29/07/2026
ရှီကျင့်ဖျင်၏ စွန့်စားရင်းနှီးမြှုပ်နှံမှုအောင်ပွဲ
******
စီလီကွန်ဗယ်လီမှာ ကုမ္ပဏီစတော့ရှယ်ယာ စျေးကွက်ဝင်ပြီး ရုတ်တရက် ဘီလျံနာ ဖြစ်သွားတာကို “Sudden wealth event” လို့ ခေါ်ကြပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့မှာတော့ ဒီလိုကြွယ်ဝမှုကို တရုတ်အစိုးရကိုယ်တိုင် ကြုံတွေ့လိုက်ရပါတယ်။
ကွန်ပျူတာ မှတ်ဉာဏ်ချစ်ပ် (Memory Chip) ထုတ်လုပ်တဲ့ CXMT ကုမ္ပဏီဟာ ရှန်ဟိုင်းစတော့စျေးကွက် (STAR Market) မှာ စတော့ရှယ်ယာ စတင်ထုတ်ရောင်း (IPO) ခဲ့ရာမှာ ပထမဆုံးနေ့မှာတင် စျေးနှုန်း ၄၇၀% ထိုးတက်သွားခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီတန်ဖိုး ယွမ် ၃.၃ တြီလီယံအထိ ရောက်ရှိသွားပြီး တရုတ်ပြည်မကြီးမှာ တန်ဖိုးအရှိဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ဒီပွဲမှာ အကြီးမားဆုံး အနိုင်ရရှိသူကတော့ အစောပိုင်းတည်းက ပါဝင်မြှုပ်နှံခဲ့တဲ့ တရုတ်အစိုးရပဲဖြစ်ပါတယ်။
တရုတ်ကို နည်းပညာထိပ်သီး ဖြစ်စေချင်တာကြောင့် EV၊ ဆီမီကွန်ဒါတာ၊ ဒရုန်းနဲ့ ပျံသန်းနိုင်တဲ့ ကားထုတ်လုပ်ရေးတွေထဲကို နိုင်ငံတော်ဘဏ္ဍာငွေ ပုံအောလောင်းကြေးထပ်ခဲ့တာဖြစ်ပြီး ၂၀၂၄ အကုန်မှာ လမ်းညွှန်ရန်ပုံငွေ (Guidance Funds) တွေကနေတစ်ဆင့် ယွမ် ၁၂ တြီလီယံအထိ ထည့်ဝင်ထားပြီး ဖြစ်ပါတယ်။
ဒါဟာ တကယ်တော့ သမ္မတ ရှီ ဟာ စွန့်စားရင်းနှီးမြှုပ်နှံသူ (Venture Capitalist - VC) ကြီးတစ်ယောက်လို ပြုမူနေတာဖြစ်ပြီး CXMT ဟာ ရှီ ရဲ့ အအောင်မြင်ဆုံး လောင်းကြေးဖြစ်ခဲ့ပါတယ်။ ၂၀၁၆ မှာ အစိုးရက စတင်တည်ထောင်ပေးခဲ့တဲ့ "ဟိုဖေး မော်ဒယ်" အတိုင်း Strategic နည်းပညာ စတာအာ့ပ်တွေမှာ အစိုးရက အစောပိုင်းတည်းက အစုရှယ်ယာရှင်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ CXMT ဟာ ကမ္ဘာ့ DRAM စျေးကွက်ကို စိုးမိုးထားတဲ့ Micron၊ SK Hynix နဲ့ Samsung တို့လို ကုမ္ပဏီကြီးတွေကို စိန်ခေါ်လာနိုင်ပြီး Apple လို ကုမ္ပဏီကြီးတွေကပါ တရုတ်ချစ်ပ်တွေကို သုံးဖို့ စဉ်းစားလာကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ အစိုးရအတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့ အရင်းထက် အဆ ၄၀ ကျော် အမြတ်ပြန်ရစေခဲ့ပေမဲ့ အခြားတစ်ဖက်မှာလည်း စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။
၁။ ထွက်ပေါက်မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများ
၂၀၂၀ ကစပြီး နည်းပညာကဏ္ဍကို ကိုင်တွယ်မှုတွေကြောင့် ပုဂ္ဂလိကနဲ့ အမေရိကန် ရန်ပုံငွေတွေ နောက်ဆုတ်သွားလို့ အစိုးရကပဲ အားလုံးကို စိုက်ထုတ်ပေးနေရပါတယ်။ ရှုံးနိမ့်သွားတဲ့ အခြားရင်းနှီးမြှုပ်နှံမှုတွေကို ကာမိဖို့ CXMT လို အောင်မြင်တဲ့ ကုမ္ပဏီမျိုး အများကြီး ထပ်လိုနေပါသေးတယ်။
၂။ အဂတိလိုက်စားမှု
၂၀၂၂ က ယွမ် ၃၄၃ ဘီလျံတန် အဓိက ဆီမီကွန်ဒါတာ ရန်ပုံငွေ အရာရှိတွေ အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံရတာကြောင့် ရန်ပုံငွေထုတ်ပေးမှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ အရာရှိတွေအနေနဲ့ အရှုံးပေါ်ရင် အဂတိလိုက်စားတယ်လို့ အစွပ်စွဲခံရမှာ ကြောက်လို့ စတာအာ့ပ်တွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်လာကြပါတယ်။
၃။ ငွေကြေးအင်အား မလုံလောက်မှု
ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေမှာ အစိုးရပိုင် ရှယ်ယာတွေကို ပြန်ဝယ်နိုင်လောက်အောင် ငွေကြေးအင်အား မရှိပါဘူး။ CXMT ရှယ်ယာတွေကို ပြောင်းဝယ်ကြလို့ STAR 50 အညွှန်းကိန်း ထိုးကျသွားရာမှာ အစိုးရက ဒေါ်လာ ၉ ဘီလျံခန့် ထပ်စိုက်ပြီး စျေးကွက် ထိန်းပေးခဲ့ရပါတယ်။
ဒါကြောင့်
သမ္မတ ရှီ ဟာ တရုတ်နိုင်ငံကို နည်းပညာ ထိပ်သီးနိုင်ငံဖြစ်အောင် နိုင်ငံတော် ဘဏ္ဍာငွေတွေသုံးပြီး စွန့်စား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ CXMT ရဲ့ အောင်ပွဲဟာ ရှီကျင့်ဖျင်ရဲ့ ဗျူဟာ မှန်ကန်ကြောင်း သက်သေပြနေသလို ရှိပေမဲ့ အခြားတစ်ဖက်မှာလည်း အဂတိလိုက်စားမှု၊ ထွက်ပေါက်မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စျေးကွက် မတည်ငြိမ်မှုဆိုတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။