲ့အညီ ဆောင်ရွက်ကြဘို့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ လုပ်နည်းစနစ်တွေကိုလည်း ထူထောင်ထားရှိကြဘို့၊ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်တွေ၊ စီးပွားရေးဆိုင်ရာ အတွင်းရေးတွေနဲ့ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးကာကွယ်ရေးကို ထိခိုက်မှုမရှိစေဘဲ အများ ပြည်သူနဲ့ မိမိရဲ့ လုပ်သားတွေကို ပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများနဲ့ ပတ်သက်ပြီး သက်ရောက်လာနိုင်တဲ့ကိစ္စရပ်တွေ ရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေမယ့် လုပ်ဆောင်မှု ရှောင်ရှား ခြင်း၊ မိမိကုမ္ပဏီရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း စတာတွေပါရှိပါတယ်။

(၅) လာဘ်ပေးလာဘ်ယူ၊ လာဘ်ပေးရန်မြူဆွယ်မှုနှင့် ငွေကြေးတောင်းခံမှုတိုက်ဖျက် ခြင်း (Combating Bribery, Bribe Solicitation and Extortion) တို့နဲ့ပတ်သက် ပြီး စီးပွားရေးလုပ်ငန်းတွေဟာ မိမိရဲ့ အခွင့်အရေး အကျိုးအမြတ်ရရှိဘို့ လာဘ် ပေးခြင်း၊ လာဘ်လာဘပေးရန် ကတိပြုခြင်း၊ တောင်းဆိုခြင်းတွေကို မပြုကြဘို့ တားမြစ်ထားပါတယ်။ အထူးသဖြင့် အစိုးရအရာရှိတွေနဲ့ မိမိတို့ရဲ့ စီးပွားဖက်တွေ ရဲ့ ဝန်ထမ်းတွေကို လာဘ်ပေးရန်ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း၊ လာဘ်ပေးခြင်း မပြုကြဘို့၊ အဆိုပါ ဆောင်ရွက်မှုမျိုး မပေါ်ပေါက်အောင် မိမိစီးပွားရေးလုပ်ငန်း အတွင်း ထိန်းချုပ်မှု၊ ကျင့်ဝတ်နဲ့ စည်းမျဉ်းလိုက်နာမှုတွေကို ချမှတ်ဆောင်ရွက်ကြ ဘို့၊ မိမိတို့ရဲ့ လုပ်ဆောင်မှုတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ကြဘို့၊ လာဘ်ပေးလာဘ်ယူနဲ့ပတ်သက်လာ ရင် မိမိတို့ရဲ့ ဝန်ထမ်းတွေကို အသိအမြင်နဲ့ လိုက်နာဆောင်ရွက်မှု အားကောင်း လာအောင်ဆောင်ရွက်ကြဘို့ လမ်းညွှန်ထားပါတယ်။

(၆) စားသုံးသူများအကျိုးစီးပွား (Consumer Interests) ကိုလည်း လမ်းညွှန်ချက်မှာ ထည့်သွင်းထားပါတယ်။ အဓိကအားဖြင့် စားသုံးသူများနဲ့ ထိတွေ့ဆက်ဆံရာမှာ မျှတတဲ့ ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းစသည်တို့ကို ဆောင်ရွက်ကြဘို့ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ အများလက်ခံထားတဲ့ စံချိန်စံညွှန်းမီဘို့၊ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ပြည့်စုံလုံလောက်တဲ့ သတင်းအချက် အလက်တွေပေးဘို့၊ စားသုံးသူများနဲ့ အငြင်းပွားမှု ဖြစ်ပွားတဲ့အခါမှာ မျှတမှုရှိ အောင် ဆောင်ရွက်ကြဘို့၊ စားသုံးသူတွေကို လှည့်ဖြားခြင်း၊ လှည့်စားခြင်း၊ မမျှမတပြုခြင်းနဲ့ အတုအပဆောင်ရွက်ခြင်းတို့ကို ရှောင်ရှားကြဘို့၊ စားသုံးသူ များရဲ့ အသိအမြင် ကျယ်ပြန့်ရေးဆောင်ရွက်ပေးကြဘို့၊ စားသုံးသူများ၏ ပုဂ္ဂလိက လုံခြုံမှုကို အလေးဂရုပြုဘို့၊ စားသုံးသူများနဲ့ပတ်သက်ပြီး မမှန်မကန် ဆောင်ရွက် မှုများကို တိုက်ဖျက်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဘို့ စတဲ့ အချက်တွေ ထည့်သွင်း လမ်းညွှန်ထားပါတယ်။

(၇) သိပ္ပံနှင့်နည်းပညာ (Science and Technology) နဲ့ပတ်သက်ပြီးတော့ စီးပွားရေး လုပ်ငန်းများအနေနဲ့ ၎င်းတို့သုံးစွဲတဲ့ နည်းပညာတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ မူဝါဒတွေနဲ့ ကိုက်ညီပြီး သဟဇာတဖြစ်စေဘို့၊ သက်ဆိုင်ရာ နိုင်ငံကို နည်းပညာနဲ့ အသိပညာ လွှဲပြောင်းပေးခြင်းကို မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း လက်တွေ့အခြေ အနေနဲ့ စပ်ဟပ်ပြီးဆောင်ရွက်ပေးကြဘို့၊ သက်ဆိုင်ရာ နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေမှာ သင့်လျော်သလို ပါဝင်ပေးကြဘို့၊ ဉာဏ ပစ္စည်းဆိုင်ရာ အခွင့်အရေးများနဲ့ ပတ်သက်တဲ့ လိုင်စင်များရယူတဲ့အခါမှာလည်း သက်ဆိုင်ရာ နိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သလို ထည့်သွင်းစဉ်းစားပေးကြဘို့၊ ဒေသခံတက္ကသိုလ်တွေ၊ သုတေသနအဖွဲ့အစည်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဘို့ လမ်းညွှန် ထားပါတယ်။

(၈) ယှဉ်ပြိုင်မှု (Competition) နဲ့ ပတ်သက်လာရင် သက်ဆိုင်ရာနိုင်ငံက ယှဉ်ပြိုင်မှု ဥပဒေနဲ့ စည်းမျဉ်းတွေကိုလိုက်နာဘို့၊ ယှဉ်ပြိုင်မှုကို မမျှမတဖြစ်စေမယ့် လုပ်ဆောင်ချက်တွေ မလုပ်ကြဘို့၊ ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်ကြဘို့၊ မိမိရဲ့ ဝန်ထမ်းတွေကို ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အသိအမြင်တွေ ကျယ်ပြန့်လာအောင် ဆောင် ရွက်ကြဘို့ လမ်းညွှန်ထားပါတယ်။

(၉) အခွန်အကောက် (Taxation) ပေးဆောင်ခြင်းဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ပြည်သူ့ ဘဏ္ဍာဖြည့်ဆည်းမှုမှာ အရေးပါတာကို အလေးမူပြီး မိမိတို့ ပေးဆောင်ရမယ့် အခွန်ငွေကို အချိန်နဲ့တပြေးညီ ပေးဆောင်ကြဘို့၊ အခွန်အကောက်ဆိုင်ရာ ဥပဒေ နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဘို့၊ စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှု စနစ်တွေမှာ အခွန်အကောက်ဆိုင်ရာ စီမံအုပ်ချုပ်မှုနဲ့ အခွန်ပေးဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဆောင်ရွက်ကြဘို့လည်း လမ်းညွှန်ထားပါတယ်။

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မြန်မာပြည်

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေဘို့အတွက် ပြဋ္ဌာန်းချက်များ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက် ပုဒ်မ ၃ (က) မှာ “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုပြီး ပြဋ္ဌာန်းထား ပါတယ်။ ထို့အပြင် ပုဒ်မ ၂၅ မှာ ပြဋ္ဌာန်းထားတဲ့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေထဲမှာလည်း လိုအပ်တဲ့ပြဋ္ဌာန်းချက်တွေ ထည့်သွင်းခြင်း၊ ပုဒ်မ ၃၆၊ ပုဒ်မ ၄၁၊ ပုဒ်မ ၄၆၊ ပုဒ်မ ၅၁၊ ပုဒ်မ ၆၅ မှ ၆၇၊ ပုဒ်မ ၇၁ စသည်တို့နဲ့ နည်းဥပဒေများမှာ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး များနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ထိုနည်းတူ ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေမှာလည်း တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းကျင့်ထုံးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုအပ်သလို ထည့်သွင်း ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံးများနဲ့ပတ်သက်ပြီး ဥပဒေမူဘောင် အခိုင်အမာ ချမှတ်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများ နယ်ပယ်အတွင်းမှာ တာဝန်ယူ မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်အားကောင်းလာဘို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ နိုင်ငံသားအားလုံးကလည်း မိမိတို့နဲ့ သက်ဆိုင်ရာ ကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ပေးကြဘို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Credit ဦးအောင်နိုင်ဦး

04/03/2020

Market

# လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် မိမိ Market အခြေအနေကို နားလည်ဖို့ လိုပါတယ်။
# အဲ့ဒီလုပ်ငန်းမှာ ဘယ်သူတွေက competitor ဖြစ်မလဲ။
# ဘယ်သူက အဓိက clients တွေလဲ
# မိမိက အဲ့ဒီကလူတွေနဲ့ မတူတာ ဘာလုပ်နိုင်လဲ
# ဘယ်လို Market ထိုးဖောက်မလဲ
# မိမိအနေနဲ့ စျေးကွက်ဝေစုကို ဘယ်လို ရယူမလဲ စဉ်းစားဖို့ လိုပါတယ်။

( လုပ်ငန်းရှင် လုပ်မည့်သူဆိုပါက အားလုံးခြုံငုံသုံးသပ်နိုင်ပြီး မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ရပါမည်။)

20/02/2020

ကုမ္ပဏီတစ်ခုထောင်တော့မယ်ဆို ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ
~~~~~
ယခုခေတ်မှာ ကုမ္ပဏီတစ်ခုထောင်ဖို့ဆိုတာ ငှက်ပျောသီး အခွံနွှာစားရသလိုပဲ အရမ်းလွယ်ကူသွားပါပြီ။ ကုန်ကျစရိတ်ကလည်း အရမ်းသက်သာသွားပြီ။ ဒါကြောင့်လည်း ကုမ္ပဏီတွေအများအပြား ထောင်ပြီး လုပ်ဆောင်လာကြတယ်။ လုပ်ငန်းရှင်တွေများပြားလာတယ်ဆိုတာ နိုင်ငံအတွက် အင်မတန်မှ ကောင်းမွန်တယ်။ ဒါပေမယ့်လဲ လွယ်ကူလွန်းတာနဲ့အလျောက် စနစ်တစ်ကျဖြစ်ဖို့တော့ လိုနေသေးတာတွေ့ရတယ်။ ကျွန်တော်တို့ လူတွေ တော်တော်များများက ကုမ္ပဏီတစ်ခုထောင်ဖို့ Online ပေါ်တက်မယ် လိုတဲ့ အချက်အလက်လေးတွေဖြည့်မယ်။ ဒါမှမဟုတ် Agent တစ်ယောက်ယောက်ငှားလိုက်မယ် သူတောင်းတဲ့ Data ပေးလိုက်မယ်။ တစ်ရက်နှစ်ရက်နေရင် ကုမ္ပဏီ မှတ်ပုံတင်ကတ်ပြားရပြီ။ Ok ဒါဆို ငါ ကုမ္ပဏီ တစ်ခုထောင်တာပြီးပြီ လို့ထင်ကြတယ်။
တစ်ကယ်တော့ ကုမ္ပဏီတစ်ခုထောင်ဖို့ဆိုတာ လွယ်မရောင်နဲ့ခက်၊ တိမ်မရောင်နဲ့နက်ပါတယ်။ ကုမ္ပဏီတစ်ခုထောင်ပြီးရင် နောက်ဆက်တွဲ လိုက်နာစရာတွေအများကြီး ရှိပါတယ်။ အခွန်ဆိုင်ရာ ကိစ္စတွေ၊ နှစ်စဉ် အစီရင်ခံစာ ကိစ္စတွေ၊ ငွေဖြူကိစ္စတွေ စသဖြင့်ပါ။ တစ်ချို့ကိစ္စတွေက အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အချိန်အနည်းငယ်နောက်ကျသွားတာနဲ့ ဒဏ်ကြေးတွေ၊ ကုမ္ပဏီ သက်တမ်းကို ဆိုင်းငံ့တဲ့အထိဖြစ်လာနိုင်တာမို့ ကုမ္ပဏီမထောင်ခင်ကတည်းက ကုမ္ပဏီဆိုင်ရာ ကိစ္စတွေကို လေ့လာထားဖို့လိုပါမယ်။ လာမည့် ဧပြီလထဲမှာ ဆိုရင်လည်း ကုမ္ပဏီများ မလိုက်နာ မနေရ ကော်ပိုရိတ် စည်းမျဉ်း ဆိုပြီး ထွက်ရှိလာဦးမှာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ကုမ္ပဏီတစ်ခုတည်ထောင်မယ်ဆို အခြေခံသိသင့်တဲ့ အချက်တစ်ချို့ကို မျှဝေပေးသွားပါမယ်။

၁။ မတည်ငွေရင်း
ကုမ္ပဏီတစ်ခုထောင်တော့မယ်ဆိုရင် အဓိကကျတဲ့ အကြောင်းအရာက မတည်ငွေရင်းပါ။ မတည်ငွေရင်း ဘယ်လောက်ထားရင် အကောင်းဆုံးလဲ။ ၁၀သိန်းလား၊ သိန်း ၁၀၀၀ လားဆိုတာပါ။ မိမိလုပ်ငန်း ဘာလုပ်မလဲ ဆိုတာပေါ် မူတည်ပါတယ်။ မြန်မာ ကုမ္ပဏီများ ဥပဒေအရ မတည်ငွေရင်း သတ်မှတ်ချက်ဆိုတာမရှိဘဲ မိမိလုပ်ငန်းလုပ်မယ့်အပေါ်မှာပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သီးခြားထုတ်ပြန် တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီကို ကုမ္ပဏီထောင်ဖို့ ရောက်လာကြတဲ့သူတွေကို ဘယ်လို လုပ်ငန်းမျိုး လုပ်မလဲ၊ အစိုးရနဲ့ တွဲဖက်လုပ်ရမယ့် တင်ဒါလုပ်ချင်တာလား စသဖြင့် အသေးစိတ် မေးမြန်းပြီး အကြံပေးလေ့ရှိပါတယ်။ မတည်ငွေရင်းဟာ နည်းသွားလည်းမကောင်းသလို များသွားရင်လည်း ငွေဖြူလမ်းကြောင်း စစ်ဆေးတဲ့အခါ အဆင်ပြေမယ့် ပမာဏဖြစ်ဖို့လိုပါတယ်။

၂။ ကုမ္ပဏီအမျိုးအစား
အခြေခံအားဖြင့် ကုမ္ပဏီအမျိုးအစား နှစ်ခုရှိပါတယ်။ Private Company (ပုဂ္ဂလိက ကုမ္ပဏီ) နှင့် Public (အများပိုင် ကုမ္ပဏီ) ဆိုတာပါ။ ဒီကြားထဲမှာမှ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ့် Foreign company အမျိုးအစား လဲရှိပါတယ်။ ဒီနေရာမှာ အများဆုံးပြဿနာဖြစ်တာက နိုင်ငံခြားနဲ့ အကျိုးတူ ၃၅% အထိ ဖက်စပ်လုပ်တာပဲဖြစ်ဖြစ်၊ ၁၀၀% နိုင်ငံခြားသားပိုင်ပဲဖြစ်ဖြစ် ကုမ္ပဏီ မှတ်ပုံတင်တဲ့အခါမှာ မိမိကုမ္ပဏီဟာ နိုင်ငံခြားကုမ္ပဏီလား၊ နိုင်ငံသားပိုင် ကုမ္ပဏီလားဆိုတာ သေချာစေဖို့လိုပါတယ်။ နှစ်စဉ် အစီရင်ခံစာတင်တဲ့အခါ မှာလည်း သေချာစေဖို့လိုပါတယ်။ ပြီးတော့ မိမိကုမ္ပဏီဟာ SME အမျိုးအစား ဟုတ်မဟုတ်ကိုပါ ဖြည့်သွင်းရတာ မို့ SME ဖြစ်ရင် ဖြစ်ကြောင်း သေချာစေဖို့လိုပါတယ်။ ဒါမှနောင်မှာ SME တွေအတွက် ဖြေလျော့မှုတွေမှာ အကျိုး ခံစားခွင့်ရမှာဖြစ်ပါတယ်။

၃။ ရှယ်ယာခွဲဝေမှု
ယခင်က ရှယ်ယာရှင် အနည်းဆုံး ၂ ဦးရှိမှ ကုမ္ပဏီထောင်လို့ရပေမယ့် ယခုဥပဒေအသစ်က ရှယ်ယာရှင် တစ်ယောက်ထဲ (ဒါရိုက်တာ) ရှိလည်း ထောင်ခွင့်ပြုထားပါတယ်။ ဒီနေရာမှာ ကုမ္ပဏီ
တွေတော်တော်များများက နှစ်ယောက် သုံးယောက်ထားတတ်ပါတယ်။ မှတ်ပုံတင်စဉ်က အလွယ်ပဲ ရှယ်ယာခွဲဝေမှုကို ၅၀း၅၀ ဒါမှမဟုတ် ၃၀း၇၀ စသဖြင့် အလွယ်ပေးတတ်ကြပါတယ်။ ရှယ်ယာခွဲဝေမှုကို လက်တွေ့ အလုပ်လုပ်တဲ့အခါ ငွေထည့်ဝင်တဲ့ ပုံစံမျိုးနဲ့ မှတ်ပုံတင်ထဲက ခွဲဝေမှုပုံစံ မတူတတ်ကြပါဘူး။ ဒါဟာ နောက်ပိုင်းမှာ အကြီးအကျယ်အခက်တွေ့ စေပါတယ်။ ကုမ္ပဏီထဲမှာ မှတ်ပုံတင်ထားတဲ့ အတိုင်း အမြတ်ဝေစု ပြန်ခွဲရတာမို့ နောက်ပိုင်းငွေဖြူပြန်ဖော် တဲ့အခါမှာ ရှယ်ယာထည့်ဝင်မှု အချိုးအတိုင်းပဲပြန်ရနိုင်တာပါ။
အထက်ပါအချက်တွေဟာ ကုမ္ပဏီတစ်ခုတည်ထောင်တော့မယ်ဆိုရင် မသိမဖြစ် အရေးကြီးတဲ့ အချက်တွေဖြစ်တာမို့ အထူးဂရုပြုကြဖို့နဲ့ လိုအပ်ရင် ကျွမ်းကျင်သူတွေကိုဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

Credit: Myanmar Enterprise Soluations

Credit-DICA
19/02/2020

Credit-DICA

17/02/2020

အကြံပြုချက် (၁၀) ၀န်ထမ်း ဘယ်လိုခန့်မလဲ

- ကုမ္ပဏီတစ်ခုကို အခြေခံကစပြီး တည်ထောင်ပြီးရင် မိမိတို့ တည်ထောင်သူတွေနဲ့ လုပ်ငန်း မနိုင်နင်း‌တော့တဲ့အခါ ၀န်ထမ်းခန့်ဖို့လိုပါပြီ။
- ၀န်ထမ်းခန့်ပါက မိမိ လုပ်ငန်းကို တိုက်ရိုက် သက်ဆိုင်တဲ့လူကို ခန့်ပါ။ ညီအကို၊ ‌မောင်နှမ ‌ဆွေမျိုး၊ လူကြီး သားသမီး စတာ‌တွေကို အရည်အချင်းမမီပဲ မခန့်မိပါ‌စေနဲ့။ အကျိုးထက် အပြစ်က ပိုများပါလိမ့်မယ်။
- အရေးအကြီးဆုံးက မိမိ လုပ်ငန်းကို တိုက်ရိုက် သက်ဆိုင်တဲ့လူကို‌ ရွေးချယ်ရာမှာ စိတ်ဓါတ်ကောင်းတဲ့လူ၊ ကြိုးစားမည့်သူကို ဦးစား‌ပေး‌ရွေးချယ်ပါ။ တစ်ချိန်မှာ ကုမ္ပဏီရဲ့ Core Team တည်ဆောက်ရမှာဖြစ်လို့ ခုထဲက အဲ့ဒီအထိ စဥ်းစား‌ရွေးချယ် ရပါမယ်။
- ညီအကို၊ ‌မောင်နှမ ‌ဆွေမျိုး၊ တွေမှာ စိတ်ဓါတ်လဲကောင်း အရည်အချင်းလဲရှိဆိုရင်တော့ သင့်လုပ်ငန်းအတွက် သူတို့ကိုပဲ ‌ရွေးပါ။ ဘာလို့လဲဆိုရင် သင့်လုပ်ငန်းအတွက် ‌ရေရှည်လုပ်နိုင်တာ သူတို့ပဲ ဖြစ်ပါတယ်။
- ၀န်ထမ်းကို ‌ရွေးချယ်ရာမှာ ကုမ္ပဏီအနေနဲ့ စတင် တည်ထောင်ကာစဖြစ်တဲ့အတွက် သင်က လုပ်ငန်း အရမ်းကျွမ်းကျင်နေပါက သင် သင်ပေးရမည့်သူကို ခန့်သင့်ပြီး သင်လည်း ‌လေ့လာ‌နေတုန်းဆိုပါက ကျွမ်းကျင်သူတွေကို ခန့်သင့်ပါတယ်။

17/02/2020

အကြံပြုချက် (၉) Regular Income

- ကုမ္ပဏီတစ်ခု ရေရှည် ရပ်တည်ဖို့အတွက် အရေးအကြီးဆုံးက Fix cost လို့ခေါ်တဲ့ ရုံး Overhead ကို ရှာနိုင်ဖို့လိုပါတယ်။ Overhead ဆိုတာ ဝန်ထမ်းလစာ၊ ရေဖိုး၊ မီးဖိုး ၊ ဆီဖိုး ၊ ရုံးခန်းငှါးခ စတဲ့ မဖြစ်မနေကုန်မည့် အရာတွေပါ။
- အဲ့ဒီ ရေရှည်ကုန်မည့် Fix overhead ကြီးကို ကျေနိုင်ဖို့အတွက် Regular income တစ်ခု ရနေမယ်ဆိုရင် သင့်လုပ်ငန်း Risk အရမ်းနဲသွားပါပီ။
- ကျန်တာက သင်ဥာဏ်ရှိသလို တိုးချဲ့ သွားလို့ ရပါပီ။

(လုပ်ငန်းတိုးချဲ့ရာမှာလည်း Related business တွေကို တိုးချဲ့သွားရင် သင့်လုပ်ငန်းဟာ နယ်ပါယ်တစ်ခုမှာ ထိပ်ဆုံးရောက်လာပါလိမ့်မယ်။)

Address

Sanchaung
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951526724

Website

Alerts

Be the first to know and let us send you an email when B to B posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share