23/05/2026
နိုင်ငံတကာ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဆိုက်ဘာရာဇဝတ်ကောင်များ အသုံးပြုသော First VPN ကို ဖြိုခွဲ
ဥရောပရဲတပ်ဖွဲ့ (Europol)၊ FBI နှင့် နိုင်ငံတကာ Law enforcement အဖွဲ့အစည်းများ ပူးပေါင်းပြီး Ransomware တိုက်ခိုက်သူများနှင့် Cybercriminal များ အဓိက အသုံးပြုနေသည့် First VPN Service ကို အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Operation Saffron ဟု အမည်ပေးထားသော ဤစစ်ဆင်ရေးကို ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြင်သစ်နှင့် နယ်သာလန် နိုင်ငံတို့က ဦးဆောင်ကာ နိုင်ငံပေါင်း ၇ နိုင်ငံမှ အာဏာပိုင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆင်ရေးအတွင်း နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ဖြန့်ကျက်ထားသော Server ၃၃ ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး 1vpns[.]com, 1vpns[.]net နှင့် 1vpns[.]org စသည့် Domain များကိုပါ ပိတ်သိမ်းနိုင်ခဲ့သည်။ ထို့အပြင် ယူကရိန်းနိုင်ငံတွင် အဆိုပါ VPN ၏ Administrator ကိုလည်း ဖမ်းဆီးစစ်ဆေးနိုင်ခဲ့သည်။
First VPN သည် ၂၀၁၄ ခုနှစ်ခန့်ကတည်းက စတင်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ရုရှားဘာသာစကားဖြင့် လည်ပတ်နေသော Dark Web forum များတွင် အဓိက ကြော်ငြာကာ ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သည်။ FBI ၏ ထုတ်ပြန်ချက်အရ အဆိုပါ VPN ကို Avaddon ကဲ့သို့သော Ransomware အဖွဲ့ပေါင်း အနည်းဆုံး ၂၅ ဖွဲ့ခန့်က ၎င်းတို့၏ တိုက်ခိုက်မှုများ၊ Botnet များနှင့် လိမ်လည်မှုများ လုပ်ဆောင်ရာတွင် ခြေရာဖျောက်ရန် အသုံးပြုခဲ့ကြသည်။
ယခုစစ်ဆင်ရေး၏ အကြီးမားဆုံး အောင်မြင်မှုမှာ First VPN ၏ User Database အပြည့်အစုံကို Law enforcement များဘက်မှ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို Database အရ အကောင့်ပေါင်း ၅၀၀၀ ကျော်၏ အချက်အလက်များ ပါဝင်ပြီး လက်ရှိတွင် User ၅၀၆ ဦးကို တိကျစွာ ဖော်ထုတ်နိုင်ခဲ့ကာ နိုင်ငံတကာသို့ Intelligence အချက်အလက်များ မျှဝေထားသည်။ ၎င်း User များကိုလည်း ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက တိုက်ရိုက် အသိပေး အကြောင်းကြားထားသည်။
ဤတိုက်ခိုက်မှုသည် Cybercriminal များ လုံခြုံစွာ ပုန်းခိုနိုင်ရန် အသုံးပြုနေသည့် အဓိက အကာအကွယ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ဥပဒေ၏ လက်တံမှ လွတ်ကင်းမည် မဟုတ်ကြောင်းကို သက်သေပြလိုက်ခြင်းဖြစ်သည်ဟု Europol ၏ European Cybercrime Centre မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။