26/12/2024
ပကတိအစားအစာ နှင့်
ဝိကတိအစားအစာ
-----------------------
(ရေးသားသူ ဒေါက်တာသိန်းမြင့်)
လူသားများအသက်ရှင်နေထိုင်ရန်လိုအပ်
သော ဗီတာမင်ဓါတ်၊ အဆီဓါတ်၊
သတ္တုဓါတ်၊ ကစီဓါတ်များကို
နေ့စဉ်စားသုံးနေသော အစားအစာများမှ ရရှိပါသည်။
လူသားများစားသုံးသည့် အစားအစာများသည် သန့်ရှင်းလတ်ဆတ်ပြီး အန္တရာယ်ကင်းရှင်းရန် အထူးပင်လိုအပ်လှပါသည်။
ထိုအစားအစာများတွင် ပကတိအစားအစာနှင့် ဝိကတိအစားအစာဟူ၍ နှစ်မျိုးရှိပါသည်။
ဝိကတိအစားအစာဆိုသည်မှာ
ကြာရှည်ခံစေရန် လူတို့ပြုပြင်ထားသောအစားအစာများဖြစ်ပါသည်။
ဝိကတိအစားအစာတွင်လည်း အမျိုးအစားထပ်မံခွဲခြားရန် လိုမည်ထင်ပါသည်။
ထမင်းကို ကြာရှည်ခံစေရန် နေခြောက်လှန်းခြင်းမျိုး သည်
ဝိကတိအစားအစာမမည်ပါ။
ငါးကိုဆားဖြင့်နယ်၍ နေခြောက်လှန်းခြင်း၊ ရေနွေးနှင့်ရော နေပြ၍ ငါးပိလုပ်ခြင်းများသည် ဝိကတိအစားအစာအဆင့်ဖြစ်သွားသော်လည်း လူတို့နေ့စဉ်စားသုံးနေကျ သဘာဝဆားဖြင့် ကြာရှည်ခံအောင်ပြုပြင်ထားခြင်းဖြစ်၍ အန္တရာယ်မရှိနိုင်ပါ။
ဇီး၊ သရက်၊ မရမ်းစသည်တို့ကို နေလှန်း၍စားသုံးခြင်းသည်လည်း
အန္တရာယ်မရှိနိုင်ပါ။
အချို့သောအသားများကို အရက်ဖြင့်နယ်၍ နေလှန်းစားသုံးခြင်းသည် ဝိကတိအစားအစာဖြစ်သော်လည်း
အန္တရာယ်မရှိနိုင်ပါ။
သို့သော် သဘာဝအတိုင်း စားသုံးသလောက် အာဟာရအပြည့် မရနိုင်ပါ။
ဝိကတိအစားအစာတွင်
အဆင့်အမြင့်ဆုံးမှာ ကြာရှည်ခံစေရန်နှင့် ပိုးမွှားနှင့်မှိုအန္တရာယ်မှကာကွယ်စေရန် ကြာရှည်ခံ ထိန်းဆေး
(Preservatives)များထည့်၍
အသုံးပြုခြင်းဖြစ်ပါသည်။
ထိုကဲ့သို့သော အစားအစာနှင့်
အရည်များကို လူအများ ဈေးကြီးပေး၍
နှစ်ခြိုက်စွာ နေ့စဉ်စားသုံးနေပါသည်။
အဘယ်ကြောင့်ဆိုသော်
ထိုအစားအစာများသည် လူအများနှစ်သက်စေရန် ထုတ်ပိုးမှုလှပခြင်း၊ အရသာနှင့် အနံ့အတုများထည့်ထားခြင်းတို့ကြောင့်ဖြစ်သည်။
ထိုကဲ့သို့သော အစားအစာများသည်
မည်ကဲ့သို့ အန္တရာယ်ကင်းရှင်းပါသည် ဝန်ခံချက်ပေးထားသော်လည်း
နေ့စဉ်စားသုံးရန်မသင့်တော်ပါ။
တစ်ခါတစ်ရံ စားသုံးနိုင်ပါသည်။ လုံးဝအခက်အခဲရှိ၍ အစားအစာရှားပါးပြီး ချက်ပြုတ်ရန်အခက်အခဲရှိပါက
ယူဆောင်စားသောက်နိုင်ပါသည်။
ယခုတွေ့ရှိချက်က အန္တရာယ်ကင်းရှင်းပါသည်ဟုဆိုထားသော်လည်း မတွေ့သေးမမြင်သေးသည့်အန္တရာယ်များ ရှိနိုင်ပါသည်။
"မူလသဘာဝဩဇာဓါတ်ကို
မည်သည့်နည်းနှင့်မျှ မီနိုင်မည်မဟုတ်ပါ။"
ကြက်မောက်သီးစည်သွတ်ဘူးတစ်ဘူးကို ဈေးကြီးပေး၍စားမည့်အစား သဘာဝကြက်မောက်သီးကိုသာ စားသင့်ပါသည်။
ယှဉ်စားကြည့်ပါကလည်း မည်သည့်နည်းနှင့်မျှ တူနိုင်မည်မဟုတ်ပါ။
မမြင်ရ၊ မတိုင်းတာနိုင်သည့် ဩဇာဓါတ်များသည်လည်း အလွန်ပင် ကွာခြားနေပေမည်။
ငါးသေတ္တာကိုဝယ်စားမည့်အစား ဈေးထဲမှလတ်ဆတ်သောငါးကိုသာ စားသင့်ပါသည်။
ပြည်ပမှ လာသည့် ဈေးကြီးသောနွားနို့ဘူးတစ်ဘူးကို သောက်မည့်အစား
မိမိနိုင်ငံထွက် လတ်လတ်ဆတ်ဆတ်
ကိုသာ သောက်သင့်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအမိန့်အမှတ်(၁/၉၉)တွင် ဘယ်လ်ဂျီယန်၊
နယ်သာလန်နှင့် ဥရောပနိုင်ငံများမှ
တင်သွင်းသော ဝိကတိအစားအစာအချို့တွင် ကင်ဆာရောဂါကိုဖြစ်စေနိုင်သည့် “ဒိုင်အောက်စင်”ခေါ် ဓါတုဗေဒပစ္စည်းတစ်မျိုးပါဝင်နိုင်သဖြင့် ၎င်းဝိကတိအစားအစာများကို ရောင်းချခြင်း၊ စားသုံးခြင်းများကို အသိပေးတားမြစ်ပိတ်ပင်ထားပါသည်။
နောက်နောင် အန္တရာယ်ကင်းရှင်းကြောင်းအထောက်အထားရရှိ၍ နိုင်ငံတော်မှ ပြန်လည်ခွင့်ပြုထားပါသော်လည်း
ထိုအစားအစာများသည် ဝိကတိပစ္စည်းများဖြစ်၍ အမြဲစားသုံးရန် မသင့်တော်ပါ။
မလွှဲမရှောင်သာ တစ်ခါတစ်ရံမှသာ
စားသုံးသင့်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့်အသီးများ ပြည်တွင်းတွင်လုံလောက်စွာထွက်ရှိပြီး ပြည်ပမှတင်သွင်းမှု အလွန်နည်းပါးပါသည်။
ထို့ကြောင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ အသီးနှင့် ပဲအမျိုးမျိုးကို ပကတိသဘာဝအတိုင်း
စားသုံးနိုင်ကြပါသည်။
နာနတ်သီး၊ သရက်သီး၊ လိုင်ချီးသီး၊ သင်္ဘောသီး စသည်ဖြင့် ရာသီအလိုက် အသီးမျိုးစုံလုံလောက်စွာ စိုက်ပျိုးထွက်ရှိပါသည်။
အသီးဗူးများစားမည့်အစား သဘာဝအတိုင်းစားသင့်ပါသည်။
ပကတိအစား အစာမှ မမြင်နိုင်၊ မရှာဖွေနိုင်စွမ်းသော ဩဇာဓါတ်များရရှိနိုင်ပါသည်။
ဝက်အူချောင်းသည် ဝိကတိအစားအစာဖြစ်ပါသည်။
အမှန်ဆိုလျှင် ဝက်သားလတ်လတ်ဆတ်ဆတ်ကိုသာ စားသင့်ပါသည်။
အခြေအနေပေးပါက လတ်ဆတ်သောသစ်သီးရည်(Fresh Juice)များသာ သောက်သုံးသင့်ပါသည်။
လိမ္မော်ရည်၊ ရှောက်ချိုရည်၊ ဂရိတ်ဖရုအရည် စသည်တို့ကို အရည်တိုက်ရိုက်ညှစ်၍ အပိုအချိုရည်မပါဘဲသောက်သုံးပါက ပို၍ကောင်းမွန်ပါသည်။
နိဂုံးချုပ်အားဖြင့် ဝိကတိအစားအစာများကိုတတ်နိုင်သမျှရှောင်ပြီး ပကတိအစားအစာများကိုသာ နေ့စဉ်မှီဝဲ
စားသုံးသင့်ကြောင်း အကြံပြုတင်ပြလိုက်ရပေသည်။
ဒေါက်တာသိန်းမြင့်