17/10/2021
❝ဝါလကင်းလွတ်သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ကိုယ်တတ်သိတဲ့ နည်းပညာဝေမျှခြင်းဖြင့်လည်း ကုသိုယ်ယူလို့ရပါတယ်....❞
ဘာလိုလိုနဲ့ နောက်ရက်ပိုင်းဆိုရင် သီတင်းကျွတ်ရောက်တော့မယ်။ ဒီနှစ်ပိုင်းတွေက အရင်နှစ်တွေတုန်းကလို လွယ်ကူလှတဲ့ ကာလအပိုင်းအခြားတွေတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ 2018,2019 ခုနှစ်တွေတုန်းကဆို အလုပ်က သီတင်းကျွတ်မုန့်ဖိုးလေးရတာနဲ့ ကိုယ့်မိဘတွေ အဘိုးအဘွားတွေကို သွားကန်တော့လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းကတော့ အဲ့လို လုပ်နိုင်ချင်မှ လုပ်နိုင်တော့မှာပါ။ အဲ့ဒီတော့ ကိုယ်နားလည်တဲ့ နည်းပညာတွေနဲ့ ကိုယ့်ဆွေမျိုးမိဘတွေကို ကူညီပေးတာ ဖြေရှင်းပေးနိုင်တာကလည်း ကုသိုယ်တစ်မျိုးလို့ယူဆလို့ရမယ်ထင်ပါတယ်။ အဲ့တာဆို ဘယ်လိုအရာတွေနဲ့ မျှဝေ၊ ကူညီဖြေရှင်းပေးလို့ရလဲ ဆိုတာကို iKey ကပြောပြပေးမယ်နော်။

✅Fact Check(သတင်းအမှား/အမှန် ခွဲခြားပေးခြင်း)
တစ်ချို့လူကြီးတွေတော်တော်များများရဲ့ Facebook စာမျက်နှာပေါ်မှာ သတင်းအတုတွေ သတင်းမှားတွေပေါ်လာလေ့ရှိပါတယ်။ ဒါကလည်း သူတို့ရဲ့ Facebook Account ရဲ့ ဝင်ထားတဲ့ Group တွေ Friends တွေနဲ့လည်းဆိုင်ပါမယ်။ တကယ်လို့များ ကိုယ့်ရဲ့ မိဘဆွေမျိုးတွေကိုယ်တိုင်က အဲ့လို သတင်းတု/သတင်းမှားတွေကို မသိပဲ Share လုပ်တာတွေ အိမ်မှာပြောဆိုတာတွေလုပ်တဲ့အခါ အဲ့ဒီ သတင်းက အတုဖြစ်တဲ့အကြောင်း Info အမှားဖြစ်တဲ့အကြောင်း ရှင်းပြတာတွေလုပ်ပေးလို့ရပါတယ်။ ဒါအပြင် သူတို့ Facebook account ထဲက သတင်းတု/သတင်းမှားတွေပုံမှန်တင်နေတဲ့ Page , Account တွေကို Block လုပ်ပေးပြီး သတင်းမှန် တွေတင်လေ့ရှိတဲ့ သတင်းဌာန Page တွေ၊Fack Check လုပ်ပေးတဲ့ Page တွေကို See First လုပ်ထားပေးတာမျိုးနဲ့လည်း သတင်းမှန်တွေသာသိနိုင်အောင်လုပ်ပေးပြီး ကုသိုလ်ယူနိုင်ပါတယ်။

✅Basic Learning(အခြေခံသိထားသင့်တဲ့နည်းပညာအကြောင်းအရာများကိုသင်ပေးခြင်း)
ဒီအခြေခံအချက်လေးတွေကို သင်ပေးထားရမှာက အသက်အရွယ်ကြီးတဲ့ မိဘနဲ့ အဘိုးအဘွားတွေကိုသင်ပေးဖို့လိုမှာဖြစ်ပါတယ်။ အခြေခံအချက်လေးတွေက သိပ်အများကြီးသင်ပေးစရာမလိုပါဘူး ဖုန်းဟမ်းတာတွေဖြစ်တဲ့အခါ သူကိုင်တဲ့ ဖုန်းကို Hard Reset ချနည်းတို့ ဖုန်း Bill စစ်နည်း၊ ဖုန်း Bill ဖြည့်နည်းတွေပါပဲ။ ဒီလောက်ဆိုရင်ကို သူတို့အတွက်လုံလောက်ပါပြီ။ နောက်တစ်ခုအနေနဲ့ ကိုယ့်ရဲ့အဘိုးအဘွားတွေက Facebook တို့သုံးတယ်ဆိုရင် သူတို့ရဲ့ Facebook Account ရဲ့ Password တွေကိုတော့ စာအုပ်လေးထဲမှာသေချာမှတ်ထားပေးဖို့လည်းလိုပါမယ်။ သူတို့ သိထားသင့်တဲ့ ဒီလိုအခြေခံအချက်လေးတွေကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး သင်ပေးခြင်းနဲ့လည်း ကုသိုလ်ယူနိုင်ပါတယ်။

✅Make A Note(မှတ်စုလေးတွေမှတ်ထားပေးပါ)
အဘိုးအဘွားအရွယ်တွေမှာ မှတ်ဉာဏ်အားနည်းသူတွေရှိကြပါတယ်။ ကိုယ့်အဘိုးအဘွားတွေလည်း အဲ့ဒီထဲကပဲဆိုရင် အပေါ်က Basic Learning ထဲကမှ သူတို့ အတွက် တကယ့်အရေးကြီးတဲ့ အချက်လေးတွေကို မှတ်စုလေးတွေမှတ်ထားပေးရင်ပိုကောင်းပါတယ်။ တစ်ခါ အိမ်တစ်အိမ်ကိုသွားလည်တုန်းက မြင်ဖူးပါတယ်။ သူ့အိမ်က အဘိုးအတွက်ဆိုပြီးတော့ ဖုန်း Bill ထည့်နည်း၊ဖုန်း Number စစ်နည်း စတဲ့အခြေခံအချက်လေးတွေကို စာလေးနဲ့သေချာမှတ်ထားပြီးတော့ သူ့အဘိုးထိုင်တတ်တဲ့ အလုပ်စာပွဲခုံပေါ်က မှန်ချက်ကြီးရဲ့အောက်မှာ သေချာလေးကပ်ထားပေးပါတယ်။ ကိုယ်တွေအတွက် လွယ်ကူလှတဲ့အချက်တွေက ကိုယ့်အဘိုးအဘွားတွေအတွက် ခက်ခဲတဲ့အရာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက် ဒီလိုလေးတွေလုပ်ပေးထားခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါတယ်။
အခုလိုအခက်အခဲကိုယ်စီနဲ့ကာလမျိုးမှာ အပေါ်ကအချက်လေးတွေနဲ့ ကိုယ်တတ်သိသလောက် လူကြီးမိဘတွေကို ကူညီဖြေရှင်းပေးခြင်းဖြင့်လည်း ကုသိုယ်တွေယူနိုင်ပါတယ်။ အဓိကတော့ စိတ်ရှည်ဖို့လိုပါမယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့တွေဟာ တခြားသူစိမ်းတွေအပေါ်မှာ စိတ်ရှည်သလောက် ကိုယ့်မိသားစု မိဘ အဘိုးအဘွားတွေအပေါ် စိတ်ရှည်ရမယ်ဆိုတဲ့အချက်လေးကို မေ့နေတတ်ကြပါတယ်။
ကဲ ဒီနှစ်သီတင်းကျွတ်မှာတော့ စိတ်ရှည်ရှည်လေးနဲ့ လူကြီးမိဘတွေအပေါ် ကိုယ်တတ်သိသမျှ နည်းပညာ ဗဟုသုတလေးတွေကိုဝေမျှကြည့်ရင်းနဲ့ ကုသိုလ်တွေအများကြီးရပါစေ လို့ iKey အဖွဲ့သားများကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ....။