29/04/2025
Ratio များကို လေ့လာခြင်း - အပိုင်း (၄)
လုပ်ငန်းလည်ပတ်မှု (Activity/Efficiency)
Activity Ratios သည် လုပ်ငန်းတစ်ခု၏ ဘဏ္ဍာရေး ရှင်းတမ်း (Statement of Financial Position) ရှိ Assets နှင့် Liabilities များကို ငွေကြေးသို့မဟုတ် အရောင်းအဖြစ် ပြောင်းလဲနိုင်မှု စွမ်းရည်ကို တိုင်းတာ ရာတွင်အသုံးပြုပါသည်။ ၎င်းတို့သည် လုပ်ငန်း၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲမှုစွမ်းရည်ကို တိုင်းတာသည့် အချိုးဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
Receivable Collection Period
လုပ်ငန်းတစ်ခု၏ ကုန်ကြွေးရောင်းများမှ ဝယ်ယူသူများ ထံမှ ငွေကြေးမည်သည့်အချိန်တွင် ပြန်လည်ရရှိသည် ကို တိုင်းတာသည့် အချိုးတစ်ခုဖြစ်ပါသည်။
Receivables Collection Period = ရရန်ရှိငွေများ (Receivables) ÷ ကုန်ကြွေးရောင်း (Credit Sales) × 365 ရက်
ဤအချိုးသည် လုပ်ငန်း၏ ငွေကြေးလွယ်ကူမှု (Liquidity) ကိုလည်း သက်ရောက်မှုရှိပါသည်။ ငွေကြေးလွယ်ကူမှုအတွက် ငွေကြေးကို မြန်မြန် ရရှိလေလေ ကောင်းလေလေဖြစ်သည်။ ထို့အပြင် ဝယ်ယူသူများအား ပေးချေရန် အချိန်ပိုပေးလေလေ မကောင်းသောကြွေးမြီ (Bad Debts) များလေလေ လည်း ဖြစ်နိုင်ပါသည်။ ကုန်ကြွေးရရက် များလာပါက ဝယ်ယူသူများ ငွေမချေနိုင်ခြင်း သို့မဟုတ် အကြွေးစီမံ ခန့်ခွဲမှု အားနည်းခြင်း ကိုလည်း ညွှန်ပြနေပါသည်။ ဝယ်သူများအား ကုန်ကြွေးအချိန်မီ ဆပ်နိုင်ရေးအတွက် Special Discount, Bonus, Present +++ များဖြင့် ဆွဲဆောင်သင့်ပါသည်။ သို့သော် ဝယ်ယူသူများအား ငွေကြေးမြန်မြန်ပေးချေရန် ဖိအားပေးခြင်းသည် ကုမ္ပဏီ၏ အရောင်းစွမ်းရည်ကို ထိခိုက်စေနိုင်သည် ကိုလည်းထည့်သွင်းစဉ်စားရန် မမေ့သင့်ပေ။
Inventory Holding Period
Inventory Holding Period သည် လုပ်ငန်း တစ်ခု၏ လက်ဝယ်ပစ္စည်းများကိုမည်မျှကြာကြာသိုလှောင်ထားရသည်ကို တိုင်းတာသည့် အချိုးတစ်ခုဖြစ်ပါသည်။
Inventory Holding Period = လက်ဝယ်ပစ္စည်းများ (Inventory) ÷ အရောင်းကုန်ကျစရိတ် (Cost of Sales) × 365 ရက်
ငွေကြေးလွယ်ကူမှုအတွက် Inventory Holding Period ကာလတိုလေလေ ကောင်းလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးသည် လက်ဝယ်ရှိ ပစ္စည်းများတွင် ပိတ်မိနေခြင်းကို လျှော့ချ နိုင်ပါသည်။ ထို့အပြင်၊ လက်ဝယ်ပစ္စည်းများကို ကြာရှည်စွာ ထားရှိခြင်းသည် ပစ္စည်းများ ပျက်စီးခြင်း၊ ခေတ်နောက်ကျခြင်းကို ဖြစ်စေနိုင်ပါသည်။ သို့သော်၊ လက်ဝယ်ပစ္စည်းများ အလွန်နည်းပါးပါက ထုတ်လုပ်မှုရပ်တန့်ခြင်းနှင့် ဝယ်ယူသူများ မကျေနပ်ခြင်း တို့ကို ဖြစ်စေနိုင်သည့်အတွက် လိုအပ်သော အရတွက်ကို သာ စနစ်တကျ ထိန်းသိမ်းထားသင့်ပါသည်။
Payable Payment Period
Payable Payment Period သည် လုပ်ငန်းတစ်ခု၏ ပေးရန်ရှိငွေများကို မည်မျှကြာကြာ ဆိုင်းငံ့ပေးချေ နိုင်သည်ကို တိုင်းတာသည့် အချိုးတစ်ခုဖြစ်ပါသည်။
Payables Payment Period = ပေးရန်ရှိငွေများ (Payables) ÷ ကုန်ကြွေးဝယ် (Credit Purchases) (သို့မဟုတ်) အရောင်းကုန်ကျစရိတ်(Cost of Goods Sold)) × 365 ရက်
ဤအချိုးသည် လုပ်ငန်း၏ ပေးချေမှုများကို မည်မျှထိရောက်စွာ စီမံနိုင်သည်ကို ညွှန်ပြနေပါသည်။ ရက်ပေါင်းများလေလေ ငွေကြေးလွယ်ကူမှု (Liquidity) ပိုကောင်းလေလေ ဖြစ်သည်။ ပေးချရန် အချိန်ကြာမြင့်ခြင်းသည် မိမိတို့အတွက် ငွေကြေးလွယ်ကူမှုကို အထောက်အပံ ဖြစ်သော်လည်း ကုန်ကြွေးရောင်းသူများနှင့် ဆက်ဆံရေးကို ထိခိုက် စေနိုင်ပါသည်။