18/08/2026
ဖတ်လို့ကောင်းပြန်မျှဝေပေးလိုက်ပါတယ်
အငြိမ်းစားယူပြီးတဲ့နောက်
အဖေဟာ ဗုဒ္ဓဟူးနေ့တိုင်း အိမ်ထောင်သည် မိန်းမတစ်ယောက်ကို သွားပိုးပန်းနေတော့တယ်။
🔹
“မင်းအဖေ အခုတစ်လော မိန်းမအသစ်တစ်ယောက် ရှိနေပြီနော်။”
အိမ်နီးချင်းအဒေါ်ကြီးက ကျွန်တော့်ကို လမ်းကြားထဲ ဆွဲခေါ်ပြီး အသံတိုးတိုးနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တစ်ခု ပြောသလို ပြောတယ်။
“ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းဆို သူက အဲဒီရှပ်အင်္ကျီပြာ ဝတ်ပြီး ထွက်သွားတယ်။ ရေမွှေးတောင် ဆွတ်ထားသေးတယ်။”
“အဖေက ဘုရားကျောင်းသွားတာ နေမှာပါ" လို့ ကျွန်တော်ပြောတော့ အဒေါ်ကြီးက “ဘယ်ဘုရားကျောင်းက နှင်းဆီပန်းတွေ ယူဖို့ လိုလို့လဲ” လို့ ပြန်ပြောတယ်။
ကျွန်တော် တိတ်နေလိုက်တယ်။ အဖေက ဘာသာတရားကို ခိုင်ခိုင်မာမာ ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ပုံမှန်အားဖြင့် သူ့ရဲ့ အပျော်ဆုံးအချိန်က ဧည့်ခန်းမှာထိုင်ပြီး သတင်းကြေညာသူတွေရဲ့ လည်စည်းကို ဝေဖန်တာပဲဖြစ်တယ်။
ရှပ်အင်္ကျီပြာကို အဖေ သေသေချာချာ ဝတ်ခဲ့တဲ့ နောက်ဆုံးအကြိမ်က အမေ့ကို သက်ကြီးစောင့်ရှောက်ရေးဂေဟာ သွားပို့တဲ့ နေ့ကဖြစ်တယ်။
🔹
အသက် ၆၅ နှစ်ကျော်လာတဲ့နောက်ပိုင်း အမေဟာ ပစ္စည်းတွေကို နေရာမှားထားတတ်လာတယ်။ တီဗွီရီမုကို ရေခဲသေတ္တာထဲ ထည့်ထားတတ်တယ်။ ပဲငံပြာရည်ဘူးကို ဖိနပ်စင်ပေါ် တင်ထားတတ်တယ်။
တစ်ခါက အဖေရေချိုးနေတုန်း အမေဟာ လုံခြုံရေးရုံး ပြေးပြီး ... အိမ်ထဲ အဝတ်မပါတဲ့ အဘိုးကြီးတစ်ယောက် ဝင်လာတယ်ဆိုပြီး ရဲကို ဖုန်းဆက်ဖို့ တိုင်တယ်။
လုံခြုံရေးဝန်ထမ်းက အမေ့ကို အိမ်ပြန်ပို့တော့ အဖေက တံခါးဝမှာ ရေချိုးပုဝါတစ်ထည်နဲ့ ရပ်နေတယ်။
အမေက အဖေ့ကို လက်ညှိုးထိုးပြီး .."ဒီလူပဲ... ဒီလူ လူကောင်းမဟုတ်ဘူး” လို့ အော်တယ်။
အမေ့ရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ယုတ်လျော့သွားလိမ့်မယ်လို့ ဆရာဝန်က ပြောတယ်။
အရင်ဆုံး မနေ့က ဘာစားခဲ့လဲဆိုတာ မေ့မယ်။ နောက်တော့ အိမ်ပြန်လမ်းကို မေ့မယ်။ နောက်ဆုံး ကိုယ့်ဘေးနားက လူတွေကိုတောင် မမှတ်မိဘဲရှိမယ်။
အဖေက အမေ့ကို နှစ်နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့တယ်။ တစ်နေ့ မနက်စောစောမှာ အမေက တံမြက်စည်းကိုင်ပြီး အဖေ့ကို အိမ်ထဲကနေ မောင်းထုတ်တယ်။
“ကျွန်မမှာ ယောက်ျားရှိတယ်။ ရှင် ထွက်မသွားရင် ယောက်ျားကိုခေါ်ပြီး ရှင့်ကို ရိုက်ခိုင်းမယ်”
အဖေက အမေ အိပ်ပျော်သွားတဲ့အထိ လှေကားထစ်မှာ ထိုင်စောင့်ပြီးမှ အိမ်ထဲ ပြန်ဝင်တယ်။
တစ်ပတ်ကြာတော့ အမေ့ကို စောင့်ရှောက်ရေးဂေဟာ ပို့ဖို အဖေစီစဉ်လိုက်တယ်။
🔹
အိမ်နီးချင်းအဒေါ်ကြီးရဲ့ စကားကို ကြားတဲ့နောက် အဖေ့နောက် လိုက်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီ..
အဖေ မုတ်ဆိတ်ရိတ်တယ်။
ရှပ်အင်္ကျီပြာ လဲတယ်။
ပြီးတော့ မှန်ရှေ့မှာ ဆံပင်တွေကို ခုနစ်မိနစ်လောက် သေချာဖြီးတယ်။ အိမ်ကထွက်ခါနီး နှင်းဆီတစ်ပွင့် တကယ် ဝင်ဝယ်တယ်။
ကားက အမေရှိတဲ့ စောင့်ရှောက်ရေးဂေဟာရှေ့မှာ ရပ်သွားတယ်။ မှန်ထဲကနေ ကျွန်တော် လှမ်းကြည့်တဲ့အချိန် အဖေက အမေ့ရှေ့မှာ ခါးနည်းနည်းညွှတ်ပြီး.... "မရေ.. ဒီနေ့ ကျွန်တော်နဲ့ ကော်ဖီတစ်ခွက် အတူသောက်ဖို့ အဆင်ပြေလားခင်ဗျာ" လို့ ပြောတယ်။
အမေက အဖေ့ကို အပေါ်အောက် အကဲခတ်ကြည့်ပြီး "ရှင် ဘယ်သူလဲ" မေးတယ်။
"မရဲ့ အိမ်နီးနားမှာနေတဲ့သူပါ။”
“အိမ်ထောင်ရှိလား”
အဖေက လည်ချောင်းရှင်းပြီး
“မိန်းမတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ သူက အခုတစ်လော ကျွန်တော့်ကို သိပ်မမှတ်မိဘူး။”
အမေက မျက်မှောင်ကြုတ်ပြီး “ဒါဆို ရှင်က ဘာလို့ ကျွန်မကို လိုက်ကြိုက်နေတာလဲ.. ရှင့်အကျင့် မကောင်းဘူးနော်။”
သူနာပြုဆရာမက တစ်ဖက်လှည့်ပြီး နေတယ်။ သူ့ပခုံးတွေက ရယ်ချင်လွန်းလို့ တုန်နေတယ်။
အဖေက နှင်းဆီပန်းကို ကမ်းပေးပြီး “ကော်ဖီတစ်ခွက်ပဲ သောက်မှာပါ။”
အမေ မယူဘူး။
“အရင်ပြောထားမယ်နော်။ ကိုယ်သောက်တာ ကိုယ်ရှင်းမယ်။”
🔹
အဖေက အပတ်တိုင်း လာတယ်လို့ သူနာပြုဆရာမက ကျွန်တော့်ကို ပြောပြတယ်။ ပြီးခဲ့တဲ့အပတ်က အဖေ့ကို တွေ့ခဲ့လည်း အမေက မမှတ်မိဘူး။ ဒါကြောင့် အဖေက လာတိုင်း အစကနေ ပြန်မိတ်ဆက်ရတယ်။
တစ်ခါတလေ ကော်ဖီသောက်ဖို့ အမေလိုက်တယ်။ တစ်ခါတလေ ငါးမိနစ်တောင် မထိုင်လိုက်ရဘဲ အမေက မောင်းထုတ်တယ်။
အဆိုးဆုံးတစ်ခေါက်က ဘေးခုတင်က ဦးလေးကြီးတစ်ယောက်က လက်ဖက်ကြက်ဥပြုတ်နှစ်လုံး လာပေးတော့ အမေက လက်ခံရုံမက “သိပ်ဂရုစိုက်တတ်တာပဲ” လို့တောင် ချီးကျူးလိုက်တယ်။
အိမ်ပြန်ရောက်တော့ အဖေဟာ တစ်ညလုံး ဧည့်ခန်းမှာ ကြက်ဥအခွံခွာနည်း လေ့ကျင့်နေတယ်။
“ဒီလောက်များတဲ့ ကြက်ဥတွေ အဖေ တကယ်စားနိုင်လို့လား” လို့ ကျွန်တော်မေးတော့
“ရန်သူ့အခြေအနေကို လေ့လာနေတာ။” လို့ အဖေဖြေတယ်။
🔹
အဖေနဲ့ ကျွန်တော်တစ်ခေါက် လိုက်သွားပါတယ်။
အဲဒီနေ့က အမေ့စိတ်အခြေအနေကောင်းပြီး ကျွန်တော်တို့နဲ့ ပန်းခြံမှာ ထိုင်ဖို့ သဘောတူတယ်။
အမေက အဖေ့ကို “ရှင်က ဘာလို့ အပတ်တိုင်း လာနေတာလဲ” မေးတယ်။
“မကို ကြိုက်လို့လေ။” လို့ အဖေဖြေတယ်။
“ကျွန်မမှာ ယောက်ျားရှိတယ်နော်။”
“သိပါတယ်။”
“ကျွန်မယောက်ျားက သိပ်ချောတယ်။ ရှင်လို ဆံပင်တောင် တစ်ဆုပ်လောက်ပဲ ကျန်တဲ့သူ မဟုတ်ဘူး။”
အဖေက ခေါင်းပေါ် လက်နဲ့ စမ်းပြီး..
“ဒါဆို သူ အခု ဘယ်ရောက်နေလဲဆိုတာ မှတ်မိလား”
အမေ အတော်ကြာ စဉ်းစားတယ်။
“မသိဘူး…”
အမေက ခေါင်းငုံ့ပြီး စက္ကူခွက်ရဲ့ အနားကို ဖြည်းဖြည်းချင်း ဆွဲဖြဲနေတယ်။ အသံကလည်း တိုးသွားတယ်။
“သူလည်း ကျွန်မကို မလိုချင်တော့လို့ ဖြစ်မယ်…”
အဖေက ထိုင်ခုံကို အမေ့ဘက် နည်းနည်းရွှေ့ပြီး “မကို သူ မလိုချင်တော့တာ မဟုတ်ပါဘူး။”
“ရှင်က ဘယ်လိုသိတာလဲ”
“မက လိုက်ရခက်တဲ့ မိန်းမလေ။ ရပြီးသွားရင် သူက ဘယ် လက်လွှတ်ရက်မှာလဲ။”
အမေက အဖေ့ကို မော့ကြည့်တယ်။
အိုမင်းလာတဲ့ အဲဒီမျက်နှာပေါ်မှာ တစ်စုံတစ်ခုကို ရှာဖွေနေသလိုပဲ။
စက္ကန့်အနည်းငယ်ကြာတော့ အမေက စားပွဲပေါ်က ကိတ်မုန့်တစ်ဝက်ကို အဖေ့ဘက် တွန်းပေးလိုက်တယ်။
“ဒါကို ရှင်စားလိုက်.. ကျွန်မ ဝမှာကြောက်တယ်။”
အဖေက ပြုံးပြီး လက်ခံလိုက်တယ်။
ဒါဟာ အမေ နုနယ်ချိန်က အဖေ့ကို လုပ်လေ့ရှိတဲ့ အကျင့်လေးတစ်ခုဖြစ်တယ်။
🔹
အိမ်ပြန်လမ်းမှာ အဖေ့ကို
“အမေက အဖေ့ကို မမှတ်မိတော့ဘူး။ အဖေကလည်း အပတ်တိုင်း အစကနေ ပြန်ပြီး အမေ့ကို ချစ်ရေးဆိုနေရတယ်။ မပင်ပန်းဘူးလား” လို့ ကျွန်တော်မေးလိုက်တယ်။
အဖေက မပေးဖြစ်လိုက်တဲ့ နှင်းဆီပန်းကို ကားရှေ့ခုံမှာ ထားပြီး “အရင်တုန်းက မင်းအမေ့ကို ပိုးပန်းတာ နှစ်နှစ်တောင် ကြာတယ်။” လို့ ပြောတယ်။
“ဒါဆို....”
“ခုက လပိုင်းလေးပဲ ရှိသေးတယ်.. ဘာလို့ အလျင်လိုရမှာလဲ”
နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာလည်း အဖေက အဲဒီရှပ်အင်္ကျီပြာကို ပြန်ဝတ်တယ်။
ဒီတစ်ခါတော့ အိမ်ကထွက်ခါနီး လက်ဖက်ကြက်ဥနှစ်လုံးကိုပါ သူယူသွားတယ်။
🔹
ခြောက်လကြာတဲ့နောက်
အဖေဟာ အိပ်ပျော်နေရင်း အသက်ကုန်သွားတယ်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ
အမေဟာ အဝတ်အစားလဲပြီး
ခြောက်နေတဲ့ နှင်းဆီပန်းကို လက်ထဲမှာ ကိုင်ပြီး စောင့်ရှောက်ရေးဂေဟာမှာ ညမှောင်တဲ့အထိ စောင့်နေတယ်။
“အန်တီ ဘယ်သူ့ကို စောင့်နေတာလဲ” လို့သူနာပြုဆရာမက မေးတော့ အမေက ခေါင်းခါပြီး .. “မသိဘူး…” လို့ ဖြေတယ်။
ခဏကြာတော့ တိုးတိုးလေး ထပ်ပြောတယ်...
“ဆံပင်နည်းနည်းပဲ ကျန်တဲ့ လူတစ်ယောက်ရှိတာတော့ မှတ်မိတယ်.. သူက ကျွန်မကို အကြာကြီး လိုက်ကြိုက်နေတာလေ…”
-- ဘာသာပြန် မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ