18/06/2022
ခက်ခဲတဲ့အခြေအနေမှာတောင် အပြုသဘောဆောင်တဲ့စိတ်ကို ထိန်းနိုင်စေမယ့်နည်းလမ်း ၁၃ ခု
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
By Naing Win Aung - CEO Coach & NLP Master Trainer
လူရယ်လို့ဖြစ်လာပြီဆိုကတည်းက ပြဿနာဆိုတာ အနည်းနဲ့ အများ အချိန်တိုင်းလိုလိုမှာ ကြုံတွေ့နေရတာချည်းပါပဲ။ အဲဒီလိုအခက်အခဲ၊ ပြဿနာတွေကို ကျော်လွှားနိုင်မလားဆိုတာကတော့ ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားနဲ့ တုံ့ပြန်မှုတွေအပေါ်မှာ မူတည်ပါတယ်။
ပုံမှန်အခြေအနေမှာ အကောင်းမြင်ဖို့က ဘာမှအခက်အခဲမရှိပေမယ့် ခက်ခဲတဲ့အခြေအနေမှာ အကောင်းမြင်ဖို့ကတော့ အရမ်းမလွယ်ကူနိုင်ပါဘူး။ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခြေအနေမှာ ကျွန်တော်တို့ အပြုသဘောဆောင် စဉ်းစားလား၊ အပျက်သဘောဆောင် စဉ်းစားလားဆိုတဲ့အပေါ်မှာ မူတည်ပြီး ရလဒ်တွေ ပြောင်းလဲသွားနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာလည်း သူ့မှာ ဘယ်လောက်အကောင်းမြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့စိတ်တွေ ရှိသလဲနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ နာတာရှည်ရောဂါတွေ ခံစားရမှုလျော့နည်းနိုင်တယ်ဆိုတဲ့ လေ့လာချက်တွေကိုလည်း သင်ရှာဖွေကြည့်နိုင်ပါတယ်။ သူတို့ဟာ ၁၁ ကနေ ၁၅ ရာခိုင်နှုန်းအထိ အသက်ရှည်ပိုရှည်နိုင်ပြီး ၈၅ နှစ်ကျော်အထိ နေထိုင်နိုင်ဖို့ အလားအလာပိုများတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အကောင်းမြင်စိတ်ရှိသူတွေဟာ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်လုံခြုံစိတ်ချရမှုကို ရရှိခြင်း၊ လုပ်ငန်းအလုပ်အကိုင်မှာ ပိုမိုအောင်မြင်ခြင်းနဲ့ လုပ်ငန်းခွင်စိတ်ကျေနပ်မှုပိုမိုရရှိခြင်းတွေလည်း ရရှိနိုင်ပါတယ်။ သူတို့ဟာ စိတ်ဓါတ်ကျစရာတွေကို စိတ်အားတက်ကြွစရာအဖြစ်ပြောင်းလဲနိုင်စွမ်းရှိကြတဲ့အတွက် ထုတ်လုပ်မှုစွမ်းအားပိုမိုမြင့်တက်ခြင်းနဲ့ အလုပ်ပိုမိုပြီးမြောက်ခြင်းတွေကိုပါ ဦးတည်သွားစေနိုင်ပါတယ်။ သူတို့ဟာ နေမကောင်းဖြစ်ခဲကြပြီး ဖျားနာခဲ့ရင်လည်း ပြန်လည်သက်သာဖို့ မြန်ဆန်ကြတယ်လို့ ဆိုပါတယ်။ စိတ်ကျန်းမာရေးတကယ်ကောင်းသလားဆိုတာကို သင့်ကိုယ်သင်နဲ့ သင့်ဘ၀နဲ့ပတ်သက်ပြီး သင်ဘယ်လောက်အကောင်းမြင်သလဲ၊ အပြုသဘောဆောင်ပြီးမြင်သလဲဆိုတာနဲ့ တိုင်းတာနိုင်ပါတယ်။
အခုဒီဆောင်းပါးမှာ ကျွန်တော့်ရဲ့ Public Speaking Trainer နဲ့ ကမ္ဘာကျော် Business Coach တစ်ဦးဖြစ်တဲ့ Brian Tracy ရဲ့ သင်ပြမှုတွေကို အခြေခံပြီး ဘယ်လိုအခြေအနေမှာမဆို အပြုသဘောဆောင်မှုကို ထိန်းသိမ်းနိုင်စေမယ့် နည်းလမ်း ၁၃ ခုကို မျှဝေသွားပါမယ်။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့ဆိုရင် သင့်အတွေးတွေကို ဘယ်လိုစနစ်တကျနဲ့ ထိန်းချုပ်မလဲဆိုတာကို သိရမယ်။ ဒါဆိုရင် ဘာတွေပဲဖြစ်လာဖြစ်လာ သင့်ကိုယ်သင်နဲ့ သင့်အခြေအနေနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ခံစားမှုကို ထိန်းသိမ်းလာနိုင်ပါလိမ့်မယ်။ အခုမျှဝေတဲ့အချက်တွေကို လက်တွေ့အသုံးပြုခြင်းအားဖြင့် ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကျော်လွှားရုံတင်မကပဲ ပိုမိုအောင်မြင်တဲ့အခြေအနေကိုပါ ရရှိလာနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ သင့်ရဲ့အလိုအလျောက်တုံ့ပြန်မှုတွေကို စဉ်းစားပြီးတုံ့ပြန်မှုနဲ့ အစားထိုးပါ။
အဆင်မပြေတဲ့ကိစ္စတွေဖြစ်လာတိုင်းမှာ အဲဒီအချိန်မှာ ကျွန်တော်တို့ဖြစ်နေတဲ့ စိတ်ခံစားမှုအခြေအနေရယ်၊ နဂိုကတည်းက အတွင်းမှာရှိတဲ့ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ ဗဟုသုတတွေရယ်အပေါ်မှာ အခြေခံပြီး ရုတ်တရက်တုံ့ပြန်မိတတ်ကြပါတယ်။ အထူးသဖြင့် ခံစားမှုမြင့်နေချိန်မှာ စဉ်းစားဉာဏ်ကျတတ်ပါတယ်။ အဆင်မပြေတာတွေ ဖြစ်တဲ့အချိန်မှာ လက်လွတ်စပယ်ချက်ချင်းတုံ့ပြန်မယ့်အစား အချိန်လေးခဏယူပြီး သင့်ရဲ့ အနာဂတ်ရည်ရွယ်ချက်အတွက် အကျိုးပြုမယ့် တုံ့ပြန်မှုကို ရွေးချယ်ဖို့ကို ဦးစားပေးရပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၂။ ကြုံတွေ့ရတဲ့အဖြစ်အပျက်ကို ဘ၀တစ်ခုလုံးနဲ့ မရောထွေးပါနဲ့။
လူတွေဟာ တစ်နေရာမှာ အဆင်မပြေဖြစ်ခဲ့ရင် နေရာတိုင်းမှာ အဆင်မပြေသလို မြင်တတ်ကြပါတယ်။ လူတစ်ယောက်နဲ့ ကဏ္ဍတစ်ခုမှာ မတူညီတာရှိနေရင်လည်း နေရာတိုင်းမှာ ပြဿနာတက်သလို ရောထွေးစဉ်းစားတတ်ကြပါတယ်။ အဲဒါဟာ မမှန်ပါဘူး။ သင့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုမှာ ပြဿနာတက်နေချိန်မှာ ဘယ်လိုအဆင်မပြေမှုမှ ဖြစ်မနေတဲ့အစိတ်အပိုင်းတွေ၊ တော်တော်လေးကို ကောင်းနေတဲ့အစိတ်အပိုင်းတွေ သင့်ဘ၀မှာ ရှိနေနိုင်ပြီး အဲဒါတွေကို သင်အသိအမှတ်ပြု ကျေးဇူးတင်ဖို့လိုပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၃။ အဆင်မပြေမှုတွေကို ယာယီအဖြစ်အပျက်တွေလို့ သဘောထားပါ။
သင့်ဘ၀တစ်လျှောက်မှာ သင်ကြုံတွေ့ရသမျှ အဖြစ်အပျက်တွေဟာ အမြဲတမ်းကြီး တည်ရှိနေမယ်လို့ မဆိုလိုပါဘူး။ အမြဲတမ်း အကောင်းတွေချည်းပဲ သင်ကြုံတွေ့နေရမှာမဟုတ်သလို မကောင်းတာတွေချည်းပဲ ကြုံတွေ့နေရမှာလည်း မဟုတ်ပါဘူး။ သင့်အနေနဲ့ တက်လိုက်ကျလိုက်၊ နိမ့်လိုက်မြင့်လိုက်၊ အဆင်ပြေလိုက်၊ မပြေလိုက်ဖြစ်တတ်တဲ့ နိယာမကို လက်ခံရပါမယ်။ ပြီးရင် ကြုံနေရတဲ့အခြေအနေကို ကျော်ဖြတ်နိုင်ဖို့ မှန်ကန်တဲ့ချဉ်းကပ်မှုတွေကို လုပ်ဆောင်ရပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၄။ ရှုံးနိမ့်မှုတွေကို ကိုယ်ရေးကိုယ်တာလို့ သဘောမထားပါနဲ့။
ဆိုလိုတာကတော့ အဆင်မပြေမှုတစ်ခုခုကြုံတွေ့လာရပြီဆိုရင် ပြဿနာကို ငါနဲ့ သွားမတွဲလိုက်ဖို့ဖြစ်ပါတယ်။ ဒါဆိုရင် ဘာနဲ့တွဲရမလဲ။ Strategy နဲ့ တွဲရပါမယ်။ ဒီနေရာမှာ Strategy ဆိုတာက အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူ အားလုံးပါဝင်ပါတယ်။ ဒီအချိန်၊ ဒီနေရာမှာ ဒီလို Strategy နဲ့လုပ်ရင် အဆင်မပြေဘူးဆိုတာ သင်မှမဟုတ်ပဲ ဘယ်သူမဆို ဖြစ်နိုင်တာမျိုးဖြစ်ပြီး အခြားအဆင်ပြေတဲ့သူတွေရဲ့ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူ Strategy လိုလိုမျိုး သင်အတုယူလုပ်ဆောင်မယ်ဆိုရင် အခြေအနေ၊ အချိန်အခါလည်း ရွေးချယ်နိုင်မယ်ဆိုရင် သင်လည်း အောင်မြင်မှာပါပဲ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၅။ ပြဿနာတွေကို အာရုံစိုက်လွန်ကဲနေမယ့်အစား သင်လိုချင်တဲ့ပန်းတိုင်ကို အာရုံစိုက်ပါ။
မလိုလားအပ်တဲ့အခြေအနေတွေကို ရင်ဆိုင်လာရပြီဆိုရင် လူတွေဟာ အဲဒီကိစ္စတွေကို လွန်ကဲစွာအာရုံစိုက်ပြီး ဖြေရှင်းဖို့ကြိုးစားရင်း အချိန်ကုန်နေတတ်ကြပါတယ်။ အဲဒီအစား သင့်အနေနဲ့ နောက်လာမယ့်တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်ကို ကြိုတင်စဉ်းစားပြီး သင်ဘာကိုလိုချင်သလဲဆိုတာကို အာရုံစိုက်ရပါမယ်။ ပြီးရင် အဲဒါကို ရဖို့အတွက် သင်ဘာတွေကို လုပ်ရမလဲ၊ ဘာတွေကို ရှောင်ကြဉ်ရမလဲဆိုတာကို အဖြေရှာရပါမယ်။ ပြဿနာတွေ၊ မလိုချင်တာတွေကို အာရုံစိုက်ရင် သင်စိတ်ညစ်ရမယ်၊ အဖြေတွေ၊ သင်လိုချင်တာတွေကို အာရုံစိုက်ရင်တော့ စိတ်အားတက်ကြွမှုရလာနိုင်ပါတယ်။ ဒီကိစ္စဘယ်လောက်ဆိုးသလဲဆိုတာထက် ဒီကိစ္စဖြစ်တဲ့အတွက် ငါတို့ ဘယ်လိုကောင်းတဲ့အရာတွေကို လုပ်ဖို့ လမ်းပွင့်သွားနိုင်သလဲဆိုတာကို သင့်ကိုယ်သင်မေးရပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၆။ သင့်ရဲ့ ပြီးမြောက်အောင်မြင်မှုတွေ၊ ကျေးဇူးတင်စရာတွေကို မကြာခဏချရေးပါ။
အခက်အခဲတွေ ကြုံလာရတဲ့အချိန်မှာ လူတိုင်းလိုလိုဟာ သူတို့မှာရှိတဲ့လုပ်နိုင်စွမ်းတွေကို မေ့လျော့သလို ဖြစ်သွားတတ်သလို စိုးရိမ်ပူပန်မှုတွေလည်း အလွယ်တကူဖြစ်ပေါ်လာတတ်ပါတယ်။ သင့်အနေနဲ့ သင့်ဘ၀မှာ ရှိနေပြီးသား ကောင်းမွန်တဲ့အရာတွေကို ချရေးခြင်း၊ သင်အရင်ကရရှိခဲ့ဖူးတဲ့ အောင်မြင်မှုတွေ၊ ကျော်ဖြတ်နိုင်ခဲ့တဲ့အခက်အခဲတွေ၊ အဲဒီတုန်းက လုပ်ဆောင်ခဲ့တဲ့နည်းလမ်းတွေကို ချရေးခြင်းအားဖြင့် လက်ရှိနဲ့ အနာဂတ်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ များစွာအထောက်အပံ့ဖြစ်နိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၇။ သင့်ကိုယ်ရေးကိုယ်တာအတွက် အချိန်ပေးပါ။
သင့်မှာ လုပ်ငန်းဆိုင်ရာတာဝန်တွေအပြင် မိသားစုတာဝန်တွေလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ တာဝန်တွေပါ ရှိတတ်ပါသေးတယ်။ ဖိအားများတဲ့ကာလတွေမှာ တာဝန်တွေကို ပြီးမြောက်ဖို့သက်သက်တင်မကပဲ သင့်ကိုယ်ရေးကိုယ်တာ လုပ်ချင်တာတွေကို လုပ်ဆောင်နိုင်ဖို့ သီးသန့်အချိန်ကို ဖယ်ခြင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်း၊ နှစ်သက်ရာ အားကစားတစ်ခုခုပြုလုပ်ခြင်း၊ စိတ်ပျော်ရွှင်စေမယ့် စာပေများဖတ်ရှုခြင်း၊ တိတ်ဆိတ်တဲ့တစ်နေရာမှာ အနားယူခြင်းစတာတွေဟာ အလုပ်တာဝန်တွေကို ထိရောက်စွာလုပ်ကိုင်နိုင်ဖို့အတွက် သင့်ကို အားအင်တွေ ဖြည့်တင်းပေးနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၈။ သင့်ပတ်ဝန်းကျင်ကို သတိထားပြီး ရွေးချယ်ပါ။
စိတ်နေသဘောထားတွေဟာ ကူးစက်လွယ်တတ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ အဆိုးမြင်တဲ့သူတွေ၊ အလွယ်တကူစိတ်ဓါတ်ကျတတ်သူတွေ၊ မကောင်းတဲ့အပြုအမူ၊ အပြောအဆို ရှိသူတွေများနေမယ်ဆိုရင် သင်ကိုယ်တိုင်လည်း အဲဒီလို မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်မှာ သင့်ကို ထောက်ကူပေးနိုင်တဲ့သူတွေနဲ့ ဝန်းရံထားဖို့လိုပြီး သင့်နဲ့ သင့်စိတ်တည်ကြည်မှုကို အနှောက်အယှက်ပြုနိုင်တဲ့ ဘယ်လိုသက်ရှိ၊ သက်မဲ့တွေကိုမဆို သင့်ဘဝထဲကနေ ကန့်သတ်၊ ဖယ်ရှားဖို့ကို လုပ်ဆောင်ရပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၉။ သင့်ကိုယ်သင် သံသယမဝင်ခင်မှာ သင့်ရဲ့သံသယတွေကို သံသယဝင်ပါ။
ငါတော့ မရတော့ဘူးထင်တယ်၊ ငါလုပ်နိုင်ပါ့မလား၊ ငါက အသက်ငယ်သေးတယ်၊ ငါက အသက်ကြီးပြီ၊ ငါ့မှာ ပိုက်ဆံမရှိဘူး။ ငါ့မှာ ပညာမရှိဘူး။ ငါက အတွေ့အကြုံနည်းတယ်၊ ငါ့မှာ ကူညီမယ့်သူမရှိဘူး စတဲ့အတွေးတွေဟာ သင့်ကိုယ်သင် ကန့်သတ်တဲ့ ယုံကြည်မှု (Self-Limiting Belief) တွေပါပဲ။ ဒီလိုအတွေးတွေ ဝင်လာတိုင်း အလွယ်လက်ခံမယ့်အစား အဲဒီအတွေးကို ချရေးပြီး အဲဒါဟာ ဘယ်လောက်ရာခိုင်နှုန်းသေချာလဲ၊ အရင်တုန်းက ငါဒါမျိုးအလားတူလုပ်နိုင်ခဲ့တာရှိလား၊ ဒါကို လုပ်နိုင်တဲ့အခြားလူတွေရှိလား၊ သူတို့လုပ်နိုင်ပြီး ငါက မလုပ်နိုင်ဘူးဆိုတာသေချာလား၊ ငါ့အရင်ကလုပ်ဆောင်မှုတွေ၊ အခြားသူတွေရဲ့ လုပ်ဆောင်မှုတွေကနေ ငါဘာတွေ Model ယူနိုင်မလဲ စတာတွေကို သင့်ကိုယ်သင် ပြန်မေးဖို့ လိုပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁၀။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လူနေမှုပုံစံကို ရွေးချယ်ပါ။
စိတ်ထောင်းကိုယ်ကျေဆိုတာရှိသလိုပဲ ခန္ဓာကိုယ်မကျန်းမာရင်လည်း စိတ်က ကြည်လင်မှုမရှိနိုင်ပါဘူး။ စိတ်နဲ့ ခန္ဓာကျန်းမာရေးမကောင်းတာဟာ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အထောက်အပံ့မဖြစ်စေတဲ့အပြင် အနှောက်အယှက်ပါ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အစားအသောက် အမျိုးအစား၊ ပမာဏ၊ အကြိမ်၊ အချိန်စတာတွေကို သတိထားရွေးချယ်ရပါမယ်။ ကျန်းမာရေးထိခိုက်စေမယ့် ဘယ်လိုစွဲလမ်းမှုကို မဆို စွန့်လွှတ်ရပါမယ်။ အိပ်ချိန်နောက်ကျတာ၊ အိပ်ချိန်နည်းတာတွေကို ပြင်ရပါမယ်။ ဒါ့အပြင် သင်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုးကိုလည်း နေ့စဉ်အချိန်ပေးပြီး စည်းကမ်းရှိရှိလုပ်ဆောင်ဖို့ လိုပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁၁။ အခြားသူတွေကို ဝန်ဆောင်မှုပေးပါ။
သင်ကိုယ်တိုင်စိတ်ညစ်နေတဲ့အချိန်မှာ သင့်ထက်ပိုပြီး အဆင်မပြေဖြစ်နေတဲ့သူတစ်ယောက်ကို အားပေးစကားပြောကြားရင်း သင်ကိုယ်တိုင်ပါ စိတ်ကြည်လင်သလို အားရှိလာသလိုမျိုး သင်ကြုံတွေ့ဖူးတာကို မှတ်မိပါလိမ့်မယ်။ သင့်ကိုယ်သင် အာရုံစိုက်နေသရွေ့ စိတ်ညစ်စရာဆိုတာ အနည်းနဲ့အများ ကြုံတွေ့နေရမှာဖြစ်ပြီး အခြားသူတွေကို အကျိုးပြုဖို့ စဉ်းစားတဲ့အချိန်မှာ သင့်အနေနဲ့ လိပ်ပြာသန့်သန့်နဲ့ စိတ်ချမ်းသာမှုကို ရရှိနိုင်ပါတယ်။ လောကကြီးဟာ ပေးတဲ့သူကို ယူတဲ့သူထက် ပိုပြီးအကောင်းဘက်က တုံ့ပြန်တယ်လို့ American No.1 Success Coach ဖြစ်တဲ့ Jack Canfield က ပြောပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁၂။ သင့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့အရာတွေကို လွှတ်ချတတ်ဖို့ကို လေ့ကျင့်ပါ။
သင်ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ၊ ဘယ်လောက်ပဲ ကောင်းမှုကုသိုလ်တွေလုပ်ပါစေ၊ ဘယ်လောက်ပဲ မိတ်ဆွေအသိုင်းအဝိုင်းတွေ ရှိနေပါစေ၊ လောကမှာ သင်မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ အရာအားလုံးသာ အဆင်ပြေနေမယ်ဆိုရင် မြတ်စွာဘုရားက အနတ္တလို့ ဟောခဲ့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင်ကြုံနေရတဲ့အခြေအနေတိုင်းမှာ သင်ထိန်းချုပ်နိုင်တဲ့အပိုင်းနဲ့ သင့်ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းခွဲဖို့ လိုပါတယ်။ ပြီးရင် သင့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အရာတွေ အကောင်းဆုံးဖြစ်လာဖို့ကို လေ့လာသင်ယူခြင်း၊ ကျွမ်းကျင်သူတွေရဲ့ အကူအညီကိုရယူခြင်း၊ အစွမ်းကုန်ကြိုးစားခြင်းတွေနဲ့ အားထုတ်လုပ်ဆောင်ရမှာဖြစ်ပြီး ထိန်းချုပ်မှုအောက်မှာ မရှိတဲ့အရာတွေကို လွှတ်ချလိုက်ဖို့နဲ့ သင့်စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့ကို သင့်ကိုယ်သင် လေ့ကျင့်ပေးရပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁၃။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ။
အမှားနဲ့ကင်းတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းလိုလို အမှားတွေ မှားတတ်ကြတယ်။ သင်ကလည်း လူတွေထဲက လူတစ်ဦးပဲဖြစ်တဲ့အတွက် သင့်မှာလည်း အမှားတွေ ရှိမှာပါပဲ။ အမှားကို ဝန်ခံပြီး တာဝန်ယူဖို့၊ အမှားတစ်ခုကို ထပ်တလဲလဲမမှားဖို့၊ အမှားတွေကနေ သင်ခန်းစာယူပြီး ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့၊ ဘ၀ကို ထိခိုက်စေနိုင်လောက်တဲ့ အမှားမျိုးတွေ မမှားဖို့ကိုသာ ဂရုစိုက်ရပါမယ်။ အဖြစ်အပျက်တစ်ခုကြုံပြီးတိုင်းမှာ ဒီကိစ္စကနေ ငါဘယ်လိုသင်ခန်းစာရခဲ့သလဲဆိုတဲ့မေးခွန်းကို သင့်ကိုယ်သင်ပြန်မေးခြင်းဟာ အဲဒီအမှားကို နောက်တစ်ခါထပ်မလုပ်မိစေဖို့နဲ့ သင့်စိတ်ကို ရင့်ကျက်လာစေဖို့ကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
အထက်က အချက်လေးတွေကို နောက်တစ်ခါပြန်ဖတ်ပါ။ သင့်လက်ရှိအခြေအနေနဲ့ ပြန်နှိုင်းယှဉ်ပြီး သင်ဘယ်နေရာမှာ တိုးတက်ဖို့လိုနေသလဲဆိုတာကို ပြန်ဆင်ခြင်ကြည့်ပါ။ ပြီးရင် သင့်ရဲ့ နိစ္စဓူ၀ဘ၀မှာ တန်းပြီး အသုံးချပါ။ ပိုမိုအောင်မြင်တိုးတက်ပြီး အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်ပါစေ၊ လူအများကိုပါ အကျိုးပြုနိုင်ပါစေ။
Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Business Leadership Facilitator
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အကယ်၍ အခုစာဖတ်နေတဲ့မိတ်ဆွေဟာ လုပ်ငန်းနဲ့ ဘဝတိုးတက်ပြောင်းလဲမှုကို အချိန်တိုအတွင်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်နေတယ်ဆိုရင် Naing Win Aung - CEO Coach page ဒါမှမဟုတ် Breakthrough Coaching, Training & Consulting page များကို Message ပို့၍ ဖြစ်စေ 09765222102, 09765222104, 09765222107, 09776480300 တို့ကို ဆက်သွယ်၍ ဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်။
Naing Win Aung - CEO Coach & NLP Master Trainer Page မှ စာများကို စီးပွားရေး Page များတွင် ကူးယူဖော်ပြခွင့်မပြုသော်လည်း Page မဟုတ်သော Personal Account များတွင် နာမည်ဖော်ပြ၍ credit ပေးပြီး ပြန်တင်နိုင်ပါတယ်။